
အမေရိကန်နိုင်ငံ စွမ်းအင်သတင်းအချက်အလက်စီမံခန့်ခွဲရေး(EIA) အဖွဲ့၏ စက်တင်ဘာ လ (၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ အမေရိကန်နိုင်ငံရှိ ပြည်တွင်းဇီဝ လောင်စာထုတ်လုပ်သူများသည် ဇွန်လအတွင်း ပဲပုပ်ဆီပမာဏ ပေါင် ၁ ဒဿမ ၅၆ ဘီလီယံ အသုံးပြုခဲ့ပြီး၊ ထိုပမာဏသည် မေလတွင် စံချိန်တင်အမြင့်ဆုံး အသုံးပြုခဲ့သည့် ပဲပုပ်ဆီပမာဏ ပေါင် ၁ ဒဿမ ၄၃ ဘီလီယံထက် ၉ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အသုံးပြုခဲ့သော ပေါင် ၁ ဒဿမ ၀၄၃ ဘီလီယံနှင့် နှိုင်းယှဥ်ပါက ယခုနှစ် ဇွန်လတွင် ၄၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ ဇီဝဒီဇယ်ထုတ်လုပ်မှုကဏ္ဍသည် ဇွန်လတွင် ပဲပုပ်ဆီပမာဏ ပေါင် ၇၉၀ သန်း အသုံးပြုခဲ့ပြီး မေလတွင် အသုံးပြုခဲ့သော ပဲပုပ်ဆီပမာဏ ပေါင် ၇၄၇ သန်းထက် ၅.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ထို့အပြင် ပြည်တွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဒီဇယ် ထုတ်လုပ်သူ များသည် ဇွန်လတွင် ပဲပုပ်ဆီပမာဏ ပေါင် ၇၆၆ သန်း အသုံးပြုခဲ့ပြီး မေလတွင် အသုံးပြုခဲ့သော ပဲပုပ်ဆီပမာဏ ပေါင် ၆၈၇ သန်းထက် ၁၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ပထမသုံးလပတ်မှစတင်၍ အမေရိကန်နိုင်ငံရှိ ဇီဝလောင်စာထုတ်လုပ်သူများ၏ ပဲပုပ်ဆီအသုံးပြုမှု မြင့်မားလာခြင်းမှာ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ဇီဝလောင်စာ ရောစပ်အသုံးပြုမှု ဆိုင်ရာ သတ်မှတ်ချက်များ အပြီးသတ်ချမှတ်ခြင်းနှင့် ယခုနှစ် အစောပိုင်းတွင် 45Z Clean Fuel Production Credit စည်းမျဥ်းများကို ပြန်လည်ပြင်ဆင်ခြင်းတို့နှင့် ဆက်စပ်နေကြောင်း သိရသည်။ ထို့အပြင် ကာဗွန်ထုတ်လွှတ်မှုနည်းသော (low carbon-intensity - CI) လောင်စာကုန်ကြမ်း စုစုပေါင်းတွင် ပဲပုပ်ဆီပါဝင်မှုသည် မေလတွင် ၃၉ ရာခိုင်နှုန်း၊ ဧပြီလတွင် ၃၆ ရာခိုင်နှုန်းဖြစ်ပြီး ဇွန်လတွင် ၄၁.၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
သို့သော် ၂၀၂၀-၂၀၂၂ ခုနှစ်များတွင် အမေရိကန်နိုင်ငံ၏ ဇီဝလောင်စာကုန်ကြမ်း ထုတ်လုပ် မှုတွင် ပဲပုပ်ဆီပါဝင်မှုသည် စံချိန်တင်ပမာဏ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိသာရှိကြောင်း သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်နိုင်ငံ၏ ဝယ်လိုအားလျော့နည်းလာခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှု နည်းသော(CI) ကုန်ကြမ်းများကို စျေးနှုန်းသက်သာစွာဖြင့် တင်သွင်းခြင်းတို့ကြောင့် ပဲပုပ်ဆီ၏ စျေးကွက်မှာ ကျဆင်းခဲ့ကြောင်း သိရသည်။
စက်တင်ဘာ (၁)ရက်နေ့တွင် EIA ၏ ဖော်ပြချက်အရ ပြည်တွင်းဇီဝလောင်စာ ထုတ်လုပ်မှု ကဏ္ဍသည် ဇွန်လတွင် ကာနိုလာဆီ(ဟင်းသီးဟင်းရွက်ဆီ) ပမာဏ ပေါင် ၃၂၀ သန်း အသုံးပြုခဲ့ပြီး မေလတွင် အသုံးပြုခဲ့သော ပေါင် ၂၉၃ သန်းနှင့် နှိုင်းယှဥ်ပါက ၉.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ အမေရိကန်နိုင်ငံ၏ စုစုပေါင်းကုန်ကြမ်းရောနှောမှုတွင် ကာနိုလာဆီ၏ ပါဝင်မှုသည် မေလတွင် ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇွန်လတွင် ၈.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဇွန်လအတွင်း အမေရိကန်နိုင်ငံရှိ ဇီဝလောင်စာထုတ်လုပ်သူများသည် တိရစ္ဆာန်အဆီ ပေါင် ၇၅၄ သန်း အသုံးပြုခဲ့ပြီး၊ ထိုပမာဏသည် ယခင်လ၏ ပေါင် ၇၉၆ သန်းနှင့် နှိုင်းယှဥ်ပါက ၅.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ၎င်းအပြင် အမေရိကန်နိုင်ငံ၏ စုစုပေါင်းကုန်ကြမ်း အသုံးပြုမှုပမာဏသည် မေလတွင် ၂၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လက်ရှိကာလတွင် ၂၀ ရာခိုင်နှုန်းခန့် သာရှိသဖြင့် ကျဆင်းလာခဲ့ကြောင်း သိရသည်။
ဇီဝလောင်စာထုတ်လုပ်သူများ၏ Distillers Corn Oil (DCO) အသုံးပြုမှုသည် ၂ လ ဆက်တိုက် ကျဆင်းခဲ့ပြီး ဇွန်လအတွင်း DCO ပေါင် ၃၆၅ သန်း အသုံးပြုခဲ့ခြင်းသည် မေလတွင် အသုံးပြုခဲ့သည့် ပေါင် ၄၅၇ သန်းနှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း၊ ဧပြီလတွင် အသုံးပြုခဲ့သည့် ပေါင် ၄၇၇ သန်း ထက် ၂၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ ဇီဝလောင်စာ ထုတ်လုပ် ရာတွင် အသုံးပြု သည့် ကုန်ကြမ်းစုစုပေါင်းတွင် DCO ပါဝင်မှုသည် ဧပြီလတွင် ၁၅ ရာခိုင်နှုန်း၊ မေလတွင် ၁၂ ရာခိုင်နှုန်းခန့်ရှိခဲ့ရာမှ ဇွန်လတွင် ၉.၇ ရာခိုင်နှုန်းခန့်သာရှိသဖြင့် ဆက်လက်ကျဆင်းလာခြင်း ဖြစ်သည်။
ပြည်တွင်းဇီဝလောင်စာထုတ်လုပ်သူများသည် ဇွန်လအတွင်း အသုံးပြုပြီးချက်ပြုတ်ဆီ (Used Cooking Oil) ပေါင် ၆၈၉ သန်း အသုံးပြုခဲ့ပြီး ထိုပမာဏသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်းတွင် အမြင့်ဆုံးအသုံးပြုမှုပမာဏဖြစ်ပြီး မေလတွင် အသုံးပြုခဲ့သည့် ပေါင် ၆၀၅ သန်း ထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဇွန်လအတွင်း ဇီဝလောင်စာထုတ်လုပ်ရာတွင် အသုံးပြု သည့် ကုန်ကြမ်းစုစုပေါင်းတွင် Used Cooking Oil ပါဝင်မှုပမာဏသည် ၁၈.၃ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၁)ရက်နေ့တွင် ထပ်မံထုတ်ပြန်သည့် USDA ၏ စာရင်းများအရ ဇူလိုင်လ တွင် အမေရိကန်နိုင်ငံ၏ ပဲပုပ်ဆီဝယ်လိုအားသည် ခိုင်မာနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဇူလိုင်လကုန်တွင် အမေရိကန်နိုင်ငံ၏ ပဲပုပ်ဆီလက်ကျန်သိုလှောင်မှုပမာဏသည် ပေါင် ၁.၉၆၃ ဘီလီယံသာရှိပြီး ဇွန်လကုန် သိုလှောင်မှုပမာဏ ပေါင် ၂.၀၉၇ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၆.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ဇူလိုင်လတွင် အမေရိကန်နိုင်ငံ၏ ပဲပုပ်ကြိတ်ခွဲမှုသည် ဆက်လက်မြင့်တက်ခဲ့ပြီး အမြတ် အစွန်းကောင်းမွန်သော ကြိတ်ခွဲမှုနှင့် ပြည်တွင်းပဲပုပ်ဆီဝယ်လိုအား ခိုင်မာမှုတို့ကြောင့် ပဲပုပ် ကြိတ်ခွဲမှုပမာဏမှာ ယခင်လထက် ၁.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိ ခဲ့သည်။ ပြည်တွင်းကြိတ်ခွဲထုတ်လုပ်သူများသည် ဇွန်လတွင် ပဲပိစပ် ပေါင် ၁၃,၀၈၀ သန်း ကြိတ်ခွဲ ခဲ့ပြီး ဇူလိုင်လတွင် ပေါင် 1၃,၃၂၀ သန်းရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ကြိတ်ခွဲခဲ့သော ပေါင် ၁၂,၃၀၀ သန်းနှင့် နှိုင်းယှဉ်ပါက ၈.၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း သိရသည်။
မေလတွင် စံချိန်တင်မြင့်မားသော အမြတ်အစွန်းများရှိခဲ့သော်လည်း ထုတ်လုပ်သူအချို့ သည် ရာသီအလိုက် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုနှင့် ပြုပြင်ရေးလုပ်ငန်းများအတွက် စက်ရုံများကို ယာယီ ပိတ်ထားခဲ့သောကြောင့် ကြိတ်ခွဲမှုပမာဏကျဆင်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လတွင် ပြည်တွင်းပဲ ကြိတ်ခွဲ မှုများ ဆက်တိုက်မြင့်တက်ခဲ့ကြောင်း သိရသည်။
Source : The Fastmarkets, September 7, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့
