ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နိုင်ငံက ဗီယက်နမ်ကျောက်ပုစွန်များ ဝယ်ယူရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် သုံးစွဲ

        ၂၀၂၆ ခုနှစ် ပထမ ၅ လအတွင်း တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ကျောက်ပုစွန်များ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၅၀၆ သန်းကျော် သုံးစွဲခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄၄.၃ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကာ တရုတ်နိုင်ငံသည် ဗီယက်နမ်ကျောက်ပုစွန်များ၏ အကြီးမားဆုံး စားသုံးသူစျေးကွက်ဖြစ်လာခဲ့ကြောင်း သိရသည်။

       ဗီယက်နမ်ရေထွက်ကုန်ထုတ်လုပ်သူများနှင့် တင်ပို့သူများအသင်း (VASEP) ၏ စာရင်းဇယားများအရ တရုတ်စျေးကွက်သို့ တင်ပို့သည့် ကျောက်ပုစွန်တန်ဖိုး စုစုပေါင်း၏ ရာခိုင်နှုန်းအားလုံးနီးပါးမှာ ကျောက်ပုစွန်အစိမ်းများဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၀၄ သန်းခန့်ရှိကာ ၉၉.၅ ရာခိုင်နှုန်းကျော် ပါဝင်နေသည်။ တစ်ချိန်တည်းမှာပင် အခြားကျောက်ပုစွန်မျိုးစိတ်များ တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ၃၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း အမေရိကန် ဒေါ်လာ ၂.၄ သန်းခန့်သာရှိခဲ့ကြောင်း သိရသည်။

       တရုတ်နိုင်ငံ၏ တင်သွင်းမှုဝယ်လိုအားသည် ယခုနှစ်အစပိုင်းကတည်းက မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလတွင် ၂၀၂၅ ခုနှစ် ကာလတူထက် ၁၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး အမြင့်ဆုံးပမာဏအဖြစ် အမေရိကန်ဒေါ်လာ ၁၅၄ သန်းခန့်အထိ စံချိန်တင်ခဲ့သည်။ နောက်ပိုင်းလများတွင်လည်း ဒေါ်လာ ၇၈ သန်းမှ ၈၇ သန်းကြားအဆင့်တွင် ဆက်တိုက်ထိန်းထားနိုင်ခဲ့သည်။ မေလတစ်လတည်းတွင်ပင် ဒေါ်လာ ၇၈.၄ သန်းအထိ ရှိခဲ့ပြီး ၂၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ရာ၊ ဝယ်လိုအားအများဆုံးရာသီ ကျော်လွန်သွားပြီးနောက်တွင်လည်း ဝယ်ယူနိုင်စွမ်း အားကောင်းနေဆဲဖြစ်ကြောင်း ပြသနေသည်။

     VASEP ၏ အဆိုအရ တရုတ်နိုင်ငံတွင် လတ်ဆတ်သော ပင်လယ်စာများ ဝယ်လိုအား တည်ငြိမ်နေခြင်းကြောင့် တရုတ်နိုင်ငံသည် ဗီယက်နမ်ကျောက်ပုစွန်များအတွက် အဓိကစျေးကွက်ကြီးတစ်ခုအဖြစ် ဆက်လက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

     ဗီယက်နမ်နိုင်ငံတွင် ရှိရင်းစွဲအားသာချက်များအပြင် ပံ့ပိုးမှုကဏ္ဍတည်ဆောက်ပုံ ပြောင်းလဲမှုများကလည်း ဗီယက်နမ်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းများ ပွင့်လာစေခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ကနေဒါ၊ အမေရိကန်နှင့် သြစတြေးလျ ကဲ့သို့သော အစဉ်အလာအရ တင်ပို့နေကျ နိုင်ငံအချို့သည် အကောက်ခွန်ပြဿနာများ၊ ကုန်သွယ်မှုရပ်တန့်မှုများ သို့မဟုတ် ကုန်ထုတ်လုပ်မှု ပြန်လည်ဦးမော့လာမှု နှေးကွေးခြင်းတို့ကြောင့် ထိခိုက်ခဲ့ရသဖြင့် ဗီယက်နမ် ကျောက်ပုစွန်များအတွက် စျေးကွက်ဝေစုချဲ့ထွင်ရန် နေရာရလာခဲ့သည်။ ထို့ကြောင့် ဗီယက်နမ်သည် တရုတ်နိုင်ငံ၏ အရေးပါသော ကျောက်ပုစွန်ပံ့ပိုးပေးသည့် နိုင်ငံတစ်ခုဖြစ်လာပြီး ယခုနှစ်အတွင်း ပိုမိုတိုးတက်လာရန် အခြေခံကောင်းများ ချမှတ်နိုင်ခဲ့သည်။

         တရုတ်နိုင်ငံ၏ စားသုံးသူဝယ်လိုအား ဆက်လက်တည်ငြိမ်နေပြီး လုပ်ငန်းရှင်များကလည်း အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကို ဆက်လက်ပံ့ပိုးပေးနိုင်ပါက ယခုနှစ် ဒုတိယ နှစ်ဝက်တွင် ဗီယက်နမ်၏ ကျောက်ပုစွန်တင်ပို့မှုသည် ပိုမိုတိုးတက်ရန် အလားအလာရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ သို့သော်လည်း လုပ်ငန်းကဏ္ဍအနေဖြင့် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်း အားသာချက်ကို ထိန်းသိမ်းရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အတွက် တရုတ်နိုင်ငံ၏ သွင်းကုန်မူဝါဒများ၊ Quarantine စည်းမျဉ်းများနှင့် အရည်အသွေးစံနှုန်းများ ပြောင်းလဲလာမှုကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်ဟု သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

ကနေဒါနှင့်ကုန်သွယ်မှုတိုးချဲ့ရန် MoU လက်မှတ်ရေးထိုးခဲ့သည့်ထိုင်းနိုင်ငံ

          ကနေဒါနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုးရေးအေဂျင်စီဖြစ်သည့် Export Development Canada (EDC) နှင့် ထိုင်းနိုင်ငံ ပို့ကုန်-သွင်းကုန်ဘဏ် (EXIM Thailand) တို့သည် နှစ်နိုင်ငံအကြား ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး၊ ကုန်သွယ်မှုတိုးချဲ့ရေးနှင့် အာရှ-ပစိဖိတ်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန်ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါသည်။ အဆိုပါသဘောတူညီချက်အရ နှစ်ဖက်အဖွဲ့အစည်းများသည် ကနေဒါနှင့် ထိုင်းနိုင်ငံတို့အပြင် အာရှ-ပစိဖိတ်ဒေသရှိ စီမံကိန်းများကို ပူးပေါင်းပံ့ပိုးနိုင်ရေးအတွက် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ရပ်ကို ချမှတ်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကျိုးတူစီးပွားရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ EDC ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Alison Nankivell က ယခုမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် သန့်ရှင်းသောနည်းပညာ၊ အခြေခံအဆောက်အအုံနှင့် ဒစ်ဂျစ်တယ်စက်မှုလုပ်ငန်းများကဲ့သို့သော ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါကြောင်း၊ ကနေဒါနိုင်ငံ၏ နည်းပညာနှင့် အတွေ့ အကြုံများက ထိုင်းနိုင်ငံနှင့် ဒေသတွင်းတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ EXIM Thailand ဥက္ကဋ္ဌ Charat Rattanabooniti ကလည်း ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ထိုင်းနိုင်ငံအနေဖြင့် ငွေကြေးအရင်းအမြစ်များ ပိုမိုရရှိနိုင်ခြင်း၊ စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ခြင်းနှင့် အာရှ-ပစိဖိတ်ဒေသအတွင်း ထိုင်းနှင့် ကနေဒါကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်မှုများကို စိုက်ပျိုးရေးနှင့် စားသောက်ကုန်လုပ်ငန်း၊ သန့်ရှင်းသောနည်းပညာ၊ စွမ်းအင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စက်မှုလုပ်ငန်း၊ အဆင့်မြင့်ကုန် ထုတ်လုပ်မှုနှင့် အရေးပါသောသတ္တုတွင်းထွက်ပစ္စည်းကဏ္ဍများတွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ စွန့်စားမှုစီမံခန့်ခွဲရေးနှင့် ရေရှည်တည်တံ့သော ဘဏ္ဍာရေးဆိုင်ရာ အသိပညာများကိုလည်း နှစ်ဖက်အကြား မျှဝေဖလှယ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ကနေဒါနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်စည်ကုန်သွယ်မှုပမာဏသည် ကနေဒါဒေါ်လာ ၇.၄ ဘီလီယံခန့်အထိ ရောက်ရှိခဲ့ပြီး စိုက်ပျိုးရေးနှင့် စားသောက်ကုန်၊ အခြေခံအဆောက်အအုံ၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ သန့်ရှင်းသောနည်းပညာနှင့် ဒစ်ဂျစ်တယ်စက်မှုလုပ်ငန်းများတွင် ကုန်သွယ်ရေးအခွင့်အလမ်းများ ဆက်လက်တိုးတက်လျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်တွင် ကနေဒါနိုင်ငံ၏ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ကနေဒါဒေါ်လာ ၂.၁၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ တိုးတက်နှုန်း ခုနစ်ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်သို့ ဒူးရင်းသီးတင်ပို့ရန်ကြိုးပမ်းနေသည့် မလေးရှား

         မလေးရှားနိုင်ငံသည် ပြည်တွင်း၌ ဒူးရင်းသီးထွက်ရှိမှု များပြားလွန်းနေခြင်းကို ဖြေရှင်းရန်နှင့် တရုတ်နိုင်ငံ၏ အကျိုးအမြတ်မြင့်မားသော ဈေးကွက်တွင် ဈေးကွက်ဝေစုတိုးချဲ့နိုင်ရေးအတွက် ထိုင်းနိုင်ငံမှတစ်ဆင့် ဒူးရင်းသီးများကို ကုန်းလမ်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေး ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ မလေးရှားနိုင်ငံစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီး Mohamad Sabuက အဆိုပါကိစ္စကို ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး Suriya Jungrungreangkit နှင့်တွေ့ဆုံစဉ် တင်ပြဆွေးနွေးခဲ့သကဲ့သို့ တရုတ်အကောက်ခွန်အာဏာပိုင် များနှင့်လည်း သီးခြားဆွေးနွေးခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းက မလေးရှားမှဒူးရင်းသီးများကို ရထားနှင့် ကုန်တင်ယာဉ်များဖြင့် ထိုင်းနိုင်ငံကိုဖြတ်သန်းကာ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ထိုင်းနိုင်ငံနှင့် တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GACC) တို့နှင့် အလေးအနက်ဆွေးနွေးမှုများပြုလုပ်နေကြောင်းနှင့် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးကိုအသုံးပြုနိုင်ပါက သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်လျော့ကျပြီး မလေးရှား ဒူးရင်းသီးများကို တရုတ်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mohamad Sabuနှင့် Suriya တို့သည် ပြီးခဲ့သည့်သီတင်းပတ် အတွင်း မလေးရှားနိုင်ငံ၌တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင် မလေးရှားနိုင်ငံက ထိုင်းပုစွန်တင်သွင်းမှု ကို တားမြစ်ထားသည့်ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ မလေးရှားနိုင်ငံ၏ Kedah၊ Penang၊ Perak၊ Selangor၊ Johor နှင့် Pahang ပြည်နယ်များသည် ဒူးရင်းသီးအဓိက ထုတ်လုပ်သည့် ဒေသများဖြစ်ကြောင်း သိရပါသည်။ ဒူးရင်းသီးထွက်ရှိမှု များပြားလာမှုကြောင့် ပြည်တွင်းဈေးနှုန်းများကျဆင်းခဲ့ပြီး တောင်သူလက်ခံရရှိသည့် ဈေးနှုန်းမှာ တစ်ကီလိုလျှင် မလေးရှားရင်းဂစ်တစ်ရင်းဂစ်သာ ရရှိတော့ကြောင်းနှင့် ယခင်က တစ်ကီလိုလျှင် ၁၅ ရင်းဂစ်အထိ ရရှိခဲ့ကြောင်း မလေးရှားမီဒီယာများက ဖော်ပြထားပါသည်။ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim သည် လာမည့်လတွင် ပေကျင်းမြို့၌ တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံက မလေးရှားဒူးရင်းသီးများကို ပိုမိုဝယ်ယူပေးရေး ဆွေးနွေးသွားရန် မျှော်လင့်ထားကြောင်း သိရပါသည်။ မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ လတ်ဆတ်သောဒူးရင်းသီး တင်ပို့မှု တန်ဖိုးကို ယခင်နှစ်က အမေရိကန်ဒေါ်လာ ငါးသန်းမှ ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၉ သန်းအထိ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ ထိုင်းနိုင်ငံကမူ ယခင်နှစ်အတွင်း တရုတ်နိုင်ငံသို့ ဒူးရင်းသီး ဘတ် ၁၅၀ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Bangkok Post                                                                           

DOCA (ရန်ကုန်)

တရုတ် SME လုပ်ငန်းများအတွက်ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ပေးမည့်ထိုင်း FTI

         ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအသင်း (FTI) သည် တရုတ်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ထိုင်းနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရေးအတွက် ထိုင်းလုပ်ငန်းရှင်များနှင့် စီးပွားရေးမိတ်ဖက်ချိတ်ဆက်ပေးခြင်းနှင့် ထိုင်းစီးပွားရေးဘဏ်များထံမှ ငွေကြေးထောက်ပံ့မှုရရှိနိုင်ရေးတို့ကို အားပေးကူညီသွားမည့်အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ FTI ၏ ဒုတိယဥက္ကဋ္ဌနှင့် ထိုင်း-တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု သုတေသနဌာန ဥက္ကဋ္ဌ Veerachai Monsintorn က အရှေ့ပိုင်းစီးပွားရေးစင်္ကြံ (EEC) ဒေသ အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန် Roadshow လှုပ်ရှားမှုတစ်ရပ်ကို စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုမှတစ်ဆင့် တရုတ်လုပ်ငန်းရှင်များနှင့် ထိုင်းကုမ္ပဏီများအကြား စီးပွားရေးချိတ်ဆက်မှုများ ဖော်ဆောင်ပေးကာ ပူးပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးကို မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ FTI အနေဖြင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုပြီး ထိုင်းလုပ်ငန်းရှင်များနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်လိုသည့် တရုတ် SMEs များကို ဆွဲဆောင် နိုင်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။ ထို့ပြင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမို လွယ်ကူချောမွေ့စေရေးအတွက် FTI သည် ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းနှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့ပါဝင်သည့် ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်း ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JSCCIB) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ JSCCIB သည် စီးပွားရေးမိတ်ဖက်ချိတ်ဆက်ရေးအစီအစဉ်များကို ကူညီဆောင်ရွက်ပေးမည့်အပြင် နိုင်ငံ တကာရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းဘဏ္ဍာရေးအဖွဲ့အစည်းများအကြား ချိတ်ဆက်ပေးသွား မည်ဖြစ်ကြောင်း၊ တရုတ် SMEs အများစုမှာ ထိုင်းဘဏ်စနစ်နှင့် မရင်းနှီးသေးသဖြင့် ချေးငွေရရှိရေးတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း Veerachai က ပြောကြားသည်။ FTI သည် ထိုင်းစက်မှုဇုန်ဖွံ့ဖြိုးရေးကုမ္ပဏီ Amata Corporation နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများကိုလက်ခံနိုင်ရန် တရုတ်စက်မှုဇုန်ဒုတိယအဆင့်စီမံကိန်းကို တိုးချဲ့အကောင်အထည်ဖော်လျက်ရှိကြောင်း သိရပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုကြောင့် တရုတ်လုပ်ငန်းများအတွက် စနစ်တကျဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ရပ် ဖော်ဆောင် နိုင်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို ထိရောက်စွာကြီးကြပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု ပိုမိုရရှိလာမည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။ လက်ရှိတွင် EEC ဒေသအတွင်း လျှပ်စစ်မော်တော်ယာဉ်၊ စမတ်အီလက်ထရွန်နစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများ၌ အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ သို့ရာတွင် တရုတ်ကုမ္ပဏီအချို့သည် သတ်မှတ်စက်မှုဇုန်များ၏ ပြင်ပတွင် လုပ်ငန်းဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံသား အမည်ခံရှယ်ယာရှင်များကို အသုံးပြုခဲ့သည်ဟု သတင်းများထွက်ပေါ်နေသဖြင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများလည်းရှိနေကြောင်း သိရပါသည်။ Veerachai က Roadshow လှုပ်ရှားမှုမှတစ်ဆင့် တရားဝင်ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်နိုင်မည်ဖြစ်ပြီး တရားမဝင်လုပ်ငန်းများနှင့် ဆက်နွှယ်သည့် “Grey Chinese” အုပ်စုများ၏ အပျက်သဘောဆောင်သော ပုံရိပ်နှင့် ဂုဏ်သိက္ခာရှိသည့် တရုတ် SMEs များကို ခွဲခြားမြင်သာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

Bangkok Post                                                                          

DOCA (ရန်ကုန်)

ပို့ကုန်မြှင့်တင်ရန်မဟာဗျူဟာ (၃) ရပ်အကောင်အထည်ဖော်သွားမည့်အင်ဒိုနီးရှား

          ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမရေရာမှုများကြားတွင် နိုင်ငံ၏စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို အထောက်အကူပြုနိုင်ရန်အတွက် ပို့ကုန်တန်ဖိုးတိုးမြှင့်ရေး မဟာဗျူဟာ (၃) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် ပြုလုပ်သော အစီအစဉ်တစ်ရပ်၌ ကုန်သွယ်ရေးဝန်ကြီးဌာန အမျိုးသားပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Fajarini Puntodewi က အဆိုပါ မဟာဗျူဟာများမှာ (၁) ပို့ကုန်ဈေးကွက် လက်လှမ်းမီမှု တိုးချဲ့ရေး၊ (၂) ပို့ကုန်လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးနှင့် (၃) ပို့ကုန်ဈေးကွက်နှင့် တင်ပို့မည့်ထုတ်ကုန် အမျိုးအစားများကွဲပြားစုံလင်လာစေရေးတို့ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ပထမမဟာဗျူဟာအရ အင်ဒိုနီးရှားနိုင်ငံ၏ ထုတ်ကုန်များအတွက် ပိုမိုယှဉ်ပြိုင်နိုင် သော အကောက်ခွန်နှုန်းထားများနှင့် ကျယ်ပြန့်သော ဈေးကွက်ဝင်ရောက်ခွင့်များ ရရှိစေရန် နိုင်ငံတကာကုန်သွယ်ရေးသဘောတူညီချက်များကို အပြီးသတ်ချုပ်ဆိုခြင်းနှင့် ထိရောက်စွာအသုံး ချခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက် ၂၅ ခုတွင် ပါဝင်ထားပြီး ၎င်းတို့အနက် အင်ဒိုနီးရှား-ယူအေအီး ဘက်ပေါင်းစုံစီးပွားရေး မိတ်ဖက်သဘောတူညီချက် (IUAE-CEPA)၊ အာဆီယံလွတ်လပ်သောကုန်သွယ်ရေးဒေသ (AFTA) နှင့် အင်ဒိုနီးရှား-ဩစတြေးလျ CEPA (IA-CEPA) တို့ ပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် ဥရောပသမဂ္ဂ (IEU-CEPA)၊ ပီရူး (IP-CEPA)၊ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC-FTA)၊ တောင်ကိုရီးယား (IK-CEPA)၊ ဂျပန် (IJEPA)၊ တရုတ် (ACFTA) နှင့် နယူးဇီလန် (AANZFTA) တို့နှင့် ချုပ်ဆိုထားသော ကုန်သွယ်ရေး သဘောတူညီချက်များလည်းပါဝင်ကြောင်း သိရပါသည်။ ဒုတိယမဟာဗျူဟာအရ ကုန်သွယ်ရေး ဝန်ကြီးဌာနသည် အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို အကူအညီပေးခြင်း၊ စီးပွားရေးချိတ်ဆက်ဆောင်ရွက် ပေးခြင်း (Business Matching) နှင့် ကုန်သွယ်ရေးမြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် မြှင့်တင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တတိယမဟာဗျူဟာအနေဖြင့် ပို့ကုန်ဈေးကွက်များနှင့် တင်ပို့မည့်ထုတ်ကုန်များကို ကွဲပြားစုံလင်အောင် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံ၏ ပို့ကုန်စွမ်းဆောင်ရည်သည် ဈေးကွက်တစ်ခု သို့မဟုတ် ကုန်စည်အမျိုးအစားအနည်းငယ်အပေါ်သာ အလွန်အမင်း မှီခိုနေရခြင်းကို လျှော့ချသွားမည်ဖြစ်ကြောင်း သိရပါသည်။ Puntodewi က အဆိုပါ မဟာဗျူဟာ (၃) ရပ်သည် ပို့ကုန်ကဏ္ဍကို နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားတစ်ရပ်ဖြစ်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ပေးရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ကုန်စည်ပြပွဲများ၊ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များစေလွှတ်ခြင်း၊ Business Matching အစီအစဉ်များနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတစ်ဆင့် နိုင်ငံတကာကုန်သွယ်ရေး မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေပြီး နိုင်ငံရပ်ခြားရှိ ကုန်သွယ်ရေးကိုယ်စားလှယ် ၄၆ ဦး (Trade Attachés နှင့် Indonesia Trade Promotion Centers – ITPCs) ကလည်း ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် မေလအတွင်း အင်ဒိုနီးရှား၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃.၂၀ ဘီလီယံရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလ နှင့် နှိုင်းယှဉ်ပါက ၈.၃၀ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ် မေလနှင့် နှိုင်းယှဉ်ပါက ၅.၇၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ၎င်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ (Oil & Gas) ပို့ကုန် ၃၄.၃၈ ရာခိုင်နှုန်း နှင့် ရေနံမဟုတ်သော ပို့ကုန် ၇.၀၅ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ သို့သော် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မေလအထိ စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၅.၃၆ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၃.၀၂ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း သိရပါသည်။ ထိုတိုးတက်မှုကို ရေနံမဟုတ်သော ပို့ကုန်ကဏ္ဍက ဦးဆောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၀ ဒသမ ၁၉ ဘီလီယံဖြင့် ၃.၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အခြားတစ်ဖက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၇ ဘီလီယံဖြင့် ၁၂.၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Antara News                                                                   

DOCA (ရန်ကုန်)

အင်ဒိုနီးရှား၏ B50 ဇီဝဒီဇယ်ဆီအစီအစဉ်က စားအုန်းဆီ တင်ပို့မှုအပေါ် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံခန့် လျော့ကျစေနိုင်

       အင်ဒိုနီးရှား၏ စားအုန်းဆီ အချိုးအစား ၅၀ ရာခိုင်နှုန်းပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ် မည့်အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းသည် နိုင်ငံကတင်သွင်းရသည့် ဒီဇယ်ဆီ အပေါ် မှီခိုရမှုအား လျှော့ချနိုင်မည်ဟု မျှော်လင့်သော်လည်း စားအုန်းဆီတင်ပို့မှုမှရရှိသည့် ဝင်ငွေကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံခန့်လျှော့ချနိုင်ကာ ပြည်တွင်းစွမ်းအင် ထုတ်လုပ်မှု အတွက် စားအုန်းဆီကြမ်း(CPO)ပိုမိုအသုံးပြုမှုများပြားလာမည်ဖြစ်ကြောင်း Jakarta Globe သတင်း ဌာနက ဇူလိုင်လ ၈ ရက်တွင် ဖော်ပြထားသည်။

       စားအုန်းဆီပါဝင်မှု ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကာ ရောစပ်ထုတ်လုပ်ခွင့်ပြုလိုက်သည့် အစီအစဉ်အား ၈ လကြာ စမ်းသပ်မှုအပြီး ဇူလိုင် ၁ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါမူဝါဒအရ ဇီဝဒီဇယ်အစီအစဉ်အတွက် စားအုန်းဆီကြမ်း အသုံးပြုမှု ပိုမိုမြင့်တက်လာမည်ဖြစ် ခြင်းကြောင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် စားအုန်းဆီကြမ်းတင်ပို့မှု တန်ချိန် ၂ သန်းခန့် လျော့ကျနိုင် ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း(Gapki)က ခန့်မှန်းထားသည်။

       တစ်နှစ်အတွင်း အကောင်အထည်ဖော်မည်ဆိုပါက ပြည်တွင်းစားအုန်းဆီကြမ်း လိုအပ် ချက်မှာ တန်ချိန် ၄ သန်းအထိ ရှိလာနိုင်ကြောင်းလည်း စားအုန်းဆီလုပ်ငန်ရှင်များ၏ ခန့်မှန်းချက် အရ သိရှိရကြောင်း ဖော်ပြထားသည်။

       အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားကာကွယ်ရေးတက္ကသိုလ် (UPN -Universitas Pembangunan Nasional) Veteran Jakarta မှ စီးပွားရေးပညာရှင် Mr. Achmad Nur Hidayat က အင်ဒိုနီးရှား၏ ကုန်သွယ်မှုချိန်ခွင်လျှာ အားနည်းသွားသည့်အတွက် မူဝါဒကို ဂရုတစိုက် သုံးသပ်ဖော်ဆောင်သင့် ကြောင်း ဇူလိုင်လ ၇ ရက် (အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ မေလတွင် လစဉ် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ စံချိန်တင်ခဲ့ပြီး ၆ နှစ်တာ လစဉ် ကုန်သွယ်မှုပိုငွေ ပြမှုကို အဆုံးသတ်ခဲ့ကြောင်း ၎င်းကဆိုသည်။

       စားအုန်းဆီသည် အင်ဒိုနီးရှားအိမ်ထောင်စုအများစုစားသုံးသော ဟင်းချက်ဆီအတွက် အဓိက ကုန်ကြမ်းဖြစ်သောကြောင့် မဟာဗျူဟာအရ အရေးပါသော ကုန်ပစ္စည်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
       Achmad ၏အဆိုအရ ဒီဇယ်ဆီလျှော့ချတင်သွင်းမှုကြောင့် ရရှိမည့်သက်သာမှုက စားအုန်းဆီ တင်ပို့မှုမှရရှိသော ဝင်ငွေဆုံးရှုံးမှု၊ ဇီဝဒီဇယ်ဆီထုတ်လုပ်ရေး အစိုးရ၏ အထောက်အပံ့နှင့် ကုန်ကျ စရိတ်များ၊ ပြည်တွင်းစားသုံးဆီ စျေးနှုန်းများ မြင့်မားမှုအန္တရာယ်တို့ကို ကျော်လွှားနိုင်မှသာ B50 အစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံပြင်ပဆိုင်ရာမျှခြေဖြစ်မှုကို တိုးတက်စေမည် ဖြစ်သည်။ 
       အင်ဒိုနီးရှားသည် ဒီဇယ်ဆီ တင်သွင်းလာသည်မှာ ကာလရှည်ကြာနေပြီဖြစ်သောကြောင့် B50 အစီအစဉ် ဆောင်ရွက်မည့် ရည်ရွယ်ချက်ကို နားလည်ပေးနိုင်ကြောင်း၊ ကမ္ဘာ့ရေနံဈေးတွေတက် လာသည့်အခါ၊ နိုင်ငံတော်ဘတ်ဂျက်အပေါ် ဖိအားများတိုးလာပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုလိုငွေ ကျယ်ပြန့်လာကာ စွမ်းအင်ထောက်ပံ့မှုအတွက် စျေးပိုကြီးလာကြောင်း  ၎င်းက ဆို သည်။  
      Achmad သည် စားအုန်းဆီ ပါဝင်မှု ၅၀ ရာခိုင်နှုန်းအထိ မဖြစ်မနေရောစပ်အသုံးပြုမှုကို ကျင့်သုံးမည့်အစား လိုက်လျောညီထွေရှိသော နည်းလမ်းတစ်ခုဖြစ်သည့် ပြည်တွင်းစားအုန်းဆီ သိုလှောင်မှုလက်ကျန်စာရင်းများ၊ စားအုန်းဆီနှင့် ဟင်းချက်ဆီဈေးနှုန်းများနှင့် နိုင်ငံ၏ ကုန်သွယ်မှု မျှခြေဖြစ်မှုကို ချိန်ညှိနိုင်သော စားအုန်းဆီပါဝင်မှု ပမာဏကိုသာ ရောစပ်အသုံးပြုသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။
       ပြည်တွင်း၌ စားအုန်းဆီ လက်ကျန်ပမာဏ တင်းကျပ်လာပြီး အစားအသောက်ဈေးနှုန်း များ မြင့်တက်လာပါက ဇီဝဒီဇယ်ဆီ ရောစပ်မှုလျော့ချသင့်ကြောင်း၊ အပြန်အလှန်အားဖြင့် စားအုန်းဆီ ထုတ်လုပ်မှုတိုးတက်လာပြီး ပို့ကုန်ဈေးနှုန်းများ အားနည်းလာသည့်အခါ ဇီဝဒီဇယ်ဆီ သုံးစွဲမှုကို လည်း တိုးတက်ဆောင်ရွက်သင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားကာကွယ်ရေး  တက္ကသိုလ် (UPN -Universitas Pembangunan Nasional) Veteran Jakarta မှ စီးပွားရေးပညာရှင် Mr. Achmad Nur Hidayat က ဆက်လက်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 
Source: Jakarta Globe, 8 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်၏ကော်ဖီတင်ပို့မှု တန်ချိန်တိုးတက်သော်လည်း တန်ဖိုးအရကျဆင်းလျက်ရှိ

    ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၂၆ ခုနှစ် ဇွန်လတွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၅၂.၆ သန်းရှိသော ကော်ဖီတန်ချိန် ၁၅၀၀၀၀ ကို တင်ပို့နိုင်ခဲ့ရာ ယခုနှစ် ပထမနှစ်ဝက် ကာလအတွင်း ကော်ဖီတန်ချိန် ၁.၁ သန်းအထိ တင်ပို့လျက် ပို့ကုန်ဝင်ငွေ ‌ဒေါ်လာ ၄.၇၈ ဘီလီယံကို ရရှိထား ကြောင်း Vietnamnet Global သတင်းဌာနက ဖော်ပြပါသည်။

    ဗီယက်နမ်၏ အဆိုပါ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ပမာဏအရ ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း တန်ဖိုးအရမူ ၁၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ပြည်တွင်း ကော်ဖီလုပ်ငန်းနယ်ပယ်အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏ စာရင်းများအရ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ပျမ်းမျှ ကော်ဖီပို့ကုန်ဈေးနှုန်းသည် ယခင်နှစ်ကာလတူအောက် ၂၂ ရာခိုင်နှုန်း လျော့နည်းပြီး တစ်တန် လျှင် ၄၄၃၅ အမေရိကန်ဒေါ်လာနှုန်းရှိကြောင်း၊ ဤအချက်က ၂၀၂၄-၂၀၂၅ ခုနှစ်များ၌ ဈေးနှုန်း မြင့်မားမှုမှ အကျိုးအမြတ်ဖြစ်ထွန်းခဲ့သော အချိန်ကာလသည် တဖြည်းဖြည်း အဆုံးသတ်လာပြီ ဖြစ်သည်ကို ညွှန်ပြလျက်ရှိကြောင်း သိရှိရသည်။

    ဗီယက်နမ်၏ ကော်ဖီအဓိကတင်ပို့ရာဈေးကွက်များထံမှ ဝင်ငွေရရှိမှုမှာ စံချိန်တင်လျော့ကျ ခဲ့သည်။ ဂျာမဏီ၊ အီတလီနှင့် အမေရိကန်တို့သည် ဗီယက်နမ်၏ အကြီးမားဆုံး ကော်ဖီဝယ်လက် နိုင်ငံများဖြစ်ပြီး စုစုပေါင်းတင်ပို့မှုတွင် ၁၄.၁ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၆.၉ ရာခိုင်နှုန်း အသီး သီး ပါဝင်လျက်ရှိသည်။ သို့သော် ၎င်းဈေးကွက်များသို့ ကော်ဖီတင်ပို့မှု တန်ဖိုးများမှာမူ ယခုနှစ် ပထမ ငါးလအတွင်း ၂၁.၇ ရာခိုင်နှုန်း၊ ၉.၆ ရာခိုင်နှုန်းနှင့် ၂.၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။

    သို့ရာတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးမှာမူ မှတ်သားဖွယ်ရာ ခြွင်းချက်တစ်ရပ်အဖြစ် ၇၀.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဗီယက်နမ်ကော်ဖီကို အဓိကဝယ်ယူတင်သွင်းသည့် ဈေးကွက် ၁၅ ခုအနက် တိုးတက်မှု အားကောင်းခိုင်မာလျက်ရှိရာ သမားရိုးကျ ဈေးကွက်များတွင် တန်ဖိုးကျဆင်းနေသော် လည်း အဆိုပါဈေးကွက်၌ ဝင်ရောက်ထိတွေ့မှုမရှိသေးသည့် အလားအလာကောင်းများ ရှိနေသည်ကို ထင်ဟပ်လျက်ရှိသည်။ 

    ဗီယက်နမ် ပြည်တွင်းဈေးကွက်တွင် ရက်သတ္တပတ်အတန်ကြာ ဈေးနှုန်းအတက်အကျ ပြောင်းလဲ မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကော်ဖီဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ် ဒေါင်ငွေ ၉၀၀၀၀ အထက်သို့ ပြန်လည်မြင့်တက်လာခဲ့ရာ အချို့သောတောင်သူများကို ဈေးကွက်သို့ ထုတ်ကုန် များရောင်းချရန် တွန်းအားဖြစ်စေလျက်ရှိသည်။ သို့သော် ကုန်လက်ကျန်ပမာဏမှာ အကန့်အသတ် ဖြင့်သာရှိသဖြင့် ကုန်သွယ်ရောင်းဝယ်မှုများကို သတိကြီးစွာထားရှိလုပ်ကိုင်နေကြ ဆဲဖြစ်သည်။

    ‌ကော်ဖီ ရောင်းလိုအားသည် ဝယ်လိုအားထက် ကျော်လွန်များပြားလာသဖြင့် ကမ္ဘာ့ကော်ဖီ ဈေးကွက်မှာ စိန်ခေါ်မှုပိုမိုမြင့်မားသည့် အခြေအနေသို့ ရောက်ရှိလာသည်ဟု ဗီယက်နမ်ကော်ဖီ ကိုကာ အသင်း (Vicofa) က ပြောဆိုခဲ့သည်။ ကမ္ဘာ့ကော်ဖီသောက်သုံးမှု တိုးတက်လာခြင်းသည် မကြာသေး မီနှစ်များအတွင်း အသင့်အတင့်သာရှိချိန်၌ ဘရာဇီးနိုင်ငံ၏ ရောင်းလိုအားမြင့်မားခြင်းက အဆိုပါ အခြေအနေကို ကျယ်ပြန့်လာစေသည့် အဓိကတွန်းအားပင်ဖြစ်သည်။

     ရောင်းလိုအား မြင့်မားမှုသည် ရှေ့လာမည့်လများအတွင်း အထူးသဖြင့် ဗီယက်နမ်၏ အဓိက ပို့ကုန်ဖြစ်သော ရိုဘတ်စတာ ကော်ဖီကဏ္ဍအပေါ် ဈေးနှုန်းများကျဆင်းစေရန် ဖိအားအဖြစ် ဆက်လက် တည်ရှိနေမည်ဟု ခန့်မှန်းရကြောင်း၊ ကော်ဖီပို့ကုန်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေပြီး ပုံမှန်အား ဖြင့် ဒုတိယနှစ်ဝက်၌ သင်္ဘောတင်ပို့မှုသည် ပထမနှစ်ဝက်ထက် နည်းပါးလေ့ရှိသဖြင့် ယခုနှစ် ကော်ဖီ ပို့ကုန်ဝင်ငွေ လျာထားချက် ပြည့်မီနိုင်ရန်မှာ ခက်ခဲလိမ့်မည်ဖြစ်ကြောင်း Vicofa အသင်းက ပြောဆို ခဲ့သည်။

    ဗီယက်နမ် Vinh Hiep ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ Thai Nhu Hiep က မကြာ သေးမီ နှစ်များ၌ ကော်ဖီဈေးနှုန်းများ မြင့်မားခဲ့ခြင်းသည် တောင်သူများ၏ လူနေမှုဘဝကို သိသာ စွာ တိုးတက်ကောင်းမွန်စေခဲ့ကြောင်း၊ သို့သော် ငွေကြေးကဏ္ဍအရ အမှီအခိုကင်းရှင်းမှု ကြီးမားခြင်း သည် ၎င်းတို့အား ကုန်ထုတ်လုပ်မှုအချိတ်အဆက်များ၊ ထုတ်ကုန် နောက်ကြောင်းခြေရာခံစနစ် အကောင်အထည်ဖော်မှုများနှင့် စဉ်ဆက်မပြတ်တည်တံ့သော လယ်ယာလုပ်ငန်းခွင် အလေ့အထ များနှင့် ကိုက်ညီစေမှုများတွင် ပါဝင်ဆောင်ရွက်လာအောင် တွန်းအားပေးရာ၌ အခက်အခဲ ဖြစ်ပေါ် စေလျက်ရှိကြောင်း ပြောကြားခဲ့သည်။

    ဤအခြေအနေ၌ ကော်ဖီလုပ်ငန်းနယ်ပယ်အနေဖြင့် စဉ်ဆက်မပြတ်တည်တံ့သော ထုတ်လုပ် မှု အသိအမှတ်ပြုလက်မှတ်ဖြင့် အရည်အသွေးမြင့် ကော်ဖီစေ့များတင်ပို့မှုကို မြှင့်တင်ခြင်း၊  လှော် ထားပြီးကော်ဖီစေ့၊ အသင့်သောက်ကော်ဖီနှင့် ရောစပ်ပြီးကော်ဖီများ သင်္ဘောတင်ပို့မှုကို တိုးမြှင့်ခြင်း တို့ဖြင့် အထွက်တိုးတက်ရေးအပေါ် အလေးပေးသည့်စနစ်မှ တန်ဖိုးမြင့်မားသော ထုတ်ကုန်ကို ဖန်တီးသည့်စနစ်သို့ ပြောင်းလဲရန် လိုအပ်သည်ဟု Vicofa အသင်းက ပြောဆိုထားသည်။

    လက်ရှိကာလတွင် ဗီယက်နမ်ကော်ဖီစိုက်ပျိုးမှု ဧရိယာ၏ ၃၀ ရာခိုင်နှုန်းခန့်သည် စဉ်ဆက် မပြတ်တည်တံ့သော လယ်ယာလုပ်ငန်းခွင် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ကြောင်း အသိအမှတ် ပြုလက်မှတ် ရရှိထားရာ ပို့ကုန်ဈေးကွက်များ၏ တင်းကျပ်သော လိုလားချက်များ တိုးပွားလာမှု အပေါ် ဖြည့်ဆည်းဆောင်ရွက်ရန် ခိုင်မာသည့် အခြေခံအုတ်မြစ်အဖြစ် တည်ရှိနေသည်။ အာရှနှင့် ဥရောပရှိ အဓိက လက်လီအရောင်းကွင်းဆက်များသို့ ပြုပြင်ပြီးကော်ဖီများ ပေးသွင်းရန် ချိတ်ဆက်မှု ကို တိုးချဲ့ခြင်းနှင့်အတူ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားနှင့် နော်ဒစ်နိုင်ငံများ အပါ အဝင် အလားအလာကောင်းသည့် ဈေးကွက်များသို့ ကုန်သွယ်မှုမြှင့်တင်ခြင်းကို လုပ်ကိုင် ဆောင်ရွက် ရန် Vicofa အသင်းက တိုက်တွန်းထားသည်။

Source: Vietnamnet Global, 7 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အမေရိကန်သည် ပြည်တွင်း ဓာတ်မြေဩဇာထုတ်လုပ်မှု တိုးမြှင့်ရန် အမေရိကန်ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည်

   အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (United States Department of Agriculture-USDA)  က ပြည်တွင်းဓာတ်မြေဩဇာထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၅၀၀ ခွဲဝေထောက်ပံ့မည်ဟု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ကြေညာခဲ့သည်။ အဆိုပါ ရန်ပုံငွေကို FIELDS အစီအစဉ်အောက်တွင် လက်ရှိထုတ်လုပ်ရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းရည် တိုးချဲ့ခြင်း နှင့် ဓာတ်မြေဩဇာစက်ရုံအသစ်များ တည်ဆောက်ခြင်းတို့အတွက် အသုံးပြုမည် ဖြစ်ကြောင်း သိရ သည်။

    အမေရိကန် စိုက်ပျိုးရေးဝန်ကြီး Brooke Rollins ၏ ပြောကြားချက်အရ အဆိုပါ အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းထုတ်လုပ်မှုကို အားကောင်းစေပြီး ပြည်ပမှ တင်သွင်းမှုအပေါ် အမေရိကန်၏ မှီခိုအားထားမှုကို လျှော့ချရန် ဖြစ်သည်။ ထို့ပြင် ဓာတ်မြေဩဇာစက်ရုံများ တည်ဆောက် ရေးကို စိုက်ပျိုးရေးမူဝါဒ၏ ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ရန် အစိုးရက ရည်မှန်းထား ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

    ဤအစီအစဉ် စတင်အကောင်အထည်ဖော်ရသည့် အဓိကအကြောင်းရင်းမှာ Iran နှင့် ပတ်သက်သည့် ပဋိပက္ခများ ပြင်းထန်လာပြီးနောက် ဓာတ်မြေဩဇာဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။ Strait of Hormuz မှတစ်ဆင့် ရေကြောင်းပို့ဆောင်ရေး အန္တရာယ်များ မြင့်တက်လာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဓာတ်မြေဩဇာတင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းကျော် ထိခိုက်နိုင် သည့် အခြေအနေ ပေါ်ပေါက်ခဲ့ပြီး မေလတွင် အရှေ့အလယ်ပိုင်း ဆိပ်ကမ်းများမှ အမေရိကန်သို့ ဓာတ်မြေဩဇာတင်သွင်းမှုမှာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ကြောင်း သိရသည်။

    ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အမေရိကန်တောင်သူများ၏ ဘဏ္ဍာရေး ဖိအား ပိုမိုကြီးမားလာခဲ့သည်။ လက်ရှိတွင်လည်း သီးနှံဈေးနှုန်းနိမ့်ကျခြင်း၊ လောင်စာဆီ၊ မျိုးစေ့နှင့် အခြားထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်မားခြင်းတို့ကြောင့် တောင်သူများ အခက်အခဲများ ရင်ဆိုင် နေရသည်။ ထို့အပြင် သမ္မတ Donald Trump အစိုးရ၏ အကောက်ခွန်မူဝါဒနှင့် ဆက်စပ်သည့် ကုန်သွယ်ရေးကန့်သတ်ချက်များသည်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ထပ်စိန်ခေါ်မှု တစ်ရပ် အဖြစ် ဆက်လက်တည်ရှိနေသည်။

    အဆိုပါ ရင်းနှီးမြှုပ်နှံမှုအသစ်ကို ကြေညာခြင်းသည် အမေရိကန်သမ္မတက Morocco မှ တင်သွင်းသည့် ဖော့စဖိတ်ဓာတ်မြေဩဇာများအပေါ် စည်းကြပ်ထားသော အချို့အကောက်ခွန်များ ကို ယာယီရပ်ဆိုင်းပေးရန် ဆုံးဖြတ်ခဲ့ပြီး မကြာမီအချိန်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ တစ်ချိန် တည်းမှာပင် Federal Trade Commission သည် ဓာတ်မြေဩဇာဈေးနှုန်းများ အရှိန်အဟုန် မြင့်တက်လာရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Source: ukragroconsult, 06 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၏ စားသုံးဆီတင်သွင်းမှုသည် ဇွန်လတွင် သိသိသာသာ ကျဆင်း

    အဓိက ဟင်းသီးဟင်းရွက်သုံးမျိုး၏ တင်သွင်းမှုကျဆင်းခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ စားသုံး ဆီ တင်သွင်းမှုသည် ဇွန်လတွင် တန်ချိန် ၁.၁သန်း၊ ရာခိုင်နှုန်းအားဖြင့်  လအလိုက် ၁၆.၆ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း အရောင်းကိုယ်စားလှယ်များက ခန့်မှန်းထားသည်။

     ကမ္ဘာ့စားသုံးဆီအဓိကတင်သွင်းသူများအနေဖြင့် အိန္ဒိယသည် ဇွန်လတွင် ဆီတင်သွင်းမှု ၁၆.၆ ရာခိုင်နှုန်း တန်ချိန်အားဖြင့် ၁.၁သန်းရှိခဲ့ပြီး ပဲပုတ်ဆီဝယ်လိုအားကျဆင်းခြင်းကြောင့် လက်ရှိ  ဈေးကွက် (Spot prices) အပေါ် ကျဆင်းရန် ဖိအားဖြစ်စေခဲ့သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ တွင် စံညွှန်းပြ ပဲပုပ်ဆီအကြိုစာချုပ်(The benchmark soybean oil futures contract) (၂၆၀၉) ပါ ဈေးနှုန်းသည် ယခင်အရောင်းအဝယ်ဖြစ်ခဲ့သည့်နေ့ထက် တစ်တန်လျှင် ၁၉ ယွမ် ကျဆင်းလျက် တစ်တန်လျှင် ၈,၄၀၆ ယွမ် (RMB) ဖြင့် ဈေးပိတ်ခဲ့ပြီး ဝယ်လိုအားကျဆင်းနိုင်ခြေရှိသော သတင်း များကြောင့် ကြိုပွိုင့်ဈေးနှုန်းများ (Futures prices) မှာ ထပ်မံ ကျဆင်းသွားနိုင်သည်။

    စားအုန်းဆီသည် အိန္ဒိယက တင်သွင်းသည့်အခြေခံဟင်းသီးဟင်းရွက်ဆီ ၃ မျိုးတွင် တစ်ခု အပါအဝင်ဖြစ်သည်။ စားသုံးဆီတင်သွင်းမှုများကျဆင်းခြင်းနှင့်အတူ စားအုန်းဆီတင်သွင်း ပမာဏ ကို သက်ရောက်မှုများဖြစ်စေပြီး ယခုလိုဝယ်လိုအားနည်းခြင်းက စားအုန်းဆီ လက်ရှိဈေးကွက်အပေါ် ဈေးနှုန်းကျဆင်းမှုဖြစ်ပေါ်လာစေနိုင်ကြောင်း ဖော်ပြထားပါသည်။

Source: SunSirs, 06 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကြက်သွန်နီသိုလှောင်လက်ကျန်အဝယ်နည်းသဖြင့် အိန္ဒိယတောင်သူများစိုးရိမ်မှုမြင့်တက်

     တောင်သူများအား စွဲဆောင်ရန်အတွက် နှစ်လအတွင်း ဝယ်ဈေး ၅ ဆ တိုးမြှင့်၍ ကြက်သွန်နီ ဝယ်ယူခဲ့သည်ဆိုသော်လည်း အစိုးရသည် ရည်ရွယ်ထားသည့် ကြက်သွန်နီ တန်ချိန် ၂၀၀,၀၀၀ ထက် ၅ ရာခိုင်နှုန်း လျော့ချ၍ ဝယ်ယူထားကြောင်း သိရသည်။

     ဝယ်ယူမှု‌နှေးကွေးကြန့်ကြာမှုကြောင့် စားသုံးသူရေးရာဝန်ကြီးဌာနအတွင်း အကယ်၍ လာမည့် သီးနှံရာသီတွင် ရာသီဥတုဆိုင်ရာ စိုးရိမ်ဖွယ်ရာများဖြစ်ပေါ်ပါက သိုလှောင်မှုနည်းပါးမှုသည် ဈေးကွက်အားနည်းမှုကိုဖြစ်စေကာ ဈေးနှုန်းမြင့်တက်မှုများ ဖြစ်စေနိုင်သည်ဆိုသော စိုးရိမ်ဖွယ်ရာ အခြေအနေများဖြစ်စေနိုင်ကြောင်း ပြည်သူများကပြောကြားထားပါသည်။

     အရာရှိများအနေဖြင့် ကြက်သွန်နီဈေးနှုန်းများ ပုံမှန်မြင့်တက်လေ့ရှိသည့် ပွဲတော်ရာသီချိန် မတိုင်မီ တိုးမြှင့်ဝယ်ယူနိုင်ရန်အတွက် သီးနှံစတင်ရိတ်သိမ်းချိန်ဖြစ်သော မေလ ၁၅ ရက်‌နေ့မှ စတင် ၍ အလျင်အမြန်ဝယ်ယူနိုင်ရေးဆွေးနွေးမှုများ မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

     ဗဟိုအစိုးရသည် ကြက်သွန်နီလှိုင်လှိုင်ပေါ်ချိန်အတွင်း ဈေးနှုန်းများထိန်းချုပ်နိုင်ရန် ကြက်သွန်နီသိုလှောင်မှုကိုထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ သိုလှောင်မည့်ပမာဏ၊ ဝယ်ယူမည့် ဈေးနှုန်းများနှင့် သိုလှောင်မည့်ကာလတို့သည် ဈေးကွက်အခြေအနေပေါ်လိုက်၍ ပြောင်းလဲနိုင် ကြောင်း၊ သီးနှံစတင်ရိတ်သိမ်းချိန် မတ်လ မှစတင်၍ ဈေးနှုန်းများ မပြောင်းလဲဘဲ ကျဆင်းလျက်ရှိနေ ခြင်းကြောင့် ယခုနှစ်တွင် Maharashtra ပြည်နယ်ရှိ ကြက်သွန်နီ စိုက်တောင်သူများအား ကာကွယ် ပေးထားကြောင်း သိရသည်။

     မေလ ၁၅ ရက်နေ့ ဝယ်ယူမှုစတင်ချိန်မှစ၍ ငါးဆခန့်တိုးမြှင့်ဝယ်ယူခဲ့ရာ စနေနေ့တွင် ကြက်သွန်နီ တစ်ကီလိုလျှင် ၂၁.၂၅ ရူပီးဖြင့် အစိုးရကဝယ်ယူထားကြောင်း၊ ဝယ်ယူမှုနောက်ဆုံးရက် ကို ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ တိုးချဲ့သတ်မှတ်ထားကြောင်း သိရသည်။

     အစိုးရအနေဖြင့် ကြက်သွန်နီအား အဆမတန်ဈေးနှိမ်ရောင်းချသည့် တောင်သူများနှင့် လုံလောက်သည့် သိုလှောင်မှုပမာဏမရှိသော လုပ်ကွက်ငယ်တောင်သူများထံမှ ဝယ်ယူသွားမည် မဟုတ်ကြောင်း၊ ယခုအခါ တောင်သူများအနေဖြင့် ကြက်သွန်နီ ဈေးကောင်းရရှိလျက်ရှိရာ အစိုးရက ဝယ်ယူချင်သော်လည်း တောင်သူများက ရောင်းချလိုခြင်းမရှိကြောင်း၊ အစိုးရမှ ဝယ်ယူနေသည့် ဈေးနှုန်းသည် လက်ရှိပေါက်ဈေးထက် နည်းပါးကြောင်း၊ Maharashtra ပြည်နယ်ရှိ ကြက်သွန်နီ စိုက်တောင်သူများအသင်းဥက္ကဋ္ဌ Bharat Dighole က ပြောကြားထားပါသည်။

     အစိုးရအနေဖြင့် အမျိုးသားစိုက်ပျိုးရေးဈေးကွက်ပူးပေါင်းရှာဖွေရေးအဖွဲ့နှင့် အမျိုးသား စားသုံးသူပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့အပြင် ဗဟိုသိုလှောင်ရုံကော်ပိုရေးရှင်းတို့နှင့် စတင်စမ်းသပ် ဆောင်ရွက်ခဲ့ပြီးနောက် ယခုနှစ်တွင် သိုလှောင်လက်ကျန် ဝယ်ယူမှုနှောင့်နှေး ကြန့်ကြာခဲ့ကြောင်း၊ ဈေးနှုန်းကျဆင်းမည်ဆိုပါက ကြက်သွန်နီလက်ကျန် သိုလှောင်မှုနည်းပါးလာမည် ဖြစ်ပြီး အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုလည်း လျော့ကျသွားမည်ဟု ယုံကြည်သည့်အတွက် ဈေးကစားသူအချို့က ဝယ်ယူသိုလှောင်မှုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောကြားထားပါသည်။ အစိုးရအနေဖြင့် ဈေးကစားသူအချို့သည် ကြက်သွန်များ စတင်၍ ဝယ်ယူ သိုလှောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

Source :The Economic Times, 06 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ