ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

B60 သို့ မတိုးမြှင့်မီ B50 ကို ဦးစွာ အခြေခိုင်အောင် လုပ်ဆောင်ရန် အင်ဒိုနီးရှားအစိုးရအား တိုက်တွန်း

      အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) ဥက္ကဋ္ဌ Mr. Eddy Martono က အစိုးရက ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလတွင် အကောင်အထည်ဖော်နိုင်ရေး ဦးတည်ဆောင်ရွက်နေသည့် စားအုန်းဆီ အချိုးအစား ၆၀ % ပါဝင်သော ဇီဝဒီဇယ်ဆီ (B60) အစီအစဉ်သို့ အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း မပြုမီ စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ(B50) အကောင်အထည်ဖော်မှုကို ပိုမို တိုးတက်ကောင်းမွန်အောင် ဖော်ဆောင်သင့်ကြောင်း အကြံပြုပြောချက်များကို အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) ၏ website ၌ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖော်ပြထားပါသည်။

     အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) ဥက္ကဋ္ဌ Eddy Martono က Metro TV ၏ "Zona Bisnis" အစီအစဉ်တွင် B60 ဇီဝဒီဇယ်ဆီ ဖော်ဆောင်ရေး အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို အင်တာဗျူးဖြေကြားခဲ့ပြီး စားအုန်းဆီအခြေခံစွမ်းအင်ကဏ္ဍအရှိန်မြှင့်ရန် အစိုးရ၏တွန်းအားပေးမှု ကြောင့် ဤအင်တာဗျူး ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ၎င်းက FAME ထုတ်လုပ်မှု လိုအပ်ချက် အတွက် စားအုန်းဆီကြမ်း (CPO)၊ စားအုန်းဆီ သို့မဟုတ် စွန့်ပစ်ဆီ (HVO) တို့ကို ရောစပ်မည့် B60 ဖော်မြူလာ ရွေးချယ်မှုများ အပါအဝင် မီသနော ထုတ်လုပ်ရန် ကျောက်မီးသွေးမှ ပြောင်းလဲရေး ကြိုးပမ်းမှုများကို ပြောကြားခဲ့ပြီး၊ လက်ရှိတွင် စားအုန်းဆီ ထောက်ပံ့နိုင်မှု လိုအပ်ချက်မှာ တန်ချိန် ၂ သန်းမှ ၃ သန်းကြား ရှိကြောင်း ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး၏ အဆိုကို ကိုးကား၍ ထုတ်ဖော် ပြောဆိုခဲ့သည်။
     Eddy က ၂၀၂၆ ခုနှစ်တွင် B50 အကောင်အထည်ဖော်မှုသည် သိသိသာသာပြဿနာများ မရှိဘဲ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် စတင်ထုတ်လုပ်ပြီးနောက် နှစ်လ အကူးအပြောင်းကာလအတွင်း စားအုန်းဆီကြမ်းလိုအပ်ချက် လုံလောက်မှုရှိသည်ဟူသော အချက်ကို အလေးပေးပြောကြားခဲ့သည်။ သို့သော်လည်း မီသိုင်းလ် အက်စတာ အဆီအက်ဆစ် (Fatty Acid Methyl Ester- FAME) ထုတ်လုပ်မှု စွမ်းရည်သည် ကောင်းမွန်စွာ မလည်ပတ်နိုင်သေးဘဲ လက်ရှိသုံးစွဲမှုနှုန်းအရ FAME ထုတ်လုပ်မှုစွမ်းရည်သည် အမြင့်ဆုံး ၇၀ % နှင့် ၈၀ % ကြားရှိပြီး ယင်းအခြေအနေသည် ၂၀၂၇ ခုနှစ်တွင် အမှန်တကယ်သိသာလာမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက် ပြုပြောကြားခဲ့သည်။

      Eddy က ၂၀၂၇ ခုနှစ်တွင် အမှန်တကယ် ကြုံတွေ့လာရမည့် စိန်ခေါ်မှုမှာ B60 ကို အကောင်အထည်ဖော်ရေး မဟုတ်ဘဲ လက်ရှိ B50 အသုံးပြုရန် သတ်မှတ်ထားသည့် မူဝါဒကို ရေရှည်တည်တံ့စွာ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

   အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုသည် ဆီအုန်းစိုက်ခင်းအများအပြားတွင် မျိုးအောင်ရန် ကြိုးပမ်းမှုကို အဟန့်အတားဖြစ်စေကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။ သို့သော်လည်း အာချေး (Aceh)၊ မြောက် ဆူမားတြား (North Sumatra)၊ အနောက် ဆူမတြား (West Sumatra)၊ ဘန်ကူလူ(Bengkulu)နှင့် ကလီမန်တန် မြောက်ပိုင်းစသည့် ဒေသများတွင် မိုးရွာသွန်းမှု ဆက်လက် ဖြစ်ပေါ်နေသောကြောင့် ထုတ်လုပ်မှုကျဆင်းမှုသည် ကနဦးခန့်မှန်းထား သလောက် ဆိုးရွားခြင်း မရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
   အစောပိုင်း ခန့်မှန်းချက်များအရ ထုတ်လုပ်မှု တန်ချိန် ၅ သန်းအထိ ကျဆင်းသွားသည်ဟု ခန့်မှန်းထားသော်လည်း နောက်ဆုံးထွက်ရှိချက်များအရ ကျဆင်းမှုသည် တန်ချိန် ၃ သန်းအထိ ရှိနိုင် ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှုသည် တန်ချိန် ၃၂ သန်း ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ထုတ်လုပ်မှု အတော်လေးတည်ငြိမ်နေကာ ၂၀၂၇ ခုနှစ်တွင်မူ ထုတ်လုပ်မှု အနည်း ငယ် တိုးတက်လာမည် မျှော်လင့်ထားသော်လည်း ၂၀၂၇ ခုနှစ်တွင် တန်ချိန် ၂၇ သန်းဝန်းကျင်အထိ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။
     ထုတ်လုပ်မှုကျဆင်းခြင်းသည် ပို့ကုန်ပမာဏအတွက် တိုက်ရိုက်သက်ရောက်မှု ရှိကြောင်း၊  ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရေးအစီအစဉ်များအတွက် လိုအပ်သော ထောက်ပံ့ကြေးများအတွက် အဓိက ရန်ပုံငွေအရင်းအမြစ်ဖြစ်သည့် ပို့ကုန်ခွန်ကောက်ခံမှုမှရရှိသည့်၀င်ငွေကို ထိခိုက်စေမည်ဖြစ်ကြောင်း Mr. Eddy က မှတ်ချက်ပြုပြောကြားသည်။ ထို့ပြင် B60 အစီအစဥ်ကို အကောင်အထည်ဖော်မည် ဆိုပါက တင်ပို့မှုကျဆင်းနိုင်ပြီး ပို့ကုန်တန်ချိန် ၂၃ သန်းခန့်အထိ ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်း ထားသောကြောင့် ပို့ကုန်အခွန်စည်းကြပ်မှုမှရရှိသော၀င်ငွေမှာ ပိုမိုကျဆင်းသွား မည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းပြောကြားထားသည်။
    B60 ကို ချက်ခြင်းတိုးမြှင့်မည့်အစား ၂၀၂၇ ခုနှစ်အထိ စားအုန်းဆီ စွမ်းဆောင်ရည်၊ FAME ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးအခြေခံအဆောက်အအုံများ ပြတ်တောက်မှုအပါအဝင် B50 အကောင် အထည်ဖော်မှုကို အစိုးရက ကျစ်ကျစ်လစ်လစ်စုစည်းဆောင်ရွက်သင့်သည်ဟု Mr. Eddy က ၎င်း၏ ခိုင်မာသော သဘောတူညီချက်ကို ဖော်ပြပြောဆိုခဲ့သည်။ 
    ပြည်တွင်းလုပ်ပိုင်ခွင့်များကို ဦးစားပေးလုပ်ဆောင်ခြင်းကြောင့် အင်ဒိုနီးရှား၏ စားအုန်းဆီ ရောင်းလိုအားသည် ကမ္ဘာ့ဈေးကွက်သို့ ကျဆင်းသွားပါက စားအုန်းဆီအပါအဝင် ကမ္ဘာ့စားသုံးဆီ ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ၎င်းကရှင်းပြသည်။ ဤအခြေအနေက ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သူလည်းဖြစ် အများဆုံးသုံးစွဲသူလည်းဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ပြီး ဟင်းချက်ဆီဈေးနှုန်းများ မြင့်တက်လာစေသည့်အပြင် စားအုန်း ဆီအား ကုန်ကြမ်းအဖြစ်မှီခိုအားထားနေရသည့် အခြားသောထုတ်ကုန်အမျိုးမျိုး၏ ကုန်ကျစရိတ် များလည်း မြင့်တက်လာနိုင်မည်ဖြစ်သည်။
    သို့ရာတွင် B60 ကို ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံစမ်းသပ်ခြင်းမရှိဘဲ ချက်ခြင်းအကောင် အထည် ဆက်လက်မဖော်ဆောင်သင့်ကြောင်း၊ အထူးသဖြင့် စီစဉ်ထားသော B60 ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရေးဖော်မြူလာသည် စားအုန်းဆီကြမ်း (CPO) တစ်မျိုးတည်းမှ ထုတ်လုပ်ခြင်း မဟုတ်ဘဲ Hydrotreated Vegetable Oil (HVO) လည်း ပါ၀င်သောကြောင့် ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။ ရောစပ်ဖွဲ့စည်းမှုတွင် ထိုသို့သော ပြောင်းလဲမှုများသည် အင်ဂျင်စက် စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သောကြောင့် ရှည်လျားသောစမ်းသပ်မှုကာလတစ်ခု လိုအပ်ပါ သည်။
   B60 ဇီဝဒီဇယ်ဆီထုတ်လုပ်ရေးအစီအစဉ်ကို ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလတွင် အကောင် အထည်ဖော်ရန်မဖြစ်နိုင်သည်ဟု ယူဆပါကြောင်း၊ စမ်းသပ်မှုကိုဦးစွာပြုလုပ်ရမည် ဖြစ်သောကြောင့် လက်တွေ့အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) ဥက္ကဋ္ဌ Mr. Eddy က အခိုင်အမာပြောကြားခဲ့သည်။
Source: Indonesia Palm Oil Association (GAPKI), September 14, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၏ သကြားထွက်ရှိမှုသည် လာမည့်ရာသီတွင် ၁၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်

      ကမ္ဘာ့ဒုတိယအကြီးဆုံး သကြားတင်ပို့သည့်နိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံ၏နောက်၌ ရပ်တည် နေသည့် ထိုင်းနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ၂၀၂၆-၂၀၂၇ ရာသီတွင် တန်ချိန် ၁၀.၅ သန်းသို့ ၁၂.၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ကြံလုပ်ငန်းမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါခန့်မှန်း ချက်အရ သကြားထွက်ရှိမှုကျဆင်းခြင်းသည် မိုးခေါင်ရေရှားမှု၊ ကုန်ကျစရိတ်များ မြင့်တက်လာမှုနှင့် ထိုင်းတောင်သူများမှ ပီလောပီနံသီးနှံသို့ ပြောင်းလဲစိုက်ပျိုးလာမှုတို့၏ ရလဒ်ဖြစ်သည်ဟု ကြံနှင့် သကြားဘုတ်အဖွဲ့၏ မဟာဗျူဟာနှင့် စီမံကိန်းညွှန်ကြားရေးမှူး Thawat Hamarn က ပြောကြား ခဲ့သည်။

      ကြံထွက်ရှိမှုသည် ယခင်ရာသီက တန်ချိန် ၁၀၅ သန်းမှ ၉.၅ ရာခိုင်နှုန်းကျဆင်း၍ တန်ချိန် ၉၅ သန်းခန့်သို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ အဆိုပါခန့်မှန်းချက်သည် ဒီဇင်ဘာလမှ ဧပြီလ အထိ လည်ပတ်မည်ဟု မျှော်လင့်ရသော ၂၀၂၆-၂၀၂၇ ကြံရိတ်သိမ်းရာသီကို Mr Thawat က ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

       တောင်သူများသည် ဓာတ်မြေသြဇာ ကုန်ကျစရိတ်များ မြင့်တက်လာမှုကို ရင်ဆိုင်ခဲ့ရပြီး ကြံဈေးနှုန်းများမှာ လုံလောက်စွာဆွဲဆောင်မှု မရှိသည့်အတွက် အချို့သော ကြံစိုက်ပျိုးသူများသည် ပိုမိုအမြတ်အစွန်းရှိသော သီးနှံများသို့ ပြောင်းလဲစိုက်ပျိုးလာကြောင်း၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့တွင် မိုးခေါင်ရေရှားမှုကြောင့် ကြံထုတ်လုပ်မှုကျဆင်းနိုင်သည်ဟု မျှော်လင့်ချက်များ ကြားတွင် ကမ္ဘာ့သကြားဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း ထိုင်းကြံစိုက်ပျိုးသူများ အဖွဲ့ချုပ်၏ မန်နေဂျာ Naradhip Anantasuk က ပြောကြားခဲ့သည်။

       သို့သော် တောင်သူများအနေဖြင့် ၎င်းတို့၏ ကုန်ကျစရိတ်များ ကာမိနိုင်ရန်အတွက် ဈေးနှုန်းများသည် တစ်ပေါင်လျှင် ၂၁ ဆင့်မှ ၂၂ ဆင့်ခန့်အထိ ရောက်ရှိရန် လိုအပ်မည်ဖြစ်ကြောင်း Mr Naradhip က ပြောကြားခဲ့ပြီး လက်ရှိဈေးနှုန်းများမှာ တစ်ပေါင်လျှင် ၁၈ဆင့်မှ ၁၉ ဆင့်ခန့် ရှိသည်။

       ခွန်ကန်ပြည်နယ်တွင် ကြံထုတ်လုပ်မှုသည် ယခင်ရာသီက တန်ချိန် ၅.၈၆ သန်းရှိခဲ့ရာမှ တန်ချိန် ၁.၈ သန်းအထိ ကျဆင်းနိုင်သည်ဟု ဒေသခံအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ မိုးရွာ သွန်းမှု မညီမျှခြင်း၊ တောင်သူများ၏ အကြွေးဝန်ထုပ်ဝန်ပိုးများနှင့် ရောဂါဖြစ်ပွားမှုများသည် ကြံ ထုတ်လုပ်မှုကို ကျဆင်းစေနိုင်ကြောင်း ပြည်နယ်အတွင်းရှိ ကြံစိုက်ပျိုးသူများအသင်း၏ အရာရှိ တစ်ဦးဖြစ်သော Chairat Kittivarapol က ပြောကြားခဲ့သည်။

Source: Bangkok Post, September 14 , 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်၏ လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာ

          ဗီယက်နမ်နိုင်ငံ၏ ကုန်ပစ္စည်းလက်လီရောင်းချမှုနှင့် စားသုံးသူဝန်ဆောင်မှုလုပ်ငန်းများမှ စုစုပေါင်းရငွေသည် ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း ဗီယက်နမ်ဒေါင် ၅.၂၃ ကွာဒရီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၀၄.၅ ဘီလီယံခန့်) ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု အမျိုးသားစာရင်းအင်းရုံးကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီ က စက်တင်ဘာလ ၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။

           အမျိုးသားစာရင်းအင်းရုံး၏ အချက်အလက်များအရ ကုန်ပစ္စည်းလက်လီရောင်းချမှုမှ ရငွေမှာ ဗီယက်နမ်ဒေါင် ၃.၉၅ ကွာဒရီလီယံနီးပါး ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

        ဟိုတယ်တည်းခိုခြင်းနှင့် စားသောက်ဝန်ဆောင်မှုလုပ်ငန်းများမှ ရငွေမှာ ဗီယက်နမ်ဒေါင် ၆၇၀.၃ ထရီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထို့အပြင် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ ရငွေမှာ ဗီယက်နမ်ဒေါင် ၆၈.၇ ထရီလီယံခန့် ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၁၇.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် Rwanda(ရဝမ်ဒါ) နိုင်ငံတို့  ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

            ကမ္ဘောဒီးယားနှင့် ရဝမ်ဒါနိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ရပ် ထူထောင်ရန် ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအေဂျင်စီများနှင့် ကုန်သည်ကြီးများအသင်းများအကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး အပါအဝင် အာဆီယံနှင့် အာဖရိကအကြား ဈေးကွက်ဝင်ရောက်ခွင့်နှင့် စီးပွားရေးဆက်ဆံမှုများ တိုးချဲ့နိုင်ရေးအတွက် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုများကို ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ ရဝမ်ဒါသံအမတ် Bakuramutsa Nkubito Manzi နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (CDC) အထွေထွေအတွင်းရေးမှူး Chea Vuthy၊ ကမ္ဘောဒီးယား ကုန်သည်ကြီးများ အသင်း (CCC) ညွှန်ကြားရေးမှူးချုပ် Nguon Mengtech တို့ သီးခြားတွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။ CDC တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း Chea Vuthy က ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှု ရရှိစေရန်၊ စီးပွားရေးခံနိုင်ရည်အား မြှင့်တင်ရန်နှင့် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးများ ခိုင်မာစေရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ရဝမ်ဒါနိုင်ငံ၏ စီးပွားရေးကဏ္ဍစုံလင်အောင် ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တိုးတက်မှုများ ရှိနေကြောင်းကိုလည်း အလေးထားပြောကြားပြီး နှစ်နိုင်ငံအနေဖြင့် အတွေ့အကြုံများနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်း များ အပြန်အလှန်ဖလှယ်နိုင်သည့် အခွင့်အလမ်းများရှိကြောင်း ထောက်ပြခဲ့သည်။ ထို့နောက် ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့နှင့် ရဝမ်ဒါဖွံ့ဖြိုး တိုးတက်ရေးဘုတ်အဖွဲ့တို့အကြား MoU လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ MoU သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး နှင့် နှစ်နိုင်ငံပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်သူများအကြား ချိတ်ဆက်ပေးရေးတို့အတွက် တရားဝင် ပူးပေါင်းဆောင်ရွက်မှုမူဘောင် တစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း CCC  မှ ထုတ်ပြန်ထားသည်။

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်တွင်ဒူးရင်းသီးတင်ပို့မှုမှတစ်ဆင့်အမေရိကန်ဒေါ်လာ ၄ ဘီလီယံပတ်လည် ရရှိရန်ရည်မှန်းထားသည့်ဗီယက်နမ်

                     ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း ဒူးရင်းသီးတင်ပို့မှုမှရရှိသည့်ဝင်ငွေကို ယမန်နှစ်က ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံအဆင့်အထိ ရောက်ရှိစေရန်နှင့် ယင်းထက်ပိုမို၍ အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်အထိရရှိနိုင်ရန် ကျန်ရှိနေသည့်လုပ်ထုံး လုပ်နည်းများကိုပြီးစီးရန်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး Dang Ngoc Diep က ပြောကြားခဲ့ပါသည်။ စက်တင်ဘာလ ၃ ရက် မွန်းလွဲပိုင်းတွင်ကျင်းပသည့် အစိုးရ၏ ဩဂုတ်လအတွက်ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဒုတိယ ဝန်ကြီးကပြောကြားရာတွင် ဒူးရင်းသီးသည် တန်ဖိုးမြင့်စိုက်ပျိုးရေးထွက်ကုန်များအနက် တစ်မျိုး ဖြစ်ပြီး စိုက်ပျိုးဧရိယာ ဟက်တာ ၂၀၀,၀၀၀ ခန့်ရှိကာ ထုတ်လုပ်မှုတန်ချိန် ၂.၀၈ သန်းခန့် ရှိကြောင်း ဆိုပါသည်။ ဒူးရင်းသီးသည် စိုက်ပျိုးရေးကဏ္ဍ၏ အဓိကသီးနှံတစ်မျိုးဖြစ်ပြီး စုစုပေါင်း လယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း သိရပါသည်။ ယခုနှစ် ပထမရှစ်လအတွင်း ဒူးရင်းသီးတင်ပို့မှုမှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁.၉၅ ဘီလီယံခန့် ရရှိခဲ့ပြီး ယင်းအနက် တရုတ်နိုင်ငံသို့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၈၅ ဘီလီယံ ရရှိခဲ့ကာ စုစုပေါင်း တင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းအထိပါဝင်ကြောင်း သိရပါသည်။ ဒူးရင်းသီးတင်ပို့မှုတွင် ကြုံတွေ့နေရ သည့်အခက်အခဲများကိုဖြေရှင်းရန် ဝန်ကြီးဌာနသည် ဒုတိယဝန်ကြီးများဦးဆောင်သည့် လုပ်ငန်း အဖွဲ့များကို ဒေသအသီးသီးသို့စေလွှတ်ကာ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Diep က ပြောကြားခဲ့ပါသည်။ အထူးသဖြင့် ထုတ်လုပ်မှုမြင့်မားသည့် အလယ်ပိုင်းကုန်းမြင့်ဒေသ၊ အရှေ့ တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းဒေသများ၊ Dong Nai ပြည်နယ်တို့ရှိ စိုက်ပျိုးထုတ်လုပ်သူ များနှင့်တွေ့ဆုံ၍ တင်ပို့မှုဆိုင်ရာအခက်အခဲများကိုဖြေရှင်းပေးခဲ့ကြောင်း ၎င်းကဆိုပါသည်။ ဇူလိုင် ၁ ရက်မှစ၍ ဝန်ကြီးဌာနသည် အီလက်ထရွန်နစ်စနစ်မှတစ်ဆင့် ထုတ်ကုန်မူရင်းဒေသ ခြေရာခံ စနစ်ကို စတင်အသုံးပြုခဲ့ကြောင်း သိရပါသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေး အကြံပေးများကိုတွေ့ဆုံခဲ့ပြီး ဗီယက်နမ်လယ်ယာထွက်ကုန်များကို ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်များတွင် ယုံကြည်စိတ်ချရသည့်အမှတ်တံဆိပ်များအဖြစ်မြှင့်တင်ရန်နှင့် ထုတ်ကုန် မူရင်းခြေရာခံစနစ်ကို ပထမဆုံးအကြိမ်အကောင်အထည်ဖော်နိုင်ခဲ့သည့်အတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အထူးတန်ဖိုးထားကြကြောင်း Diep က ပြောကြားခဲ့ပါသည်။ ယင်းသည် ဒူးရင်းသီးတင်ပို့မှုမြှင့်တင်ရေးနှင့် ထုတ်ကုန်တန်ဖိုးတိုးမြှင့်ရေးအတွက် အရေးပါသည့်ဖြေရှင်း ချက်တစ်ရပ်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ဒူးရင်းသီးစိုက်ပျိုး ဧရိယာကုဒ်များထုတ်ပေးရေးနှင့်ပတ်သက်သည့်အခက်အခဲများ၊ အတားအဆီးများကို ဖြေရှင်းရန် လည်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် ဒူးရင်းသီးစိုက်ပျိုးဧရိယာအားလုံးကို လုပ်ပိုင်ခွင့်ခွဲဝေပေးထားပြီး ရပ်ကွက်နှင့် ကျေးရွာအဆင့်အာဏာပိုင်များက စိုက်ပျိုးဧရိယာနှင့် ထုပ်ပိုးစက်ရုံကုဒ်များကိုထုတ်ပေးနိုင်ပြီဖြစ်သောကြောင့် လုပ်ငန်းစဉ်များပိုမိုလွယ်ကူလာကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဩဂုတ် ၁၄ ရက်တွင် ဝန်ကြီးဌာနခေါင်းဆောင်များနှင့် တရုတ်ဘက်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီးနောက် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်ရေး အဖွဲ့က ဗီယက်နမ်ဒူးရင်းသီးအတွက် စိုက်ပျိုးဧရိယာကုဒ် ၅၆၇ ခုကို ထပ်မံခွင့်ပြုခဲ့ကြောင်း သိရ ပါသည်။ ထို့ကြောင့် လက်ရှိစုစုပေါင်းစိုက်ပျိုးဧရိယာကုဒ်အရေအတွက်မှာ ၁,၈၀၀ ကျော်အထိ ရှိလာကြောင်း သိရပါသည်။ ဒုတိယဝန်ကြီးက ဒူးရင်းသီးကဏ္ဍတွင် လိုအပ်ချက်များလည်းရှိနေ သေးကြောင်း ထောက်ပြခဲ့သည်ဟု သိရပါသည်။ ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုမှာ လျင်မြန်စွာ တိုးတက်လာသော်လည်း တန်ဖိုးကွင်းဆက်များကို စနစ်တကျဖွဲ့စည်းနိုင်မှုမှာ ယင်းတိုးတက်မှုနှင့် လိုက်လျောညီထွေမဖြစ်သေးကြောင်းနှင့် ထို့ပြင် နည်းပညာပိုင်းနှင့် ဈေးကွက်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များသည်လည်း ပိုမိုတင်းကျပ်လာကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတကာ ဈေးကွက်တွင် ပြိုင်ဆိုင်မှုများပြားလာခြင်းသည်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး မလေးရှားနှင့် ထိုင်းနိုင်ငံတို့က တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုမြှင့်တင်ရန် မူဝါဒများချမှတ်ဆောင်ရွက်လာကြ ကြောင်း ၎င်းကထောက်ပြခဲ့ပါသည်။ ယင်းအခြေအနေများကိုဖြေရှင်းရန် ဝန်ကြီးဌာနသည် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပြီး ပို့ကုန်ဈေးကွက်များကိုလည်း မျိုးစုံ ခွဲခြားဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အိန္ဒိယ၊ ဩစတြေးလျနှင့် နယူးဇီလန် ကဲ့သို့သော အလားအလာရှိသည့်ဈေးကွက်များသို့ ဈေးကွက်ဝင်ရောက်ခွင့်နှင့် ဈေးကွက်ဝေစု တိုးမြှင့်နိုင်ရေးဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

           ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံက ဗီယက်နမ်နိုင်ငံမှဒူးရင်းသီးများကို ၎င်းတို့ဈေးကွက်အတွင်း တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရပါသည်။ လူဦးရေ ၁ ဘီလီယံကျော်ရှိပြီး လာမည့်ကာလအတွင်း ဒူးရင်းသီးဝယ်လိုအား အလွန်မြင့်မားလာနိုင်သည့်ဈေးကွက်ဖြစ်သဖြင့် အိန္ဒိယနိုင်ငံတွင် ပို့ကုန် မြှင့်တင်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နေကြောင်း Diep က ပြောကြားခဲ့ပါသည်။ ဒုတိယ အချက်အနေဖြင့် ထုတ်လုပ်မှုကိုပြန်လည်ဖွဲ့စည်းပြီး ရေရှည်တည်တံ့သည့် ကုန်ကြမ်းထုတ်လုပ် ရာဒေသများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် မြေယာ၊ ရေအရင်းအမြစ်၊ ရာသီဥတုနှင့် အခြေခံအဆောက်အအုံအခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် ထုတ်လုပ်မှုဒေသ များ၏စီမံကိန်းများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ တတိယအချက်မှာ အရည်အသွေး၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ထုတ်ကုန်မူရင်းခြေရာခံစနစ်များကို စံချိန်စံညွှန်းနှင့်အညီဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် သိပ္ပံနှင့် နည်းပညာဆိုင်ရာသုတေသန၊ အသုံးချမှုနှင့် နည်းပညာလွှဲပြောင်းမှုများကိုမြှင့်တင်ကာ ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းရေးကိုလည်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အခြားဆောင်ရွက်မည့်အချက်နှစ်ရပ်မှာ သိုလှောင်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့ ပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဓာတ်ခွဲခန်းကွန်ရက်၏ စွမ်းဆောင်ရည်ကို တိုးချဲ့မြှင့်တင်ရန်တို့ ဖြစ်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

ပြည်တွင်း EV စက်မှုကွင်းဆက်တစ်ခုလုံး တည်ဆောက်နိုင်သည့် အရင်းအမြစ်များ ရှိကြောင်းပြောကြားခဲ့သည့်အင်ဒိုနီးရှားစက်မှုဝန်ကြီး

             အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေးအတွက် ကုန်ကြမ်း ပစ္စည်းများ၊ ဘက်ထရီထုတ်လုပ်ရေးမှစ၍ မော်တော်ယာဉ်ထုတ်လုပ်ခြင်းနှင့် အသုံးပြုပြီး ဘက်ထရီများ ပြန်လည်အသုံးချခြင်းအထိ ပြည်တွင်း EV စက်မှုကွင်းဆက်တစ်ခုလုံး တည်ဆောက်နိုင်သည့် အရင်းအမြစ်များရှိကြောင်း စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က ပြောကြားခဲ့ပါသည်။ မော်တော်ယာဉ်ထုတ်လုပ်ရေးတစ်ခုတည်းတွင် ရင်းနှီး မြှုပ်နှံမှုများအာရုံစိုက်မနေဘဲ နိုင်ငံ၏ EV ထောက်ပံ့ရေးကွင်းဆက် ခိုင်မာလာစေရန် လုပ်ငန်း ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။ ထို့ပြင် တရုတ်လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သူ BYD အနေဖြင့်လည်း အင်ဒိုနီးရှား ၏ EV စက်မှုဂေဟစနစ်အတွင်း ပိုမိုနက်ရှိုင်းစွာပေါင်းစည်းပါဝင်ရန် တိုက်တွန်းခဲ့ကြောင်း သိရ ပါသည်။ ဝန်ကြီးက အဆိုပါအချက်များကို စက်တင်ဘာလ ၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ တရုတ်လျှပ်စစ်မော်တော်ယာဉ်ကုမ္ပဏီ BYD က ဖွင့်လှစ်သည့် ထုတ်လုပ်ရေးစက်ရုံအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ အကြီးမားဆုံးစက်မှုလုပ်ငန်းဗဟိုချက်များအနက်တစ်ခုဖြစ်သည့် အနောက်ဂျာဗားတွင် ထုတ်လုပ် ရေးစက်ရုံတည်ဆောက်ရန် BYD ၏ ဆုံးဖြတ်ချက်ကိုလည်း Kartasasmita က ကြိုဆိုခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ EV စက်မှုလုပ်ငန်း လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေချိန်တွင် အဆိုပါ စက်ရုံဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုပါသည်။ ၂၀၂၆ ခုနှစ် ဧပြီလအထိ အင်ဒိုနီးရှားနိုင်ငံ၌ EV အစီးရေ ၄၆၈,၂၃၁ စီး ထုတ်လုပ်ခဲ့ပြီး ယင်းတို့အနက် နှစ်ဘီးတပ်ယာဉ် ၂၄၂,၉၀၉ စီးနှင့် လေးဘီး တပ်ယာဉ် ၂၂၃,၁၀၀ စီး ပါဝင်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ဘက်ထရီလျှပ်စစ်ယာဉ် (BEV) ရောင်းချရမှုမှာ အစီးရေ ၇၀,၀၉၅ စီးရှိပြီး စျေးကွက်ဝေစု၏ ၁၆.၀၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရပါသည်။ အလားတူ ဟိုက်ဘရစ်ယာဉ်ရောင်းချရမှုမှာ အစီးရေ ၄၀,၄၀၅ စီးရှိပြီး စျေးကွက်ဝေစု ၉.၂၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ လေးဘီးတပ်ယာဉ်ဈေးကွက်တွင် BYD က ရောင်းအားအများဆုံးဖြစ်ပြီး စုစုပေါင်းဈေးကွက်၏ ၄၃.၂ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း Kartasasmita က ပြောကြားခဲ့ပါသည်။ ထို့ပြင် BYD ၏ ထုတ်ကုန်များသည် အင်ဒိုနီးရှားနိုင်ငံတွင် သတ်မှတ်ထားသည့် ပြည်တွင်းအစိတ် အပိုင်းအသုံးပြုမှုအဆင့် (TKDN) ၄၀.၈ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းအထိ ရရှိထားကြောင်း ၎င်းက ဆိုပါသည်။ အင်ဒိုနီးရှားမော်တော်ယာဉ်စက်မှုလုပ်ငန်းအသင်း (GAIKINDO) ၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမခြောက်လအထိ အင်ဒိုနီးရှားစားသုံးသူများထံ BYD လျှပ်စစ် မော်တော်ယာဉ် အစီးရေ ၉၃,၈၆၉ စီး ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ ယင်းရောင်းအား ပမာဏသည် BYD ၏ အင်ဒိုနီးရှားဈေးကွက်အတွင်း လျင်မြန်စွာတိုးချဲ့ဝင်ရောက်လာမှုနှင့် နိုင်ငံ၏ မော်တော်ယာဉ်စက်မှုလုပ်ငန်းတွင် BYD ၏ အခန်းကဏ္ဍ ပိုမိုကြီးမားလာမှုကို ထင်ရှားစွာ ဖော်ပြနေကြောင်း စက်မှုဝန်ကြီးက ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

အစားအစာဖူလုံမှုအာမခံချက်ရှိကြောင်းပြောကြားခဲ့သည့်အင်ဒိုနီးရှားဝန်ကြီး

            အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုများ အပေါ် သက်ရောက်မှုရှိနိုင်သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ အစားအစာဖူလုံမှုမှာ အာမခံချက်ရှိနေ ကြောင်း အစားအစာရေးရာပူးပေါင်းညှိနှိုင်းရေးဝန်ကြီး Zulkifli Hasan က စက်တင်ဘာလ ၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Hasan က ဆန်၊ ငါး၊ ကြက်ဥနှင့် ကြက်သားများ လုံလောက်စွာ ရရှိနေခြင်းကိုအခြေခံ၍ အမျိုးသားအဆင့်အစားအစာဖူလုံမှုအခြေအနေ ကောင်းမွန်နေကြောင်း နှင့် ကုန်စည်များလုံလောက်စွာရရှိနိုင်မှုသည် နိုင်ငံ၏အစားအစာဖူလုံမှုကို တိုင်းတာရာတွင် အဓိကညွှန်ကိန်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရ၏အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားဆန်အရန်လက်ကျန်မှာ တန်ချိန် ၅.၂၅ သန်းခန့်ရှိပြီး ပြည်တွင်းစားသုံးမှုအတွက် လုံလောက်သောအရန်အင်အားတစ်ရပ်အဖြစ် ထားရှိနိုင်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ်အတွင်းဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၃၄.၇၇ သန်းမှ ၃၈.၆ သန်း အထိရှိနိုင်ပြီး ပြည်တွင်းဆန်လိုအပ်ချက်မှာ တန်ချိန် ၃၁.၁၀ သန်းခန့်ရှိမည်ဟု ခန့်မှန်းထား ကြောင်း သိရပါသည်။ အဆိုပါခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ဆန်ပိုလျှံမှု တန်ချိန် ၃.၆၇ သန်းမှ ၇.၅၀ သန်းအထိရှိနိုင်ကြောင်း သိရပါသည်။ စားနပ်ရိက္ခာရရှိနိုင်မှုနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် အစိုးရသည် ၂၀၂၆ ခုနှစ်အတွင်း အစိုးရဆန်အရန် (CBP) မှ ဆန် တန်ချိန် ၁.၉ သန်းနီးပါးကိုဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် စားနပ်ရိက္ခာရရှိနိုင်မှုနှင့် ဈေးနှုန်းတည်ငြိမ်ရေးအစီအစဉ် (SPHP) ကိုလည်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး အဆိုပါအစီအစဉ်မှတစ်ဆင့် ဆန်တန်ချိန် ၇၃၁,၀၀၀ မှ ၉၅၂,၀၀၀ အထိ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရပါသည်။ Hasan က အစားအစာဖူလုံမှုအပေါ် အန္တရာယ်ဖြစ်စေနိုင်သည့် ရာသီဥတုပြောင်းလဲ မှုနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေများအပါအဝင် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များကို ကြိုတင်ကာကွယ်ရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှု လိုအပ်ချက်များပြည့်မီစေရန် အစိုးရအနေဖြင့် စားနပ်ရိက္ခာများထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုလုပ်ငန်းများကို ဆက်လက်ကာကွယ်ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ရာသီဥတုနှင့် ကမ္ဘာ့အခြေအနေများကြောင့် အနှောင့်အယှက်များဖြစ်ပေါ်လာနိုင်သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏စားနပ်ရိက္ခာရရှိနိုင်မှုမှာ ဆက်လက်လုံလောက်ပြီး အစားအစာဖူလုံမှုကို ထိန်းသိမ်းထားနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

ကုန်သွယ်မှုတန်ဖိုးနှစ်ဆတိုးမြှင့်ရန်ရုရှားကိုအဆိုပြုခဲ့သည့်အင်ဒိုနီးရှား

            အင်ဒိုနီးရှားသမ္မတ Prabowo Subianto က အင်ဒိုနီးရှား-ယူရေးရှား စီးပွားရေးသမဂ္ဂ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (I-EAEU FTA) မှတစ်ဆင့် အင်ဒိုနီးရှားနှင့် ရုရှား နိုင်ငံတို့အကြား ကုန်သွယ်မှုတန်ဖိုးကို နှစ်ဆတိုးမြှင့်ရန်အဆိုပြုခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် ရုရှားအနေနှင့် I-EAEU လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်၏ ကနဦး သုံးသပ်ကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် ရှင်းလင်း သည့်ရည်မှန်းချက်တစ်ရပ် ချမှတ်ကြရန်အဆိုပြုကြောင်း Prabowo က စက်တင်ဘာလ ၃ ရက် နေ့တွင် ရုရှားနိုင်ငံ Vladivostok မြို့၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့အကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်အထိ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၁.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Prabowo က ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ၏ စီးပွားရေး ကဏ္ဍများအကြား အပြန်အလှန်ဖြည့်ဆည်းပေးနိုင်သည့်သဘောသဘာဝရှိခြင်းကြောင့် ကုန်သွယ်မှု တိုးတက်လာနိုင်ကြောင်း ၎င်းကဆိုပါသည်။ အဆိုပါလွတ်လပ်သောကုန်သွယ်ရေး သဘောတူညီ ချက်ကို ၂၀၂၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း သိရပါသည်။ သဘောတူညီချက်အကောင်အထည်ဖော်မှုသည် အင်ဒိုနီးရှား၊ ရုရှားနှင့် ယူရေးရှားစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးကိုပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း Prabowo က ပြောကြားခဲ့ပါသည်။ Prabowo က အင်ဒိုနီးရှားသည် ယူရေးရှားဒေသ စီးပွားရေးအသိုက်အဝန်း အတွက် အာဆီယံဒေသကိုဝင်ရောက်နိုင်သည့်သဘာဝတံခါးပေါက်တစ်ခုဖြစ်ကြောင်း၊ အင်ဒိုနီးရှား သည် ဒေသတွင်းအကြီးမားဆုံးဈေးကွက်ဖြစ်သကဲ့သို့ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP) တွင် အဓိကအခန်းကဏ္ဍကပါဝင်နေပြီး ယခုအခါ လွတ်လပ်သော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံလည်းဖြစ်လာကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေး ဆက်ဆံမှုနှင့်ပတ်သက် ၍ အင်ဒိုနီးရှားနှင့် ရုရှားတို့သည် သက်ဆိုင်ရာကဏ္ဍများတွင် အားသာချက်များရှိကြောင်းနှင့်
အင်ဒိုနီးရှားဘက်တွင် စားအုန်းဆီ၊ ကော်ဖီ၊ ရေထွက်ကုန်များ၊ ရော်ဘာ၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်းများအပြင် လူငယ်လုပ်သားအင်အားစုများရှိကြောင်း  ပြောကြားခဲ့ပါသည်။ ထို့ပြင် အင်ဒိုနီးရှားသည် လူဦးရေ သန်း ၆၈၀ ခန့်ရှိသည့် အာဆီယံဈေးကွက်သို့ ဝင်ရောက်နိုင် သည့် အဓိကတံခါးပေါက်တစ်ခုအဖြစ်လည်း ရပ်တည်နေကြောင်း သိရပါသည်။ ရုရှားနိုင်ငံတွင်မူ ဂျုံ၊ ဓာတ်မြေဩဇာ၊ စွမ်းအင်၊ သိပ္ပံနှင့် အင်ဂျင်နီယာနည်းပညာကဏ္ဍများ၌ အားသာချက်များ ရှိကြောင်း Prabowo က  ဆိုပါသည်။ တစ်ဖက်၏အားသာချက်က တစ်ဖက်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး ၎င်းသည် မျှတပြီး ရေရှည်တည်တံ့သည့် ကုန်သွယ်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ Prabowo သည် စက်တင်ဘာလ ၃ ရက်နေ့ တွင် ရုရှားနိုင်ငံ Vladivostok မြို့၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် ဂုဏ်ထူးဆောင်အဓိကဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရပါသည်။ မိန့်ခွန်း တွင် Prabowo က ဖိုရမ်၌ စကားပြောကြားခွင့်ရရှိသည့်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုရုရှားခရီးစဉ်သည် ၂၀၂၆ ခုနှစ် အတွင်း ၎င်း၏ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားသမ္မတအဖြစ် တာဝန်ယူပြီးနောက် ပူတင်နှင့် ငါးကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

                                                                                     

နိုင်ငံတစ်ဝန်းစပါးအထွက်နှုန်းတိုးမြင့်ရန်ကြိုးပမ်းသွားမည်အင်ဒိုနီးရှား

            အင်ဒိုနီးရှားစိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က အနောက်ဂျာဗား ပြည်နယ် Subang ခရိုင်ရှိ အင်ဒိုနီးရှား ဆန်စပါးစိုက်ပျိုးရေး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (BRMP Padi) မှထုတ်လုပ်သည့် အထွက်နှုန်းမြင့်စပါးမျိုးများသည် တစ်ဟက်တာလျှင် ဆန်စပါး တန်ချိန် ၁၀ တန်မှ ၁၃ တန်အထိ ထွက်ရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုစပါးမျိုးများကို အင်ဒိုနီးရှားတစ်နိုင်ငံလုံးတွင် အကြီးအကျယ်တိုးချဲ့အသုံးပြုသွားမည်ဖြစ်ကြောင်း Amran က စက်တင်ဘာလ ၂ ရက်နေ့တွင် BRMP Padi စက်ရုံ၌ စပါးမျိုးစေ့ထုတ်လုပ်မှုကို သွားရောက် စစ်ဆေးစဉ် ပြောကြားခဲ့ပါသည်။ Subang မြို့ရှိ စပါးမျိုးစေ့ထုတ်လုပ်ရေးဗဟိုဌာနသည် အရှေ့ တောင်အာရှတွင် အကြီးဆုံးစပါးမျိုးစေ့ထုတ်လုပ်ရေးဌာနဖြစ်ပြီး တစ်နှစ်လျှင် စပါးမျိုးစေ့တန်ချိန် ၂၅၀ အထိထုတ်လုပ်နိုင်ကြောင်း Amran က ပြောကြားခဲ့ပါသည်။ BRMP Padi မှ ထုတ်လုပ်သည့် စပါးမျိုးများသည် တစ်ဟက်တာလျှင် တန်ချိန် ၁၀ တန်မှ ၁၃ တန်အထိ အထွက်နှုန်းရရှိနိုင်သဖြင့် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးကိုထိန်းသိမ်းနိုင်ရန် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သင့် ကြောင်း ၎င်းကဆိုပါသည်။ အဆိုပါဗဟိုဌာနတွင် မိုးရာသီနှင့် နွေရာသီအပါအဝင် ရာသီဥတု အခြေအနေအမျိုးမျိုးနှင့် သင့်လျော်သည့်စပါးမျိုးစေ့များအပြင် မိုးခေါင်ရေရှားမှုကို ခံနိုင်ရည် ရှိသည့် စပါးမျိုးများကိုလည်းထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားစိုက်ပျိုးမွေးမြူ ရေးဝန်ကြီးဌာနသည် လာမည့်နှစ်တွင် စိုက်ပျိုးမြေ ဟက်တာအနည်းဆုံး ၁ သန်းအတွက် ထောက်ပံ့ကြေးဖြင့် စပါးမျိုးစေ့များဖြန့်ဝေပေးရန်စီစဉ်ထားကြောင်း ယခင်ကထုတ်ပြန်ခဲ့ပါသည်။ ယင်းအစီအစဉ်သည် စပါးအထွက်နှုန်းတိုးမြှင့်ရန်နှင့် တောင်သူများအနေဖြင့် ခေတ်မီစိုက်ပျိုးရေး စနစ်ဖြစ်သည့် PM-AAS သို့ ပြောင်းလဲကျင့်သုံးလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါသည်။လာမယ့်နှစ်တွင် အနည်းဆုံး ဟက်တာ ၁ သန်းအတွက် စပါးမျိုးစေ့များ ထောက်ပံ့ပေးနိုင်ရန် ဘတ်ဂျက်ခွဲဝေသတ်မှတ်သွားမည်ဖြစ်ကြောင်း Amran က ပြောကြားခဲ့ပါသည်။ စပါးမျိုးစေ့ ထောက်ပံ့ပေးခြင်းသည် တောင်သူများအား PM-AAS ခေတ်မီစိုက်ပျိုးရေးစနစ်ကို အသုံးပြုလာ စေရန်ရည်ရွယ်ခြင်းဖြစ်ပြီး ယင်းစနစ်ကိုအသုံးပြုခြင်းဖြင့် ယခင်က တစ်ဟက်တာလျှင် တန်ချိန် ၅ တန်မှ ၆ တန်သာထွက်ရှိရာမှ တန်ချိန် ၁၁ တန်မှ ၁၂ တန်အထိ အထွက်နှုန်း တိုးတက် လာနိုင်ကြောင်း ၎င်းကဆိုပါသည်။ စိုက်ပျိုးမြေ ဟက်တာ ၁ သန်းအတွက် စပါးမျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းလမ်းများကို အကောင်အထည်ဖော်ခြင်းတို့မှ တစ်ဆင့် အင်ဒိုနီးရှားနိုင်ငံရှိတောင်သူများ၏ လူမှုစီးပွားဘဝနှင့် လူနေမှုအဆင့်အတန်း ပိုမို ကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း Amran က ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

သကြားကိုယ်ပိုင်ဖူလုံမှုမြင့်တက်ပြီးတင်သွင်းမှုအဆုံးသတ်နိုင်ရန်အင်ဒိုနီးရှားကြိုးပမ်း

                အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားသကြားထုတ်လုပ်မှု တိုးတက်လာမည်ဟု အကောင်းမြင် ကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားခဲ့ပြီး အစိုးရ၏ မဟာဗျူဟာ မြောက်ပံ့ပိုးကူညီမှုများကြောင့် ပြည်တွင်းကြံအထွက်နှုန်းတိုးမြင့်လာကာ သကြားဖြူတင်သွင်းမှု အပေါ်မှီခိုနေရမှု လျှော့ချနိုင်မည်ဟု ဆိုပါသည်။ သကြားဖြူကို ပြည်ပမှ တင်သွင်းမှုမပြုလုပ်ရရန် မျှော်လင့်ကြောင်း Amran က Lampung ပြည်နယ် Tulang Bawang ခရိုင်ရှိ Sugar Group Companies (SGC) ၏ ကြံစိုက်ခင်းသို့ လုပ်ငန်းခရီးစဉ်အတွင်း ပြောကြားခဲ့ပါသည်။ စက်တင်ဘာ ၁ ရက် အင်္ဂါနေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ Amran က အသေးစားတောင်သူများ ပိုင်ဆိုင်စိုက်ပျိုးသည့် ကြံစိုက်ခင်းများအနက် ၈၆ ရာခိုင်နှုန်းခန့်မှာ သီးနှံအစားထိုးစိုက်ပျိုးရန် လိုအပ်နေပြီး အကောင်းဆုံးအထွက်နှုန်းပြန်လည်ရရှိစေရန် ပြန်လည်စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းပြဿနာကိုဖြေရှင်းရန်အတွက် သမ္မတ Prabowo Subianto က တောင်သူများအား မြေယာရှင်းလင်းခြင်းနှင့် သီးနှံပြန်လည်စိုက်ပျိုးခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် အစိုးရဘဏ္ဍာငွေခွဲဝေပေးရန် ညွှန်ကြားထားကြောင်း သိရပါသည်။
အမျိုးသားသကြားထုတ်လုပ်မှု တန်ချိန် ၃ သန်း ရရှိရန် ရည်မှန်းထားသည့်အတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနသည် မြေယာများကို ထိရောက်စွာအသုံးချခြင်းနှင့် စိုက်ပျိုးရေးနည်းပညာပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ခြင်းတို့ကို အရှိန်မြှင့်တင်နေကြောင်း သိရပါသည်။ ထို့ပြင် တစ်ဟက်တာလျှင် ကြံတန်ချိန် ၁၀၀ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ SGC ၏ လုပ်ငန်းခွင်များသို့သွားရောက်စဉ် Amran က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတည်ငြိမ်မှုအတွက် အကြီးစားစိုက်ပျိုးရေးလုပ်ငန်းများမှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍက ပါဝင်ပံ့ပိုးပေးနေမှုကို ချီးကျူးပြောကြားခဲ့ကြောင်း သိရပါသည်။ SGC ကဲ့သို့သောကုမ္ပဏီများသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး အလုပ်သမား ၄၀,၀၀၀ ခန့်ကို အလုပ်အကိုင်ပေးထား သကဲ့သို့ နိုင်ငံ၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း တိုက်ရိုက်အထောက်အကူပြု နေကြောင်း Amran က ပြောကြားခဲ့ပါသည်။ ပြည်တွင်းသကြားထောက်ပံ့ရေးကွင်းဆက်ကို ခိုင်မာစေရန်နှင့် အမျိုးသားသကြားဖူလုံရေးရရှိရန်အတွက် ဗဟိုအစိုးရ၊ ပုဂ္ဂလိကသကြားကုမ္ပဏီ များနှင့် အသေးစားတောင်သူများအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ် ကြောင်း Amran က အလေးပေးပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ