Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းရနေတဲ့ ခဝဲသီး

ခဝဲပင်သည် ဘူး၊ဖရုံ မျိုးရင်း၌ပါဝင်၍ နှစ်စဉ် စိုက်ပျိုးရသော အပင်မျိုးဖြစ်သည်။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သည်။ ခဝဲသီးသည် အလျား ၇ လက်မ မှ ၁၅ လက်မ ခန့်အထိ ရှည်သည်။ ခဝဲ ပင်၏ အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဖက်သို့ သေးသွယ် သွား၏။ လတ်ဆတ်နေချိန်၌ ခဝဲ သီးသည် အစိမ်းရင့်ရောင်ရှိသည်။ သခွားသီးကဲ့သို့ လုံးချော မဟုတ်ဘဲစောင်းပါရှိသည်။ “ဗြိစ္ဆာရာသီ” တန်ဆောင်မုန်းလ တွင် ပွင့်သောပန်း အဖြစ်ထင်ရှားသည်။ ခဝဲပင်ကို မြန်မာနိုင်ငံ တွင် ဒေသအနှံအပြားတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၌ ခဝဲ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး (၅ – ၆) လက်မခန့်ရှည်ပြီး အသီး၏ ပုံသဏ္ဍာန်မှာ အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းသို့ ရှူးသွားသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ အရင်းအဖျား ညီညာပြီး တစ်ဖြောင့်တည်း သေးသွယ် သည်။ ဆောင်းရာသီတွင် အပင်ငယ်ငယ်ဖြင့် ပန်းပွင့်တတ်၍ သတိထား စိုက်ပျိုးရသည်။ ရောဂါဒဏ်၊ ပိုးမွှားဒဏ်ခံ၍ ဒေသနှင့် ကိုက်ညီသောမျိုးကို ထိန်းသိမ်း စိုက်ပျိုးသင့်သည်။ ခဝဲသီးကို မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာ၊ အောက်တိုဘာလတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများတွင် ဆောင်းနှင့်နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကို ဝအောင်ပေးရပါမည်။ ဆောင်း ရာသီတွင် အောက်ခြေမှ ငါးပေအထိ အသီးအပွင့်များကို ချွေပြီးမှ အပေါ်အဆစ်မှ အသီးများကို ယူသင့် သည်။ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်းထိုး စနစ်ဖြင့်သာ အစိုက်များသည်။ ခဝဲစေ့ကို တိုက်ရိုက်အစေ့ချ စနစ်ဖြင့် စိုက်ပျိုး၍ရသလို ဘောင်တင်ပြီး စိုက်ပျိုး၍လည်းရပါသည်။ တစ်ဧကစာ ကြဲဖြန့်စိုက်ပျိုးရန်အတွက် မျိုးစေ့ (၂-၃) ပေါင်ခန့် လိုအပ်ပါသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် တစ်ပေကြား လက်မဝက်ခန့်မြုပ်၍စိုက်ပါ။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေ အမြင့်ဆွဲ၍ တစ်ဘောင်နှင့် တစ်ဘောင် ငါးပေခြားဆွဲပါ။ တစ်ဧကလျှင် အပင် ၈,၀၀၀ ခန့်ရအောင် စိုက်ပျိုးပါ။ စင်ပေါ်သို့ မရောက်မီ ကြားဝါးတန်းများကို တစ်ပေခြား ကန့်လန့်ဖြတ် ချည်ပေးရပါမည်။ မိုးအနည်း ငယ်ရွာသွန်းသော ဒေသများတွင် ခဝဲပင်ကို စင်မထိုးဘဲ စိုက်ပျိုးကြသည်။ သို့သော် မိုးများစွာ ရွာသွန်းသောဒေသများတွင် စင်ထိုး၍ စိုက်ပျိုးကြသည်။ အကြောင်းမှာ စွတ်စိုသောမြေပေါ်တွင် ကြာမြင့် စွာ ခဝဲသီးကျနေပါမူ ပုပ်လွယ်တတ် သောကြောင ဖြစ်သည်။ ခဝဲပင်ကို မြေဩဇာ ကောင်းသောနေရာများ တွင် စိုက်ပျိုးကြသည်။ မြေဩဇာညံ့ဖျင်းသော ဒေသများတွင် ပြာနှင့် နွားချေးဆွေးများကို မြေဩဇာ အဖြစ် အသုံးပြုကြသည်။ မိုးကောင်းစွာ ရွာသွန်းလာ သည့်အချိန်ထိ ရေမှန်မှန် လောင်းပေးရသည်။ အချိန်မှန် ပေါင်းသင်ပေးမှ အပင်များ သန်စွမ်း ပါမည်။ အပင်သက်တမ်း (၇၅ – ၈၀) ရက်ရှိသောအခါ အသီးကိုဆွတ်ခူးနိုင်သည်။ တစ်ဧကလျှင် အသီးလုံးရေ (၂၀,၀၀၀ – ၃၀,၀၀၀) အထိ ရရှိနိုင်သည်။ ခဝဲသီးသည် တာရှည် အထားခံသော အသီးမျိုးမဟုတ်၍ သတိပြုသင့်ပါသည်။ ခဝဲသီးကို ပြည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍သော်လည်းကောင်း၊ စီးပွားဖြစ် စိုက်ပျိုး၍ သော်လည်းကောင်း စိုက်ပျိုး ကြပြီး ကျေးရွာများထိ အဝယ်ဒိုင်များမှ ကိုယ်တိုင်ဝယ်ယူကြကြောင်း သိရှိရ ပါသည်။ ယခုနှစ်တွင် ခဝဲစိုက်တောင်သူများမှာ ဈေးကောင်းရပြီး အသီးလည်းဖြစ်ထွန်းသောကြောင့် ရောင်းအား ကောင်းမွန် ကြောင်းသိရှိရပါသည်။ ခဝဲသီးကို ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေး များတွင် ခဝဲသီး အကြီးအတောင့်ချောတစ်တောင့်လျှင် ကျပ် ၁၀၀၀ - ၈၀၀၊ ခဝဲသီးအလတ် (၃) တောင့်လျှင် ကျပ် (၁၀၀၀)နှင့် ခဝဲသီးအသေးတောင့်တစ်တောင့်လျှင် ကျပ် ၅၀၀ ရှိပြီး ရာသီပေါ် ဖြစ်သည့်အတွက် ရောင်းအားကောင်း ပြီး‌ ဈေးကောင်းရကြောင်းသိရှိရပါသည်။ DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိ ကြက်ဟင်းခါးသီးစိုက်ပျိုးထွက်ရှိမှု

ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၅.၆.၂၀၂၅)ရက်နေ့ နေ့လည်ပိုင်းတွင် ဝါးတောအုပ်စု၊ ဝါးလည်ရွာရှိ ကြက်ဟင်းခါးသီး စိုက်ပျိုး ထားသည့်ခြံသို့ သွားရောက်ခဲ့ရာ ဝါးတောကျေးရွာအုပ်စုအတွင်း ကြက်ဟင်းခါးသီး စိုက်ပျိုးသူ (၅)ဦးခန့် ရှိပြီး အများဆုံးစိုက်ပျိုးသူတောင်သူ ဦးမောင်ဌေး ၏စိုက်ပျိုးထားသော ကြက်ဟင်းခါး သီးခြံသို့ သွားရောက်လေ့လာခဲ့ပါသည်။ အဆိုပါတောင်သူသည် ကြက်ဟင်းခါးသီးမျိုးတစ်ထုပ် (အစေ့ ၁၀၀)အား အလျား၁၅တောင်၊ အနံ ၅၀တောင်ရှိ စင်ဖြင့် စိုက်ပျိုးထားပါသည်။ ဇွန်လဆန်းတွင် စတင်စိုက်ပျိုးခဲ့ပြီး ဩဂုတ်လအလယ်တွင် စတင်ခူးဆွတ် ရောင်းချရပါသည်။ ကုန်ကျစရိတ်အနေဖြင့် စင်အပါအဝင် စုစုပေါင်း နှစ်သိန်းကျပ်ခန့် ကုန်ကျပါသည်။ ကြက်ဟင်းခါးသီးသည် (၃)ရက်လျှင် တစ်ကြိမ် ခူးဆွတ်ရပြီး (၂)လခန့် ခူးဆွတ်ရောင်းချ ရပါသည်။ စုစုပေါင်း အကြိမ်ရေအနည်းဆုံး (၂၀)ကြိမ်ခူးဆွတ်ရပါသည်။ တစ်ခါခူးလျှင် အလုံးရေ (၃၀၀-၅၀၀)ခန့် ရရှိ၍ အသီးမတုံးချိန်အထိ အလုံးရေ အနည်းဆုံး (၆၀၀၀)လုံး ခူးဆွတ်ရပါသည်။ ရောင်းအားအနေဖြင့် အထိုင်ဈေး (၁၃၀-၁၅၀)ကျပ်ခန့် ရောင်းချရပါသည်။ သို့ဖြစ်ပါ၍ ရောင်းရငွေ (၇၈၀၀၀၀)ကျပ် ရရှိပြီး ကုန်ကျစရိတ်နှစ်သိန်းကျပ်သာ ရှိသည့်အတွက် (၅၈၀၀၀၀)ကျပ် အကျိုးအမြတ်ရရှိသည့်အတွက် အကျိုးအမြတ်များသော သီးနှံဖြစ်ပါသည်။ အဆိုပါသီးနှံအား ဝယ်ယူသူများမှ မြို့နယ်အတွင်းနှင့် အနီးအနားရှိအခြားမြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်၏ ကွမ်းစိုက်တောင်သူနှင့်တွေ့ဆုံခြင်း

ပေါက်ခေါင်းမြို့နယ်တွင် ကွမ်းများစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ အချို့က ကွမ်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အများအပြားစိုက်ပျိုးသလို အချို့မှာ မီးဖိုချောင်စရိတ်ကာမိအောင် ကွမ်းစိုက်ပျိုးခြင်းလုပ်ငန်းကို တနိုင်တပိုင်အဖြစ် စိုက်ပျိုးကြပါသည်။ ကွမ်းစိုက်ပျိုးခြင်း လုပ်ငန်းသည် အရှုံးအမြတ်အလွန်ကြီးသော လုပ်ငန်းဖြစ်၍ လူတိုင်းစိုက်ပျိုး ရန်အလွန် စဉ်းစားရသော လုပ်ငန်းဖြစ် ပါသည်။ အထူးသဖြင့် ကံတရားကို အဓိကထား၍ လုပ်ဆောင်ရသော အလုပ်ဆိုလျှင် လည်းမမှားပေ။ ထိုအထဲတွင် ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင်အုပ်စု၊ ဘန့်ပြင် ကျေးရွာနေ ဦးအောင်နိုင်ဦးအနေဖြင့် ကွမ်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် စိုက်ပျိုးထားပါသည်။ ကွမ်းခြံ (၃)ခြံရှိပြီး ကွမ်းခြံ(၁)ခြံလျှင် ကွမ်းတိုင်ပေါင်း (၃၀၀၀)ကျော် စိုက်ပျိုးထားပြီး အားလုံးပေါင်း တိုင်(၁၀၀၀၀)ကျော် စိုက်ပျိုးထားပါ သည်။ မိုးရာသီတွင် ကွမ်းရွက်အထွက်များသဖြင့် ၁၅ရက် တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ခါခူးလျှင် ကွမ်းပိဿာ (၁)သောင်းဝန်းကျင် ထွက်ရှိ ကြောင်း သိရှိရပါသည်။ သို့သော် ကွမ်းဈေးမှာ (၁)ပိဿာလျှင် (၁၄၀၀-၁၅၀၀)ကျပ်လောက်သာ ရရှိသဖြင့် ထင်သလောက် အကျိုးအမြတ် မရရှိကြောင်း သိရှိရပါသည်။ နွေရာသီတွင် ကွမ်းရွက် အထွက်နှုန်းကျလာချိန်တွင် ကွမ်းဈေးများ မြင့်တက်လာလျှင် အကျိုးအမြတ် ပြန်လည်ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)

ပြည်မြို့တွင်‌ရောင်းချနေသော ရာသီစာနာနတ်သီးဈေးနှုန်းဈေးကွက်

နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာပါဝင်သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့် အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့်ပြုလုပ်စားသုံးကြပါသည်။ ထို့ပြင် နာနတ်သီးကို တာရှည်ခံအောင်ပြုလုပ်ပြီး စည်သွပ်ဘူးအနေဖြင့် ထုတ်လုပ်ကာ ဟင်းလျာများတွင်လည်း ထည့်သွင်းစားသုံးကြပါသည်။ ပြည်မြို့ရှိ ဈေးများထဲတွင်ရောင်းချနေသောနာနတ်သီးများမှာ ပြည်မြို့အနီးတဝိုက်ရွာများဖြစ်သည့် မှော်ဇာ၊ ထန်းပေါက်ရွာများဘက်မှ အဝင်ရှိပြီး ပန်းတောင်းဘက်မှလည်း လာရောက်ရောင်းချကြကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် နာနတ်သီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရပါသည်။ DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏နှစ်အလိုက်ဇူလှိုင်လဆန်းရက်များ၏ ပဲမျိုးစုံဈေးနှုန်း

ပြည်ကုန်စည်ဒိုင်သည် လမ်းပန်းဆက်သွယ်ရေးအချက်အခြာကျသော ပြည်မြို့တွင် တည်ရှိ သောကြောင့် အရောင်းအဝယ်မှာသွက်လျှက်ရှိပါသည်။ မတ်ပဲ ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၁ခုနှစ် ဇူလိုင်လဆန်းရက်များ၏ အရောင်းအဝယ်ဖြစ်သော မတ်ပဲတစ်တင်းဈေးမှာ ၃၄၀၀၀ကျပ်၊ ၂၀၂၂ခုနှစ်တွင် မတ်ပဲတစ်တင်းကို ၅၃၀၀၀ကျပ်၊ ၂၀၂၃ခုနှစ် တွင် မတ်ပဲတစ်တင်းကို ၇၇၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ် ဇူလိုင်လဆန်းရက်မှာ မတ်ပဲတစ်တင်းကို ၁၀၇၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ မတ်ပဲတစ်တင်းကို ၉၇၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရှိခဲ့ပါသည်။ ဈေးနှုန်းများကိုကြည့်လျှင် ၂၀၂၄ဇူလှိုင်ပထမပတ်ဈေးနှုန်းသည် အမြင့်ဆုံးဖြစ်နေသည် ကိုတွေ့ရ ပါသည်။ ပဲစင်းငုံ ပြည်ကုန်စည်ဒိုင်၏ နှစ်အလိုက် ဇူလိုင်ပထမပတ် ၂၀၂၁ခုနှစ်တွင် ပဲစင်းငုံတစ်တင်းကို ၃၁၀၀၀ကျပ်ဖြင့် ရန်ကုန်မှအဝယ်ရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် ပဲစင်းငုံတစ်တင်းကို ၄၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ၂၀၂၃ခုနှစ် ဇူလိုင်လဆန်းရက်မှာ ပဲစင်းငုံတစ်တင်းကို ၁၀၁၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်တွင် ပဲစင်းငုံဈေးနှုန်းမှာ တစ်တင်းကို ၁၄၂၀၀၀ကျပ်ဖြစ်ပြီး ၂၀၂၅ခု ဇူလိုင်လဆန်းပိုင်းတွင် ပဲစင်းငုံတစ်တင်းကို ၈၆၀၀၀-၈၇၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၁၅၀/၃၀၀ခန့်ရှိခဲ့ပါသည်။ ကုလားပဲ ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်လဆန်းရက်တွင် ကုလားပဲဈေးနှုန်းများမှာ ၂၀၂၁ခုနှစ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၃၀၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံအဝယ် ရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇူလိုင်ပထမပတ်မှာ ကုလားပဲ(ဟော်လန်)တစ်တင်းကို ၅၀၀၀၀ကျပ်ဖြစ်ပြီး ၂၀၂၃ခုနှစ် ဇူလိုင်လဆန်းရက်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၉၂၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင်လဆန်းရက်ကွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၈၅၅၀၀ ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများအဝယ်ရှိခဲ့ပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လဆန်းရက်တွင် ကုလားပဲ (ဟော်လန်)တစ်တင်းကို ၉၁၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၃၀၀ခန့်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲကြီး ဇူလိုင်ပထမပတ်၏ နှစ်အလိုက် ၂၀၂၁ခုနှစ်တွင် ပဲကြီး(ကမ်းနား)တစ်တင်းကို ၃၃၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်များအဝယ်ရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းတွင် ပဲကြီး (ကမ်းနား)တစ်တင်းကို ၆၈၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ၂၀၂၃ခုနှစ် ဇူလိုင်လမှာ ပဲကြီး(ကမ်းနား)တစ်တင်းကို ၈၁၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင် ပထမပတ်မှာ ပဲကြီး(ကမ်းနား)တစ်တင်းကို ၁၄၀၀၀၀ကျပ်ရှိပြီး ၂၀၂၅ခုနှစ် ဇူလိုင်ပထမပတ်မှာ ပဲကြီး(ကမ်းနား)တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားနှင့် ရန်ကုန် အဝယ်တစ်ရက် ကိုအိတ် ၂၀၀/၃၀၀ခန့်ရှိပါသည်။ ဘိုကိတ် ၂၀၂၁ခု ဇူလိုင်လဆန်းရက်တွင် ဘိုကိတ်တစ်တင်းကို ၂၈၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် ရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇူလိုင်လဆန်းရက်တွင် ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိပါသည်။ ၂၀၂၃ခုနှစ်တွင် ဘိုကိတ်တစ်တင်းကို ၃၆၀၀၀ကျပ်ဖြင့် ရန်ကုန်နှင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ၂၀၂၄ခု ဇူလိုင်လဆန်းရက်တွင် ဘိုကိတ်တစ်တင်းကို ၈၇၀၀၀ကျပ် ဈေးရှိခဲ့ပြီး ၂၀၂၅ခုနှစ်မှာ ဘိုကိတ်တစ်တင်းကို ၇၀၀၀၀-၇၁၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် တစ်ရက်ကိုအိတ် ၁၅၀/၂၀၀ခန့်ရှိခဲ့ပါသည်။ ပြည်ကုန်စည်ဒိုင်၏ နှစ်အလိုက် ဇူလိုင်လဆန်းရက်များတွင် ပဲဈေးနှုန်းမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ဘိုကိတ်ပဲဈေးများမှာ ၂၀၂၄ခုနှစ်တွင် ဈေးမြင့်နေပြီး ကုလားပဲဈေးမှာ ၂၀၂၅ ဇွန်လိုင်လ ဆန်းပိုင်းဈေးက ပိုမိုမြင့်နေကြောင်းသိရှိရပါသည်။ ၂၀၂၄ ပဲဈေးက ယခင်နှစ်များ ကကုလားပဲ ဈေးထက် ပိုမိုမြင့်တက်နေကြောင်းသိရပါသည်။ DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲကြီး၊ စားတော်ပဲနှင့် ပဲလွမ်းဖြူဈေးကွက်

ပြည်ခရိုင်၊ ပြည်မြို့ရှိပွဲရုံများတွင် ပဲကြီး၊ စားတော်ပဲ(ကျွန်း)၊ ပဲလွမ်းဖြူပဲများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်မြို့၏ ဇူလိုင်လဆန်းရက်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၀၀၀၀၀)ကျပ်၊ ပဲကြီး (ကမ်းနား)တစ်တင်းကို (၉၀၀၀၀-၉၁၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် နယ်စုံရောင်းဝယ်မှုရှိပါသည်။ ပဲကြီးသီးနှံကို လက်လီ၊ လက်ကားနှစ်မျိုးစလုံးအရောင်းအဝယ်ဖြစ်ပြီး မြို့တွင်းလုပ်ငန်းရှင် ပဲကြော် သမားများလည်း အဝယ်ရှိပါသည်။ တစ်ခါတစ်ရံ ရန်ကုန်သို့လည်းတင်ပို့လျက်ရှိပြီး လက်လီ အဝယ်တစ်ရက်ကိုအိတ် ၂၀/၂၅ ခန့်ရှိပြီး လက်ကားအနေဖြင့် အိတ် ၂၀၀/၃၀၀ခန့် အဝယ် ရှိခဲ့ပါ သည်။ ဇူလိုင်ပထမအပတ် စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၆၅၀၀၀)ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားတော်ပဲ(ကျွန်း)သီးနှံကို မြို့တွင်းအဝယ်များပြီး လက်လီသမား များနှင့်သာ တစ်ရက်ကိုအိတ် ၂၀/၂၅ခန့် အရောင်းအဝယ်ရှိပါသည်။ ဇွန်လ လဆန်းပိုင်းတွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုလဈေးက ပိုမြင့်ခဲ့ကြောင်း သိရှိရပါသည်။ ပြည်ပွဲရုံများတွင် ပဲလွမ်းဖြူသီးနှံလည်း အရောင်းအဝယ်ရှိပြီး ဇူလိုင်လဆန်းရက်တွင် ပဲလွမ်းဖြူတစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲလွမ်းဖြူသီးနှံကို လက်လီအဝယ်များပြီး တစ်ရက်ကိုအိတ် ၂၀/၂၅ခန့် အဝယ်ရှိပါသည်။ ပြည်ပွဲရုံများမှ ပဲကြီး၊ ပဲလွမ်းဖြူ၊ စားတော်ပဲ(ကျွန်း)သီးနှံများသည် မြို့တွင်းလုပ်ငန်းရှင် များသာ အများဆုံး ဝယ်ယူကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)

ခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ၂၀၂၅ ခုနှစ် ဇွန်လ အတွင်း ခရမ်းချဉ်သီးများ အရောင်းသွက်လျှက်ရှိကြောင်းသိရပါသည်။ ခရမ်းချဉ်သီး သီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီး အား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့် အခြားသီးနှံ၊အသားများဖြင့် ရောကြော်ခြင်း စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများ သည်လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါသည်။ ယခုဇွန်လအတွင်း ရောင်းချနေသော ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် ခရမ်းချဉ်သီးရောင်းချသူထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ပြည်ပဲဈေးကွက်တွင် ပဲပုတ်ဈေးငြိမ်

ပြည်ခရိုင်အနေဖြင့် ပဲပုတ်ကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဆောင်းရာသီတွင် ပို၍စိုက်ပျိုးကြပါသည်။ ပဲပုတ်ကို ပဲပုတ်ကိုဆီအဖြစ်စားသုံးကြသလို ပဲပင်ပေါက်၊ ပဲဟင်း၊ ဗယာကြော်၊ ပဲပုတ်ပြား၊ ပဲပြား၊ ပဲငံပြာရည်၊ ဆီတို့ဖူး စသည်ဖြင့် အမျိုးမျိုး ပြုလုပ်၍ စားသုံး ကြပါသည်။ ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များတွင် ရောင်းချလျှက်ရှိသော ပဲပုတ်ဈေးနှုန်းများမှာ ဇူလိုင်လဆန်းတွင် ပိဿာ(၂၀)တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ဖြင့် ယခင်မေလ ကုန်အပတ် ကအတိုင်း ဈေးငြိမ်နေခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဒေသတွင်း ဒေသတွင်း စားသုံးသူအချို့သာ ဝယ်ယူမှုရှိပြီး လက်လီဝယ်ရောင်းသမားများကြောင့် တစ်နေ့လျှင် အိတ် ၃၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့တွင် ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံနှင့် စားသုံးဆီဈေးနှုန်းနှိုင်းယှဉ်ချက်

ပြည်မြို့ရှိဈေးကွက်များတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နှမ်းမှာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဈေးများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးများမြင့်တက်လာရခြင်းမှာ အထွက်နှုန်းမှာ ယခင်နှစ်ကအတိုင်းရှိပေမယ့် စိုက်စရိတ်များကြီးမြင့်ခြင်း၊ ဝယ်လိုအားများလာခြင်း တို့ကြောင့် နှစ်အလိုက်ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်ဟု သိရပါသည်။ မြေပဲဆီမှာလည်း ယခင်နှစ် နှင့်ယှဉ်လျှင် တစ်ပိဿာလျှင် (၁၀၀၀-၂၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဈေးများမြင့်တက်လာခဲ့ပါသည်။ ပြည်ဈေးကွက်တွင် ယခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဖြစ်သော ဇူလိုင်လနောက်ဆုံးပတ်တွင် ရောင်းချလျှက်ရှိသော ဆီထွက်သီးနှံ မြေပဲများမှာ ဆီကြိတ်မြေပဲဆန် (အဖြူ)တစ်ပိဿာလျှင် (၈၈၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၈၅၀၀)ကျပ် နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၉၃၀၀)ကျပ်ဖြင့် တစ်နေ့လျှင် အိတ် ၁၀၀/၂၀၀ခန့် အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ မိုးမြေပဲ များစိုက်ပျိုးချိန်ဖြစ်၍ ပြည်ဈေးကွက်သို့ ဝင်ရောက်မှုနည်း သော်လည်း တစ်နေ့လျှင် အိတ် ၅၀/၁၀၀ ခန့် မင်းတုန်း၊ ကံမ နှင့် ပန်းတောင်း၊ ရွှေတောင်ဘက်မှ ဝင်ရောက်လျှက်ရှိ၍ အရောင်းအဝယ် ပုံမှန်ဖြစ်လျှက်ရှိပါသည်။ နှမ်းဈေးမှာလည်း နှမ်းနီတစ်တင်း လျှင် (၁၂၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၇၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ယခင်လက အတိုင်းဈေးငြိမ်နေခဲ့ပါသည်။ ယခုအချိန်တွင် မိုးနှမ်းများ စိုက်ပျိုးချိန်ဖြစ်ပြီး ရေသွင်းနှမ်းခေါ် နွေနှမ်းများမှာ နောက်(၁)လလောက်ကြာရင် ရိတ်သိမ်းကြ ရမည်ဖြစ်သဖြင့် ဈေးကွက်တွင် နှမ်းဝင်ရောက်မှုနည်းပါးသွားပြီး နှမ်းလက်ကျန်မှာ လည်းရှားပါး လာ၍ ဝယ်လိုအားရှိသော်လည်း အရောင်းအဝယ်မရှိဘဲ ရံဖန်ရံခါမှသာ အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ ပြည်ခရိုင်အနေဖြင့် လာမည့် (၂)လ(၃)လအကြာတွင် မိုးဆီထွက်သီးနှံများဈေးကွက်တွင် ဝင်ရောက်မှုများလာနိုင်ပြီး ရာသီဥတုဖျက်ဆီးမှုမရှိပါက အထွက်နှုန်းကောင်းသည့် ဆီထွက်သီးနှံ များရရှိ၍ တောင်သူများအတွက်လည်း အကျိုးအမြတ်များစွာရရှိလာနိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။ DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၀၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း