Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ပြင်ဦးလွင်ဒေသထွက်နာနတ်သီးစျေးကွက်”

     ပြင်ဦးလွင်မြို့နယ်တွင် နာနတ်သီးစိုက်ရာဒေသများဖြစ်တဲ့ ပန်းဦးတောင်၊ဆင်ဖြူအင်း၊ ဘန်သာကျေးရွာများရှိ တောင်ကုန်း ၊တောင်ဆောင်းများမှာ နာနတ်သီးစိုက်ဧကများကို စီးပွားဖြစ်အများဆုံးစိုက်ပျိုးလျှက်ရှိရာ ယခုအချိန်တွင် နာနတ်စိုက်တောင်သူများငွေရွှင်သော ကာလဖြစ်ပါသည်။ နာနတ်သီးအနေဖြင့် ယခုအချိန် မိုးရာသီအစတွင် စတင်စိုက်ပျိုးပါက နောက်နှစ် အသီးစတင်ခူးဆွတ်နိုင်ပြီး ဒုတိယနှစ်တွင် ပေါင်းမြက်ရှင်းကာ ပုလဲမြေသြဇာ ပတ်ဖြန်းခြင်းဖြင့် ပထမနှစ်ထက် အသီးပိုမိုရရှိပါကြောင်း၊(၁)ဧကလျှင် နာနတ်အပင်(၆၀၀၀-၆၅၀၀)ပင် စိုက်ပျိုးနိုင်ကြောင်း ၊ ကုန်ကျစရိတ်အနေဖြင့် စတင်စိုက်ပျိုးလျှင် မျိုး ၊ မြေပြင် ၊ အလုပ်သမားခ၊သွင်းအားစု စုစုပေါင်း ကုန်ကျစရိတ်(၃၀)သိန်းခန့် ကုန်ကျနိုင်ပြီး ပထမနှစ် အသီးခူးဆွတ်ပြီးနောက် အပင်ပြုစုခြင်း ၊ သွင်းအားစုထည့်သွင်းရုံဖြင့်ပင် အပင်များကာ အသီးနှစ်ဆ၊သုံးဆဖြစ်ကာအမြတ်အစွန်းပိုမိုရရှိပါကြောင်း၊အချို့နာနတ်စိုက်တောင်သူများမှာ ရိတ်သိမ်းခူးဆွတ်ပြီးနောက် ပစ်ထားကာ မိုးဦးကျချိန်တွင် ပြန်လည်ပြုပြင်မှုဖြင့်အပင် (၃-၄)နှစ်ခန့်အကျိုးခံစားရကြောင်း၊ လက်ရှိနာနတ်သီးစျေးအနေဖြင့် ခေါင်သီးရှယ်တစ်လုံးလျှင် (၁၅၀၀/-)ကျပ်၊ အလတ်(၁၀၀၀/-)ကျပ်၊ အသေး(၅၀၀/-)ကျပ် စျေးနှုန်းတို့ဖြင့် မန္တလေးမှ ကုန်သည်များလာရောက်ဝယ်ယူနေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချနေသော လိမ္မော်သီးဈေးနှုန်း

         လိမ္မော်သီးသည် ရှောက်နွယ်ဝင်မျိုးရင်းဖြစ်ပြီး အသားမှာအရည်ရွှမ်းပြီး မှည့်သောအခါနီမြန်း သည့် အဝါရောင်သို့ပြောင်လဲလာသည်။ လိမ္မော်သီးကို ရေခဲသေတ္တာတွင်ထည့်၍ စားသုံးပါကပိုမို ကောင်းမွန်ကြောင်း၊ အရည်ညှစ်၍ သောက်သုံးကလည်း ကောင်းမွန်သည့်အတွက် ဝယ်ယူစားသုံးသူ များကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသေည့် လိမ္မော်သီးများကို မန္တလေးမြို့နှင့် မြစ်ကြီးနား စသည့်သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာလျှင် (၁၉၀၀၀မှ ၂၀၀၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ယခုပတ်အတွင်း လိမ္မော်သီးဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း၊ လိမ္မော်သီးသည် အရည်ရွှမ်းအသီးဖြစ်ပြီး စားသုံးသူများ၍ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မင်းကွတ်သီးဈေးနှုန်း

       မင်းကွတ်သီးသည် အရည်ရွှမ်းပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် အနံ့အရသာ ရှိကြောင်း၊ အခွံအညိုရောင်ရှိပြီး နွှာလိုက်လျှင် အထဲမှာ အဖြူရောင်အမြွှာလေးဖြစ်ကြောင်း၊ မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ် အရသာရှိသောကြောင့် အအီပြေစေတဲ့အသီးအဖြစ် လူတော်တော် များများက စားကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် မင်းကွတ်သီးများကို မော်လမြိုင်မှလည်းကောင်း၊ မန္တလေးမှလည်းကောင်း ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် မင်းကွတ်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ (၁၁)လုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မင်းကွတ်သီး စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုသည့်အတွက် အကျိုးကျေးဇူးများစွာရရှိ စေသော ရာသီပေါ်အသီးအနှံတစ်မျိုးဖြစ်ကြောင်း၊ ယခုပတ်တွင် မင်းကွတ်သီးများ ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ် သစ်သီးဈေးကွက်၌ စပျစ်သီးဈေးနှုန်းမြင့်တက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများ ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးသည် လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်ပြီး၊ အရောင်အသွေး၊ အနံ့၊ အရသာနှင့်ပြည့်စုံပြီး၊ အစိမ်းရောင်၊ အနီရောင်၊ ခရမ်းရင့်ရောင် စသည်ဖြင့် အရောင်အမျိုးမျိုးရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီး တရုတ်မျိုး(၁)ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ စပျစ်သီး ဗမာမျိုး(၁) ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးဝင်ရောက်မှုနည်းသော်လည်း လူကြီးလူငယ်မရွေး စားသုံးကြသည့်အတွက် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်)

“ပြင်ဦးလွင်ဒေသထွက်ကော်ဖီ”

   ပြင်ဦးလွင်ဒေသသည် ပင်လယ်ရေမျက်နှာပင်အထက် အမြင့်ပေ(၃၅၃၈)အထက်တွင် ရှိပြီး အေးမြသောရာသီဥတနှင့်အညီ ကုန်မြင့်ကော်ဖီ၊အာ‌ရေးဗီးကား ဖြစ်ထွန်းရာဒေသဖြစ်ပါ သည်။ယခုအခါ ကော်ဖီသောက်သည့်အလေ့အကျင့်ပိုမိုးများပြားလာသည်နှင့်အမျှ ကော်ဖီ လုပ်ငန်း၊ကော်ဖီဆိုင်ဖွင့်လုပ်ငန်းများလည်း စီးပွားဖြစ်တိုးချဲ့လုပ်ကိုင်နေသည်ကိုတွေ့ရှိရပြီး ကော်ဖီအမျိုးအစား များစွာထဲမှ ပြင်ဦးလွင်မှထွက်သည့် ကုန်းမြင့် ကော်ဖီဖြစ်သော အာရေးဗီးကား ကော်ဖီကို လူအများကြိုက်နှစ်သက်သည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံအနှံ့ တင်ပို့ရောင်းချနေမှုအရသိရှိရပါသည်။ လက်ရှိမှာလည်း ကော်ဖီအမျိုးအစားအလိုက် (2+1) (3 in 1)ကော်ဖီအသင့်သောက်(၂၀)ဂရမ်(၁၀)ထုတ်ပါ အထုပ်(၁)ထုပ်လျှင်(၅၅၀၀-၈၀၀၀) ကျပ်၊ကော်ဖီမှုန့်စစ်စစ်(၂၀၀)ဂရမ် (၁)ထုပ်လျှင်(၆၅၀၀-၁၀၀၀၀)ကျပ်၊(၂၀)ဂရမ်ပါ (3+1) အသင့်သောက်အထုပ်သေး(၁)ထုပ်လျှင်(၆၀၀-၉၀၀)ကျပ်တို့ဖြင့် ရောင်းချနေပြီး ယခုအချိန် ပြင်ဦးလွင်သို့ ဧည့်သည်ဝင်ရောက်မှုများပြားနေခြင်းကြောင့် ရောင်းအားလည်းမြင့်တက်နေ ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရာသီစာအင်ဥ(မှိုစေ့)

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

            ယခုလို မိုးဦးကာလ မေလ၊ ဇွန်လများတွင် အင်ဥ(မှိုစေ့)များပေါများစွာ တွေ့ရတတ်ပြီး အင်ဥ(မှိုစေ့)မှာ မှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်ကြောင့်  စားသုံးသူများအနေဖြင့် အင်ဥကို အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသုတ်၊ အခြားသောအသီးအရွက်များနှင့်ရော၍ အရသာရှိသော စားသောက်ဖွယ်ရာဖြစ်အောင် အမျိုးမျိုးချက်ပြုတ်စားသုံးကြကြောင်း၊ ဇူလိူင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အင်ဥ(မှိုစေ့)ကို နို့ဆီဘူးနှင့်(၁)ဘူးလျှင် (၃၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၂၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သဘာဝအစားအစာဖြစ်သည့် အင်ဥ(မှိုစေ့)ကို ကြိုက်နှစ်သက်သူများပြားသဖြင့် အရောင်းသွက်လျက်ရှိကြောင်း အင်ဥ(မှိုစေ့)ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ရက်(၁၀၀)ခိုင် အောင်သပြေများ အရောင်းသွက်”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် လယ်တွင်း (၉)ခရိုင်တွင် ပါဝင်ပြီး ဆည်ရေသောက်စနစ်ဖြင့် ရှေးယခင်ကပင် စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန်များအား စိုက်ပျိုးခဲ့ကြပါသည်။ ယင်းသီးနှံများအနက်မှ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ဈေးကွက်ဝယ်လိုအားရှိသော အောင်သပြေပန်းငုတ်များကို ကျောက်ဆည် မြို့နယ်၊မြစ်သားမြို့နယ်၊စဉ့်ကိုင်မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိကြောင်း သပြေပန်းစိုက်ပျိုးရန်အတွက် မျိုးစေ့ကို ခရမ်းသုံးခွမြို့နယ်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ မျိုးစေ့ (၁)ပြည်လျှင် (၁၈၀၀၀- ၂၀၀၀၀)ကျပ်ခန့်ရှိပြီး တစ်ဧကလျှင် မျိုးစေ့ ပြည်(၈၀)ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၂)လခွဲသားဝန်ကျင်တွင် အပင်များကို ဖြတ်တောက်ပြီး ငုတ်ချန်ပေးရကြောင်း ၊ ငုတ်ချန်ပြီး တစ်နှစ်အကြာတွင် ရောင်းတန်းဝင်ပန်းများရရှိပြီးဖြစ်ကြောင်း၊ သပြေပန်းများ ပိုးမကိုက်၊ အညွှန့်များ လှအောင်၊ အရွက်မာအောင် ဈေးကွက်မဖြန့်ခင် တစ်လအလိုတွင် ဆေးဖြန်းပေးရကြောင်း၊ စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကအပင်ပေါင်း (၁၅၀၀၀၀)ခန့်ထိ ရှင်သန်နိုင်ကြောင်း ၊ မြေပြုပြင်မှုနှင့် ရေ ၊ မြေ အပြုအစုကောင်းပါက ပန်းများ ပိုမိုလှကြောင်း၊ အရွယ်အစားပေါ်မူတည်၍တစ်နှစ်သား အောင်သပြေငုတ်တစ်ငုတ်လျှင် (၅၀၀- ၁၅၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ နှစ်နှစ်သား တစ်ပင်လျှင် (၃၀၀၀-၅၀၀၀)ကျပ်ထိ ရောင်းချရ ကြောင်း ၊ လက်ကား ဖောက်သည်ဈေးအနေဖြင့် (၂၀%) လျော့၍ ရောင်းချပေးကြောင်း ၊ အောင်သပြေငုတ်များ စိုက်ပျိုးရာတွင် အပင်သက်တမ်း (၃)နှစ်အထိ ရောင်းချပေးနိုင်ကြောင်း၊ ပန်းများကို အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများမှ လာရောက်ဝယ်ယူသူများရှိသလို ရန်ကုန်မြို့ များသို့လည်း Express ကားများဖြင့် တင်ပို့ရောင်းချကြောင်း၊ ကျန်နယ်ဝေးများမှ မှာယူလျှင်လည်း ကားဂိတ်အရောက် သေချာစွာထုတ်ပိုးပြီး ရောင်းချပေးလျက်ရှိကြောင်း ၊ အောင်သပြေငုတ်  စိုက်ပျိုးမှုတွင် အခင်းပြတ်ရောင်းချပါက ငွေအလုံးအရင်း ရရှိသော်လည်း တစ်နိုင်တစ်ပိုင်‌ နေ့ချင်းရောင်းချပါက ပိုမိုအကျိုးမြတ်ဖြစ်ထွန်းကြောင်း ၊ သပြေငုတ်စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုးကာ စားဝတ်နေရေးပြေလည်သောကြောင့် အောင်သပြေပန်းများ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကြက်ကင်နှင့်ငါးကင်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင် စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူမြို့မဈေးမှ ဝယ်ယူရ ကြောင်းသိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့တွင်ရောင်းချနေသော အကင်ဈေးနှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ငါးကင်အသေးတစ်ကောင် လျှင်(၃၅၀၀)ကျပ်၊ ငါးကင်အကြီးတစ်ကောင်လျှင် (၁၀၀၀၀)ကျပ်၊ ကြက်ပေါင်(၁)ကင်လျှင် (၄၅၀၀) ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သဲမြစ်(၃)ချောင်း (၁၀၀၀)ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း (၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အခြားသောအကင် မျိုးစုံလည်းရောင်းချကြောင်း၊ နေ့စဉ်ဝယ်ယူစားသုံးသူ များသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ အကင်အမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ဈေးကောင်းရနေသော တောင်ပို့မှို

       တောင်ပို့မှိုဟု ဆိုသည့်အတိုင်း တောင်ပို့ရှိရာ မြေအောက်ခြကောင်ရှိသော နေရာများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းသည်နှင့် ပေါက်ရောက်တပ်ပါသည်။ တောင်ပို့မှိုသည် ဈေးကောင်းရသော အစား အစာတစ်မျိုးဖြစ်ကြောင်း၊ တောင်ပို့မှိုကိုတွေ့လျှင် တူရွင်း၊ ပေါက်ပြားများဖြင့် တူးယူခြင်းမပြုပဲ လက်ဖြင့်မှိုများအား နုတ်ယူပါက နောင်နှစ်များတွင်လည်း ၎င်းနေရာ၌ တောင်ပို့မှိုများ ပြန်လည် ထွက်လာကြောင်း၊ ရှေးလူကြီးများ၏ ပြောစကားများတွင် လေ့လာမှတ်သား သိရှိရပါသည်။

         ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှို စသောမှိုများနည်းတူ သဘာဝတောင်ပို့မှိုများ ရောင်းချလျက်ရှိကြောင်း၊ တောင်ပို့မှိုသည် ရာသီဥတုအချိန်အခါနှင့် ပေါက်ရောက်သည့်အတွက် ရှားပါး၍ဈေးကောင်းရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်းတောင်ပို့မှို(၁၀)ဖူးပါတစ်စည်းလျှင် (၂၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် ၁၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင်(၂၅၀၀၀ မှ ၃၀၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ တောင်ပို့မှိုသည် မိုးဦးကာလတွင် သဘာဝအတိုင်း ထွက်ရှိလာသောမှိုဖြစ်၍ ကျေးလက်နေပြည်သူများ အရင်းမစိုက်ရ ပဲမိသားစုဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း) 

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူး

           ဆီတို့ဟူးသည် ရိုးရိုးတို့ဖူးနဲ့မတူဘဲ  အချဉ်ဖောက်ပြီးမှသာ ရရှိလာကြောင်း၊ ပဲပြားများကို ကောက်ရိုး သို့မဟုတ် အဝတ်၊ ငှက်ပျောရွက်ခြောက်များဖြင့် ပဲပြားအတုံးများကို လက်သန့်သန့်ဖြင့် ကိုင်ပြီး အိုးထဲထည့်ကာ အခန်းအပူချိန်မှာ ၅ရက်ထားပြီးလျှင် ဆီတို့ဟူးများရရှိလာကြောင်း သိရှိရ သည်။

         ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ဟိုပင်မြို့နှင့် မိုးညှင်းမြို့ တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဆီတို့ဟူး(၁)သေတ္တာလျှင် (၄၃၀၀)ကျပ်၊ လက္ကား(၁)သေတ္တာလျှင် (၄၂၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၁၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဆီတို့ဟူးပြုလုပ်ရန် အချဉ်ဖောက်တဲ့အခါမှာလည်း ကောင်းသောဘက်တီးရီယားများ ပေါက်ပွားလာလို့ ဆီတို့ဟူးစားသုံးခြင်းက အစာချေစနစ်ကို ကောင်းစေကြောင်း၊ ဆီတို့ဟူး ကိုကျေးလက်နေပြည်သူများက ဝယ်ယူစားသုံးကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း