Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သော်ကပန်းပျိုးပင်ဈေးကွက်

   သော်ကပန်းပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အရိပ်လည်းရ ပန်းလည်းလှမို့ တချိန်က အိမ်တိုင်းနီးပါး စိုက်ပျိုးလေ့ရှိသည်။ ယခုအခါ အခြားသောမွှေးသောပန်း လှသောပန်းများသည် အပင်ငယ်ဖြင့် ပွင့်ကြသည်အဖြစ် မြန်သည့်ယိုးဒယားကိုင်းကူး မျိုးများ ပန်းပင်မျိုးစုံထွက်ပေါ်လာသောကြောင့် သော်ကပန်းပင်သည် လူသိနည်းသွားပြီး စိုက်ပျိုးမှု နည်းလာသည်။ အချို့ဆို သော်ကပန်းကို မမြင်ဘူးကြတော့ပေ။ ကျွန်မတို့ငယ်ငယ်ကဆိုလျှင် သော်ကပန်းကို ဆံကေသာထက်တွင် အမြတ်တနိုးပန်ဆင်လေ့ရှိသည်။ သော်ကပန်းသည် အနီရောင်ပန်းအုပ်လိုက်ကလေးများ ပွင့်တတ်သည်။ ပန်းတို့၏ သဘောသည် ရာသီအလိုက် ပွင့်တတ်ကြသလို ပန်း၏အဓိပ္ပာယ်မှာလည်း ပန်းတို့၏ သဘာဝသဘောကို ဆောင်ကြဉ်းလေ့ရှိသည်။ သော်ကပန်း၏ အဓိပ္ပာယ်မှာ ကိုယ်ကိုခွင့်လွှတ်ပါ ဟူ၍ ဖြစ်သည်။ သော်ကပန်းသည် မိုးရာသီမှလွဲ၍ ကျန်လများတွင် ပွင့်သော ရာသီပန်းဖြစ်သည်။ သော်ကပန်းသည် တင့်တယ်ခန့်ညားပြီး ကျက်သရေကို ဆောင်သည့် နတ်ပန်းတမျှလှပသည်။သော်ကပန်းပင်ပွင့်နေကျအချိန်တွင် မပွင့်လျှင် ခြေကျင်းဝတ်ထားသော အပျိုချောချောလေးက အပင်ရင်းကို ဖိနင်းပေးရသည် ဟု ဆိုခဲ့ဖူးကြသည်။ မြန်မာနိုင်ငံ၏ မူရင်းသစ်ပင်ပန်းပင်မျိုး ဖြစ်သည်။ အပူပိုင်းဒေသ ပွင့်သောပန်းများအနက်အပွင့် ပွင့်ပုံ ခန့်ညားထယ်ဝါလှသဖြင့် အလှဘုရင်မ သစ်ပင်အဖြစ် တင်စားကြသည်။သော်က ဟူသော ဝေါဟာရသည် အာသောကမှ ဆင်းသက်လာပြီး စိုးရိမ်ကြောင့်ကြမှုကို ပျောက်တတ်သည် ဟု အဓိပ္ပာယ်ရသည်။ သော်ကပန်းသည် မြန်မာနိုင်ငံ၏ မူရင်းဒေသပန်းမျိုးဖြစ်ပြီး အရိပ်လည်းရ ပန်းလည်းလှမို့ မျိုးတုံးပျောက်ကွယ်မသွားအောင် စိုက်ပျိုးသင့်သောပန်းပင်တစ်မျိုး ဖြစ်သည်။ သော်ကပန်းပျိုးပင်မှာ ဝယ်ယူသူနည်းပါးလျှက်ရှိပြီး တစ်ပင်လျှင် (၃၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင် အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

ခိုင်ရွှေဝါပန်းပျိုးပင်ဈေးကွက်

   ခိုင်ရွှေဝါပန်း(၂)မျိုးရှိသည်။ ဘုရားပန်းလှူသော ပန်းနွယ်ဝင်ခိုင်ရွေဝါပန်းနှင့် အလှပန်းပင် စိုက်ပျိုးသော ခိုင်ရွှေဝါပန်းတို့ဖြစ်သည်။ ဘုရားပန်းလှူ၊ပန်းခြံများတွင် အလှစိုက်ပျိုးသော ခိုင်ရွှေဝါပန်းမှာ သစ္စာပန်း၊ ရေမွှေးပန်း၊ ပဲပန်းများကဲ့သို့ ပွင့်သောပန်းဖြစ်သည်။ အလှစိုက်သော ခိုင်ရွှေဝါပန်းမှာ တစ်ဆယ့်နှစ်ရာသီလုံးပန်းပွင့်သော နွယ်ပင်အမျိုးအစားဖြစ်သည်။ အိမ်ရှေ့ ကျောင်းရှေ့ အလှစိုက်ပျိုးလေ့ရှိသည်။ လှပလွန်းသောရွှေရောင် အဆင်းရှိသည် ခိုင်ရွှေဝါပန်းများကို ကမ္ဘာနေရာအနှံ့အပြားတွင် ပန်းဥယျာဉ်ကြီးများတွင် စိုက်ပျိုးလေ့ရှိကြသည်။ ခိုင်ရွှေဝါပန်းသည် ရနံ့မကြွယ် လှသွေးကြွယ်သော ပန်းကလေးများဖြစ်သည်။ ဘုရားပန်းလှူသော ခိုင်ရွှေဝါပန်းသည် ဆောင်းရာသီတွင် ပွင့်သောပန်းဖြစ်သည်။ ခိုင်ရွှေဝါပန်းလေးတွေ၏အမှတ်သင်္ကေတသည် ကံကောင်းစေသော အမှတ်လက္ခဏာ၊ ကောင်းမွန်သော ကံကြမ္မာ ဟူ၍ အဓိပ္ပာယ်ရသည်။ လှပလွန်းသော ရွှေဝါရောင် ခိုင်ရွှေဝါပန်းလေးတွေက ဈေးကွက်ရပြီး ရောင်းပန်သာသော ပန်းအမျိုးအစားဖြစ်သည်။ မိုးကုတ်၊ပြင်ဦးလွင်ဒေသတွင် အများအပြားစိုက်ပျိုးကြသည်။ နွယ်ပင် အမျိုးအစား ခိုင်ရွှေဝါပန်းပင်ကလေးများကတော့ အိမ်ရှေ့ကျောင်းရှေ့ ကျက်သရေဆောင်အဖြစ် အလှစိုက်ပျိုးကြသည်။ ရနံ့မပါပေမယ့် လှပသောပန်းခိုင်လေးတွေမို့ အချို့ အမျိုးသမီးများ ဆံကေသာတွင် အမြတ်တနိုးပန်ဆင်လေ့ရှိကြသည်။တစ်ဆယ့်နှစ်ရာသီပွင့်သော ပန်းကလေးတွေ၏ အဓိပ္ပာယ်သည် ရိုးသားဖြူစင်ခြင်း ဟူ၍ သဘောကို ဆောင်နိုင်သောကြောင့် စိုက်ပျိုးသင့်သော ပန်းကလေးများ ဖြစ်ပါသည်။ ခိုင်ရွှေဝါပန်းပျိုးပင် တစ်ပင်လျှင်(၅၀၀၀/၈၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းပန်းပျိုးပင်အရောင်းဆိုင်မှ သိရသည်။

DOCA(မန္တလေး)

ပန်းအိပျိုးပင်ဈေးကွက်

   ပန်းအိပင်သည် ရနံ့မကြွယ်သော ပန်းပွင့်သည့် ပန်းအလှပင် ချုံပင်ကြီးမျိုးဖြစ်သည်။ ယခုလို မိုးရာသီတွင် ပန်းအိပန်းများ အဆုပ်လိုက်အခိုင်လိုက် အပွင့်များ အူနေအောင် ပွင့်သောပန်းဖြစ်သည်။ ရနံ့မကြွယ်ပေမယ့်လည်း အနည်းငယ်ရနံ့သင်းသင်းတော့ ရှိပါသည်။ ပန်းပွင့်များ၏ ပွင့်ချပ်တို့သည် ဆပ်တွန့်ကဲ့သို့ အတွန့်တွန့်ကလေးများဖြင့် နုနယ်ပါသည်။ အပူပိုင်းဒေသများတွင် အောင်မြင်ဖြစ်ထွန်းနိုင်သော နှစ်ရှည်ပင်ဖြစ်သည်။ ပန်းအိပင်ကို ပန်းဥယျာဉ်များ အိမ်ခြံဝင်း ၊ ဘုရားကျောင်းကန်များတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ရှိသည်။ အပင်ရင့်သွားလျှင်  အပွင့်နဲ့တက်၍ များများပွင့်ရန် အပွင့်တုံးပြီး နောက်ပိုင်းအကိုင်းအခက်များကို ခုတ်ပေးရသည်။ မိုးဦးကျကာလ အညွှန့်အတက်အသစ်များထွက်လာပြီး အပွင့်များ အူခဲနေအောင် ပွင့်တတ်ပါသည်။ ပန်းအိပန်းပင်များမှာလည်း သပြေဘူတ၊ ပန်းစက္ကူပန်းများကဲ့သို့ ပင်လုံးကျွတ်အများကြီးပွင့်တတ်ပါသည်။ ပန်းအိပန်းရောင်စုံရှိပြီး ပန်းရောင်၊ အဖြူရောင် ၊အနီရောင်၊ခရမ်းရောင်၊ မရမ်းရောင် စသည်ဖြင့် အရောင်မျိုးစုံရှိပြီး ရောင်းအားအသင့်တင့်ရှိသော ပန်းပင်များဖြစ်သည်။ ပန်းကလေးတွေက သူတို့ရဲ့ အရောင်အဆင်းပေါ် မူတည်၍ လည်း ဂုဏ်တင့်စေသည်။ ပန်းရောင်အိပန်းလေးတွေက နူးညံ့သိမ်မွေ့ခြင်း၊နှစ်လိုဖွယ်ကောင်းခြင်း၊ ချစ်ဖို့ကောင်းခြင်း ကို ဆောင်ကြဉ်းပါသည်။ ပန်းရောင်၏ သဘောသည် စိတ်ကိုနူးညံ့စေပြီး ဒေါသပြေလျော့စေသည်။ အဖြူရောင်ပန်းကလေးများသည် သန့်ရှင်းမှု၊ တည်ငြိမ်မှု၊ သဘောထားဖြူစင်မှုကို ကိုယ်စားပြုသည်။ ပန်းအိပန်းကလေးများသည် ရောင်စုံချစ်ပန်းကလေးများဖြစ်သည့်အတွက်ကြောင့်လည်း စိုက်ပျိုးသင့်သော ပန်းပင်ဖြစ်သည်။ ပန်းအိပျိုးပင်တစ်ပင်လျှင် အရောင်နှင့်အပင် အရွယ်အစားပေါ်မူတည်၍ (၃၀၀၀/၅၀၀၀/၈၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့၏ ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

     ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံ နှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ရောင်းချနေသော ကုလားပဲဆံ ဈေးနှုန်းများမှာ ကုလားပဲဆံ တစ်ပြည့်လျှင်(၈၈၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် နို့ဆီ(၁)ဘူးလျှင်(၁၁၀၀)ကျပ်နှင့် ပဲတီဆံ တစ်ပြည်လျှင် (၈၈၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ဈေးကွက်အတွင်းဝင်ရောက်လာတော့မည့် ထောပတ်သီး”

   မြန်မာနိုင်ငံ သစ်သီးဝလံနှင့်ပန်းမာန်မှာဆိုလျှင် ထောပတ်သီး အမျိုးအစားသည်လည်း နေရာ တစ်ခုရလာကာ လူအများစားသုံးကြသည်ကို တွေ့ရှိရပါသည်။ မိရိုးဖလာမျိုးဖြစ်သည့် မြောက်ကျွန်းသူ ထောပတ်မျိုးလည်းရှိသလို ၊ နိုင်ငံခြားမျိုးဖြစ်သည့် Pinkerton၊ Hass တို့သည် နာမည်ကြီး လူကြိုက်များပြီး အခြားနိုင်ငံခြားမျိုးများစွာလည်း ရှိသေးကြောင်း၊ ယခင်နှစ်များဆီက ထောပတ်သီးကို အိမ်ခြံဝန်း များသာ တွေ့ရှိရပြီး ယခုချိန်ခါ ထောပတ်စိုက်ဧကများလည်းများစွာ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ထောပတ်သီးစိုက်ပျိုးခြင်းကို စိတ်ပါဝင်စားသူများလည်း မျိုး၊ အပင်စိုက်ခြင်းများကို ဝန်ဆောင်မှု ပေးနေကြောင်း၊ ပြင်ဦးလွင်ထောပတ်သီး အစုအဖွဲ့နှင့် ဆွေးနွေးမှုအရ သိရှိရပါသည်။ ယခင်နှစ် ထောပတ်သီးများကို (၃)လုံး 1 kg နှင့်(၅)လုံး 1 kg လျှင် (၅၀၀၀-၈၀၀၀)ကျပ် ရရှိခဲ့ပြီး၊ ယခုနှစ်မှာလည်း ဈေးနှုန်းမြင့်မားစွာရရှိပြီး အရည်အသွေးကောင်း ထောပတ်သီးရရှိဖို့ အားထည့် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“စဉ့်ကိုင်မြို့နယ်၏ ငရုတ်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ငရုတ်သီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်တွင် (၁၅၈၄) ဧကစိုက်ပျိုးခဲ့ပြီး(၁၀၁၄) ဧကရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည် ။ ငရုတ်မျိုးများ အနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ၊ ၆၉၂၊ ကျားခေါင်း ငရုတ်မျိုးများကိုစိုက်ပျိုးကြပြီး ၎င်းမျိုးများအနက် ၆၉၂ ငရုတ်မျိုး များကို နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင်စိုက်ပျိုးကြကြောင်း ယခုအချိန်တွင် လှိုင်လှိုင်ထွက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် (၁၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၄၀၀-၄၅၀)ပိဿာခန့်ထွက်ရှိကြောင်း၊ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်သီးအစို တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ၊ ငရုတ်သီးခြောက် အညှာပါတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငရုတ်သီး ခြောက်အညှာခြွေ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ (၁)ဧက ကကျိုးအမြတ်အနေဖြင့်(၂၁၀၀၀၀၀/-) ကျပ်ဝန်းကျင်မြတ်ကြောင်း ၊ ငရုတ်ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း ၊  ပွဲစားများမှတစ်ဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ ငရုတ်စိုက်ပျိုးခြင်း ဖြင့် အပိုဝင်ငွေရရှိသည့်အပြင် မိသားစု စားဝတ်နေရေးပါ ပြေလည်သည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုး သင့်ပါကြောင်း ငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်၏ နွေနှမ်းများရိတ်သိမ်းပြီးစီး”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်သည် ဆီထွက်သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ၄င်းသီးနှံများအနက် နွေနှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် တွင်(၄၄၂၀၆)ဧက စိုက်ပျိုးပြီး ၎င်းဧကများအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာန၏စာရင်းများအရ သိရှိရပါသည်။ နွေနှမ်း(၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃) ပြည်စိုက်ပျိုး ရကြောင်း(၁)ပြည်လျှင် (၈၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ နွေနှမ်းစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုး ကြကြောင်း၊ ယခုအချိန်တွင် နှမ်းဖြူတစ်တင်း လျှင်(၁၂၂၀၀၀/-)ကျပ်၊ နှမ်းညို တစ်တင်း လျှင် (၉၆၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၉၆၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရှိရပါသည်။(၁)ဧက အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့်ထွက်ရှိခဲ့ ပြီးအကျိုးအမြတ်အနေဖြင့်(၈၇၀၀၀၀/-)ကျပ်မြတ်ခဲ့ကြောင်း နွေနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ကြက်သား ဈေးနှုန်း

    ကျွန်းလှမြို့ရှိ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူ၍ မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချလျက်ရှိရာ  ကြက်သားဈေးနှုန်းများမှာ ဇူလိုင်လ စတုတ္ထပတ် မွေးမြူရေးကြက် သားဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုး တို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သားကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင် အကင်ဆိုင်များမှ အများဆုံး အသုံးပြုကြသည့်အတွက် ရောင်းအားကောင်းလျက် ရှိကြောင်း  ကြက်သားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

“စဉ့်ကိုင်မြို့နယ်၏ နေကြာစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊  စဉ်ကိုင်မြို့နယ်တွင် နေကြာ(မိုး) စိုက်ဧက(၂၃၁၀)         ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်ထိ ရိတ်သိမ်းဧက(၁၇၀၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ နေကြာ(မိုး) စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်(၃၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ နေကြာ(မိုး)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် နေကြာများ ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း၊ နေကြာဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၅၅၀၀၀/-)ကျပ်ဈေးနှုန်းရှိခဲ့ပြီး အထွက်နှုန်း အနေဖြင့်(၂၀-၂၅)တင်းခန့် ထွက်ရှိကြောင်း ၊အကျိုးအမြတ်အနေဖြင့် (၇၅၀၀၀၀/-)ကျပ်မြတ်ခဲ့ ကြောင်း၊ နေကြာစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများ

    မြင်းခြံကုန်စည်ဒိုင်တွင် နေ့စဉ်အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိသောပဲမျိုးစုံ ဈေးနှုန်း များမှာ ယခုဇူလိုင်လတတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးနှုန်းများအနေဖြင့် ပဲစဉ်းငုံ တစ်ပိဿာလျှင်(၄၃၅၀)ကျပ်၊ ကုလားပဲ(929)တစ်ပိဿာလျှင်(၄၄၅၀)ကျပ်၊ ကုလားပဲဖြူလုံး ကြီး တစ်ပိဿာလျှင်(၄၅၅၀)ကျပ်၊ ပဲပုတ်(ဗမာ)တစ်ပိဿာလျှင် (၇၃၀၀)ကျပ်၊ မတ်ပဲ တစ်ပိဿာလျှင်(၂၀၀၀-၃၀၀၀)ကျပ်၊ ပဲဇီးကွက်တစ်ပိဿလျှင်(၄၅၀၀)ကျပ် ၊ပဲတီစိမ်းတစ်ပိ ဿာလျင်(၃၀၀၀-၅၀၀၀)ကျပ်၊ထောဖြူတစ်ပိဿာလျှင် (၃၈၀၀)ကျပ်၊ ပဲဘိစပ်တစ်ပိဿာ လျှင် (၁၇၅၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း