Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထုတ်လုပ်သူလုပ်ငန်းရှင်များမှ သက်သာသောနှုန်းထားဖြင့် တိုက်ရိုက်ရောင်းချပေးလျက်ရှိ

               ပြည်ခရိုင်၊ ပြည်မြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ထုတ်လုပ်သူလုပ်ငန်းရှင်များမှ နေ့စဉ်တိုက်ရိုက်ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာ အများပြည်သူများ နေ့စဉ်စားသုံးနေသောဆန်နှင့် အသားငါးများကို အဓိကထားရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချပေးလျက်ရှိသော ဈေးနှုန်းများမှာ ဆန်(၁)ပြည်လျှင် ၃၀၀၀ကျပ် နှုန်းရောင်းချပေးလျက်ရှိသလို သားငါးဈေးနှုန်းများမှာလည်း ကြက်သား(၁)ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါး(၁)ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သား(၁)ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် ၁၅၀၀၀ကျပ်ဈေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

             ထိုသို့ သက်သာသောဈေးနှုန်းများဖြင့် ထုတ်လုပ်သူလုပ်ငန်းရှင်များက တိုက်ရိုက်ရောင်းချပေးသဖြင့် စားသုံးသူပြည်သူများအနေဖြင့် သက်သာစွာဝယ်ယူစားသောက်၍ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၏မိုးစပါးများစိုက်ပျိုးမှုအခြေအနေ

           ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧကမှာ ပြည်မြို့နယ်တွင် ၇၃၆၄၂ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၇ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၆၉၅၃ဧက၊ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ဧက ဖြင့် စုစုပေါင်း ၂၂၆၄၉၇ဧက စိုက်ပျိုးထားရှိပါသည်။ ယခင်နှစ်မိုးစပါးပေါ်စအချိန်တွင် (၄၆)ပေါင်တင်း (၁၀၀)လျှင် (၁၆၅၀၀၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်၌ ပြည်ခရိုင်တွင် မိုးစပါးများထွက်ပေါ်မှုမရှိသေးသော်လည်း နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စပါးအသစ်များအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၄၆)ပေါင်တင်း(၁၀၀)လျှင် ၁၅၀၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် (၆၈၀၀၀) ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် စိုက်ပျိုးသောစပါးမျိုးများမှာ ဧည့်မထစပါး၊ GW-11 နှင့် ထိုင်းနှံကောက်၊ အင်းမနှင့် မှော်ဘီစပါးများကို အများဆုံးစိုက်ပျိုးကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့သစ်ဈေးတွင် ရောင်းချနေသော မန်ကျည်းသီးစိမ်းဈေးကွက်

           မန်ကျည်းသီးစိမ်းများကို ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညိုနှင့် တောင်ခွေးရဲကျေးရွာများတွင် မန်ကျည်းပင်များစွာရှိသည့်အတွက် မန်ကျည်းသီးစိမ်းများ အထွက်ကောင်းသော ရွာများဖြစ်ကြသည်။ ယခုအချိန်သည် မန်ကျည်းသီးစိမ်းရှားပါးသောအချိန်ဖြစ်သောကြောင့် ဈေးလည်းကောင်းဆဲဖြစ်ပါသည်။ ပေါ်ခါစအချိန်တွင် ရောင်းချသောဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် (၁၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုရှားပါးချိန်တွင် တစ်ဆယ်ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။

               မန်ကျည်းသီးစိမ်းမှာ ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရသောကြောင့် ခူးယူရောင်းချကြသဖြင့် မန်ကျည်းသီးမှည့်များ အထွက်နည်းရခြင်းဖြစ်ကြောင်းသိရသည်။ မန်ကျည်းသီးအမှည့်ဈေး အစေ့လွတ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး လာမည့်နှစ်မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်လောက် ဈေးမျှော်ကြောင်း လှောင်လက်သမားများထံမှ သိရသည်။ မန်ကျည်းမှည့်ဈေးပိုလာရခြင်းမှာ မန်ကျည်းသီးစိမ်းများကို ဈေးကောင်းရတဲ့အချိန် ခူးယူရောင်းချခြင်းကြောင့် မန်ကျည်းသီးမှည့်အထွက်နည်းပြီး ဝယ်လက်များသဖြင့် ဈေးပိုလာရခြင်း ဖြစ်ပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် ခပေါင်းဈေးတွင် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းကျဆင်း

         တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းဈေးတွင် ဒေသထွက်နှင့် အခြားဒေသများမှတင်ပို့သော ဟင်းသီးဟင်းရွက်များ စုံလင်စွာရောင်းချလျက်ရှိပါသည်။ ခပေါင်းဈေးတည်ရှိရာ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စုသည် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းဆုံရာဒေသဖြစ်သဖြင့် ဟင်းသီးဟင်းရွက်များ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်ပါသည်။

      ယခင်လက တောင်ငူခရိုင်အတွင်း စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စုအတွင်း စိုက်ပျိုးသောဟင်းသီးဟင်းရွက်များလည်း ရေကြီးနစ်မြှုပ်မှုဖြစ်ကာ ပျက်စီးခဲ့ရသောကြောင့် ခပေါင်းဈေးရှိ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းကြီးမြင့်ခဲ့ပါသည်။

          ဒေသထွက်ဖြစ်သော ကန်စွန်းရွက်မှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင်တစ် စည်းလျှင် ၄၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၅၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် ကန်စွန်းရွက်တစ်စည်းလျှင် ၂၅၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ၃၅၀ ကျပ်အထိ ဈေးနှုန်းပြန်လည်ကျဆင်းကြောင်း ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှ သိရှိရပါသည်။

 DOCA(ပဲခူး)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်များဈေးတက်

            တောင်ငူမြို့၌ ယခင်စက်တင်ဘာလတွင် ဂေါ်ဖီတစ်ပိဿာလျှင် ၂၅၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်းနှစ်ဆမြင့်တက်ပါသည်။ နံနံပင်စျေးနှုန်းမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း ၁၀၀၀၀ ကျပ် မြင့်တက်ပါသည်။

        ခရမ်းသီး(အညို)မှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။ ခရမ်းသီး(အဖြူအဝိုင်း)မှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ဈေးနှုန်း ၂၅၀၀ ကျပ် မြင့်တက်ပါသည်။

          မုံလာဥနီမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိရှိရမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိရှိသဖြင့် ဈေးနှုန်း ၁၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ မြင့်တက်ကြောင်း၊ မုံလာဥဖြူမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိရှိသဖြင့် တစ်ပိဿာ လျှင် ၂၀၀၀ ကျပ်ဈေးတက်ကြောင်း ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ဝါးတူစက်ရုံမှ စွန့်ပစ်ဝါးဖတ်နှင့်ဝါးဆစ်များ

            စားသောက်ဆိုင်များတွင် အသုံးပြုလျက်ရှိသော ဝါးတူများထုတ်လုပ်သည့်စက်ရုံမှ စွန့်ပစ်ပစ္စည်းများဖြစ်သော ဝါးဖတ်များနှင့်ဝါးဆစ်အတိုအစများကို ထင်းအစားထိုးလောင်စာအဖြစ် ပြန်လည်အသုံးပြုခြင်းအား အသုံးပြုသူများရော စက်ရုံပါ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေပါသည်။

              ကျေးလက်နေပြည်သူအများစုမှာ ထင်းကိုလောင်စာအဖြစ် အသုံးပြုလျက်ရှိရာ စွန့်ပစ်ဝါးဖတ်နှင့် ဝါးဆစ်များအား လောင်စာအဖြစ်အသုံးပြုခြင်းဖြင့် ထင်းတောတက်ရန်၊ ထင်းခုတ်ရန်မလိုဘဲ ကုန်ကျစရိတ်သက်သာစွာဖြင့် သုံးစွဲနိုင်သကဲ့သို့ စက်ရုံမှလည်း အလေအလွင့်မဖြစ်တော့ဘဲ သင့်တင့်သောစရိတ်စကကို ပြန်လည်ရရှိစေပါသည်။

               ဝါးဆစ်များမှာ ထမင်းဟင်းချက်ပြုတ်ရာတွင်မက မြေအိုးလုပ်ငန်းများမှ အိုးဖုတ်ရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ထမင်းဟင်းချက်ပြုတ်သူများအတွက် ထော်လာဂျီအကြီးတစ်စီးတိုက်စာကို လေးလခန့်အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။

              တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စု မင်းလမ်းကျေးရွာရှိ ရွှေဝါး ဝါးတူစက်ရုံတွင် စွန့်ပစ်ဝါးဆစ်နှင့် ဝါးဖတ်များကို မှာယူနိုင်ကြောင်း၊ ထော်လာဂျီ(အသေး)တစ်စီးတိုက်လျှင် ၄၅၀၀၀ ကျပ်နှင့် ထော်လာဂျီ(အကြီး)တစ်စီးတိုက်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးကြောင်း စက်ရုံဝန်ထမ်းတစ်ဦးထံမှ သိရှိရပါသည်။

 DOCA(ပဲခူး)

တောင်ငူမြို့မှ ပိန်းဥ

            တောင်ငူမြို့ ညောင်ပင်ဈေးသည် ရာသီအလိုက်ပေါ်သည့် ဟင်းသီးဟင်းရွက်၊ အသားငါးပေါင်းစုံရောင်းချလျက်ရှိသည့် ကုန်စိမ်းဈေးကြီးဖြစ်ပါသည်။ ယခုအခါတွင် ပိန်းဥများပေါ်နေပြီ ဖြစ်၍ ရောင်းချနေပြီဖြစ်ပါသည်။

             ပိန်းဥမှာ နူးညံ့ပြီး ဟင်းချက်စား၍လည်းကောင်း၊ အဆာပြေပြုတ်စား၍လည်းကောင်း၊ သီးစုံကုလားပဲဟင်းချက်စား၍လည်းကောင်း စားသုံးကြပါသည်။ ဟင်းချက်စားသည့်အရွယ် ဥကြီးနှင့် ပြုတ်စားသည့်အရွယ် ဥသေးဟူ၍ နှစ်မျိုးရှိသော်လည်း ဈေးနှုန်းမှာတူညီနေပါသည်။

              ပေါ်ခါစက တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ရှိသော်လည်း ယခု အောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းကြောင်းနှင့် ရောင်းအားကောင်းကြောင်း ပိန်းဥရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ငရုတ်သီးစိမ်းများဈေးကျ

            တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များတွင် ယခင် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ငရုတ်သီးစိမ်း(ကုလေားအော်သီး)မှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ ကျပ် အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့် တက်ပါသည်။      

            ငရုတ်သီးစိမ်း(မိုးထောင်သီး)မှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၄၀၀၀ ကျပ် မှ ၄၅၀၀ ကျပ်ခန့်အထိ ဈေးနှုန်းမြင့်တက်ပါသည်။

            ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး)မှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ကြောင်း ညောင်ပင်ဈေးရှိ ငရုတ်သီးစိမ်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)   

ဖြူးမြို့တွင် ဆန်သစ်များပေါ်ပြီ

             တောင်ငူခရိုင်၊ ဖြူးမြို့တွင် စပါးအသစ်များပေါ်နေပြီဖြစ်ရာ ဖြူးမြို့ပေါ်ရှိ ဆန်စက်များသို့အရောက် ဆင်းသုခစပါးတင်း ၁၀၀ လျှင် ၁၉၅၀၀၀၀ ကျပ်နှင့် နှံကောက်စပါး တင်း ၁၀၀ လျှင် ၁၈၅၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

              ဆန်သား ၈၀၊ ၈၅ မှတ်ပါ နှံကောက်ဆန် တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ ဆင်းသုခဆန် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်၊ ဆန်သား ၉၀ မှတ်နှင့် အထက် ကာလာပေါလစ်တင်ထားသည့် ဆင်းသုခဆန် တစ်အိတ်တလျှင် ၉၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

              ဆန်ကွဲကြီး တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ဖွဲနုတစ်အိတ်လျှင် ၁၇၅၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိရှိကြောင်း ဖြူးမြို့ ကမ္ဘာကြည်ဆန်စက်မှသိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် ကြက်သွန်ဖြူဈေးနှုန်းတည်ငြိမ်ပြီး ကြက်သွန်နီနှင့်ကုလားပဲဈေးတက်

             တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခုအောက်တိုဘာလ အစောပိုင်းတွင် ကြက်သွန်နီ တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၄၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယ အပတ်တွင် တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ၂၀၀ ကျပ်မှ ၄၀၀ ကျပ် အထိ မြင့်တက်ပါသည်။

               ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၁၂၀၀၀ ကျပ်၊ အလတ် ၁၆၀၀၀ ကျပ်၊ အကြီး ၁၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပါသည်။

              ကုလားပဲခြမ်းမှာ ယခုအောက်တိုဘာလအစောပိုင်းတွင်  တစ်ပိဿာလျှင် ၇၄၀၀ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ၆၀၀ ကျပ်တက်ကြောင်း ဖြူးမြို့ရှိကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း