Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံဒေသ၏သပြေပန်းဈေးနှုန်းဈေးကွက်

   မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်းကျေးရွာ၊ အင်ကြင်းပင်၊ လှိုင်းတက်နှင့် သဲဖြူဝကျေးရွာ များတွင် သပြေပန်းပင်များကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ စိုက်ခင်းများမှ ထွက်ရှိသော သပြေပန်းများကို ချိုးပြီးတောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ် ဇူလိုင်စတုတ္ထပတ်တွင် ရောင်းချနေသော အာဆီယံ သပြေပန်း (၃) ခက်တစ်စည်းလျှင် (၅၀၀) ကျပ်၊ ရွှေသပြေပန်း (၁၀)ခက်စည်း တစ်စည်းလျှင်(၂၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ သပြေပန်းသည် မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်သော ရိုးရာသဘာဝရွက်လှပန်းအမျိုးအစားဖြစ်သောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက် ရှိကြောင်း၊ ပန်းစိုက်တောင်သူများအနေဖြင့် ဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေကြောင်း၊ သပြေပန်းသည် အပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်း၍    နှစ်ရှည်ခံပင်ဖြစ်ကြောင်း၊ နေရောင်ခြည် ကောင်းစွာရရှိ၍ မြေဆီလွှာသင်တင့်ပြီး ရေစီးရေလာကောင်းသောမြေကို နှစ်သက်သဖြင့် စိုက်ပျိုး စရိတ်သက်သာသော သပြေပင်များကို စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

MSMEလုပ်ငန်းဖြစ်သောတို့ဟူးစိမ်းထုပ်လုပ်ပုံနှင့် ဈေးနှုန်းဈေးကွက်

   မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ မိသားစုတစ်နိုင်တစ်ပိုင် စားဝတ် နေရေးအတွက် MSME လုပ်ငန်းဖြစ်သော တို့ဟူးစိမ်းထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရှိရသည်။ တို့ဟူး ကျိုချက်ရာတွင် ပဲစိမ်းမှုန့်ကို အသုံးပြုကြောင်း၊ ပဲစိမ်းမှုန့်တစ်ဆ၊ ရေနှစ်ဆရောစပ်၍ ပဲစိမ်းမှုန့် အလုံးအခဲလေးတွေ   မကျန်အောင် သေချာဖျော်ထားပြီး နာရီဝက်လောက်ခဏထားကြောင်း ၎င်းနောက် တို့ဟူးကျိုမည့်အိုးထဲသို့ ဇကာလေးနဲ့စစ်ထည့်ပြီး နနွင်းမှုံ၊ ဆား၊ ဆီအနည်းငယ် ထည့်ပြီး မီးအနေ တော်ဖြင့်ကျိုရကြောင်း၊ စကျိုသည့်အချိန်မှစ၍ နှစ်မိနစ်ခန့်ကြာလျှင် အလုံးအခဲလေးတွေ စဖြစ်လာပါက အဆက်မပြတ်မွှေပေးရကြောင်း၊ စကျိုသည့်အချိန်မှစ၍ ဆယ်မိနစ် ခန့်ကြာလျှင် ကြွက်မြီးတန်းလာပါက မီးဖိုပေါ်မှချရကြောင်း၊ ထို့နောက် အဆင်သင့်ဆီသုပ်ထားတဲ့ လင်ပန်း (သို့)ခွက်တစ်ခုထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ကိုညီအောင် ဆီသုတ်ထားသည့်ဇွန်းနှင့်ညှိ ပေးရကြောင်း၊ ပြီးနောက် သုံးနာရီ အအေးခံထားပြီးပါက တို့ဟူးစိမ်းများရရှိ၍ ဈေးကွက် သို့ရောင်းချကြောင်း၊ မြင်းခြံမြို့ အေးမြသီတာ ဈေးတွင် ၂၀၂‌၅ခုနှစ်၊ ဇူလိုင်လစတုတ္ထပတ်၌ ရောင်းချနေသော တို့ဟူးစိမ်းလက်လီ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ လက်ကား တစ်ပိဿာ လျှင်(၅၅၀၀) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ နေ့စဉ်တို့ဟူးစိမ်း အချိန် (၇-၁၀) ပိဿာခန့်ရောင်း ကုန်ကြောင်း၊ စားသုံးမှုများပြီး လူကြိုက်များကြောင်း၊ ဝါတွင်းကာလလဲဖြစ်ပြီး သတ်သတ်လွတ်သမားများ လည်းစားသုံးကြသောကြောင့် အရောင်းအဝယ် ကောင်းကြောင်း တို့ဟူးစိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ဂေါ်ရခါးညွန့် ဈေးနှုန်းဈေးကွက်

   မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးတွင် ဟင်းသီးဟင်းရွက်မျိုးစုံရောင်းချလျက်ရှိရာ ဂေါ်ရခါးညွန့်များကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နှင့် ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချ ကြကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ဂေါ်ရခါးညွန့် တစ်စည်းလျှင် ၁၀၀၀ ကျပ်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ အာဟာရဓာတ် ကြွယ်ဝသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ် ဂေါ်ရခါးညွန့် အစည်းအရေအတွက် (၅၀-၁၀၀)စည်းခန့်ရောင်းချရကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။ ဂေါ်ရခါးညွန့်တွင် ပါဝင်သော အာဟာရဓာတ်များကြောင့် ဆီးချို၊သွေးချို ထိန်းညှိပေးကြောင်း၊ ဝယ်ယူရလွယ်ကူခြင်းနှင့် ချက်ပြုတ်ရာတွင် လွယ်ကူမြန်ဆန်သဖြင့် စားသုံးမှု များပြားကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ပန်းသီးဈေးနှုန်းဈေးကွက်

မြင်းခြံမြို့နယ်သည် အပူပိုင်းဒေသဖြစ်သောကြောင့် ပန်းသီးပင်များစိုက်ပျိုးဖြစ်ထွန်းမှု မရှိကြောင်း၊ မြင်းခြံဈေးကွက်တွင် ရောင်းချနေသော ပန်းသီးများကို ရှမ်းပြည်နယ်၊အောင်ပန်းမြို့နှင့် မန္တလေးမြို့သစ်သီးပွဲရုံများမှ တင်သွင်းကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စတုတ္ထပတ်တွင်ရောင်းချ နေသော ပန်းသီးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ ၁၀ လုံးလျှင် ၁၄၀၀၀ ကျပ်ပေါက်ဈေးများဖြင့် ရောင်းချ ကြောင်း၊ အောင်ပန်းဒေသထွက် ပန်းသီးများသည် ချိုဆိမ့်ပြီး အရည်အသွေးကောင်းမွန်သဖြင့် စားသုံးမှုများပြီး အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်ပန်းသီးအလုံးရေ(၅၀-၁၀၀)အထိ ရောင်းချရကြောင်း ပန်းသီးရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။ ပန်းသီးကို စားသုံးခြင်းဖြင့် အမျှင်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း၊ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များသောကြောင့် ဗိုက်ပြည့်စေ၍ ကိုယ်အလေးချိန်ထိန်းသိမ်းရာတွင် စားသုံးကြကြောင်း၊ ဗီတာမင်ကေပါဝင်သော ကြောင့် အရိုးသိပ်သည်းဆကို တိုးမြင့်စေခြင်းကြောင့် တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ ခံသီး သီးနှံဈေးနှုန်းဈေးကွက်

   ခံသီးပင်သည် အပူပိုင်းဒေသများတွင် ပေါက်ရောက်ကြောင်း၊ တစ်နှစ်လျှင် နှစ်ရာသီ အသီးများထွက်ရှိကြောင်း၊ အသီးထွက်ပေါ်ချိန်မှာ မိုးရာသီတွင် (မေလ-ဇွန်လ-ဇူလိုင်လ) များ ဖြစ်ကြောင်း၊ ဆောင်းဦးကာလတွင် (အောက်တိုဘာလ-နိုဝင်ဘာလ-ဒီဇင်ဘာလ)တို့တွင် အသီးများထွက်ပေါ် ရင့်မှည့်ကြောင်း၊ အရသာမှာ ချိုချဉ်အရသာရှိကြောင်းသိရှိရသည်။

   မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် မိမိတို့၏ ခြံဝင်းများအတွင်း၌ ခံသီးပင်များကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် အေးမြသီတားဈေး၌ ရောင်းချနေသော ခံသီးသီးနှံ(၂၅) ကျပ်သားလျှင်(၁၅၀၀-၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင်(၅၅၀၀-၇၅၀၀) ကျပ်ပေါက်ဈေး များရှိကြောင်း၊ အသီးအရွယ်အစားနှင့် လတ်ဆတ်မှုအပေါ် မှုတည်၍ ဈေးနှုန်းများ ကွာခြားကြောင်း၊  ဆေးဖက်ဝင်သောကြောင့် ဒေသအတွင်း ဈေးကွက်၌ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ခံသီးရောင်းချသူ တစ်ဦးပြောပြချက်အရသိရသည်။ ကျန်းမာရေးအကျိုး‌ကျေးဇူးအနေဖြင့် ခံသီးကိုတစ်နေ့ (၃-၅) လုံး အစိမ်းလိုက် ပုံမှန်စားသုံးပါက အသည်းကင်ဆာ၊ အသည်းခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မျက်လုံးဝါခြင်း၊ ခံတွင်းခါးခြင်းစသည့် လက္ခဏာများသက်သာပျောက်ကင်းကြောင်း၊ ဗီတာမင်စီ ပါဝင်မှုမြင့်မား သောကြောင့် ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝသဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလှုပ်ရှား မှု ကိုကောင်းမွန်ကြောင်း၊ စိတ်ဖိစီးမှုနှင့် အိပ်မပျော်ခြင်းကိုသက်သာစေပြီး သဘာဝအိပ်ဆေး အဖြစ် အသုံးပြုကြောင်း၊ ခံသီးပင်သည် အသီးအပြင် အခေါက်၊ အရွက်နှင့် အမြစ်များအားလုံးသည် ပဥ္စငါးပါးအတွက် ဆေးဖက်ဝင်ကြောင်း၊ မြန်မာတိုင်းရင်းဆေးဖော်စပ်ရာတွင် လည်းအသုံး ပြု ကြ ကြောင်းသိရှိရပြီး ဝင်ငွေရ၍ ဆေးဖက်ဝင်သော ခံသီးပင်များအား ပိုမိုစိုက်ပျိုးသင့်ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တရုတ်နံနံဈေးနှုန်းဈေးကွက်

  မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိ၍  ဥယျဥ်ခြံမြေလုပ်ငန်း များလုပ် ကိုင် လျက်ရှိပြီး ဓါးကျွန်းကျေးရွာ၊ တလုပ်ကျေးရွာနှင့် ဆင်ချောင်းကျေးရွာတို့တွင် မိသားစု တစ်နိုင် တစ်ပိုင် စားဝတ်နေရေးအတွက် ဟင်းခက်အမွှေးအကြိုင်အဖြစ်အသုံးပြုသော တရုတ်နံနံများ စိုက် ပျိုးထားကြောင်းသိရှိရသည်။  စိုက်ခင်းများမှထွက်ရှိသော တရုတ်နံနံများကို အေးမြသီတာဈေးသို့ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ် ဇူလိုင်စတုတ္ထပတ်တွင် ရောင်းချနေသော တရုတ်နံနံတစ်စီးလျှင် (၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း ဟင်းခက်အမွှေးအကြိုင်ဖြစ်သောကြောင့်စားသုံးမှုများပြီး စားသောက်ဆိုင်များမှ ဝယ်ယူမှုများပြား ကြောင်း  တောင်သူ၏ပြောပြချက်အရသိရှိရသည်။ ကျန်းမာရေးအကျိုးအကျေးဇူးအနေဖြင့် တရုတ် နံနံကိုစားသုံးခြင်းဖြင့် သွေးတိုးကျခြင်း၊ ခေါင်းကိုက်သက်သာခြင်း၊ စိတ်လှုပ်ရှားမှု ကိုလျော့ချပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကိုအထောက်အကူ ပြုသော ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏အာလူးဈေးနှုန်းဈေးကွက်

 မြင်းခြံမြို့နယ်သည်  ဆည်ရေသောက်အသင့်အတင့်ရှိ၍ ဟင်းသီးဟင်း ရွက်မျိုးစုံစိုက်ပျိုးလျက်ရှိ ကြောင်း၊ အာလူးသီးနှံသည် အေး၍သမရာသီဥတုကို နှစ်သက်သောကြောင့် အပူပိုင်း‌ဒေသဖြစ်သော မြင်းခြံမြို့နယ်တွင် အာလူးသီးသီးနှံ စိုက်ဧကစိုက်ပျိုးမှု မရှိကြောင်းသိရှိရသည်။

     မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော အာလူးသီးများကို ရှမ်းပြည်နယ်တောင်ပိုင်း ‌အောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လစတုတ္ထပတ်တွင် ရောင်းချနေသော အာလူသီး မားကစ် S1 တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊မျက်နီ OK တစ်ပိဿာလျှင်(၅၀၀၀) ကျပ်၊ ဂေါ်လီဆိုဒ် တစ်ပိဿာလျှင် (၄၀၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း၊  အာလူးသီးများကိုဒေသတွင်း ဟင်းလျာအဖြစ် စားသုံး ကြကြောင်း၊ MSME လုပ်ငန်းဖြစ်သော  အာလူးကြော်ရာတွင် လည်း အသုံး ပြုကြကြောင်း၊ ပွဲရုံများတွင် နေ့စဉ် အာလူးပိဿာကုန်ချိန် (၆၀-၁၂၀) ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ၏ပြောပြချက်အရ သိရှိရသည်။ အာလူးသီးနှံသည် လူကြိုက်အများဆုံးဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး အာဟာရကြွယ်ဝ၍ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်နှင့် ဗီတာမင်စီတို့ကြွယ်ဝကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဗိုက်ပြည့်စေပြီး အစာစားချင် စိတ်ကိုလျော့ချ၍ ကိုယ်အလေးချိန်ထိန်းချုပ်ရာတွင် စားသုံးကြကြောင်းလည်းသိရှိရသည်။

 DOCA(မန္တလေး)

မြင်းခြံမြို့ ဈေးကွက်အတွင်း ပဲလက်လီအရောင်းဈေးနှုန်း

    မြင်းခြံမြို့စည်ပင်သာယာဈေးတွင် ဒေသထွက် ပဲမျိုးစုံများရောင်းချလျက်ရှိရာ ယခု ဇူလိုင်လတတိယအပတ်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအနေဖြင့် မတ်ပဲတစ်ပိဿာလျှင်(၂၀၀၀ မှ ၃၀၀၀)ကျပ်၊ ပဲဇီးကွက်တစ်ပိဿာလျှင်(၄၅၀၀) ကျပ်၊ ထောပတ်ပဲတစ်ပိဿာလျှင်(၃၈၀၀ မှ ၄၀၀၀)ကျပ်၊ ကုလားပဲ V2 တစ်ပိဿာလျှင်(၄၅၀၀ မှ ၄၆၀၀) ကျပ်၊ ကုလားပဲ 929 တစ်ပိဿာ လျှင်(၄၄၀၀ မှ ၄၄၇၀) ကျပ်၊ ပဲစဉ်းငုံတစ်ပိဿာလျှင်(၄၀၀၀ မှ ၄၃၃၀)ကျပ်၊ ပဲပုပ်တစ်ပိဿာ လျှင်(၇၃၀၀)ကျပ်၊ မြေပဲဆံ တစ်ပိဿာလျှင် ( ၈၉၀၀ မှ ၉၀၀၀)ကျပ်၊ နှမ်းဖြူ တစ်ပိဿာလျှင် (၅၅၀၀ မှ ၅၈၀၀)ကျပ်၊ နှမ်းညိုတစ်ပိဿာလျှင် (၆၀၀၀ မှ ၆၁၅၀)ကျပ်၊ ပဲတီစိမ်း တစ်ပိဿာလျှင် (၃၀၀၀ မှ ၄၅၀၀)ကျပ်၊ CPပြောင်း တစ်ပိဿာလျှင်(၁၅၄၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

စံပယ်ပန်းနှင့် စံပယ်ပန်းပျိုးပင်ဈေးကွက်

   စံပယ်ပန်း၏ ရနံ့ကစိတ်ကိုကြည်လင်အေးမြစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါသည်။ စံပယ်ပန်း၏ အဓိပ္ပာယ်သည် “ချစ်ခြင်းမေတ္တာ” ကို ကိုယ်စားပြုပါသည်။ ကျေးဇူးတင်ကြောင်း ဖော်ပြရန်နှင့် ကံကောင်းစေဖို့တောင်းဆုပြုရန် စံပယ်ပန်းကိုရွေးချယ်ကြသည်။ စံပယ်ပန်း၏ နှင်းလိုဖြူဆွတ်တဲ့ အရောင်၊ မွှေးပျံ့ချိုမြိ်န်တဲ့ရနံ့၊ လှပတဲ့ ပန်းပွင့်ပုံစံတွေကြောင့် “Jasmine” ဘုရားသခင်ထံမှ လက်ဆောင်တော်ဆု အဓိပ္ပာယ်ရပါသည်။ အဖြူစင်ဆုံးပန်းစံပယ်ကုံးလေးတွေရဲ့ ရနံ့က မွှေးပြန့်သင်းကြိုင်လှပါသည်။ ပန်းလေးတွေက အလွန်လှပတင့်တယ်လှပေသည်။ အဖြူရောင်အဆင်းရှိပြီး ရနံ့မွှေး၍ ဂုဏ်သတင်းကြီးသောပန်းမျိုးဖြစ်ပါသည်။ စံပယ်ကြက်ရုံး၊ စံပယ်အိုးပုတ်၊ အပွင့်ကြီး ဆိတ်စံပယ် ဟူ၍ ရှိပါသည်။ စံပယ်ပန်းသည် တန်ခူးလလောက်ကတည်းက ပန်းစပွင့်တတ်ပြီး (၂)ပြန်(၃)ပြန်ပွင့်သောကြောင့် ယခုအချိန်ထိ  ဈေးကွက်ရှိဆဲဖြစ်ပါသည်။ စံပယ်ပန်းကလေးများကို သီကုံး၍ ဈေးကွက်သို့တင်ပို့ရောင်းချကြပြီး လူကြိုက်များ၍ ဝယ်ယူမှုများသော ပန်းကလေးများဖြစ်ပါသည်။ ဘုရားလှူရန်နှင့် အမျိုးသမီးများ ခေါင်းတွင် ပန်ဆင်ရန်အတွက် အရောင်းသွက်လှပါသည်။ စံပယ်ပန်းပင်သည် တခါစိုက်ထားလျှင် အခါခါခူးယူရသော ကြာရှည်ခံအပင်တစ်မျိုးဖြစ်သည်။ မိမိအိမ်ခြံဝင်းတွင် ပန်းအိုးနှင့် စိုက်ပျိုးကြသလို စီးပွားဖြစ်ခြံနှင့် စိုက်ပျိုးသူများလည်း ရှိပါသည်။ တိုးတက်လာတဲ့ခေတ်နှင့်အညီ ဖုန်းနှင့်တစ်ချက်ဆက်လိုက်ရုံဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ရောင်းချမှုများလည်း ရှိလာပါသည်။ စံပယ်ပန်းပျိုးပင်တစ်ပင်လျှင် (၁၀၀၀/၂၀၀၀/၃၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့ မှ ကျောက်ဖရုံယို နှင့် ချစ်တီးမုန့် ဈေးနှုန်း

     ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကျောက်ဖရုံ ယိုများကို ရွှေဘိုမြို့နှင့် မန္တလေး မြို့တို့ မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျောက်ဖရုံယို ဈေးနှုန်းများမှာ ကျောက်ဖရုံယို တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် ကျောက်ဖရုံယို(၂၅)ကျပ်သား လျှင်(၃၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ ချစ်တီးမုန့် ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့် တစ်ပိဿာ လျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကျောက်ဖရုံယိုကို ဒံပေါက် ဖောက်ရာတွင် လည်းကောင်း၊ နနွင်းမကင်း ဖုတ်ရာတွင် လည်းကောင်း၊ ထိုးမုန့်ထိုးရာတွင်လည်းကောင်း၊ ရွှေရင်အေး၊ ဖာလူဒါတို့ထဲတွင် ထည့်သုံးသည့်အတွက် ဈေးကြီးသော်လည်း ရောင်းအားကောင်း လျက်ရှိကြောင်း  ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း