Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဟင်းနုနွယ်စျေးကွက်

    ဟင်းနုနွယ်သည် စိုက်ပျိုးရန်လွယ်ကူပြီး အကြမ်းခံသောဟင်းရွက်ဖြစ်သည့်အပြင် ဗီ‌တာမင်-အေနှင့်သံဓါတ်ကြွယ်ဝသည့် ဟင်းရွက်ဖြစ်သည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် အများအပြား အောင်မြင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

          ဟင်းနုနွယ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော ယခုကာလတွင် ထားဝယ်မြို့နယ်ရှိကျေး ရွာများတွင် ဟင်းနုနွယ်များ အများအပြားစိုက်ပျိုးလျက်ရှိပြီး စျေးကွက်ရောင်းတန်းဝင် အရွယ်အစား ဖြစ်လာလျှင် ထားဝယ်မြို့ပေါ်ရှိစျေးများတွင် အစီးသေးတစ်စီးလျှင် ၄၀၀/၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကာ ရာသီပေါ်စားသောက်ကုန်သီးနှံတစ်ခုအဖြစ် ဒေသခံ ဟင်းသီးဟင်းရွက်စိုက်သူများ ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ မုန်ညင်းထုပ်စျေးနှုန်း

       မုန်ညင်းထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး  မြန်မာနိုင်ငံတွင်လည်း  ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်းသည်။ အေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး အမျိုးအစားတွင် အရှည်နှင့်အပုဟူ၍ နှစ်မျိူးရှိသည်။ မုန်ညင်းထုပ်များသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့်အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသောသီးနှံပင်တစ်မျိုးလည်း ဖြစ်ပါသည်။

          ထားဝယ်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးများတွင် မေးမြန်းသိရှိရသောဈေးနှုန်းများအရ မုန်ညင်းထုပ်တစ်ထုပ်လျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်ခန့်ရှိသဖြင့် မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြင်းခြံမြို့၏ ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းဈေးကွက်အခြေအနေ

           မြင်းခြံမြို့နယ်သည် လယ်ယာစိုက်ပျိုး‌ရေးလုပ်ငန်းဖြစ်သော ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံများစိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံကို လည်းစိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်နောက်ဆုံးပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၂၀၀၀-၇၇၀၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊  ယခင်ဇူလိုင်နောက်ဆုံးပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၉၆၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၆၄၀၀၀- ၈၀၀၀၀ ) ကျပ် ပေါက်ဈေးများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၃၀၀၀)ကျပ်၊ မတ်ပဲတစ် တင်းလျှင် (၂၀၀၀-၃၀၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံ မှသိရှိရသည်။ စိုက်ပျိုးထွက်ရှိသော ပဲတီစိမ်းနှင့် မတ်ပဲများကို ဒေသတွင်းစားသုံးကြကြောင်း၊ ၎င်း တို့ကို အပတ်စဉ်  (၁၅၀-၂၀၀) အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲအသစ်ထွက်ပေါ်ချိန် မရှိသေးသောကြောင့် ပဲလက်ကျန်အိတ်များလည်း နည်းနေပြီဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့၊ ရန်ကုန်ဘုရင့်နောင်၊ လှိုင်သာယာမြို့နှင့် ရွှေပြည်သာမြို့များသို့တင်ပို့ကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အခြေခံစားကုန်စျေးနှုန်း အခြေအနေ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ဒုတိယအပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ သြဂုတ်လ ပထမအပတ်အတွင်း အခြေခံစားကုန် စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၇၂၀၀)ကျပ်မှ (၇၃၅၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်မှ (၁၄၀၀၀)ကျပ် ၊ သကြားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၅၅၀၀)ကျပ်အထိ စျေးနှုန်းအနည်းငယ် တည်ငြိမ်လျက်ရှိပြီး ကြက်သွန်နီ တစ်ပိဿာလျှင် (၂၂၀၀) ကျပ်မှ (၂၂၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ်သို့ စျေးနှုန်းအနည်းငယ်ခန့် တည်ငြိမ်နေပြီး အခြားသော အခြေခံစားကုန်စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(တနင်္သာရီ)

မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရောင်းချနေသောပန်းသီး ဈေးနှုန်းဈေးကွက်အခြေအနေ

            မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ သစ်သီးဆိုင်များတွင် ရောင်းချနေသော ပန်းသီးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှဝယ်ယူပြီး ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လနောက်ဆုံးပတ်တွင် ရောင်းချနေသော ပန်းသီးလက်လီတစ်လုံးလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊ ပန်းသီး (လုံးသေး) ၁၀ လုံးလျှင်(၂၂၀၀၀) ကျပ်၊ ပန်းသီး (လုံးကြီး) ၁၀ လုံးလျှင် (၂၆၀၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝပြီး အရွယ်တင်နုပျိုစေသောကြောင့် ပန်းသီးစားသုံးမှုများပြား၍ အရောင်းအဝယ်ကောင်းကြောင်း၊  နေ့စဉ်ပန်းသီး အလုံးရေ (၁၀၀-၁၅၀) လုံးခန့်ရောင်းချရကြောင်း၊ ဒေသတွင်းစားသုံးကြသလို သစ်သီးဖျော်ရည်ဆိုင်များမှလည်းဝယ်ယူ၍ ရောင်းချရကြောင်း သစ်သီးရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ပန်းသီးစားသုံးခြင်းဖြင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ကိုလက်စထရော (အဆီဓာတ်)ကို လျှော့ချပေး၍  နှလုံးကျန်းမာရေးကို ထောက်အကူပြုကြောင်း၊ ဦးနှောက်နှင့်ဉာဏ်ရည်ကို ကောင်းမွန်စေပြီး ဆီးချိုရောဂါကိုလျော့ချပေးကြောင်း၊ ကိုယ်ခံအားစနစ်ကိုကောင်းမွန်ကြောင်း၊ အရိုးအဆစ်ကို သန်မာစေသောကြောင့် ပန်းသီးများကို တစ်နေ့တစ်လုံး ပုံမှန်စားသုံးသင့်ကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)

အာဟာရပြည့်ဝသော တောကြက်ဥ

           မြင်းခြံမြို့နယ်ရှိ ကျေးရွာအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသကဲ့သို့ အိမ်တိုင်းနီးပါးတွင် တောကြက်များကို တစ်နိုင်တပိုင်မွေးမြူလေ့ရှိကြကြောင်း သိရှိရသည်။ အိမ်မွေးတောကြက်ဖနှင့် ကြက်မ ပေါင်းစပ်ခြင်းဖြင့် ရရှိသောကြက်ဥများကို ဒေသအခေါ် လိုက်ကြက်ဥ(သို့) တောကြက်ဥဟု ခေါ်ဆိုလေ့ရှိကြောင်း၊ တောကြက်ဥတွင် ပရိုတင်းဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် ကိုယ်ခန္ဓာကြီးထွားကြံ့ခိုင်ရန်နှင့် ကျန်းမာသန်စွမ်းရန်အတွက်  ကြွက်သား တည်ဆောက်မှုကို များစွာအထောက်အကူပြုကြောင်း၊ အားကစားသမားများ၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များစားသုံးရန် အထူးသင့်လျော်ကြောင်း၊ ဦးနှောက်နှင့် မှတ်ဉာဏ်ကို အထူးကောင်း မွန်စေကြောင်း၊ ဗမာလိုက်ကြက်ဥတွင် ဗီတာမင်ဒီနှင့် ဖော့စရပ်ပါဝင်သောကြောင့် အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ကြောင်း သိရှိရသည်။

          သဘာဝအစားအစာများကိုစားသုံးထားသော တောကြက်မများမှ ဥထားသော တောကြက်ဥများကို  စားသုံးခြင်းသည် မွေးမြူရေးကြက်ဥများထက် ခန္ဓာကိုယ်အတွက် ပိုမိုဆေးဖက်ဝင်ပြီး ခွန်အားပိုမိုပြည့်ဝကာ ကျန်းမာရေးကို များစွာအထောက်အကူပြုပါကြောင်း၊ လူကြိုက်များသော်လည်း မွေးမြူရေးကြက်ခြံများမှ မွေးမြူရေးကြက်ဥများကဲ့သို့ အမြောက်အများ ထုတ်လုပ်မှုမရှိသဖြင့် ဈေးကွက်တွင် ပေါပေါများများ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားလေ့မရှိကြောင်း၊ ရှားပါသောကြက်ဥဖြစ်သောကြောင့် ဗမာလိုက်ကြက်ဥတစ်လုံးလျှင် ဈေးနှုန်း (၁၂၀၀) ကျပ်မှ (၁၅၀၀)ကျပ်အထိ ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်၌ ဈေးနှုန်းမြင့်တက်လာသည့် ကြက်သွန်နီ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျှက်ရှိရာ အရေးကြီးသီးနှံ(၁၀)မျိုးအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုန်လာ ဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချ ရန်အတွက် ကြက်သွန်နီကို ရာသီချိန်အလိုက် စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် ကြက်သွန်နီ အလုံးကြီး(၁)ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၈၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက် လာကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)  

                                                                                          

ကန့်ဘလူမြို့နယ်၏ ကျောက်ဖရုံသီးစိုက်ပျိုးရေးနှင့် ဈေးနှုန်းဈေးကွက်

                  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင် ကျောက်ဖ ရုံပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေ ရရှိနေကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံး စိုက်ပျိုးကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးသူ ဦးဝင်းအောင်၏ ပြောပြချက်အရ သိရသည်။

             ကျောက်ဖရုံပင်သည် မျိုးစေ့ချပြီး (၅)လခန့်အကြာတွင် စတင်၍ခူးဆွတ်နိုင်ကြောင်း၊ မျိုးစေ့ထုတ်ယူလိုပါက ပန်းပွင့်ပြီး (၆၅)ရက်ကျော်မှ ခူးဆွတ်သင့်ကြောင်း၊ ကျောက်ဖရုံသီးသည် တာရှည်အထားခံသည့်အပြင် ဆေးဘက်ဝင်အသီးဖြစ်သည့်အတွက် အိမ်များ၌ဆောင်ထားလေ့ ရှိကြောင်း၊ အပင်အမျိုးအစားနှင့် ပြုစုခြင်းပေါ်မူတည်၍ အသီးထွက်နှုန်း ကွာခြားလေ့ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် (၁)စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိ ပါသည်။

DOCA (စစ်ကိုင်း)         

 

 

 

 

 

 

         

မြေပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက်နှင့်တောင်သူ အကျိုးအမြတ်ရရှိမှုအခြေအနေ

         မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာ အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၄ -၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၅၈၂၇၁)ဧကဖြစ်ပြီး၊ မိုးရာသီကုန်အထိ စိုက်ပျိုးမှုမှာ(၆၅၈၉၉)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧကအနေဖြင့်(၆၅၈၉၀)ဧက ရာသီကုန် အထိရိတ်သိမ်းခဲ့ပြီး အထွက်နှုန်းမှာ(၅၁.၄၉)တင်းနှုန်းဖြင့် အထွက်တင်းစုစုပေါင်း (၃၃၉၃၀၀၄) တင်း ထွက်ရှိခဲ့သည်။ ဆောင်းမြေပဲစိုက်ပျိုးရန်လျာထားမှု(၃၁၉)ဧက ရှိပြီး (၁၈၅)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်း ဧကမှာ (၁၈၅)ဧက ရိတ်သိမ်းခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၈.၁၂)တင်းနှုန်းဖြင့် အထွက်တင်း စုစုပေါင်း(၈၉၀၂)တင်းထွက်ရှိခဲ့ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးမြေပဲစိုက်ပျိုးရန် လျာထားမှုအနေဖြင့်(၆၃၅၀၀)ဧကဖြစ်ပြီး မိုးရာသီကုန်တွင်( ၃၁၉၁၄)ဧစိုက်ပျိုးခဲ့ပြီး ရိတ်ဧကမှာ(၂၃၂၀၀)ဧက ရိတ်သိမ်း ခဲ့ပြီးတစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၅၂.၄၇)တင်းထွက်ရှိခဲ့သည်။ အထွက်နှုန်းစုစုပေါင်းမှာ (၁၂၁၇၃၀၄) တင်း ထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန်လျာထားမှုမှာ (၃၁၉)ဧက ရှိပါသည်။ ထွက်ရှိသောမြေပဲများကို ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။

          ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်၊ မြေပဲလုံဆံ တစ်တင်းလျှင်(၁၃၀၅၀၀)ကျပ်နှင့် မြေပဲမျိုးဆံတစ်တင်းလျှင်(၁၃၅၀၀၀)ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်ကာလတူလတွင် မြေပဲဆီဆံတစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ မြေပဲလုံးတစ်တင်းလျှင်(၁၀၈၀၀၀)ကျပ်နှင့် မြေပဲမျိုးဆံတစ်တင်းလျှင်(၁၂၀၀၀၀)ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။

             ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်းမှာ(၅၂.၄၇)တင်းနှုန်းထွက်ရှိခဲ့သည်။ ယခုမြေပဲတောင့်တစ်တင်းလျှင်(၃၂၀၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး တစ်ဧကဝင်ငွေ(၁၆၇၉၀၄၀)ကျပ်နှုန်းရရှိ၍ တစ်ဧကတောင်သူအကျိုးအမြတ်မှာ(၇၃၈၀၄၀)ကျပ်ရရှိခဲ့သည်။ ဒေသထွက်မြေပဲများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာသည်။ တောင်သူအကျိုးအမြတ်ရရှိသော မြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချမှုမပြုဘဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသောဆီများ စားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည့်အတွက် အကျိုးကျေးဇူးများစွာရရှိစေသော ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေး၌ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်းအနည်းငယ်ကျဆင်း

                      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၅၀၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၄၀၀၀မှ ၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်း ယှဉ်ပါက ယခုပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင်(၅၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက် ရှိကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)        

                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း