Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်တွင် ဆေးဖက်ဝင်ကြောင်လျှာသီးရောင်းဝယ်လျက်ရှိ

             ကြောင်လျှာသီးတွင် အစိမ်းသီးနှင့် အညိုသီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အရသာသည်ခါးသက်သက်နှင့် ပူရှိန်းရှိန်းအရသာရှိပါသည်။ ကြောင်းလျှာသီးအစိမ်းကိုပါးပါးလှီးပြီး သုတ်စား၍လည်းကောင်း၊ အချဉ်စိမ်၍ ချဉ်ဖတ်အဖြစ်လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း၊ ကြော်ချက်၍လည်းကောင်း စားသုံးကြပါသည်။ ကြောင်လျှာသီးသည် ဘက်တီးရီးယားများကိုတိုက်ဖျက်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း၊ ရောင်းရမ်းမှုကိုသက်သာစေခြင်း၊ အသည်းကိုကျန်းမာစေခြင်း၊ ကျောက်ကပ်ကိုကျန်းမာစေခြင်း၊ ဆီးချိုကိုသက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးခြင်းစသည့် ကျန်းမာရေးကိုများစွာ အထောက်အကူပြုသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ဆေးဖက်ဝင်သည့်သီးနှံဖြစ်သော်လည်း ရောဂါအခံရှိသူများ၊ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ပုံမှန်ဆေးသောက်သုံးသူများ၊ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်များအနေဖြင့် ချင့်ချိန်စားသုံးပေးသင့်ပါသည်။ ဆီးချိုရှိသူများအနေဖြင့် ဆီးချိုဆေးသောက်သုံးနေရပါက အလွန်အကျွံမစားမိစေရန် သတိပြုသင့်ပါသည်။

                ပြည်ဈေးကွက်အတွင်းမှာ နိုဝင်လာလဆန်းမှစ၍ ကြောင်လျှာသီးတစ်တောင့်လျှင် (၃၀၀-၄၀၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရှိရပါသည်။ ကြောင်လျှာသီးကိုပြည်မြို့အနီးရှိ မှော်ဇာ၊ ကင်ပွန်းခြုံကျေးရွာနှင့် အခြားကျေးရွာများမှ ဝင်ရောက်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက်ဥစားပိန်းဈေးကွက်အခြေအနေ

               ရိုးစားပိန်းနှင့် ဥစားပိန်းဟူ၍ နှစ်မျိူးရှိပါသည်။ ရိုးစားပိန်းမှာ အရိုးတံကိုသာ စားသုံးကြရပါသည်။ ဥစားပိန်းမှာ မြေကြီးထဲမှတူးယူရသည့် သဘာဝဆေးဖက်ဝင်ဥဖြစ်ပါသည်။ ရိုးရိုးပိန်းများမှာ ဟင်းခါးချက်သောက်ရာတွင်လည်းကောင်း၊ ကြာဇံဟင်းခါးချက်စားရာတွင်လည်းကောင်း ရိုးစားပိန်းများအား ထည့်၍စားသုံးလေ့ရှိပါသည်။ ပိန်းဥကိုပြုတ်၍ ဆီ၊ဆားဖြင့်အဆာပြေသရေစာအဖြစ်စားသုံးခြင်း၊ မုန့်အချိုပွဲတွင်လည်း ပိန်းဥကိုအသုံးပြုကြပါသည်။ ရိုးစားပိန်းပင်များသည် အမျိုးအစားတစ်မျိုးသာရှိပြီး ဥစားပိန်းတွင် အယဉ်နှင့် အရိုင်း (၂)မျိုးရှိပါသည်။ ဥစားပိန်း၏အရသာမှာ အစိမ့်အရသာရှိပါသည်။ အာလူးအစားထိုးအဖြစ် ပိန်းဥကိုလည်းစားသုံးကြပါသည်။ ပိန်းဥများမှာ မိုးရာသီ ရောက်လျှင် စတင်စားသုံး၍ရနိုင်ပြီးမိုးနှောင်းရာသီတွင် ပေါများစွာထွက်ရှိပါသည်။

               ရွှေတောင်ဈေးကွက်အတွင်း ဝင်ရောက်ရောင်းချသော ပိန်းဥများမှာ မင်းတဲကျွန်း၊ စစ်ကိုင်းကျွန်း၊ မြို့မရွာတို့မှ လာရောက်ရောင်းချလျက်ရှိပြီး ရောင်းချသောဈေးနှုန်းများအနေဖြင့်  ရိုးစားပိန်းများမှာ အရိုး(၃)ချောင်းပါ အစည်း(၁)စည်းလျှင် (၅၀၀)ကျပ်၊ ပိန်းဥအလုံးကြီး တစ်ပိဿာ လျှင် (၁၃၀၀)ကျပ်၊ အလုံးအလတ်/ အသေးရောနှောတစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဖြစ်ပါသည်။

DOCA(ပဲခူး)

ဘားအံမြို့ဒေသထွက် မုန့်ဆန်း

     တန်ဆောင်မုန်း လဆန်းအချိန်တွင် မုန့်ဆန်းလှိုင်လှိုင်ပေါ်နေပြီး ဖြစ်သည်အတွက် ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးတွင် ကရင်ပြည်နယ်ဒေသထွက် မုန့်ဆန်းများ စတင်ရောင်းချ‌နေကြောင်း သိရသည်။

     မုန့်ဆန်းပြုလုပ်ပုံမှာ မောင်းညိုမဖြစ်တဖြစ်အချိန်တွင် ရိတ်ထားသောကောက်ညှင်းကို တုတ်ဖြင့် ရိုက်ချွေပြီး ရလာသည့် ကောင်ညှင်းကို ဒယ်အိုးဖြင့်ဆယ်မိနစ်ခန့် လှော်ပေးရသည်။ လှော်ထားသော ကောက်ညှင်းဆန်ပူပူကို ဆုံတွင်ထည့်ထောင်းပြီး ရရှိလာသော မုန့်ဆန်းပြားကို ဆန်ကွဲနှင့်အမှိုက်များစင်အောင် စကောဖြင့် ပြာပေးရပါသည်။ မုန့်ဆန်းကို အုန်းသီး၊သကြား၊ဆားအနည်းငယ်ဖြင့် ရောနယ်ပြီး ဆွမ်းတော်ကပ်ခြင်း၊ဦးရှင်ကြီးတင်ခြင်းတို့ ပြုလုပ်စားသုံးကြပါသည်။

    ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးတွင် ကရင်ပြည်နယ်ဒေသထွက် မုန့်ဆန်းဈေးနှုန်းများမှာ မုန့်ဆန်းတစ်ဘူးလျှင် (၈၀၀၊၁၀၀၀)ကျပ်၊ မုန့်ဆန်း တစ်ပြည်လျှင် (၇၀၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

မအူပင်မြို့နယ်၌ စပါယ်ပန်းစိုက်ပျိူးပြီး ဈေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိ

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ တလုပ်လပ်ကျေးရွာ၊ ဝါးတောကျေးရွာ၊ အလန်းကျေးရွာများတွင် စံပယ်ပန်းကိုစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ပန်းစိုက်ဧက၁၂၈ကျော် စိုက်ပျိုးထားရှိကြောင်းသိရသည်။

        စံပယ်မျိုးအနေဖြင့် အပင်ကိုဝယ်ယူပြီး တစ်ပင်ကို   ၅၀ကျပ်နှုန်းဖြင့်ဝယ်ယူ၍ တစ်ဧကလျှင် အပင်တစ်သောင်းစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ၁၀လန် ၁ကွက်ကို ၁၀၀၀ပင်စိုက်ပျိုးပြီး ယခု ၁၀လန် ၂ကွက်တွင် အပင် ၂၀၀၀ပင်စိုက်ပျိုးကြောင်း စံပယ်စိုက်သူကပြောပြပါသည်။ စံပယ်ပင်သည် စတင်စိုက်ပျိုးပြီး ၃လအကြာ၌ အမြစ်စွဲပြီး ရက်အနည်းငယ်အကြာ၌ အဖူးစလိုက်ကြောင်းသိရသည်။

       စံပယ်ပန်းများကို ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး ၎င်းမှာ နိုဝင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ငွေကျပ်၂၀၀၀၀၀ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် စံပယ်ဖူး တစ်နေ့ကို  ၇၀၀၀ ခန့်ထွက်ရှိကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ ပထမပတ်တွင် စံပယ် လက်ကားဈေး စံပယ်အဖူး ၁၀၀ကို ၆၀၀ကျပ်၊ စံပယ်ဖူး၁၀၀၀ကို ၆၀၀၀ကျပ်ဖြင့်ရောင်းချရပြီး တစ်နှစ်ကို ငွေကျပ် ၄၆၂၀၀၀ခန့်ရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ၂၆၂၀၀၀ကျပ်ခန့်အကျိုးအမြတ်ရရှိကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြပြီး မိုးရွာသွန်းမှုများပြားလျှင် စံပယ်အထွက်နည်းပြီး ဈေးကောင်းရကြောင်း၊ နွေရာသီတွင် စံပယ်အထွက်များပြီး ဈေးနည်းကြောင်း၊ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်၍ ၄လတစ်ခါ အညွန့်ဖြတ်ပေးပြီး အပင်သစ်ထွက်၍ စံပယ်ဖူးများ လှိုင်လှိုင်ထွက်ကာ ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ်များရရှိကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ဂေါ်ရခါးသီးနှင့်ပန်းဂေါ်ဖီဈေးကွက်

              ယခုနိုဝင်ဘာလတွင် ပြည်ဈေးကွက်သို့ရှမ်းပြည်နယ်၊ ပင်းတယ၊ ကလော၊ ပင်လောင်းစသည့်မြို့နယ်များမှ ဂေါ်ရခါးသီးနှင့်ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်လျက်ရှိပါသည်။ ဂေါ်ရခါးသီးနှင့်ပန်းဂေါ်ဖီများ ဝင်ရောက်မှုမှာ အနည်းငယ်နည်းပါးသွားပြီး တစ်ပတ်လျင်ကားအဝင်နည်းကြောင်းလည်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး အဝင်နည်းသည့်အတွက် ဂေါ်ရခါးသီးတစ်လုံးလျှင် (၅၀၀)ကျပ်ခန့်နှင့် ပန်းဂေါ်ဖီတစ်ထုပ်လျှင် (၁၂၀၀-၁၅၀၀)ကျပ် ရှိကြောင်းသိရပါသည်။ ယခင်နှစ်တွင် ဂေါ်ရခါးသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀-၃၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ထုတ်လျှင် ၈၀၀-၁၀၀၀ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။ ထို့ကြောင့် ယခုနှစ်တွင် ပန်းဂေါ်ဖီနှင့် ဂေါ်ရခါးသီးဈေးနှုန်းများအနည်းငယ်မြင့်တက်လာသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

ဈေးကောင်းလာသည့်ဒေသထွက်ရေချိုငါး

   မိုးကာလကုန်ဆုံးပြီးနောက် မြစ်ချောင်း၊အင်း၊အိုင်များ ရေနည်းပါးလာပြီး အသား/ငါးပေါများလာသည့် ကာလတို့ရောက်ရှိလာခြင်းနှင့်အတူ မွေးမြူရေး အသား/ငါးများထက် ဒေသထွက်ရေချိုငါးများမှာ ဈေးကောင်းရလျက်ရှိသည်။

   ဒေသထွက်ရေချိုငါးဈေးနှုန်းများမှာ မြစ်ငါးတန် တစ်ပိဿာလျှင်၂၂၀၀၀ကျပ်၊ချောင်းငါးကြင်း တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးရံ့ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးပနော် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငါးဖားမ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင်  ၂၅၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငါးလေးများဖြစ်သည့် ငါးမြွေထိုး တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊  ငါးဇင်ရိုင်း တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှုန်းတို့ဖြင့် မွေးမြူရေးငါးထက် ဒေသထွက်ရေချိုငါးများ ပိုမိုဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

    ကရင်ပြည်နယ်တွင် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ သောင်းရင်းမြစ်တို့ရှိပါသည်။ ယင်းမြစ်များကို အမှီသဟဲပြု၍ ဘားအံမြို့ အနီးတဝိုက်ကျေးရွာများရှိ ဒေသခံအချို့သည် တံငါအလုပ်ဖြင့် အသက်မွေးကြကာ ရေချိုငါးဖမ်းလုပ်ငန်းများ တပိုင်တနိုင်လုပ်ကိုင်ကြပြီး ဘားအံမြို့ရှိ ရေပေါ်ဈေးတွင် အဓိကထားလာရောက် ရောင်းချကြောင်း သိရသည်။

DOCA(ကရင်)

မအူပင်မြို့နယ်မှ နေ့စဉ် ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ထိတင်ပို့လျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး  ချောင်း၊ အင်းအိုင်၊ မြောင်းလယ်ကွင်းများမှ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးပြီး ဖမ်းစီးရရှိသော ဒေသထွက်ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီးလျက်ရှိ ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။

      မအူပင်မြို့နယ်မှ ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံ မြင့်မိုရ်ငါးရှဉ့်ဒိုင်၏ ပြောပြချက်အရသိရသည်။ စက်တင်ဘာလအတွင်း ရန်ကုန်သို့ ငါးရှဉ့်ပိဿာချိန် ၅၅၀၀၀ ထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလတစ်လတာအတွင်း ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ မအူပင် ထနီး၊ မလတ်တို၊ ရေလဲ၊ အောင်ဟိတ်၊  စစ်ချောင်း၊ နတ်စဉ်၊ ငါးဖားအိုင် ကျေးရွာဘက်တို့မှ တစ်နေ့ကို ငါးရှဉ့်ပိဿာချိန် ၁၅၀၀ မှ ၂၀၀၀၊ ၂၅၀၀ ထိဝယ်ယူရရှိကြောင်း၊ ငါးရှဉ်ဆိုဒ်အမျိုးအစားအခွဲခြားဘဲ ဝယ်ယူပြီး၊ ရန်ကုန်သို့တင်ပို့ကာ ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာခြင်းဖြစ်ကြောင်းသိရသည်။

       ရန်ကုန်ဈေးကွက်မှတစ်ဆင့် အခြားပြည်တွင်း၊ ပြည်ပဈေးကွက်များဆီသို့ ဆက်လက်ဖြန့်ဖြူးရောင်းချကြောင်း၊ မအူပင်မြို့နယ်မှ ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး ရန်ကုန်မြို့ ငါးရှဉ်ဒိုင်ကြီးများက ပြည်တွင်း၊ ပြည်ပဈေးကွက်ထိတင်ပို့နေကြောင်း မအူပင်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး မြင့်မိုရ်နှင့် မြင့်မြတ်သူလုပ်ငန်းပိုင်ရှင်တို့ကပြောသည်။ မအူပင်မြို့နယ်တွင် အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးရှဉ့် ၁၀ပိဿာလျှင် ငွေကျပ်၁၃၅၀၀၀မှ ငွေကျပ်၁၅၀၀၀၀ထိဈေးပေါက်ခဲ့ကြောင်း၊ ယနေ့နိုဝင်ဘာလ (၁၁)ရက်နေ့ ပေါက်ဈေးအနေဖြင့်  ငါးရှဉ့် ၁ပိဿာကို ၁၈၀၀၀ကျပ်၊ ၁၉၀၀၀ကျပ်ထိဈေးပေါက်၍ ဈေးကောင်းနေပြီး ဝယ်ယူနေသည်။ ကထိန်လ အလှူရက်ဖြစ်၍ လာရောက်ရောင်းချမှုနည်းပါးသော်လည်း အလှူပြီးရက်များတွင် ပိဿာချိန်ပိုမိုရရှိနိုင်ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်သူ ပွဲရုံလုပ်ငန်းရှင်ကပြောပြသည်။ အဆိုပါဒေသတွင် ရန်ကုန်ဈေးကွက်မှတစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

 

ပြည်မုန်လာဥဖြူဈေးကောင်းရ

              ပြည်ဈေးကွက်အတွင်း ဆောင်းရာသီသီးနှံဖြစ်သည့် မုန်လာဥဖြူသီးနှံများ ယခုနိုဝင်ဘာပထမပတ်တွင် စတင်ဝင်ရောက်မှုရှိလာပြီး ဈေးကောင်းရလျက်ရှိကြောင်းသိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်မှာကောင်းလျက်ရှိပြီး ဈေးကွက်သို့ ဆင်မြီးဆွဲ၊ ပုတီးကုန်း၊ ကင်ပွန်းခြုံ၊ မှုတ်ရှည်ရွာများမှ အဝင်ရှိနေပါသည်။ ဝင်ရောက်မှုမှာ တစ်ကြိမ်လျှင် (၅)လုံးပါအစည်း (၅၀-၆၀)ခန့်ဝင်ရောက်မှုရှိနေပြီး ဈေးကွက်အတွင်းရောင်းချသောဈေးနှုန်းမှာ တစ်စည်းလျှင် (၇၀၀-၈၀၀)နှုန်းဖြင့် ဈေးမြင့်နေသော်လည်း ပေါ်ခါစဖြစ်သောကြောင့် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်ရှိလိမ္မော်သီးဈေးကွက်

                ပြည်မြို့ရှိ လိမ္မော်သီးဈေးကွက်မှာ ဈေးနှုန်းများကျဆင်းခြင်းမရှိဘဲ ပုံမှန်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လိမ္မော်ပင်များသည် ဒေသတစ်ခုနှင့် တစ်ခုစိုက်ပျိုးချိန်၊ မြေအနေအထား၊ ရာသီဥတုအခြေအနေ၊ ဒေသအနေအထားအရ အသီးသီးကွဲပြားပါသည်။ မတ်လနှင့် ဧပြီလတွင် စတင်အသီးသီးပြီး အောက်တိုဘာလတွင်အသီးများလှိုင်လှိုင်ထွက်ရှိပါသည်။ လိမ္မော်သီးအား တောင်ကြီးနှင့်လားရှိုးမြို့တို့တွင်စိုက်ပျိုးပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်များတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အတွင်း ဝင်ရောက်လာသောလိမ္မော်သီးများမှာ တောင်ကြီး၊ အောင်ပန်းဒေသများမှဝင်ရောက်ပြီး၊ ဟင်္သာတမြို့နယ်များမှ ဝင်ရောက်သောအသီးများမှာ ပိဿာချိန်ဖြင့်ရောင်းချရသောအသီးများဖြစ်ပြီး ပြည်မြို့မှတစ်ဆင့် အခြားမြို့နယ်များသို့ပြန်လည်၍ လက်လီ/ လက်ကားရောင်းချကြောင်းသိရပါသည်။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောလိမ္မော်သီးဈေးနှုန်းများမှာ အလုံးချောတစ်လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်နှင့် အချိန်နှင့်ရောင်းချသော လိမ္မော်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ခရမ်းရောင်သစ်ခွပန်းများအရောင်းအဝယ်ဖြစ်

               ယခုအချိန်သည် ဆောင်းဦးပေါက်ရာသီဖြစ်၍ ဘုရားပန်းများကပ်လှူပူဇော်ရန် ခရမ်းရောင်သစ်ခွပန်းများ ပြည်မြို့ရှိဈေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။ ထိုသစ်ခွပန်းသည် ဆောင်းရာသီကာလတွင်သာရရှိပြီး ပြည်ဒေသရှိ ပန်းရောင်းသူများသည် ရန်ကုန်မြို့မှ မှာယူတင်သွင်းရောင်းချကြောင်းသိရပါသည်။ ရန်ကုန်မြို့မှ ပန်းကုန်သည်များသည် ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် ပြင်ဦးလွင် ဘက်မှဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း သိရပါသည်။ ရောင်းချသော ဈေးနှုန်းများအနေဖြင့် ပန်းခိုင် အကြီး/ အသေးရောရာ (၅)ခိုင်ပါတစ်စည်းလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ယခင်နှစ်တွင် ထိုပန်းခိုင်တစ်ခိုင်လျှင် (၄၀၀-၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

                ထိုသစ်ခွပန်းသည် ဘုရားပန်းများကပ်လှူပူဇော်ရာတွင် လှပသပ္ပယ်ပြီး ကြာရှည်အထားခံ၍ ဝယ်ယူသူများပြီး အရောင်းအဝယ်သွက်သောပန်းဖြစ်ပါသည်။

 DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း