Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရေဓါတ်ဖြည့်ပန်းသစ်တော်သီးနှင့် မြိတ်ဒေသရှိ စျေးနှုန်း‌

     သရက်၊ ဒူးရင်း၊ မန်ကျည်း၊ ပိန္နဲစသည့် သီးနှံများကို အပူပိုင်းဒေသဖြစ်သော တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်တို့တွင်စိုက်ပျိုးကြပြီး ပန်းသစ်တော်သီးသည်အေးသောဒေသတွင်သာ စိုက်ပျိုးနိုင်သောကြောင့် ရန်ကုန်နှင့် အခြားဒေသများမှဝယ်ယူလျက်ရှိပါသည်။ အဓိကအားဖြင့် ရှမ်းပြည် နယ်တွင် ကောင်းစွာရှင်သန်ပေါက်ရောက်ပြီး အထွက်နှုန်းများသည်။ စတင်စိုက်ပျိုးသည့် အချိန်မှ ၃ နှစ် သက်တမ်း အကြာတွင် စတင်သီးလာမည် ဖြစ်ပါသည်။ အနိမ့်ဆုံးအပူချိန် အနုတ် ၂၇ ဒီဂရီ စင်တီဂရိတ်မှ အမြင့်ဆုံး အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာဖြစ်ထွန်း ရှင်သန်သည်။ အခွံကို ရေဆေးပြီး တိုက်ရိုက်စားသုံးနိုင်သည်။ ပန်းသစ်တော်သီးသည် အာဟာရသတ္တုဓါတ်ကြွယ် ဝပြီး အရည်ရွှမ်းပြီး ချိုချဥ်အရသာရှိသည့်အပြင် စားသုံးသူများအကြိုက်များသော သစ်သီးတစ်မျိုး လည်း ဖြစ်သည်။ ဗီတာမင်စီ၊သံဓါတ်၊ ကော့ပါးနှင့် ပိုတက်စီယမ်တို့ ပါဝင်ပြီး ကျန်းမာရေးပညာရှင် များက ပန်းသစ်တော်သီးသည် အစာအိမ်အတွက်ကောင်းမွန်စေပြီး ရေဓါတ်များစွာပါဝင်သော သစ်သီးတစ်မျိုးဖြစ်သည်ဟု ဆိုပါသည်။

          မြိတ်မြို့တွင်ရောင်းချနေသော ပန်းသစ်တော်သီးကို အများအားဖြင့် အခြားဒေသမှ တင်သွင်း သည်။ ပန်းသစ်တော်သီးကို ရှမ်းချောင်းကုန်စိမ်းစျေးမှ တစ်ဆင့် တပ်ပြင်စည်ပင် သာယာစျေးတွင် ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။ မြိတ်မြို့တွင် ပန်းသစ်တော်သီးအကြီး တစ်လုံးလျှင် ၃၅၀၀ကျပ်၊ ပန်းသစ်တော်သီးအလတ် တစ်လုံးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဖြူးမြို့နယ်၌ စားသုံးဆီဖူလုံရေး ဆောင်းဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယခင်နှစ် စားသုံးဆီဖူလုံမှု (၅၈.၄၀) ရာခိုင်နှုန်းသာရှိခဲ့ပြီး ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စားသုံးဆီဖူလုံမှု (၁၀၅.၀၃) ရာခိုင်နှုန်းရရှိရေးအတွက် နွေ၊ မိုး၊ ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လယ်ယာကိုင်းကျွန်း စိုက်ပျိုးသူများ၊ သမဝါယမကဏ္ဍစိုက်ခြင်းများအား စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းကြီးကြပ်မှုကော်မတီမှ သိရသည်။

        “ကျွန်တော်တို့ သမဝါယမကဏ္ဍအနေဖြင့် ဒီနှစ်ဆောင်းမြေပဲဗီယက်နမ်မျိုး (၂၀) ဧကစိုက်ပျိုးဖို့စီစဉ်ထားပြီး အစေ့ချစက်နဲ့စတင်စိုက်ပျိုးနေပါပြီအခြားအနေနဲ့ မတ်ပဲ (၃၄၂)ဧက၊ ပဲတီစိမ်း (၂၀)ဧက၊ ပိုက်ဆံလျှော် (မျိုးစေ့ထုတ်) (၃၀)ဧကနှင့်နွေစပါး(၁၀၀)ဧက စိုက်ပျိုးဖို့ရှိပါတယ်” ဟုလူငယ့် အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်းဥက္ကဌ ဦးဝင်းလှိုင်ကပြောကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့နယ်လူငယ်အားမာန်၏ ဆောင်းမြေပဲစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေ

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ယခုနှစ်တွင် ဆောင်းမြေပဲ (၂၅၆၀) ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ဗီယက်နမ်မျိုးအစေ့ချ စက်ဖြင့် စိုက်ပျိုးလျက်ရှိသည်။ လျာထားချက် ပြည့်မှီကျော်လွန်ရေးနှင့် ပန်းတိုင်အထွက်တိုးရေးအတွက် ဆောင်ရွက်လျက်ရှိရာ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် သမဝါယမအသင်းရှိ အသင်းသားတောင်သူတစ်ဦး၏ ဆောင်းမြေပဲ ဗီယက်နမ်မျိုး(၇)ဧက အစေ့ချစက်ဖြင့် စိုက်ပျိုးနေကြောင်းလည်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် သမဝါယမ ကဏ္ဍမှဆောင်းသီးနှံများဖြစ်သော ဆောင်းမြေပဲ (၂၀)ဧက၊ မတ်ပဲ (၃၄၂) ဧက၊ ပဲတီစိမ်း (၂၀) ဧက၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ် (၃၀)ဧက နှင့် နွေစပါး (၁၀၀)ဧကအား အသင်းအစီအစဉ်ဖြင့် စိုက်ပျိုးနေပြီဖြစ်ကြောင်းလည်း အသင်းဥက္ကဌထံမှ သိရသည်။ ဆောင်းမြေပဲတွင် ပင်ထောင်နှင့် ပင်ပြန့်မျိုးဟူ၍ နှစ်ပြီးရှိသည်။ ဆောင်းမြေပဲစိုက်ရာတွင် ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင်မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း (၅၀၀၀၀၀) ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်းနှင့် အစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် ဆောင်းမြေပဲတစ်ဧကလျှင် (၆၀)တင်း ခန့်ထွက်ကြောင်းနှင့် မြေပဲတောင့် တစ်တင်းလျှင် (၁၄)ပိဿာခန့်ထွက်ရှိသည်ဟုသိရသည်။ မြေပဲတစ်ပိဿာ လျှင် (၉၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၇၅၀၀) ကျပ်ဈေးနှုန်းများဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)         

ဇန်နဝါရီလအစ ဒေသထွက်ကွမ်းရွက်စျေးနှုန်းများ စျေးကောင်းရလျက်ရှိ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် သဘာဝပေါက်ပင်များပေါက်ရောက်သော ဒေသ ဖြစ်သလို ဒေသတွင်းစီးပွားဖြစ်ဖြစ်စေ၊ တစ်နိုင်တစ်ပိုင်စားသုံးရန်ဖြစ်စေ စိုက်ပျိုးကြသောပေါက်ပင် များလည်းရှိပေသည်။ စီးပွားဖြစ်စိုက်ပျိုးကြသော အပင်များထဲမှ ကွမ်းရွက်သည် ၂၀၂၆ခုနှစ်၊ ဇန်န ဝါရီလအစတွင် စျေးကောင်းရရှိလျက်ရှိကြောင်းသိရှိရပါသည်။ ကွမ်းရွက်ကို ဒေသတွင်း စားသုံးရန် သာမက ကွမ်းယာနှင့် မြန်မာ့တိုင်းရင်းဆေးလုပ်ငန်းအတွက် မရှိမဖြစ်ဖြစ်ပြီး ဒေသတွင်း ရောင်းချ ကြသလို အခြားတိုင်း/ပြည်နယ်များသို့တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ ကျေးရွာများနှင့် မြို့များ တွင်ပါစိုက်ပျိုးထားရှိပြီး မြို့ရှိလက်ကားဒိုင်များသို့ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။ ကွမ်းယာတွင် အကြမ်း၊ အချောဟူ၍ အမျိုးမျိုးရှိပြီး စျေးနှုန်းမှာလည်းကွဲပြားလျက်ရှိကြောင်း သိရှိရ ပါသည်။

    ကွမ်းရွက်သည် ဆောင်းရာသီနှင့် ပူပြင်းသောနွေရာသီများတွင် အထွက်နှုန်းကျဆင်းပြီး ပိုးမွှားများအန္တရာယ်ကြောင့် စျေးနှုန်းများမြင့်တက်ကြသော်လည်း ယခုဒေသတွင် ဒီဇင်ဘာလ အကုန် ဇန်နဝါရီလအထိ အေးသောရာသီများဖြစ်သောကြောင့် ကွမ်းရွက်ရှားပါးလာသဖြင့် ပို၍ စျေးကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ ကွမ်းရွက်သည် ယခင်က အစည်း(၁၀၀)ပေါက် စျေး လျှင် ကျပ်၇၀၀၀၀ခန့်ရှိရာမှ ယခုဇန်နဝါရီလတွင် အစည်း(၁၀၀)ပေါက်လျှင် ကျပ်(၁၈၀၀၀၀) ထိစျေးနှုန်းကောင်းမွန်းလျက်ရှိကြောင်း၊ ဒေသတွင်ကွမ်းရွက်အရွက် (၂၀)ပါတစ်စည်းစည်း၍ မြို့ ပေါ်ရှိဆိုင်များသို့ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မြိတ်မြို့တွင် ကွမ်းရွက်တစ်စည်း လျှင် ၂၃၀၀ကျပ် ခန့်ရှိနေပြီး ကွမ်းကြမ်းတစ်စည်းလျှင် ကျပ်(၁၅၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

ရောင်းအားကောင်းသော မြိတ်‌ဒေသထွက် ပန်းဂေါ်ဖီဈေးနှုန်း

     ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ရေထွက်ကုန်များ အများအပြားထွက်ရှိ သော်လည်း တစ်ဖက်တွင် ခြံထွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး‌လျက်ရှိပါသည်။ သန့်ရှင်း လတ်ဆတ်သော သီးပင်၊စားပင်များနှင့်တကွ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ဗီတာမင်ဓာတ်ကြွယ်ဝသော ပန်း‌ဂေါ်ဖီများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ကမ်းရိုးတန်း‌ ဒေသဖြစ်သည့်အတွက် ဆားငန်ရေများ မြေဆီလွှာမှာရှိနေသောကြောင့် မြေသြဇာကောင်းပြီး ရေစိမ့်စိမ့်နိုင်သော မြေတွင်သာကောင်းစွာဖြစ်ထွန်းပြီး ရေလွန်ရေချိုမဖြစ်စေရန် အရေးကြီးပါ သည်။

          ကိုယ်ခံအားစနစ်ကောင်းစေခြင်း၊ ဗီတာမင်စီအများကြီးပါဝင်လို့ အအေးမိ၊ဖျားနာခြင်းတွေ ကို ကာကွယ်ပေးပါသည်။ ဝမ်းချုပ်ခြင်းကိုလျှော့ချပေးပြီး အစာအိမ်ကျန်းမာစေပါသည်။ မြိတ်ဒေသ တွင် ရှမ်းပြည်နယ်မှတင် သွင်းလာသောပန်းဂေါ်ဖီများလည်း စျေးကွက်အတွင်းရောင်းချကြသလို ဒေသထွက်ပန်းဂေါ်ဖီများလည်းရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ပန်းဂေါ်ဖီမှာ ရှမ်းပြည်မှ ထွက်သော ပန်းဂေါ်ဖီထက် အရွယ်အစားပိုသေး၍ အရသာမှာပိုချိုသောကြောင့် ရောင်းအား‌ကောင်း ကြောင်းသိရှိရပါသည်။ သိုင်းရိုက်ဒ်ရောဂါရှိသူများက ပြုတ်ပြီးစားသင့်ကြောင်းလည်းသိရှိရပါသည်။ ဒေသထွက်ကုန်ဖြစ်သည့်အတွက် ဈေးနှုန်းသင့်တင့်၍ ဝယ်လိုအားကောင်းသော သီးနှံတစ်ခုဖြစ် ပါသည်။ မြို့ပေါ်ရှိစျေးများတွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ရံဖန်ရံခါ (၃၅၀၀) အထိဈေးကောင်း ရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၅-၁-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၅-၁-၂၀၂၆ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

                  ရွှေဘိုခရိုင်အတွင်းတွင် ဇန်နဝါရီလ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (၆၉၀၈၃)အိတ်၊ မန္တလေးသို့ (၄၆၅၂၀) အိတ်၊ နေပြည်တော်သို့ (၂၀၆၅)အိတ်၊ပဲခူးတိုင်းသို့ (၇၂၇၀)အိတ်၊ မကွေးတိုင်းသို့ (၂၆၆၈)အိတ်၊ ရှမ်း(တောင်)သို့ (၁၇၈၁၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၆၄၅)အိတ်၊ ကရင်ပြည်နယ်သို့ (၂၉၈၅)အိတ် ၊မူဆယ်သို့ (၅၄၀)အိတ်၊တနင်္သာရီတိုင်း မြိတ်သို့ (၁၁၀၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၅၇၆၈၆ တန်အားဖြင့် ၇၈၈၄တန် စီးထွက်ခဲ့ပါသည်။

          ယခု ၂၀၂၆ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရန်ကုန်သို့ (၉၈၁၇၆)အိတ်၊ မန္တလေးသို့ (၆၀၀၂၈) အိတ်၊ နေပြည်တော်သို့ (၂၅၆၇)အိတ်၊ပဲခူးတိုင်းသို့ (၇၀၂၆)အိတ်၊ မကွေးတိုင်းသို့ (၁၉၉၂)အိတ်၊ ရှမ်း(တောင်)သို့ (၂၄၄၆၄)အိတ်၊ မွန်ပြည်နယ်သို့ (၁၇၆၁၀)အိတ်၊ ကရင်ပြည်နယ်သို့ (၃၇၅၅)အိတ် ၊မူဆယ်သို့ (၉၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၀)အိတ်၊စုစုပေါင်း အိတ်ရေ ၂၁၆၆၁၈ တန်အားဖြင့် ၁၀၈၃၁တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၅၈၉၃၂၊ တန်အားဖြင့် ၂၉၄၇တန် ပို၍ စီးထွက် ခဲ့ပါသည်။

            ရွှေဘိုမြို့၏ ဇန်နဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျင် ကျပ် ၅၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၉၀၀၀၀မှ ကျပ် ၂၀၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း(သစ်) စပါး တင်း၁၀၀လျှင် ကျပ် ၃၉၀၀၀၀၀၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၈00000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀မှ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း စပါး(သစ်)တင်း ၁၀၀လျှင် ကျပ်၂၀၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထားဝယ်ဒေသအိမ်ပြန်လက်ဆောင်မုန့်မျိုးစုံ

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရာသီပေါ်အစားအစာများ၊ ရိုးရာမုန့်မျိုးစုံများ၊ ထား ဝယ်ဒေသထွက်မုန့်မျိုးစုံများ၊ မြိတ်မြို့တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများတို့ကို ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြခဲ့ခြင်းဖြစ်ပါသည်။ ထားဝယ်ဒေသထွက် မြန်မာရိုးရာ အစားအစာများသည် မြိတ်မြို့ပေါ်တွင် အိမ်ပြန်လက်ဆောင်များ အဖြစ်အလွန်ပင် ‌ရောင်းအား ကောင်းကြောင်းသိရှိရပါသည်။ ထားဝယ်ဒေသထွက်အစားအစာများသည် ထုတ်ပိုးမှုနှင့် သန့်ရှင်း သန့်ရပ်မှုရှိသောကြောင့်အလွန်ပင်ရောင်းအားကောင်းပြီး ထမင်းစားပြီး အချိုတည့် စရာအဖြစ်လည်း လူကြီး/လူငယ်မရွေးစားသုံးကြကြောင်း သိရှိရပါသည်။

    ယခင်၂၀၂၆ခုနှစ်၊ ဇန်နဝါရီလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များ တွင် ရောင်းချနေသော ထားဝယ်မုန့်ကြွပ်(၁၀)ချပ်ပါတစ်ထုပ်လျှင် (၃၀၀၀)ကျပ်၊ (၅)ချပ်ပါ တစ်ထုပ်လျှင် (၁၅၀၀)ကျပ်၊ ကောက်ညင်းမုန့်ကြွပ်တစ်လျှင် (၂၅၀၀)ကျပ်၊ မြေပဲယို၊နှမ်းဖြူ၊ နှမ်းနက်ယိုသုံးမျိုးစပ် တစ်ဘူးလျှင် (၃၈၀၀)ကျပ်၊ထားဝယ်ဒေသခေါ်ဂါဂျိုး (ခေါ်)အုန်းယိုလုံးတစ် ထုပ်လျှင် (၅၅၀၀)ကျပ်၊ ဇီးထညက် တစ်ထုပ်လျှင်(၂၅၀၀)ကျပ်၊ ဇီးတော်ဖီ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ ပိန္နဲပျက်တစ်ထုပ် လျှင်(၂၅၀၀)ကျပ်၊ ပါတက်ကား (ခေါက်မုန့်) တစ်ဗူးလျှင် (၁၃၀၀၀)ကျပ်၊ ထန်းလျက်တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ အစရှိသည့် ထားဝယ်ဒေသထွက်မုန့် မျိုးစုံများလည်းရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရောင်းအားကောင်းနေသော ပျားလိမ္မော်ဈေးနှုန်း

    မြိတ်မြို့နယ်အတွင်းရှိ ဈေးများနှင့် အသီးအနှံရောင်းချသည့် ဆိုင်များတွင် ပျားလိမ္မော်သီး များရောင်းချမှု စတင်မြင့်တက်လာကြောင်း တွေ့ရှိရသည်။ ပျားလိမ္မော်၏ အရသာသည် ခံတွင်းရှင်းပြီး အချိုဓာတ်နှင့် အချဥ်ဓာတ်ရရှိကာ အရည်ရွှမ်းသည့် အသီးဖြစ်သည်။ ဗီတာမင်Cဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပျားလိမ္မော် သည် ဗီတာမင်များစွာ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန် စေသော ကြောင့် လူအများက ဝယ်ယူစားသုံးကြပါသည်။

      ယခု၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ပထမပတ်တွင် မြိတ်မြို့နယ်အတွင်း ရောင်းချနေသော ပျား လိမ္မော်သီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် တစ်ကီလိုလျှင် (၆၅၀၀)ကျပ်တို့ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ပျားလိမ္မော်သီးများကို ရှမ်းပြည်နယ်ဘက်က လိမ္မော်ခြံတွေ ကနေ အဓိကတင်သွင်းလာတာဖြစ်ပြီး သစ်သီးလက်ကားဒိုင်များမှတစ်ဆင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။ မြိတ်မြို့နယ်အတွင်း ရောင်းချနေသော ပျားလိမ္မော်သီးများသည် အရည်အသွေး ကောင်းမွန်မှုကြောင့် ဒေသခံများ၏ နှစ်သက်မှုကို ရရှိထားပြီး ကျန်းမာရေးအတွက် အထောက် အကူပြုသော အသီးအနှံဖြစ်သည့်အတွက် အိမ်ရှင်မများ၏ ဈေးဝယ်စာရင်းတွင် ပါဝင်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“ဂန္ဓာမာပန်းမျိုးစုံစိုက်ပျိုးရောင်းချသူများအဆင်ပြေလျက်ရှိ”

    ကျောက်ဆည်မြို့နယ် ၊ ထားဝယ်ကျေးရွာတွင် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေးအဆင်ပြေရန်အတွက် ဂန္ဓာမာပန်းမျိုးစုံကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချသည့် မိသားစုများ ရှိကြောင်း၊ စိုက်ပျိုးထားသော ဂန္ဓာမာပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ရွှေဝါဝင်းစသည့် ပန်းမျိုးကွဲများစွာရှိကြောင်း၊ ပန်းပျိုး ပင်များကို ပြင်ဦးလွင်မြို့အနီးစခန်းကျေးရွာများမှ တစ်ပင်လျှင်(၂၅-၃၀)ကျပ်အထိ ပန်းအမျိုးအစား အလိုက် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပျိုးပင်ရေ(၆)သောင်းခန့် စိုက်ပျိုးနိုင်ကြောင်း ၊ စတင်စိုက်ပျိုးပြီး (၄)လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း ၊ ရောင်းချရာတွင် ပန်းခိုင်(၁၀)ခိုင်ခန့် ပါဝင်သောပန်းတစ်စည်းလျှင် ပန်းလှပမှုနှင့် ပန်းအမျိုးအစား ပေါ်မူတည်၍ လက်လီဈေးနှုန်းအနေဖြင့် (၄၅၀၀/-)ကျပ်နှုန်းခန့် ရောင်းချရကြောင်း၊ ပန်းစတင် ခူးဆွတ်ချိန်မှ အပြီးရိတ်သိမ်းချိန်အထိ ပန်းအစည်းပေါင်း (၂၅၀၀)ခန့် ထွက်ရှိပြီး၊ လက်ကားဈေး တစ်စည်းကို (၂၅၀၀/-)ကျပ်ဖြင့် ရောင်းချရသောကြောင့် တစ်ဧကကုန်ကျစရိတ်အနေ ဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် (၂၅)သိန်းခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၃၀)သိန်းကျပ်ခန့်အမြတ်ရရှိကြောင်း၊ ဂန္ဓာမာပန်းများကို နှစ်ပတ်လည်စိုက်ပျိုး ရောင်းချသူများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း