Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ပြင်ဦးလွင်ခရိုင်၊ မြို့မဈေးကွင်းဆင်းစစ်ဆေး”

       ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ပြင်ဦးလွင်မြို့၊ မြို့မဈေးကြီးတွင် ရောင်းချနေသော ဆိုင်ခန်းများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ပြင်ဦးလွင်မြို့ ၊ မြို့မဈေးကြီးတွင် ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက် ရောင်းချနေသော ကုန်စုံဆိုင်များသို့ ကုန်ဈေးနှုန်းများ ကြီးမြင့်ရောင်းချခြင်း မပြုရန် စားသုံးသူနစ်နာဆုံးရှုံးမှုများ မရှိစေရန် ဆောင်ရွက်ခဲ့ပါသည် ။

    ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း လစဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးများဖြင့် ပွင့်လင်း မြင်သာမှုရှိစေရန် ဗီနိုင်းများ ချိတ်ဆွဲရောင်းချနိုင်ရေး သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

“ဝယ်လိုအားများ၍ ပန်းထိမ်ငိုခရမ်းစိုက်ပျိုးမှုများလာ”

        ပန်းထိမ်ငိုပန်းများကို ယခင်ကပြင်ဦးလွင်၊ ရွာငံဒေသစသည့် တောင်ပေါ်ဒေသများတွင်  အများဆုံး စိုက်ပျိုးကြသော်လည်း  ယခုအခါတွင် ကျောက်ဆည်မြို့နယ်၌ တစ်နိုင်တစ်ပိုင်စမ်းသပ် စိုက်ပျိုးလာကြပါသည်။

       ပန်းထိမ်ငိုပန်းများကို စိုက်ဘောင်စနစ်ဖြင့် နွားချေး၊ မြေဩဇာများထည့်ပြီး ရေမှန်မှန် သွင်းပေးခြင်းဖြင့် စတင်စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် အပင်ကို ကိုင်းထိုး စိုက်ပျိုးခြင်းနှင့် အမြစ်ရှိမျိုးဥများမှ စိုက်ပျိုးခြင်း နှစ်မျိုးဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် (၃)ပေ အကျယ် ဘောင်ရှည်တွင် ပင်ကြား၊ တန်းကြား (၁၀)လက်မအကွာစိုက်ပျိုးနိုင်ကြောင်း၊ မျိုးဥ တစ်ပိဿာတွင် အညှောင့်ထွက်ပြီးအပင် (၁၀၀)ကျော်ရရှိပြီး စိုက်ဘောင် တစ်ဘောင်လျှင် အပင် (၅၃၀) ခန့်စိုက်ပျိုးနိုင်‌ကြောင်း၊ ပန်းမျိုးဥများကိုပြင်ဦးလွင်မြို့မှ ဝယ်ယူရရှိပြီး မျိုးဥတစ်ပိဿာလျှင် (၃၀၀၀၀)ကျပ် နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊  စိုက်ပျိုးရာတွင် ဖေဖေါ်ဝါရီလမှ ဧပြီလအထိ စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၄၅-၅၀) အကြာတွင် ပန်းများကို စတင်ခူးဆွတ် ရကြောင်း၊ ယခုအချိန်တွင် ကျောက်ဆည်ဒေသ၌  ၎င်းပန်းထိမ်ငိုပန်းများ စတင်ထွက်ရှိနေပြီ ဖြစ်ကြောင်း၊  ပန်းခက်များအား စတင်ပွင့်သည်မှစ (၁၂) ပတ်အထိ ဖြတ်ခူးနိုင်ပြီး (၁၀)ခက်ပါ တစ်စည်းလျှင် (၂၀၀၀) ကျပ်နှုန်းရရှိကြောင်း၊  ပန်းပွင့်၏ အရောင်များမှာလည်း အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်ဟူ၍ ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဈေးများအတွင်း ပန်းဆိုင် များနှင့် ကျေးရွာများအတွင်း လှည့်လည်ရောင်းချသည့် ပန်းသည် များမှလာရောက် ဝယ်ယူကြ ကြောင်း၊ တစ်ကြိမ် ရင်းနှီးစိုက်ပျိုးရပြီး နောက်(၂)နှစ်တွင် ထပ်မံစိုက်ပျိုး၍ရသဖြင့် စိုက်စရိတ် သက်သာစွာဖြင့် စိုက်ဘောင်များကို ဆက်လက်ထားရှိ စိုက်ပျိုးနိုင်သဖြင့် တွက်ချေကိုက် စိုက်ပျိုးသင့်သော ပန်းမျိုးဖြစ်ကြောင်း စီးပွားဖြစ်ဝင်ငွေတိုးသော ပန်းထိမ်ငိုပန်းကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။     

DOCA(မန္တလေး)

“သခွားသီးများဖြိုင်ဖြိုင်ထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးလျက် ရှိရာ တောင်သူများသည် စပါး၊ပဲ၊ပြောင်းသီးနှံများအပြင် မိသားစုအပိုဝင်ငွေတိုးအောင် သီးထပ် သီးညှပ်အဖြစ် စားဖိုဆောင်သီးနှံများသော  ငရုတ် ၊ ကြက်သွန်သီးနှံများအပြင် အမြှုပ်သခွား(ခ) သခွားရှည်သီးများကိုလည်း စိုက်ပျိုးလာကြပါသည်။

        သခွားသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်သော ကြောင့်ဝင်ငွေတိုးကြောင်း၊ သခွားပင်သည်စိုက်ပျိုးပြီး(၃)လအကြာတွင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ သခွားစိုက်ပျိုးမှုအနေဖြင့်(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ကုန်ကျကြောင်း၊ (၁)ဧက သခွားသီး အလုံးပေါင်း (၅၀၀၀) လုံးခန့် သီးနိုင်ကြောင်း ၊ သခွားသီးစျေးနှုန်းအနေဖြင့် လက်ကားစျေး အလုံးကြီးတစ်လုံးလျှင် ဩဂုတ်လတွင် (၂၅၀/-)ကျပ် ရောင်းချခဲ့ရပြီး ယခုလက်ရှိပေါက်စျေးမှာ(၄၀၀/-)ကျပ်အထိ စျေးရှိကြောင်း၊ အလတ် တစ်လုံးလျှင် ယခင်(၂၀၀/-)ကျပ် ရောင်းချခဲ့ရပြီး ယခုလက်ရှိ ပေါက်စျေးမှာ(၃၀၀/-)ကျပ်အထိ စျေးရှိကြောင်း ၊ အလုံးအသေး တစ်လုံးလျှင် ဩဂုတ်လတွင် (၁၅၀/-)ကျပ်ရောင်းချခဲ့ရပြီး ယခု လက်ရှိပေါက်စျေးမှာ(၂၅၀/-) ကျပ်စျေးများဖြစ်ပြီး လက်လီစျေးအနေဖြင့် အလုံးကြီးတစ်လုံးလျှင် (၆၀၀/-) ၊ အလတ်တစ်လုံးလျှင် (၄၅၀/-)ကျပ်၊ အလုံးအသေးတစ်လုံးလျှင် (၃၀၀/-)ကျပ် စျေးများ ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ သခွားသီးခူးယူရာတွင် (၂-၃)ရက်ခြားလျှင် တစ်ခါခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျှင် အလုံး ရေ အရော(၃၀၀- ၄၀၀)ခန့်အထိ ခူးယူရောင်းချရကြာင်း၊ (၂)ရက်ခြား အကြီး၊ အသေးအ‌ရော ဖောက်သည်စျေးမှာ(၁၀)လုံး လျှင်(၃၀၀/-)ကျပ်စျေးဖြင့် ရောင်းချပေးသော ကြောင့် (၂-၃)ရက်ခြား ဝင်ငွေမှာ(၉၀၀၀၀/-)ကျပ်ခန့်ရှိကြောင်း၊ သခွားသီးကိုလူကြိုက်များပြီး ဝယ်လိုအားရှိသောကြောင့် တောင်သူများကဝင်ငွေတိုးအောင် စိုက်ပျိုးကြပါသည်။

       (၁)ဧက အကျိုး အမြတ်အနေဖြင့် စိုက်ပျိုး စရိတ်နှုတ်ပြီး (၁၀၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ယခင်နှစ်ထက် စျေးကောင်းရသောကြောင့် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းကြောင်း၊ သခွားသီး စျေးကွက်အနေဖြင့် ကုန်စိမ်းဒိုင် ၊ ကုန်စိမ်းသည်များမှ အခင်းထဲအရောက် လာ‌ရောက်ဝယ်ယူကြ ကြောင်း၊ သခွားသီး စိုက်ပျိုးခြင်းဖြင့် စီးပွားလည်းဖြစ် ဝင်ငွေတိုးကာ ကျန်းမာရေးနှင့် ညီညွတ်သောကြောင့် တောင်သူဦးကြီးများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြေပဲ(မိုး)များရိတ်သိမ်းလျက်ရှိ”

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အနေဖြင့် မြေပဲ(မိုး)များ စတင် ရိတ်သိမ်းလျက်ရှိကြောင်းသိရှိရပြီး မိုး(မြေပဲ) စိုက်ဧက ယခင်နှစ်တွင် (၈၆၄)ဧက စိုက်ပျိုးနိုင် ခဲ့ပြီး ယခုနှစ်တွင် (၁၆၁၉)ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအချိန်အထိ (၃၂၀)ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ မိုးမြေပဲများကို မတ်လတွင် စတင် စိုက်ပျိုးကျကြောင်း၊ စက်တင်ဘာလ လဆန်းမှ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း တောင်သူ တစ်ဦး၏ပြောပြချက်များ အရသိရှိရပါသည်။ မြေပဲစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀) ကျပ် ဝန်းကျင်ခန့်ကုန်ကျ ကြောင်း၊ မြေပဲစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၊ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ ညောင်ဝန်း၊ ရိုးကန်၊ ရစ်ကန်ရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ အထွက်နှုန်းအနေဖြင့် တင်း(၄၀-၄၅)ခန့်ထွက်ရှိခဲ့ကြောင်း၊ မြေပဲဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် မြေပဲတောင့်(၁)တင်းလျှင်(၄၅၀၀၀/-)ကျပ်၊ မြေပဲဆံ တစ်ပိဿာလျှင် (၁၂၀၀၀/-) ကျပ်၊ မြေပဲဆီ(၁) ပိဿာလျှင်(၁၈၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် မြေပဲတစ်တင်းလျှင် (၃၅၀၀၀/-)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် (၇၇၀၀/-)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၇၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ပွဲစား များမှ ရွာအရောက်ဝယ်ယူမှုများရှိသလို တောင်သူများမှလည်း ပွဲရုံများသို့တိုက်ရိုက်တင်ပို့ ရောင်းချ ကြောင်း၊ ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း အကျိုးအမြတ်အနေဖြင့် (၈၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းအဝယ်ဖြစ်သည့် ကွမ်းသီးစိတ်ဈေးနှုန်း အနည်းငယ်မြင့်တက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၏ ကွမ်းသီးစိတ် ဈေးနှုန်းများမှာ ကွမ်းသီးစိတ်(ရှယ်)တစ်ပိဿာလျှင် (၄၁၀၀၀)ကျပ်၊ အလတ်စ(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ အညံ့(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကွမ်းသီးစိတ်(၁) ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူ မြို့ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း  ကွမ်းသီးစိတ် ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

“ဝယ်လိုအားများသောကြောင့် အောင်သပြေပန်းများ စိုက်ပျိုးမှုများလာ”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်စနစ်ဖြင့် ရှေးယခင်ကပင် စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန်များအား စိုက်ပျိုးခဲ့ကြပါသည်။ ယင်းသီးနှံများအနက်မှ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ဈေးကွက်ဝယ်လိုအားရှိ သော အောင်သပြေပန်းငုတ်များကို ကျောက်ဆည် မြို့နယ်၊ မြစ်သားမြို့နယ်၊စဉ့်ကိုင်မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိကြောင်း သပြေပန်းစိုက်ပျိုးရန်အတွက် မျိုးစေ့ကို ခရမ်းသုံးခွမြို့နယ်များမှ ဝယ်ယူ စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ ()ပြည်လျှင် (၁၈၀၀၀- ၂၀၀၀၀)ကျပ်ခန့်ရှိပြီး တစ်ဧကလျှင် မျိုးစေ့ ပြည်(၈၀)ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ()လခွဲသားဝန်ကျင်တွင် အပင်များကို ဖြတ်တောက်ပြီး ငုတ်ချန်ပေးရကြောင်း ၊ ငုတ်ချန်ပြီး တစ်နှစ်အကြာတွင် ရောင်းတန်းဝင်ပန်းများရရှိပြီးဖြစ်ကြောင်း၊ သပြေပန်းများ ပိုးမကိုက်၊ အညွှန့်များ လှအောင်၊ အရွက်မာအောင် ဈေးကွက်မဖြန့်ခင် တစ်လအလို တွင် ဆေးဖြန်းပေးရကြောင်း၊ စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကအပင်ပေါင်း (၁၅၀၀၀၀)ခန့်ထိ ရှင်သန်နိုင်ကြောင်း၊ မြေပြုပြင်မှုနှင့် ရေ ၊ မြေ အပြုအစုကောင်းပါက ပန်းများ ပိုမိုလှကြောင်း၊ အရွယ်အစားပေါ်မူတည် ၍တစ်နှစ်သား အောင်သပြေငုတ်တစ်ငုတ်လျှင် (၅၀၀- ၁၅၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ နှစ်နှစ်သား တစ်ပင်လျှင် (၃၀၀၀-၅၀၀၀)ကျပ်ထိ ရောင်းချရကြောင်း၊ လက်ကား ဖောက်သည်ဈေး အနေဖြင့် (၂၀%) လျော့၍ ရောင်းချပေးကြောင်း၊ အောင်သပြေငုတ်များ စိုက်ပျိုးရာတွင် အပင် သက်တမ်း ()နှစ်အထိ ရောင်းချပေးနိုင်ကြောင်း၊ ပန်းများကို အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများမှ လာရောက်ဝယ်ယူသူများရှိသလို ရန်ကုန်မြို့ များသို့လည်း Express ကားများဖြင့် တင်ပို့ရောင်းချ ကြောင်း၊ ကျန်နယ်ဝေးများမှ မှာယူလျှင်လည်း ကားဂိတ်အရောက် သေချာစွာထုတ်ပိုးပြီး ရောင်းချ ပေးလျက်ရှိကြောင်း ၊ အောင်သပြေငုတ်  စိုက်ပျိုးမှုတွင် အခင်းပြတ်ရောင်းချပါက ငွေအလုံးအရင်း ရရှိသော်လည်း တစ်နိုင်တစ်ပိုင်နေ့ချင်းရောင်းချပါက ပိုမိုအကျိုးမြတ်ဖြစ်ထွန်းကြောင်း၊ သပြေငုတ် စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုးကာ စားဝတ်နေရေးပြေလည်သောကြောင့် အောင်သပြေပန်း စိုက်ပျိုးသူများ များပြားလာလျက်ရှိကြောင်း အောင်သပြေပန်းစိုက်ပျိုးခြင်းဖြင့် စီးပွားရှာနေသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်၌ မိုးနှောင်း ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်း”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့်ငရုတ် သီးနှံများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး လူတို့အသုံးအဆောင်ဖြစ်သော အဝတ်အထည်များ ယက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ခရိုင်အတွင်း မိုးနှောင်းဝါ စိုက်ဧက (၄၀၉၃)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

       ဝါစိုက်ပျိုးသောရွာများမှာ ဒိုင်းမြနဒီ၊ မှက္ခရာ ၊ ဆင်သည် ၊ သပြေတောင်းရွာများဖြစ်ပြီး ဝါစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကျကြောင်း၊ ဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆ ၊ ရွှေတောင် - ၈ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးထုပ်(၂-၃) ထုပ် အထိ ကုန်ကျကြောင်း၊ မျိုး(၁) ထုပ်စျေးနှုန်းအနေဖြင့် (၆၄၀၀၀-၆၉၀၀၀)ကျပ် စျေးဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀-၄၀၀) ခန့် ထွက်ရှိခဲ့ပြီး ဝါ(၁)ပိဿာလျှင် (၃၂၀၀/-) ကျပ်ဖြင့် ရောင်းချခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၆၂၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ခဲ့ကြောင်း၊ ဝါစျေးနှုန်းအနေဖြင့် ယခုလက်ရှိပေါက်စျေး ဝါအသစ်(၁)ပိဿာလျှင်(၃၂၀၀-၃၅၀၀)ကျပ်၊ ဂွမ်းအသစ် (၁)ပိဿာလျှင် (၇၈၀၀-၈၉၀၀)ကျပ် ၊ အရည်အသွေးကောင်းမွန်သော ဝါအသန့်(၁)ပိဿာလျှင်(၄၀၀၀)ကျပ်၊ ဂွမ်းအကောင်း(၁) ပိဿာလျှင် (၉၈၀၀-၁၀၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ဝါထွက်ပေါ်ချိန်တွင် စျေးကွက်အနေဖြင့် မြို့ပေါ် ပွဲရုံများဖြစ်သော ကူမဲမြို့၊ အောင်ကမ္ဘာပွဲရုံသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ဝါစက်များ၊ ချည်မျှင်ယက်ကန်းရုံများနှင့် မန္တလေးစက်မှုဇုံ(၁)သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ ဝါအထွက်နှုန်းကောင်းမွန်ရန်နှင့် တောင်သူအကျိုး အမြတ်ပိုမိုဖြစ်ထွန်းရန်အတွက် မျိုးရိုးဗီဇမှန်ကန်‌သောမျိုးများနှင့် စုပ်စားပိုးဒဏ်ခံနိုင်သောမျိုးများ အာမခံချက်ပေးနိုင်ရန် သက်ဆိုင်ရာ ဌာန၏ ပံ့ပိုးမှုများ လိုအပ်လျက်ရှိကြောင်း ဝါစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့ရှိ လူကြိုက်များသည့်သရေစာ နို့မလိုင်လုံး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် သရေစာ စားစရာ များဖြစ်သည့် ကြံသကာ၊ ဇီးတော်ဖီ၊ မြေပဲယို၊ နှမ်းယို၊ ဖရုံယို၊ ကုလားပဲချောင်းနှင့် မလိုင်လုံးများကို ရွှေဘို မြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချသည့်အပြင် ဒေသထွက်များလည်းရောင်းချလျက်ရှိကြောင်း၊ သရေစာ မလိုင်လုံကို ဧည့်သည်များအား တည့်ခင်းဧည့်ခံရာ၌လည်းကောင်း၊ အချိုတည်းစရာဖြစ်လည်း ကောင်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း  သိရသည်။

      ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း မလိုင်လုံးလက်လီတစ်ပိဿာလျှင် (၉၈၀၀၀) ကျပ်၊ မလိုင်လုံးလက္ကားတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မလိုင်လုံး (၁)ပိဿာလျှင်(၂၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ငပိ၊ ဆား၊ ဟင်းချိုမှုန့် တို့အပြင်၊ ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်းမှာ ပဲငပိအစို လက်လီ(၁)ပိဿာလျှင် (၇၅၀၀)ကျပ်၊  လ်ကား(၁)ပိဿာလျှင် (၇၂၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)(၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ (အငံ)(၁)ပိဿာလျှင် (၁၅၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ပုံမှန်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲငပိအစို(၁)ပိဿာလျှင် (၂၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)

“မြစ်သားမြို့နယ်ရှိမိုးပြောင်းဖူးများရိတ်သိမ်းပြီးစီး”

       မန္တလေးတိုင်းဒေသကြီး၊        ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် မိုးပြောင်းဖူးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး ဇူလိုင်လကုန်မှစတင်၍ မိုးပြောင်းဖူးစိုက်ဧက မြို့နယ်အတွင်း(၂၆၉)ဧက စိုက်ပျိုးထားပြီး ၎င်းဧကအားလုံး ရိတ်သိမ်းပြီးစီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

           အများဆုံးစိုက်ပျိုးသောမျိုးများမှာ သကြားပြောင်း မျိုးဖြစ်ပြီး (၁)ဧကမျိုးအနေဖြင့် ပြောင်းဖူးစေ့ (၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင် (၅၅၀၀/-) ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မေလတွင် စိုက်ပျိုးခဲ့သော မိုးပြောင်းဖူးများ ယခုသြဂုတ်လဆန်းမှ စတင်၍ ထွက်ရှိနေပြီဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၄၅၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူးစုစုပေါင်း(၄၅၀၀-၅၀၀၀)ဖူးခန့် ထွက်ရှိကြောင်း ၊ ပြောင်းဖူးစျေးနှုန်းအနေဖြင့်တစ်ဖူးလျှင် လက်ကား(၃၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၇၀၀-၈၀၀) ကျပ်စျေးများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်း သွက်ကြောင်း ၊ ပြောင်းဖူးကို ပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များရှိ ကုန်စိမ်းသီးနှံပွဲရုံများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုး စရိတ်နှုတ်ပြီး(၉၀၀၀၀၀/-) ကျပ်ခန့် မြတ်ကြောင်း၊ မိသားစုစားဝတ်နေရေး ဖူလုံသည့်အပြင် အကျိုးအမြတ်ဖြစ်ထွန်းသော ပြောင်းဖူးသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း