Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့နယ်တွင် စိုက်ပျိုးနေသော ကိုင်းခရမ်းချဉ်သီးဈေးနှုန်း

                    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကိုင်းခရမ်းချဉ်သီးကို မအူကျေးရွာ၊ တနောင်းတောကျေးရွာ၊ အောင်သာကျေးရွာ၊ လယ်စဉ်ကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရပါသည်။

                        ခရမ်းချဉ်စိုက်ပျိုးရာတွင် စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ်တုတ် ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများအား ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စတင်ပျိုးထောင်ချိန် ခရမ်းချဉ် စေ့တစ်စေ့ ပျိုးအိတ် တစ်အိတ်နှုန်းဖြင့်ထည့်ကာ ပျိုးထောင်ကြပြီး ရက်ပေါင်း (၂၀)ခန့်ရှိလျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုးကြောင်းသိရသည်။ စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် စတင်အပွင့်ပွင့် အသီးသီးကြောင်း၊ နောက်ထပ်အပွင့်များ ပွင့်လာပြီး ခရမ်းချဉ်သီးများရင့်မှည့်ကာ ၃ လခန့်အကြာတွင် စတင်ခူးဆွတ် ရောင်းချကြကြောင်း သိရပါသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင်တစ်ဧက လျှင် စုစုပေါင်း ငွေကျပ် ၁၅  သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ဧက တစ်ဧကလျှင် ပိဿာချိန် ၃၀၀၀ - ၃၅၀၀ ခန့်ထွက်ရှိကြောင်း၊ မြေအနေအထားပေါ်မူတည်၍ အထွက်နှုန်းကွာဟမှုရှိကြောင်း သိရသည်။

            ခရမ်းချဉ်သီးများကို  တစ်ပတ်တစ်ခါခူးဆွတ်ရကြောင်း၊ ထွက်ရှိလာသည့် ခရမ်းချဉ်သီး များကို မုံရွာမြို့ ဈေးကွက်သို့လည်းကောင်း၊ ရန်ကုန်၊ မန္တလေးသို့ လည်းကောင်း လက်ကား တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့်တင်ပို့ရောင်းချလျက်ရှိပြီး  အကျိုးအမြတ်အနေဖြင့်ကျပ်(၉၀၀၀၀၀၀)သိန်းခန့်ရရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၁၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ  23  ရက်နေ့မှ  29  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၁၅၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၂-၁-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၂-၁-၂၀၂၆ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

စစ်ကိုင်းတိုင်းဒေသကြီးမှ နှမ်းသီးနှံအကြောင်း

     မြန်မာနိုင်ငံတွင် နှမ်းစိုက်ပျိုးဧကစုစုပေါင်းမှာ နှစ်စဉ်ပျမ်းမျှ (4.05)သန်းကျော်ရှိရှာ မိုးနှမ်း စိုက်ဧက(၂.၈၇)ဧကသန်း၊ ဆောင်းနှမ်း(၀.၉၁)ဧကသန်း၊ နွေနှမ်း (၀.၂၇)ဧကသန်း စိုက်ပျိုးလျက်ရှိပါသည်။ နှမ်းသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးများနှင့် အောက်မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးများတွင် အများဆုံး စိုက်ပျိုးလျက်ရှိပါသည်။

          နှမ်းသီးနှံအတွက် မြေရွေးချယ်ရာတွင် ရေမဝပ်သောနုန်းမြေ၊ သဲနုမြေ၊ နုန်းစနယ် မြေမျိုးနှင့် မြေနီသဲဝန်းမြေများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ ရေသွင်းရေထုတ် ကောင်းမွန်သော မြေအမျိုးအစားများတွင် ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ နှမ်းသီးနှံများကို မိုး၊ မိုးနှောင်းနှင့် မိုးကြိုရာသီများတွင် စိုက်ပျိုးနိုင်ပါသည်။မြေဆီလွှာ အာဟာရဓါတ်ပြည့်ဝနေစေရန် မြေဩဇာကျွေးခြင်းနှင့် ရွက်ဖျန်းမြေဩဇာ ကျွေးခြင်းများလည်း ပြုလုပ်ပေးရပါမည်။ မြေကြီး၏ ရုပ်ဂုဏ်သတ္တိနှင့် ဓါတ်ဂုဏ်သတ္တိများတိုးပွားစေရန် ကောင်းစွာဆွေးမြေ့နေသော သဘာဝမြေဩဇာ(နွားချေး)နှင့် သစ်စိမ်းမြေဩဇာများကို တစ်ဧကလျှင် (၃-၅)တန် အထိ မြေဆီလွှာအတွင်း နှစ်စဉ်ထည့်ပေးသင့်ပါသည်။ ရောဂါကင်းသော နှမ်းရိုးပြတ်များကို ဆွေးမြေ့အောင်ပြုလုပ်၍ သဘာဝမြေဩဇာအဖြစ်လည်း ပြုလုပ်၍အသုံးပြုလေ့ရှိပါသည်။ မြေဆောင် ရောဂါများကာကွယ်ရန် မျိုးစေ့ကို မှိုူသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။ ပန်းစပွင့်ချိန်နှင့် အပွင့်တက်စအချိန်တွင် ရေလိုအပ်လျှင် တစ်ကြိမ်စီပေးသွင်းနိုင်ပါသည်။ 

     နှမ်းသီးနှံ၏ သက်တမ်းအလိုက်သော်လည်းကောင်း၊ နှမ်းခင်းတစ်ခုလုံး အဝါရောင်ပြောင်းချိန်၌လည်းကောင်း အချိန်ကိုက်ရိတ်သိမ်းပြီး နှမ်းစည်း၊ နှမ်းထောင်ခြင်းများ ပြုလုပ်သင့်သည်။ ဇန်နဝါရီလ တတိယအပတ်တွင် ဈေးကွက်အတွင်း နှမ်းဖြူ (၁)တင်းလျှင် ၁၁၀၀၀၀ကျပ်၊ နှမ်းညို (၁)တင်း လျှင် ၉၇၀၀၀ကျပ်နှင့် နှမ်းနက် (၁)တင်းလျှင် ၂၄၅၀၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

    “ဒေသထွက် မုန်ညှင်းဖူး” ဈေးကွက်ဈေးနှုန်း အခြေအနေ

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရာသီပေါ် အသီးအနှံများ တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိရာ ယခုလအတွင်း မုန်ညှင်းဖူး(ခေါ်)မုန်ညှင်းရွက်အမျိုးမျိုးကို ဈေးကွက်အတွင်း လတ်လတ်ဆတ်ဆတ်ခူးဆွတ်ကာ ရောင်းချကြသည်ကို မြင်တွေ့ရပါသည်။မုန်ညှင်းဖူးသည် အေးသော ရာသီ ဥတုကို နှစ်သက်သော အပင်မျိုးဖြစ်ပြီး အရသာမှာလည်း ချိုပါသည်။လွိုင်ကော်မြို့တွင် မုန်ညှင်း ဖူးပင်များကို မိုင်းလုံးရပ်ကွက်၊ မှုံပြာကျေးရွာနှင့်မိုက်ကန်းကျေးရွာတို့မှ အများဆုံး စိုက်ပျိုးထွက် ရှိပါသည်။အခြားဒေသများသို့ တင်ပို့ရောင်းချမှုများ မရှိသော်လည်း ဒေသတွင်း စားသုံးရန် အတွက် ဖူလုံမှုရှိသောကြောင့် အခြားဒေသများမှ မှာယူရောင်းချရန် မလိုအပ်ပါ။ ဒေသအတွင်း ရာသီစာ မုန့်ညှင်းဖူးများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းမှာသင့်တင့်ပြီး စားသုံးသူများအနေဖြင့် ဈေး နှုန်းချိုသာစွာ ဝယ်ယူစားသုံးရပါသည်။လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင် မုန်ညှင်းဖူး တစ်စည်း လျှင် ယခင်လက(၅၀၀)ကျပ်မှ(၇၀၀)ကျပ်ခန့်ရှိပြီး ယခုလတွင်(၂၅၀)ကျပ်မှ(၃၀၀)ကျပ် ခန့်ရှိ ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချနေသူ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

ဆီးဘူးငရုတ်သီး(ခေါ်)ငရုတ်သီးခြောက်(အသေး)ဈေးကွက် ဈေးနှုန်းအခြေအနေ

      ကယားပြည်နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အလျောက် ချက်ပြုတ်စားသောက်ရာတွင် ဟင်းခတ် အမွှေးအကြိုင်များအစား ငရုတ်သီးများအားထည့်၍ ချက်ပြုတ်တတ်ကြပါသည်။ အစပ်ပါမှ ထမင်းမြိန်သည့် ကျွန်ုပ်တို့တိုင်းရင်းသူ/သားများသည် ဟင်းခတ်အမွှေးအကြိုင် များ အား အသုံးပြုမှုနည်းပါးပြီး မိမိတို့နှစ်ခြိုက်စွာ စားသုံးခဲ့သည့် ငရုတ်သီးကိုသာထည့်၍ ချက်ပြုတ် စားသောက်ကြပါသည်။

     ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ အခြေခံစားသောက်ကုန်အများစုသည် အများ အားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ အောင်ပန်း၊ ကလောတို့မှ အများဆုံးမှာယူ တင်သွင်းရောင်းချကြပြီး အချို့အသီးနှံများကိုမူ ဒေသတွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချကြ ပါသည်။ လွိုင်ကော်မြို့ဈေးကွက်အတွင်း ငရုတ်သီးခြောက်များကို ဗမာသီး(ငရုတ်သီးရှည်)၊ကုလားအော်သီး(ငရုတ်သီးပု)၊ ဆီးဘူးငရုတ်သီး (ငရုတ်သီး အသေး)ဟူ၍ အမျိုးအစား(၃)မျိုး တွေ့ရှိရပြီး ဒေသတွင်းထွက်ရှိသော ဆီးဘူးငရုတ်သီး မှာလူကြိုက်များပါသည်။ ဆီးဘူးငရုတ်သီး ခြောက်များ ကိုရှမ်း၊ကယားနယ်စပ်မြို့ဖြစ်သည့် ဆီးဘူးမြို့၌ အများဆုံးစိုက်ပျိုးကြပြီး ဈေးနှုန်း မှာလည်း ကောင်းမွန်ပါသည်။ဆီးဘူးငရုတ်သီးခြောက်မှာ လက်သည်းခွံအရွယ်အစားမျှသာရှိ၍ အလွန်စပ်ပြီး အသွင်သဏ္ဍာန်မှာ လိမ္မော်ရင့်ရောင်ရှိပါသည်။ ယခင်က မြန်မာ-ထိုင်း (မယ်ဟောင် ဆောင်)နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် ကုန်သွယ်မှုပြုသော ငရုတ်သီး အမျိုးအစားလည်းဖြစ်ပါသည်။ လွိုင်ကော်မြို့၊ သီရိမင်္ဂလာ ဈေးကွက်အတွင်း ဆီးဘူးငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၃၅၀၀၀)မှ (၃၈၀၀၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ငရုတ်သီးခြောက် ရောင်းချနေသည့် ဈေးသည်တစ်ဦးထံမှ  သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်ဈေးကွက်တွင်ဖြစ်ပေါ်နေသောခရမ်းချဉ်သီးဈေးနှုန်း

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာဈေးတွင် လက်လီ/လက်ကား ဈေးရောင်း ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပါသည်။ ပြည်နယ်အတွင်းစားသုံးကုန်/လူသုံး ကုန်များပစ္စည်း၊ စားဖိုဆောင်သီးနှံများကို အများအားဖြင့်အခြားမြို့ကြီးများမှတဆင့် ဝယ်ယူ ရောင်းချကြသည်။ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သော   ခရမ်းချဉ်သီးကို တောင်ကြီး ၊ အောင်ပန်း ၊ ကလောတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိပါသည်။ မှာယူရသည့်နေရာ ဒေသအခြေအနေနှင့် ခရမ်းချဉ်သီး အလုံးအရွယ် အစားအလိုက် အကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိ ပါသည်။ ယခင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)အထိရှိပြီး ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် တစ်ပိဿာ လျှင်ကျပ်(၈၀၀၀မှ ၈၅၀၀) ဈေးနှုန်းပေါက်လျက်ရှိပြီး ယခင်ဒီဇင်ဘာနှင့် ယခုဇန်နဝါရီလတို့ နှိုင်းယှဉ်ပါကကျပ် (၅၀၀၀)ကျပ်ခန့်ကွာခြား၍ ဈေးအနည်းတက်လာပါသည်။ ဆောင်းရာသီဖြစ် ၍ ခရမ်းချဉ်သီးအထွက်နှုန်းနည်းလာသောကြောင့်သော်လည်းကောင်း၊  ခရမ်းချဉ်သီးများလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုနည်းပါးခြင်းကြောင့်သော်လည်းကောင်း ဈေးနှုန်းတက်ရ ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ခရမ်းချဉ်သီးရောင်းချနေသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့ရှိ ဖရဲစိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေ

       ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာ ဘိုင်းဒါးနယ်မြေဒေသသည် စိုက်ပျိုးမြေကောင်းသည့် ဒေသဖြစ်သည့်အလျောက် ဖရဲ၊ ပြောင်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊  ခရမ်းချဉ်သီး နှင့် ငရုတ် စသည့် မီးဖိုချောင်သုံးပစ္စည်းများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည့် ဒေသဖြစ်ပါသည်။

    ယခုအခါ အဆိုပါဒေသတွင် ဖရဲစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ စိုက်ပျိုးထွက်ရှိမှုအခြေအနေနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေများအား စိုက်ခင်းများသို့ ကွင်းဆင်းလေ့လာ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဖရဲ (၁)ဧက စိုက်ပျိုးထွက်ရှိရန် စိုက်ပျိုးစရိတ် ကျပ် သိန်း(၄၀) ခန့် ပျမ်းမျှ ကုန်ကျကြောင်း၊ (၁)ဧက ကုန်ကျစရိတ်များမှာ ဖရဲမျိုးစေ့ဖိုး (၃.၅ ) သိန်း၊ စိုက်ပျိုးမြေထွန်ယက်ခနှင့် စိုက်ဘောင်ဖေါ်ခ (၄) သိန်း၊ မြေဩဇာ ပိုးသတ်ဆေးဖိုး (၁၇) သိန်း၊ အလုပ်သမားခ (၁၀) သိန်းနှင့် အထွေထွေကုန်ကျစရိတ် (၅) သိန်းခန့် ကုန်ကျပါကြောင်း သိရှိရပါသည်။  (၁)ဧက ဖရဲ သီး (၁၀၀၀-၁၂၀၀) လုံးခန့်ပျမ်းမျှ ထွက်ရှိပြီး (၁)လုံး (၇၀၀၀)ကျပ်ခန့် ရောင်းရပါကြောင်းနှင့် နောက်ကျဖရဲသီးများမှာ ဈေးကောင်းရရှိမှု လျှော့နည်းပါကြောင်း၊ တရုတ်ဘက်သို့ တင်ပို့မှုအဆင်ပြေလျင် သိန်းရာချီမြတ်ပါကြောင်းနှင့် ပြည်တွင်းသုံး ရောင်းချလျင် (၁) ဧက ကျပ်သိန်း (၈၀ ) ခန့် ပျမ်းမျှ ရရှိ၍ ကျပ်သိန်း(၄၀)ခန့် အကျိုးအမြတ်ရရှိပါကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၏ ပဲနီလေးစိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှု

                 မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ပဲမျိုးစုံသည် နိုင်ငံခြားဝင်ငွေရရှိစေသော အရေးပါသည့် သီးနှံအုပ်စုတစ်ခုဖြစ်ပြီး ယင်းတို့အနက် ပဲနီလေးသည် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှု နှစ်ရပ်လုံးအတွက် အရေးပါသော သီးနှံတစ်မျိုးအဖြစ် ရပ်တည်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ ကန့်ဘလူခရိုင်သည် မြေသဘာဝအခြေအနေ၊ ရာသီဥတုနှင့် စိုက်ပျိုးရေး အတွေ့အကြုံများကြောင့် ပဲနီလေးစိုက်ပျိုးလျက်ရှိသည်။ ယနေ့ခေတ် စိုက်ပျိုးရေး စီးပွားရေး အခြေအနေတွင် သီးနှံတစ်မျိုး၏ အောင်မြင်မှုကို အထွက်နှုန်းသာမက ကုန်ကျစရိတ်၊ တောင်သူ အကျိုးအမြတ်နှင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်မှုတို့ပေါ်မူတည်၍ အကဲဖြတ်ရန် လိုအပ်လာပြီဖြစ် သည်။

ကန့်ဘလူမြို့နယ်၏ ပဲနီလေးစိုက်ပျိုးမှုအခြေအနေ

            ကန့်ဘလူခရိုင်သည် တနယ်မြေ၊ သဲမြေများ ပေါများသည်။ ယင်းမြေအမျိုးအစားများသည် ပဲနီလေး စိုက်ပျိုးရန်သင့်လျော်ပြီး  ရေလိုအပ်ချက်နည်းပါးသည့် သီးနှံဖြစ်သဖြင့် မိုးရာသီအပြီး ဆောင်းရာသီတွင် အဓိကစိုက်ပျိုးကြသည်။ ဒေသခံတောင်သူများအနေဖြင့် ပဲနီလေးကို ပြောင်း၊ နှမ်း စသည့်သီးနှံများနှင့် လှည့်လည်စိုက်ပျိုးလျက်ရှိပြီး မြေဆီလွှာအာဟာရ ပြန်လည်ပြုပြင် ပေးနိုင်သည့် သီးနှံအဖြစ်လည်း အသုံးချကြသည်။

စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်

            ကန့်ဘလူခရိုင်တွင် ပဲနီလေး စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့အသုံးပြုမှုမှာ ခန့်မှန်းအား ဖြင့် ၈–၁၀ ပြည်ခန့်လိုအပ်သည်။ မျိုးစေ့အရည်အသွေး ပေါ်မူတည်၍ ကုန်ကျစရိတ်ကွာခြားနိုင်သည်။ ယခုအချိန်တွင် လုပ်သားခမြင့်တက်လာမှုကြောင့် မြေထွန်ယက်ခ၊ မျိုးစေ့ချခ၊ မြက်ရှင်းခ စသည့် ကုန်ကျစရိတ်များသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာသည်။ ပဲနီလေး သည် ဓာတ်မြေဩဇာအလွန်အကျွံ မလိုအပ်သော်လည်း အထွက်နှုန်းကောင်းစေရန် အနည်းငယ် အသုံးပြုရပြီး ပိုးမွှားရောဂါများ ကာကွယ်ရန်ဆေးဖျန်းရသည်။ အဆိုပါကုန်ကျစရိတ်များကို စုပေါင်းတွက်ချက်ပါက ကန့်ဘလူခရိုင်တွင် ပဲနီလေး တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ အခြေအနေအလိုက် အလယ်အလတ်အဆင့်ရှိပြီး အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက အတော်လေး သက်သာသော သီးနှံအမျိုးအစားဖြစ်သည်။ ပဲနီလေး၏ တစ်ဧကအထွက်နှုန်းမှာ မြေဆီလွှာ အခြေအနေ၊ မိုးရေချိန်နှင့် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်၍ ကွာခြားမှုရှိသော်လည်း ပုံမှန်အားဖြင့် အထွက်နှုန်းကောင်းမွန်ကြောင်း တောင်သူတစ်ဦးက ပြောသည်။

 

ဈေးကွက်ဈေးနှုန်းအခြေအနေ

            ပဲနီလေးသည် ပြည်တွင်းဈေးကွက်တွင် အမြဲလိုအပ်ချက်ရှိသောသီးနှံဖြစ်ပြီး အစား အသောက်လုပ်ငန်းများတွင် အသုံးများသည်။ ထို့အပြင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အရှေ့အလယ်ပိုင်း နိုင်ငံများသို့လည်း တင်ပို့လျက်ရှိသဖြင့် ပြည်ပဈေးကွက်နှင့် နီးစပ်မှုရှိသော သီးနှံဖြစ်သည်။ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုတွင် မိုးလေဝသဖောက်ပြန်မှု၊ ပိုးမွှားရောဂါများနှင့် လုပ်သားခမြင့်တက်လာ မှုတို့သည် အဓိကစိန်ခေါ်မှုများဖြစ်သည်။ ကန့်ဘလူခရိုင်၏ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုသည် ကုန်ကျစရိတ်အနည်းငယ်ဖြင့် အကျိုးအမြတ်ရရှိနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပြီး တောင်သူများအတွက် အကျိုးရှိစေမည့်သီးနှံဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ထောပတ်ပဲ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်၊ တောင်သူအကျိုးအမြတ်နှင့် ဈေးကွက်အခြေအနေ (selection)

            ကန့်ဘလူခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထောပတ်ပဲစိုက်ပျိုးမှု အရေးပါသည့် ဒေသတစ်ခုအဖြစ် ရပ်တည်နေပြီး မိုးရာသီနှင့် ဆောင်းရာသီအတွင်း စိုက်ပျိုးထုတ်လုပ်မှုများကို  ဆောင်ရွက်လျက်ရှိသည်။ ထောပတ်ပဲသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပ ပို့ကုန်အတွက်ပါ အရေးပါသည့် သီးနှံဖြစ်သဖြင့် ဈေးကွက်အခြေအနေနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များအပေါ်မူတည်၍ တောင်သူများစိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်တွင် ထောပတ်ပဲစိုက်ဧက သုံးထောင်ကျော် စိုက်ပျိုးထား ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်

             ကန့်ဘလူခရိုင်အတွင်း ထောပတ်ပဲတစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကျစရိတ်မှာ မျိုးစေ့ကုန်ကျစရိတ်၊ မြေပြုပြင်ရေး၊ အလုပ်သမားခ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စရိတ်တို့ကို စုစုပေါင်းတွက်ချက်လျှင် တစ်ဧကလျှင် ကျပ် ၅ သိန်းခန့်မှ ၆ သိန်းခန့်အထိ ရှိလာ ကြောင်းသိရသည်။ အထူးသဖြင့် မျိုးစေ့နှင့် အလုပ်သမားခ စရိတ်များ မြင့်တက်လာခြင်းကြောင့် ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက စုစုပေါင်းကုန်ကျစရိတ် တိုးမြင့်လာကြောင်း တောင်သူများက ဆိုသည်။

အထွက်နှုန်းနှင့် တောင်သူအကျိုးအမြတ်

               ထောပတ်ပဲ၏ ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် ပဲ ၁၅ တင်းမှ ၁၇ တင်းခန့်ထွက်ရှိပြီး ရာသီဥတုကောင်းမွန်ပါက ထွက်နှုန်းပိုမိုကောင်းမွန်သည်။ လက်ရှိ ဈေးနှုန်းအခြေအနေအရ တစ်တင်းလျှင် ကျပ် တစ်သိန်းမှ တစ်သိန်းသုံးသောင်းအထိ ရရှိနေသဖြင့် ထုတ်လုပ်မှုကုန်ကျ စရိတ်များကို နုတ်ပြီးနောက် တစ်ဧကလျှင် အမြတ် ကျပ် ၉ သိန်းခန့်မှ ၁၀ သိန်းခန့်အထိ ရရှိနိုင်ကြောင်း ခန့်မှန်းကြသည်။ သို့သော် ရာသီဥတုမညီမညာဖြစ်ခြင်းနှင့် ရောဂါပိုးဝင်ရောက်မှု များကြောင့် ထွက်နှုန်းကျဆင်းပါက အကျိုးအမြတ်လည်း လျော့နည်းနိုင်ကြောင်း တောင်သူတစ်ဦးကပြောသည်။

ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

ကန့်ဘလူဒေသထွက် ထောပတ်ပဲများကို ဒေသတွင်းကုန်သည်များက ဝယ်ယူကာ မန္တလေး၊ ရန်ကုန်စသော မြို့ကြီးများသို့ ပို့ဆောင်ရောင်းချလျက်ရှိသည်။ လက်ရှိကာလတွင် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဝယ်လိုအား ရှိနေသော်လည်း သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်ခြင်းကြောင့် ဈေးနှုန်းတည်ငြိမ်မှု မရှိသေးကြောင်း ကုန်သည်များက ပြောကြသည်။

ကန့်ဘလူခရိုင်တွင် ထောပတ်ပဲစိုက်ပျိုးမှုသည် တောင်သူများအတွက် အကျိုးအမြတ်ရနိုင်သည့် သီးနှံတစ်မျိုးအဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း