Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းသွက်သော သခွားသီး

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးချင်း၏ လယ်ယာမြေ (၀.၂၅)ဧကတွင် သခွားသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရပါသည်။

         ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော သခွားသီးများကို စားသုံးသူများက အများအပြားစားသုံးကြပါသည်။ သခွားမျိုးမှာ (၃၉၅)မျိုးကိုဝယ်ယူစိုက်ပျိုးပြီး မျိုးထုတ်တစ်ထုပ်လျှင် (၁၂၀၀၀)ကျပ်ပေးရကြောင်းသိရသည်။ စက်တင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုနိုဝင်ဘာလတွင် ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။ သခွားသီးများကို တစ်ရက်ချန်ခူး၍ရောင်းချပြီး တစ်ခါခူးလျှင် အလုံးရေ (၈၀၀ - ၁၀၀၀)လုံးခန့်ရရှိပါသည်။ ဈေးနှုန်းများမှာ တစ်လုံးလျှင် (၁၅၀-၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရသည်။ သခွားသီးများကို ပြည်မြို့၊ ဈေးကြီးအပါအဝင် အခြားဈေးများတွင်လည်း ရောင်းချလျက်ရှိကြောင်းသိရသည်။

          သခွားသီးများရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များက လာရောက်ဝယ်ယူကြပြီး ပြည်မြို့ပေါ်ရှိ ဈေးများသို့လည်း သွားရောက်ရောင်းချမှုများရှိပါသည်။ ယခုအချိန်သည် သခွားသီးများ စတင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများ ဈေးကောင်းရကာ  အရောင်းသွက်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဓာတ်မြေဩဇာနှင့် ဘိလပ်မြေဈေးနှုန်းအခြေအနေ

      ၂၀၂၄ ခုနှစ်၊  နိုဝင်ဘာလ စတုတ္ထအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၈၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၁၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၂၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၂၀၀၀)ကျပ် ဖြစ်သည့်အတွက် ယခင် နိုဝင်ဘာလ တတိယအပတ်နှင့် နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။

      ကျိုင်းတုံမြို့ရှိ နိုဝင်ဘာလ စတုတ္ထအပတ်တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင်(၁၅၆၀၀၀)ကျပ်၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင်(၄၄၀၀၀)ကျပ်၊ ယူရီယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၂၅၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၇၁၀၀၀)ကျပ် ဖြစ်သည့်အတွက် ယခင်နိုဝင်ဘာလ တတိယအပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်မြေဩဇာ ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

 

ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၃-၂၀၂၄ မိုးစပါး၊ နွေစပါးထွက်ရှိမှုနှင့် ဖူလုံမှုအခြေအနေ

           ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ မိုးစပါး၊ နွေစပါးစိုက်ဧက ၇၃၅၈၃၅ဧကရှိပြီး အထွက်တင်းအားဖြင့် ၆၈၄၇၀၂၉၆တင်းထွက်ရှိပြီး စားသုံးမှု၊ မျိုး၊ အလေအလွင့်နှင့် အခြားစားသုံးမှုမှာ ၂၁၀၅၆၂၁၃တင်းရှိသည့်အတွက် စပါးပိုလျှံမှု ၄၇၄၁၄၀၈၃တင်းပိုလျှံပါသည်။ ပိုလျှံသည့်စပါးများအား ဆန်အဖြစ်ကြိတ်ခွဲပြီး အထက်အညာဒေသသို့တင်ပို့လျက်ရှိပြီး အဓိက ရန်ကုန်တိုင်းသို့ တင်ပို့လျက်ရှိပါသည်။ ထိုသို့တင်ပို့ရာတွင် တင်ပို့သည့်စာရင်းဇယားအား လစဉ်တင်ပြလျက်ရှိပြီး တစ်လလျှင် ၃၀၀၀၀ကျော်ခန့်ဆန်စီးထွက်လျက်ရှိပါသည်။ လက်ရှိစပါးပေါ်စ စပါးတင်း၁၀၀လျှင် စပါးဈေးနှုန်းမှာ အမျိုးအစားအပေါ်မူတည်၍ ကျပ်သိန်း၂၀နှင့် ၂၃သိန်းအကြားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ တွက်ချက်မှုစာရင်းအရ မိုးစပါး (ဧည့်မထ) တစ်ဧကစိုက်ပျိုးစရိတ် ခန့်မှန်း ၉၀၀၀၀ကျပ်ခန့်ရှိခဲ့ပြီး စပါးအထွက်နှုန်း ၉၀ ထွက်ရှိပါက တောင်သူအနေဖြင့် တစ်ဧကအမြတ်နှုန်းမှာ ၁၂၇၀၀၀ကျပ်ခန့် ၏ရရှိမည်ဖြစ်ပြီး တောင်သူအနေဖြင့် အကျိုးအမြတ်ရရှိ၍ ဆန်စက်ပိုင်ရှင်အနေဖြင့်လည်း ထိုက်သင့်သည့် အကျိုးအမြတ်ရရှိမည်ဖြစ်ပါသည်။ MRF မှသတ်မှတ်သော သင့်တင့်မျှတသောဆန်ဈေးနှုန်း (Reasonable Market Price) ထုတ်ပြန်ချက်နှင့်ကိုက်ညီမှုရှိသော စပါးဈေးအား လက်ရှိအခြေအနေထက် မြင့်တက်မှုမရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့အနေဖြင့် ထိန်းကျောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်၊ မြို့မဈေးအတွင်း ကြက်ဥ၊ ဘဲဥများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချခြင်း

         ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မဈေးနှင့် ကမ်းနားဈေးများတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ နံနက် (၀၇:၀၀) နာရီမှ နံနက်(၁၀:၀၀) နာရီအချိန်ထိ ကြက်ဥတစ်လုံးလျှင် (၄၀၀) ဖြင့်လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်ဥ အလုံး (၆၀၀) နှင့် ဘဲဥ အလုံး (၃၀၀)တို့အား ကြက်ဥတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ရေထွက်ကုန် တီလားဗီးယားငါး ရန်ကုန်သို့တင်ပို့နေ

   ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် မွေးမြူးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသလို မြစ်အတွင်းမှ ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ညောင်တုန်းမြို့သည် စိုက်ပျိုးရေး အဓိက ထားစိုက်ပျိုးကြသလို မွေးမြူရေးလုပ်ငန်းဖြင့်လည်း စီးပွားဖြစ်ထွန်းအောင် လုပ်ကိုင်ဆောင်ရွက်နေပြီး ညောင်တုန်းမြို့နယ် ထွက်ရှိသော ငါးများကို ရန်ကုန်သို့ တင်ပိုလျက်ရှိပြီး ရန်ကုန်မှတဆင့် ပြည်ပပို့ကုန်အဖြစ် ငါးများတင်ပို့နေကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်မှ ပြောပြ၍ သိရသည်။

    ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း တီလားဗီးယားငါး ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလအတွင်းက တီလားဗီးယားငါး ပိဿာချိန်၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့သည်။  

   ညောင်တုန်းမြို့နယ်မှထွက်သော ငါးများကို ပြည်တွင်း ရန်ကုန်ဈေးကွက်ကလဲ တီလားဗီးယားငါးတွေ ဝယ်ယူမှုများကြောင်း  နှစ်စဉ် ငါးပိဿာချိန်တွေ တော်တော်များများတင်ပို့နေပြီး ရေလုပ်ငန်းရှင်တွေနဲ့ ငါးရောင်းဝယ်ရေဒိုင်များ၊ ကုန်သည်တွေပါ အဆင်ပြေလျက်ရှိကြောင်း၊ ယခုမိုးရာသီကင်းလွတ်ပြီးဖြစ်၍ ငါးများလည်း ထွက်ရှိလာပြီး ငါးဝယ်လိုအားကောင်းလာတာကြောင့် မွေးမြူသူတွေ ငါးအကောင်ရေ ထပ်တိုးမွေးမြူလာကြပြီး  မွေးမြူသည့် တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့် တီလားဗီးယားငါးများထွက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် တီလားဗီး ယားငါးတစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်မြို့နယ်အတွင်း ကြက်သားဈေးနှုန်းမြင့်တက်လျက်ရှိ

        ကုန်ဈေးနှုန်းများမြင့်တက်လာသည်နှင့်အမျှ ပုသိမ်မြို့နယ်အတွင်းတွင် ကြက်သားဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း စားသုံးသူပြည်သူများထံမှသိရှိရပါသည်။ ကြက်သားတစ်ပိဿာဈေးနှုန်းမှာ မွေးမြူရေးကြက်အရှင်ဈေး (၁၃၀၀၀)ကျပ်ခန့်၊ အသားဈေးနှုန်း (၂၀၀၀၀)ကျပ်ခန့်အထိမြင့်တက်နေပြီး ဗမာကြက်အရှင်ဈေး (၂၂၀၀၀)ကျပ်ခန့်၊ အသားဈေးနှုန်းမှာ (၃၀၀၀၀)ကျပ်ခန့်ထိရှိကြောင်းသိရှိရပါသည်။ မေးမြန်းချက်အရ ကြက်သားဈေးနှုန်းမြင့်တက်မှုမှာ ကြက်စာဝယ်ယူရာတွင် သယ်ယူခမြင့်တက်မှုကြောင့် ကြက်စာဈေးနှုန်းကြီးမြင့်မှုအပေါ်မူတည်၍ ကြက်သားဈေးနှုန်းမှာလည်းမြင့်တက်နေကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ရာသီပေါ်ကလားဝါးဥများ ဈေးကောင်းရရှိနေ

        ကလားဝါးဥကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် စီးပွားဖြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ကလားဝါးဥကို  မိုးအကုန် အောက် တိုဘာလနှင့် နိုဝင်ဘာလများတွင် တူးဖော်ရောင်းချကြပါသည်။ ဝါးဥပင်ကိုစိုက်ပျိုးရာတွင်လည်း တကူးတကစိုက်ပျိုးစရာမလိုဘဲ ဝါးဥကိုတူးဖော်စဉ်ကပင် အပင်တက်ထွက်ရာ ဝါးဥ၏အမြီးပိုင်းကို လက်တစ်ဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ပင် ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နောင်နှစ်မိုးဦးကျမှသာ အပင်တက်များ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည့်အတွက် စိုက်ပျိုးမှုကုန်ကျစရိတ်လည်းသက်သာပြီး အကျိုးများသော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရပါသည်။

          ယခုအောက်တိုဘာလ တတိယပတ်တွင် သဲကုန်းမြို့နယ်ဈေးကွက်အတွင်း ကလားဝါးဥတစ်ပိဿာလျှင် လက်လီ (၅၀၀၀)ကျပ်၊ လက်ကား (၄၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ပြည်၊ ရန်ကုန် နှင့် လက်ပံတန်းမြို့နယ်များသို့ တင်ပို့ရောင်းချနေကြောင်း ရာသီပေါ်ကလားဝါးဥစိုက်ပျိုးသူများထံမှသိရပါသည်။

DOCA(ပဲခူး)                                                                         

ငရုတ်သီးစိမ်းစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့တွင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် ပေါင်းတည်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့၊ နတ်ပုတီးကျေးရွာမှ တောင်သူတစ်ဦးနှင့်သွားရောက်တွေ့ဆုံပြီး ငရုတ်သီးစိမ်းစိုက်ပျိုးမှုကိုမေးမြန်းခဲ့ပါသည်။

         ထိုသို့သွားရောက်တွေ့ဆုံရာတွင် ငရုတ်စိုက်ပျိုးသူတောင်သူများအနေဖြင့် ငရုတ်တစ်ဧကစိုက်ပျိုးရာတွင် အပင်ရေ(၁၆၀၀၀)ခန့်စိုက်ပျိုးရကြောင်း၊ ကိုယ်တိုင်မျိုးကြဲစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စတင်စိုက်ပျိုးသည့်အချိန်မှစ၍ ငရုတ်ခူးဆွတ်ပြီးသည်အထိ စုစုပေါင်းကုန်ကျစရိတ် (၁၇၀၀၀၀၀) ကျပ်ခန့်ရှိပြီး ငရုတ်စတင်ထွက်ရှိသည့်အချိန်မှစ၍ တစ်ပါတ်တစ်ခါ ခူးဆွတ်ရပြီး အနည်းဆုံးကာလ ဆယ်ပတ်ခန့်အထိခူးဆွတ်ရကြောင်း၊ တစ်ဧကတွင် ငရုတ်ကောင်းလျှင် ပိဿာ(၁၀၀၀)ခန့်ထွက်ရှိပြီး အလယ်အလတ်ထွက်လျှင် ပိဿာ(၆၀၀)ခန့်ထွက်ရှိကြောင်း၊ ငရုတ်ဈေးမှာ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်နှုန်းတို့ဖြင့်ရောင်းချရပြီး ငရုတ်သီးဈေးကောင်းလျက်ရှိကြောင်း ထွက်ရှိလာသောငရုတ်သီးကို ဝက်ပုတ်မြို့ကုန်စည်ဒိုင်နှင့် ပေါင်းတည်မြို့ကုန်စည်ဒိုင်များသို့ပို့ရပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မကွေး၊ ဧရာဝတီတိုင်းများသို့ တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)                                                                         

ခရမ်းသီးဈေးနှုန်း၊ ဈေးကွက်

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ မော်ရကျေးရွာ၊ ထန်းတပင်ကျေးရွာနှင့် အခြားကျေးရွာများတွင် မိုးခရမ်းသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ မိုးခရမ်းသီးစိုက်ပျိုးရန် ပျိုးပင်တစ်ပင်ကို ၅၀ကျပ်နှုန်းဖြင့် တစ်ဧကကို ပျိုးပင် ၄၀၀၀ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထားပြီး စိုက်ပျိုးကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ပေါင်းမြက်ရှင်းခ၊ မြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် စုစုပေါင်း ၈၂၀၀၀၀ကျပ်ကုန်ကျကြောင်း၊  တစ်ဧကအထွက်နှုန်းမှာ အလုံးရေ ၁၃၀၀၀ခန့်ထွက်ရှိကြောင်း တစ်လုံးလျှင် ၁၀၀ကျပ်မှ ၁၅၀ကျပ်နှုန်းဖြင့် ဒေသတွင်းသာမက ကုန်စိမ်းဒိုင်များမှတစ်ဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)                                                                         

နတ်တလင်းမြို့နယ်တွင် ပန်းဂေါ်ဖီစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

          နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်းကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။

          ပန်းဂေါ်ဖီစိုက်ပျိူးရန် ပျိုးပင်တစ်ပင်ကို (၇၀)ကျပ်နှုန်းဖြင့် (၀.၂၅)ဧကလျှင် ပျိုးပင်(၃၅၀၀) ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထား၍ စိုက်ပျိုးကြပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် စတင်ခုတ်ယူရောင်းချပါသည်။ ပန်းဂေါ်ဖီ(၀.၂၅)ဧကစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ရေသွင်းခ၊  ပေါင်းမြတ်ရှင်းခ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအပါအဝင် စုစုပေါင်း(၇၀၀၀၀၀)  ကျပ်ကုန်ကျကြောင်း၊ အထွက်နှုန်းမှာ  အပွင့်ရေ (၃၂၀၀)ခန့်ထွက်ရှိပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ပန်ဂေါ်ဖီတစ်ပွင့်လျှင် အရွယ်အစားကိုလိုက်၍ (၉၀၀-၇၀၀-၅၀၀) ကျပ်နှုန်းဖြင့်ရောင်းချရပြီး ဒေသအတွင်းသာမက ကုန်စိမ်းဒိုင်များမှတစ်ဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း  ပန်းဂေါ်ဖီစိုက်တောင်သူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)                                                                         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း