Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့မှ လူကြိုက်များလှသော ဖိုးလမင်း ကော်ဖီမှုန့်

              တောင်ငူမြို့၏ ထုတ်ကုန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော ဖိုးလမင်းကော်ဖီမှုန့်သည် အနံ့အရသာနှင့် ပြည့်စုံပြီး လူကြိုက်များလှသည့် ကော်ဖီမှုန့်အမျိုးအစားတစ်ခုဖြစ်သည်။ ဖိုးလမင်းကော်ဖီမှုန့်ကို တောင်ငူမြို့ အမှတ်(၁)၊ ၆ လမ်း၊ ၁၄ရပ်ကွက်တွင်ထုတ်လုပ်ပြီး တောင်ငူမြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

             တောင်ငူမြို့တွင် လူကြိုက်များပြီး ဈေးနှုန်းလည်းအသင့်အတင့်ဖြစ်ကာ ရောင်းအားကောင်းသော Brand တစ်ခုလည်း ဖြစ်ပါသည်။ ဖိုးလမင်းကော်ဖီမှုန့်ကို ၁၀၀ ရာခိုင်နှုန်း ကော်ဖီမှုန့်များဖြင့် ထုတ်လုပ်ထားပြီး မည်သည့်အရောအနှောမှ မပါဝင်ကြောင်း သိရပါသည်။

              သကြား၊ နို့ဆီ၊ နွားနို့များဖြင့်ရောစပ်ပြီး သုံးမိနစ် လေးမိနစ်ခန့်နှပ်ထားကာ အသင့်သောက်သုံးနိုင်ကြောင်း၊ အနံ့၊ အရသာထူးခြားကောင်းမွန်ကြောင်း၊ ၂၀၂၄ခုနှစ် ဇွန်လအစောပိုင်းတွင် ရောင်းချသောဈေးနှုန်းမှာ ၁၀ ကျပ်သား တစ်ထုပ်လျှင် ၅၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

 DOCA(ပူဲခူး)

တောင်ငူမြို့ ဆီထွက်သီးနှံဇုန်ဧရိယာတွင် နှမ်းခင်းများဖြစ်ထွန်း

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်ဧရိယာများတွင် ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်နေသည်။ မိုးမြေပဲစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၀ မှ တောင်သူလယ်သမား ၆၀၁ ဦးက စိုက်ဧက ၂၁၂၉ ဧက၊ မိုးနှမ်းစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စုမှ တောင်သူလယ်သမား ၅၈၂ ဦးက စိုက်ဧက ၂၇၉၈ ဧက လျာထားကြောင်းသိရသည်။

              နှမ်းစိုက်တောင်သူများနှင့် မြေပဲစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေ ၂၅၀၀၀၀၀ ကျပ် ထုတ်ချေးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ သီးနှံဇုန်ဧရိယာများတွင် စိုက်ပျိုးရေးဦးစီးဌာနက ဇုန်တာဝန်ခံများထားရှိဆောင်ရွက်ပေးပါသည်။ ဇုန်တာဝန်ခံသည် နှမ်းစိုက်၊ မြေပဲစိုက်ပျိုးသည့် တောင်သူများရှိသည့် ကျေးရွာများသို့ သွားရောက်၍ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် သင်တန်းများပို့ချပေးနေပါသည်။

              သင်တန်းများတွင် ရိုးရိုးစိုက် စိမ့်မြောင်းပတ်မြောင်းစနစ်၊ ဘောင်ကြီးတင်စနစ်များကိုပို့ချ ပေးပါသည်။ နှမ်းဖိုရောဂါ မကျရောက်စေရေး၊ ရိုးမဲရောဂါ မကျရောက်စေရေး၊ ပေါင်းမြက် ကင်းရှင်းရေး သင်ခန်းစာများလည်း ပါဝင်သည်ဟု သိရပါသည်။

                ပြည်တွင်းစားသုံးဆီဖူလုံရန်၊ ပြည်ပမှစားသုံးဆီများတင်သွင်းမှု လျှော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံများ လျာထားချက်ထက်ကျော်လွန်အောင် စိုက်ပျိုးမည်ဟု သိရပါသည်။ မျိုးကောင်းမျိုးသန့်များအသုံးပြု၍ အထွက်နှုန်းကောင်းရရှိအောင် စိုက်ပျိုးမည်ဟု သိရပါသည်။ ဘောင်ကြီးစနစ်စိုက်ပျိုးနိုင်ရန် လိုအပ်သောစိုက်ပျိုးရေးပစ္စည်းများရရှိအောင် ဆောင်ရွက်ပေးနေပါသည်။

                တောင်ငူမြို့နယ်ရှိ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း စိုက်ပျိုးသည့် တောင်သူများသည် ပန်းတိုင်အထွက်နှုန်း မထွက်ရှိသေးသော်လည်း ယခုနှစ်တွင် မြေပဲ တစ်ဧက တင်း(၇၀)၊ နှမ်း တစ်ဧက တင်း(၂၀) ထွက်ရှိအောင်ဆောင်ရွက်မည်ဟု တောင်ငူခရိုင် ဆီထွက်သီးနှံတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မင်းလှိုင်၏ ပြောကြားချက်အရ သိရပါသည်။

              တောင်ငူမြို့နယ်တွင် ဘောင်ကြီးစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူလယ်သမားကြီး ဦးသန်းမြင့်၏ နှမ်းစိုက်ခင်းမှ ၂၈ ရက်သားသာရှိသေးသည့် နှမ်းပင်ပေါက်များသည် အထူး ကောင်းမွန်နေကြောင်းကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်ရှိငရုတ်သီးစိမ်းထွက်ရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

             ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်း)သီးများ စိုက်ပျိုးထားသဖြင့် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိစေရန် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

          ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) စိုက်ပျိုးထားသော တောင်သူဦးစိုးနိုင်နှင့် တွေ့ဆုံ၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ငရုတ်သီးစိမ်း စိုက်ပျိုးသည့်ဧကမှာ (၀.၂၅)ဧကကို ဝါခေါင်လမှစ၍နယုန်လအထိ စိုက်ပျိုးနိုင်ပြီး တန်ဆောင်မုန်းလနှင့် နတ်တော်လတွင် ထွက်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးသော အပင်ရေပေါင်းမှာ (၁၅၀၀)ခန့် စိုက်ပျိုးထားပြီး ကုန်ကျစရိတ်အနေဖြင့် (၆၈၅၀၀၀)ကျပ် ကုန်ကျကြောင်း သိရပါသည်။ ငရုတ်သီးစိမ်း စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန်(၅၀)ခန့် ခူးဆွတ်နိုင်ပြီး (၁၅)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ငရုတ်သီးထွက်ရှိမှုမှာ (၈၀၀)ပိဿာခန့် ထွက်ရှိသဖြင့် ငရုတ်သီးစိမ်းထွက်ရှိချိန်တွင် ဝင်ငွေပေါင်းမှာ (၀.၂၅) ဧကတွင် (၁၂၀၀၀၀၀)ခန့် ရရှိပြီး အကျိုးအမြတ်အနေဖြင့် (၅၁၅၀၀၀)ကျော် ရရှိကြောင်းသိရပါသည်။ ထွက်ရှိသောငရုတ်သီးစိမ်းများကို နယ်မြို့များသို့ တင်ပို့ရောင်းချပြီး တစ်ပိဿာကျပ် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ကုန်စိမ်းသမားအချို့မှာ စိုက်ခင်းအထိဆင်း၍ဝယ်ယူကြောင်း သိရပါသည်။

            ငရုတ်သီးစိမ်းစိုက်ပျိုးခြင်းဖြင့်လည်း မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေလည်းရပြီး အကျိုးအမြတ်လည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်၊ သမန်းချိုကျေးရွာတွင်ပန်းဂေါ်ဖီစိုက်ပျိုးသူများ အကျိုးအမြတ်ရလျက်ရှိ

             ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ပန်းဂေါ်ဖီများ စိုက်ပျိုးထားလျက်ရှိပြီး အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း သိရပါသည်။ ပန်းဂေါ်ဖီများကို စိုက်ပျိုးထားသော သဖန်းချိုကျေးရွာရှိ တောင်သူဦးဌေးဝင်းနှင့်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်များသိရှိစေရန် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

          ထိုတောင်သူမှ ပန်းဂေါ်ဖီစိုက်ဧက(၀.၂၅)ဧကရှိပြီး စိုက်ပျိုးအပင်ပေါင်းမှာ (၂၂၀၀)ခန့် စိုက်ပျိုးထားကြောင်း သိရပါသည်။ (၀.၂၅)ဧကတွက် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၁၃၀၅၀၀) ကျပ် ကုန်ကျပြီး ယခုဒီဇင်ဘာလတွင် ပန်းဂေါ်ဖီများစတင် ထွက်ရှိကြောင်း သိရပါသည်။ အပွင့်ထွက်ရှိမှုမှာ (၀.၂၅)ဧကတွင် အပွင့်ရေ(၂၀၀၀)ခန့်ထွက်ရှိပြီး ထွက်ရှိလာသောပန်းဂေါ်ဖီများကို တစ်ပွင့် လျှင်(၄၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပေါက်ခေါင်းမြို့မှ ထွက်ရှိသောပန်းဂေါ်ဖီများကို ပြည်၊ ပေါင်းတလည် ဈေးကွက်သို့တင်ပို့ရောင်းချသလို ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း သိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုး သူတောင်သူအနေဖြင့် (၀.၂၅)ဧကတွက် ဝင်ငွေပေါင်း (၈၀၀၀၀၀) ကျပ်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၆၆၉၅၀၀)ကျပ် ရရှိကြောင်းသိရပါသည်။  ထို့ကြောင့်ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူများအနေဖြင့် ရာသီချိန်တွင် အကျိုးအမြတ်များစွာရရှိသဖြင့် ဧကများစွာစိုက်ပျိုးလျင် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

 DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်တွင် နှမ်းနက်ဈေးမြင့်၍ နှမ်းဖြူဈေးနှုန်းတည်ငြိမ်လျက်ရှိ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံများလည်းစိုက်ပျိုးကြ ကြောင်းသိရသည်။

ယခုအခါ နှမ်းများဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၂၅၀၀၀) ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း၊ ယခုပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်ပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)တစ်တင်းလျှင်(၁၀၀၀၀)ကျပ် မြင့်တက်လာပြီး နှမ်းဖြူ (ဂျပန်)ဈေးနှုန်းများ တည်ငြိမ်နေကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော ကြံသကာဈေးနှုန်းအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ကြံသကာများမှာ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင်ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ (၅၀)ကျပ်သားလျှင် ၃၃၀၀ ကျပ်ဖြင့်ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

          ကြံသကာသည် ကြံပင်မှထွက်ရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ ကြံသကာကို မုန့်ပြုလုပ်ရာတွင်လည်းအသုံးပြုကြောင်း၊ အညာဒေသတွင် အိမ်အလည်လာသူ မိတ်ဆွေများကို တည်ခင်းဧည့်ခံရာတွင်လည်း အသုံးပြုကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှ မြို့တို့ကို ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူခရိုင်၌ နေကြာသီးနှံများ ဈေးနှုန်းအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

မိုးနေကြာသီးနှံကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထား နှင့်အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီ လပထမပတ်အတွင်း နေကြာတစ်တင်းလျှင် ငွေကျပ် ၆၅၀၀၀ ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရ သည်။

ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိပွဲရုံများသို့ ရောင်းချ ကြပြီး ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နေကြာသီးနှံဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရသည်။

          DOCA(စစ်ကိုင်း)       

ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့

           မြန်မာလူမျိုးများအနေဖြင့် အဓိကအရေးကြီးဆုံးဖြစ်သော စားဝတ်နေရေးဆိုပြီး အချက်သုံးချက်ရှိရာ ဝတ်ရေးသည် ဒုတိယအရေးကြီးဆုံးဖြစ်ပါသည်။ ရာသီဥတုမှာလည်း တစ်နှစ်နှင့် တစ်နှစ် ပို၍ပူပြင်းလာကြသောကြောင့် လူအများအနေဖြင့် အေး၍ပေါ့ပါးသော အဝတ်အထည်ဖြစ်သော ချည်ထည်များကိုသာ ရွေးချယ်၍ဝတ်ဆင်လာကြပါသည်။ ချည်ထည်များကို ဦးစားပေးဝတ်ဆင်လာကြသဖြင့် အဓိကကုန်ကြမ်းဖြစ်သော ဝါသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးလာကြရာ ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧကမှာ ၁၂၈၉၃ ဧကရှိလာပါသည်။ ယခုအချိန်တွင် ဝါသီးနှံများထွက်ပေါ်လာပြီး ထွက်ရှိလာသောဝါသီးနှံများကို ဝါကြိတ်စက်ရုံများ မှဝယ်ယူကြသလို ရွာပွဲစားများမှလည်းဝယ်ယူပြီး အောင်လံနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပါသည်။ မန္တလေးမြို့တွင် ဝါသီးနှံမှ အဆင့်မြှင့်တင်၍ ချည်အဖြစ်ပြောင်းလဲထုတ်လုပ်ပြီး ပြန်လည်ဖြန့်ဖြူးရောင်းချကြပါသည်။ ပြည်ခရိုင်အနေဖြင့် ချည်ထည်လုပ်ငန်းလုပ်ကိုင်ခြင်းကို ရွှေတောင်မြို့နယ်တစ်ခုသာ လုပ်ကိုင်ကြောင်း သိရပါသည်။ ရွှေတောင်မြို့တွင် ယက္ကန်းစင်ပေါင်းများစွာရှိပြီး ခေတ်မီတိုးတက်လာသည်နှင့် အမျှ လက်ယက္ကန်းများနည်းလာပြီး စက်ယက္ကန်းများဖြင့် ယက်လုပ်ကြပါသည်။ ရွှေတောင်မြို့သည် စည်းလုံချည်လုပ်ငန်းဖြင့် နာမည်ကြီးပြီး ရွှေတောင်စည်းဟူ၍လည်း လူသိများကြပါသည်။ ရွှေတောင်မြို့ရှိ စည်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မန္တလေးမြို့မှ ချည်များကိုဝယ်ယူ၍ ယက္ကန်းခတ်ကြပါသည်။ ထိုချည်များတွင် (၂/၈၀)ချည်နှင့် (၂/၁၀၀)ချည်ဟူ၍ရှိပြီး (၂/၈၀)စည်းမှာ ချည်ရိုးရိုးဖြစ်၍ (၂/၁၀၀)ချည်မှာ ချည်ပြောင်အမျိုးအစား ဖြစ်ပါသည်။ ချည်ထည်ခြင်းတူသော်လည်း (၂/၁၀၀)ချည်မှာ ပွဲတိုးသောအမျိုးအစားဖြစ်၍ ဈေးလည်းပိုများကြောင်း သိရပါသည်။

           မြန်မာအမျိုးအသီးများအနေဖြင့် ရွှေတောင်စည်းမှာ ဝတ်ဆင်ရတာပေါ့ပါးအေးမြပြီး ရာသီဥတုနှင့် လည်းကိုက်ညီ၍ မြန်မာဆန်ဆန်ရင်ဖုံးအင်္ကျီလေးများကိုချုပ်၍ ဝတ်ဆင်ကြလျင် ပွဲလယ်တင့်သဖြင့် ဝယ်ယူဝတ်ဆင်ကြပါသည်။

          ပထမကုန်ကြမ်းဖြစ်သော ဝါသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လုပ်ကိုင်နိုင်သဖြင့် တန်ဖိုးရှိသောထုတ်ကုန်များ ရရှိနိုင်မည်ဖြစ်ပါသည်။ ဝါသီးနှံဈေးမှာ တစ်ပိဿာလျှင် ၂၈၀၀ကျပ် ရရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန် ရွှေတောင်စည်းကိုထုတ်လုပ်လျှင် ရိုးရိုးစည်လုံချည်ဝမ်းဆက်တစ်စုံလျှင် ၂၂၀၀၀ ကျပ်၊ ပွဲတက် (၂/၁၀၀)စည်း ဝမ်းဆက်တစ်စုံလျင် ၂၉၀၀၀ကျပ်အထိ ဈေးကောင်းရသဖြင့် ဝါဂွမ်းမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချနိုင်လျှင် အကျိုးအမြတ် များပိုမိုရရှိနိုင်ကြောင်း သိရပါသည်။ နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အားပေးကူညီလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်တက်ထုတ်လုပ်လာမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အကျိုးရှိနိုင်သလို နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာပြီး နိုင်ငံခြားဝင်ငွေများလည်း ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့ ဆိုသောသတင်းကို ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၌ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ဈေးကွက် အခြေအနေ

 စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်း သီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၉၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ဒီဇင်ဘာလနောက်ဆုံးပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလပထမပတ်အတွင်း ပဲတီစိမ်း ရိုးရိုးတစ်တင်းလျှင်(၂၀၀၀၀)ကျပ်နှင့် ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင်(၂၀၀၀၀)ကျပ်မြင့်တက်လာ ကြောင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှသိရသည်။

DOCA(စစ်ကိုင်း)

ဝါးမှသည် အဆင့်မြင့်ထုတ်ကုန်များဆီသို့

    မြန်မာနိုင်ငံတွင် ဝါးပင်များသည် တောတောင်ရိုးမများတွင် အများဆုံးပေါက်ရောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတုတ္တရာ၊ စလင်း၊ ဆိပ်ဖြူ၊ ဂန့်ဂေါနယ်များတွင် ဝါးအမျိုးမျိုး ပေါက်ရောက်လျက်ရှိပါသည်။ ဝါးအမျိုးအစားပေါင်းများစွာရှိသော် လည်း စီးပွားရေးအတွက်အသုံးပြုသော ဝါးအမျိုးအစားများမှာ ဝါးပိုးဝါး၊ ရေဝါး၊ မျှင်ဝါးများကို အသုံးပြုကြပါသည်။

    ယခုအခါတွင် ဝါးဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို ဟိုတယ်များ၌ အလှ ဆင်ပစ္စည်းများအဖြစ် အသုံးပြုလာကြပါသည်။ ဝါးလက်မှုပစ္စည်းထုတ်လုပ်သော လုပ်ငန်းများအနေဖြင့် ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့လည်း ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရန် ယခင်ကထက် ပိုမို ဆန်းသစ် တီထွင်လာကြပါသည်။ ပြည်တွင်း၌ အသုံးပြုသော ဝါးလက်မှုပစ္စည်းများဖြစ်သော စကော၊ စကာ၊ တောင်းများနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့ကြပြီး ယခုအခါ ပြည်တွင်းသုံးလက်မှု ပစ္စည်းများသာမက ပြည်ပတိုးချဲ့တင်ပို့နိုင်ရေးအတွက် ဝါးဖြင့်ပြုလုပ်သော အသုံးအဆောင်ပစ္စည်းများ၊ အလှဆင်ပစ္စည်းများကိုလည်း တီထွင်ထုတ်လုပ်လာကြပါသည်။

     ပြည်တွင်းအသုံးပြုသော ပစ္စည်းများမှာ စကော၊ စကာ၊ တောင်း၊ အုပ်ဆောင်း၊ ဖျာ၊ တင်းတောင်း၊ ခွဲတောင်း၊ စိတ်တောင်း၊ ချိန်ခွင်၊ ပလိုင်းများကို ထုတ်လုပ်ခဲ့ကြပြီး ဈေးကွက်အနေဖြင့် ပြည်တွင်း၌ တောင်သူများ အများဆုံးသုံးစွဲကြပါသည်။ ပခုက္ကူခရိုင်အတွင်းတွင် လက်လီ၊ လက်ကားဈေးနှုန်း အနေဖြင့် စကောအချောတစ်ချပ်လျှင် ကျပ်(၂၅၀၀)၊ အကြမ်းတစ်ချပ်လျှင် ကျပ်(၁၅၀၀)၊ စကာခုံး တစ်ချပ်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ်(၈၀၀ - ၁၀၀၀ - ၁၅၀၀)၊ ခွဲတောင်းတစ်လုံးလျှင် ကျပ်(၃၀၀၀)၊ စိတ်တောင်းတစ်လုံးလျှင် ကျပ်(၁၅၀၀)၊ နှစ်ပြည်ဝင် တောင်းတစ်လုံးလျှင် ကျပ်(၁၀၀၀)၊ အုပ်ဆောင်းအကြီး တစ်ခုလျှင် ကျပ်(၂၀၀၀)၊ ဖျာချောတစ်ချပ်လျှင် ကျပ်(၁၀၀၀၀)၊ စကာအစိတ်အကျဲ တစ်ချပ်လျှင် ကျပ်(၁၅၀၀)၊ ချိန်ခွန်တစ်ခုလျှင် ကျပ်(၇၀၀ - ၁၅၀၀)၊ ခြင်းကြားတောင်းတစ်လုံးလျှင် ကျပ်(၃၀၀၀)၊ ရေအိုးအုပ်ဆောင်းတစ်ခုလျှင် ကျပ်(၅၀၀ - ၁၀၀၀)၊ ပလိုင်းတစ်လုံးလျှင် ကျပ်(၅၀၀ - ၁၀၀၀)ဈေးဖြင့် မြို့ပေါ်ဆိုင်များ၌ လက်လီ၊ လက်ကားရောင်းချနေပြီး ရေစကြိုနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းနယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

      ပြည်တွင်း၌ ဝါးလက်မှုပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော ဝါးအမျိုးအစားပေါင်း (၃၀)နည်းပါးရှိသည်။ နေရာဒေသအလိုက် ထွက်ရှိသည့် ဝါးပင်အမျိုးအစားပေါ် မူတည်၍ ဝါး လက်မှုပစ္စည်းများ ပြုလုပ်ရာတွင်လည်း အသုံးပြုသောဝါးကုန်ကြမ်းများ ကွဲပြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း