Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်း ရောင်းချသည့် ရုံးပတီသီးဈေးကွက်

              ရုံးပတီသီးအပင်သည် အပင်အနိမ့်အမြင့်ပေါ်မူတည်ပြီး အသီးပုံသဏ္ဍာန်အမျိုးမျိုးရှိပါသည်။ အပင်ငယ်မျိုးကို ၂ပေ ၃ပေကြား ခွာစိုက်ပျိုးရပါသည်။ စိုက်ပျိုးရာတွင် ရုံးပတီသီးစေ့အား ရေစိမ်ထားပြီးမှ မြေကြီးအတွင်း စိုက်ပျိုးရပါသည်။ ရုံးပတီသီးအပင်သည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသည့် အပင်မျိုးဖြစ်ပါသည်။ ရုံးပတီတောင့်များသည် အပင်ခြေမှ ထိပ်ဖျားသို့ အစဉ်လိုက်ရင့်မှည့် ပါသည်။ ရုံးပတီသီးတောင့်များသည် မိုးရာသီစိုက်ပျိုးသည့်အပင်မှထွက်သော အသီးနှင့် နွေရာသီစိုက်ပျိုးသည့် အပင်မှထွက်ရှိသည့် အသီးများသည် အလုံးချောမတူညီပေ၊ မိုးရာသီတွင် ထွက်ပေါ်သော ရုံးပတီသီးတောင့်များသည် အစိမ်းရောင် ပိုတောက်ပြီး အရွယ်အစားမှာလည်း ကြီးပြီး ဈေးမှာလည်း သက်သာပါသည်။ ရုံးပတီသီးအတောင့် ၁၀၀တွင် ပါဝင်သော ရုံးပတီသီး အစေ့များကို စိုက်ပျိုးလျှင် မြေ ၁ဧက စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီသီးသည် စိုက်ပျိုးပြီးရက်ပေါင်း(၆၀-၇၀) အကြားတွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင်ရုံးပတီသီးပိဿာချိန် ၁၀၀၀ခန့်ထွက်ရှိပါသည်။ ကုန်ကျ စရိတ်အနေဖြင့်လည်း မျိုးစေ့၊ သွင်းအားစု၊ လုပ်အားခများအပါအဝင် တစ်ဧကလျှင်စုစုပေါင်းငွေ ရှစ်သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ်(၁၇၀၀၀၀၀)ခန့်ရရှိကြောင်း သိရပါသည်။ ရုံးပတီသီးတောင့်များအား ပြည်ဈေးကွက်တွင်ရောင်းချလျက်ရှိရာ ရောင်းချသောဈေးနှုန်းများမှာ အကြီးတောင့် (၁၀)တောင့် လျှင် (၂၀၀)ကျပ်၊ အလတ်အသေးတောင့်များအား (၁၀)တောင့်လျှင် (၁၅၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။ ရုံးပတီသီးပင်များအား ပြည်မြို့နယ် ဒေသတစ်ဝိုက်တွင် အများအပြား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆောင်းရာသီ၏ရာသီစာပဲမြစ်

             ပဲစောင်းလျားပင်မှာ ပူပြီးစွတ်စိုသောနေရာများတွင် အများအပြားပေါက်ရောက်ပါသည်။ နွယ်ပင်အမျိုးအစားဖြစ်ပြီး တို့စရာအဖြစ် စားသောက်ကြသည့် ဟင်းသီးဟင်းရွက်ပင်ဖြစ်ပါသည်။ အမြစ်မှထွက်ရှိလာသော ပဲမြစ်များကို မုန့်ပဲသားရေစာအဖြစ်စားသောက်ကြပါသည်။ ပဲစောင်းလျားပင်အား မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးကြပါသည်။ ပဲမြစ်များစိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးသည့်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ပဲမြစ်စိုက်ပျိုးသည့် တောင်သူအများစုမှာ နှစ်စဉ် ဩဂုတ်လတွင်စိုက်ပျိုး၍ ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ရောင်းချကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ပြည်ဈေးကွက်အတွင်းရောက်ရှိလာသည့် ပဲမြစ်များမှာ ပြည်မြို့နှင့် ဒေသအနီးတဝိုက်ရှိ ကျေးလက်ဒေသများနှင့် ရွှေတောင်မြို့ရှိ ကျေးလက်ဒေသများ၏ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြံများမှရရှိပါသည်။ ပဲမြစ်၏အရသာမှာ ချိုပြီးစိမ့်၍ လူကြိုက်များသော အစားအစာဖြစ်ပါသည်။ ရာသီပေါ်စာဖြစ်သည့်ပဲမြစ်အား ဈေးကွက်အတွင်းရောင်းချရာ၌ တစ်ပိဿာ လျှင် ၅၅၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ (၅၀)သားလျှင် (၃၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း ဈေးကွက်အတွင်းတွင်ရောင်းချကြကြောင်းသိရှိရပါသည်။

 DOCA(ပဲခူး)

မအူပင်မြို့တွင် ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်း အခြေအနေ

          ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူ ရေးလုပ်ငန်း များကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ မအူပင်၊ပန်းတနော်၊ညောင်တုန်း၊ ဓနုဖြူမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် မတ်ပဲ စိုက်ပျိုးကြကြောင်းသိရသည်။  ယခု မအူပင်မတ်ပဲသီးနှံမျိုး ဈေးအနေဖြင့် ၁တင်းကို (၁၇၀၀၀၀)ကျပ်၊ ပန်းတနော် မတ်ပဲမျိုးဈေး (၁၈၀၀၀၀)ကျပ်၊ ဓနုဖြူမြို့နယ်တွင် မတ်ပဲမျိုးဈေး ရိုးရိုး (၁၅၀၀၀၀)ကျပ်၊ TPN-9 မတ်ပဲမျိုး (၁၆၅၀၀၀)ကျပ်ဖြင့်  ရောင်းချနေကြောင်းသိရသည်။

         ဈေးကွက်အတွင်း မအူပင်မြို့ မတ်ပဲဈေးနှုန်းအနေဖြင့် အောက်တိုဘာလ နောက်ဆုံးပတ်က မတ်ပဲဈေး တစ်တင်းဈေး (၁၃၀၀၀၀)ကျပ်ရှိရာမှ နိုဝင်ဘာလ တတိယပတ်က မတ်ပဲ တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်သို့ ကျဆင်းလာပြီး ယခု ဒီဇင်ဘာလ ဒုတိယပါတ်တွင် မတ်ပဲ တစ်တင်းလျှင် (၁၁၂၅၀၀)ကျပ်သို့ ထပ်မံကျဆင်းလာကြောင်း မတ်ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်ဦးကျော်ဦးမှ ရှင်းလင်းပြောပြ၍ သိရသည်။

         ဓနုဖြူမြို့နယ်မှ မတ်ပဲဈေး နိုဝင်ဘာလက (၁၂၀၀၀၀)ကျပ် ဈေးပေါက်နေပြီး ယခု ဒီဇင်ဘာလက မတ်ပဲဈေး တစ်တင်းကို (၁၁၄၅၀၀)ကျပ်သို့ ကျဆင်းလာပြီး (၅၅၀၀)ကျပ် ကျဆင်းလာကြောင်း မတ်ပဲရောင်းဝယ်သူမှ ပြောပြသည်။ ရန်ကုန်သို့တင်ပို့ရောင်းချသော မတ်ပဲဈေးအနေဖြင့် တစ်တင်းလျှင် (၁၁၈၀၀၀)ကျပ် အမြင့်ဈေးပေါက် လျက်ရှိသည်။  အိန္ဒိယနိုင်ငံမှ မတ်ပဲပေါ်လာသည့် ကာလဖြစ်၍ မတ်ပဲဝယ်ယူမှု ကျလာခြင်းကြောင့် မတ်ပဲဈေး ဆက်တိုက်ဈေးကျဆင်းလာကြောင်း မတ်ပဲရောင်းဝယ် သူမှပြောပြ၍ သိရသည်။

        ဈေးကွက်အနေဖြင့် မအူပင်ခရိုင် မြို့နယ်အသီးသီးမှ ထွက်ရှိသော မတ်ပဲများကို ရန်ကုန်မြို့ရှိပွဲရုံများ ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ(၁၃.၁၂.၂၀၂၄) ရက်အတွင်း မတ်ပဲတစ်တင်းလျှင်(၂၅၀၀-၅၅၀၀))ကျပ်ထိ  ကျဆင်းလာကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပေါက်ခေါင်းမြို့နယ်ရှိခရမ်းကြွပ်သီးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

             ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးထွက်ရှိနေပြီဖြစ်ပါသည်။ တောင်သူများနေဖြင့် ခရမ်းကြွပ်သီးကို ဧကပြတ်စိုက် ပျိုးထားခြင်း မရှိဘဲ အခြားသီးနှံများဖြင့်ရောနှော၍ စိုက်ပျိုးထားရှိပါသည်။ ခရမ်းကြွပ်သီး ကိုအများဆုံးစိုက်ပျိုး ဧကမှာ (၀.၂၅)ဧက တစ်ယောက်သာစိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီး (၀.၂၅)ဧက တွင်အပင်ပေါင်း (၂၀၀၀)ခန့်စိုက်ပျိုးနိုင်ပြီး မျိုး စိုက်ပျိုးစရိတ်၊ သွင်းအားစု လုပ်သားခအပါအဝင် ကုန်ကျစရိတ်မှာ (၅)သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ ခရမ်းကြွပ်သီးခူး ဆွတ်ချိန် ရောက်ရှိလျှင် (၃)ရက်ခြားတစ်ခါ ခူးဆွတ်ရရှိပြီး တစ်ကြိမ်ခူးဆွတ်လျှင် (၀.၂၅)ဧကတွင် အလုံးရေ (၈၅၀၀)ခန့် ခူးဆွတ်ရရှိကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီးတစ်ခါစိုက်ပျိုးထားလျှင် ခူးဆွတ် ချိန်မှာ (၁)လခွဲခန့်ကြာမြင့်ပြီး ခူးဆွတ်သည့်အကြိမ်ရေမှာ (၁၅)ကြိမ်ခန့် ခူးဆွတ်ရရှိကြောင်း သိရပါသည်။ ခရမ်းကြွပ်သီးများကို ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိလာရောက်ဝယ်ယူကြ၍ ဖောက်သည်ဈေးအနေဖြင့် တစ်လုံးလျှင် (၁၀)ကျပ်ဖြင့် ရောင်းချကြပါသည်။ တောင်သူဝင်ငွေနေဖြင့် (၀.၂၅)ဧကတွင် (၁၂၇၅၀၀၀)ကျပ်ခန့် ရရှိပြီး အသားတင်အမြတ်အနေဖြင့် (၇၇၅၀၀၀) ကျပ် ရရှိ ကြောင်း သိရပါသည်။

             ခရမ်းကြွပ်သီးကိုကုန်စိမ်းဒိုင်များမှတစ်ဆင့် နယ်မြို့များရှိဈေးကွက်များသို့ ပြန်လည်ဖြန့်ဖြုး ရောင်းချကြကြောင်းသိရပါသည်။ စိုက်ပျိုးသူများအနေဖြင့်လည်း စိုက်ပျိုးသင့်သလို တစ်ဆင့် ပြန်လည်ရောင်းချသူများအနေဖြင့်လည်း သင့်တင့်လျောက်ပတ်သော အမြတ်အစွန်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတနော်မြို့နယ်၌ စိုက်ပျိုးနေပြီဖြစ်သော ငရုတ်သီးစိမ်း သီးနှံ အကျိုးအမြတ်ရရှိ

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ငရုတ်သီး စိုက်ဧက ၁၅ ဧက၊ စိုက်ပျိုးလျက်ရှိသည်။  မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေခံ၊ မြေခံ၊ ကောင်း၍ ငရုတ်သီးနှံကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ဒေသတွင်းစားသုံးမှု ဖူလုံရေးအတွက် ငရုတ်အစိုကို စိုက်ပျိုးကြပြီး၊  ငရုတ်အခြောက်သီးနှံကို စီးပွားဖြစ် နှစ်စဉ် စိုက်ပျိုးကြကြောင်း သိရသည်။

        ပန်းတနော်မြို့နယ် မြစိမ်းကျွန်း ဒေါ်မြမြလွင်စိုက်ပျိုးနေသော ငရုတ်စိုက်ပျိုးခင်း၏ စိုက်ပျိုးမှုကို ရှင်းလင်းပြောကြားရာ ငရုတ် ၁ဧကစိုက်ခင်းတွင် အပင်ရေ ၁၂၀၀၀စိုက်ပျိုးထာကြောင်း၊ တန်ဆောင်မုန်းလ တွင် စတင်စိုက်ပျိုးပြီး ၄လအကြာတွင် ငရုတ်ထွက်ရှိကြောင်း သိရသည်။ မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ၊ ရေတင်ခ၊  အပါအဝင်ကုန်ကျစရိတ် ၁၀သိန်းကျပ်ခန့် ကုန်ကျစရိတ်ရှိ ကြောင်း သိရသည်။  ငရုတ် ထွက် ရှိမှုအနေဖြင့် ၁ဧကကို ပိဿာချိန် ၅၀၀ထွက် ပြီး ငရုတ်သီးစိမ်း ဈေးနှုန်းအနေဖြင့် ၁ပိဿာ ၅၀၀၀ကျပ် ဈေးဖြင့် လက်လီရောင်းချနေပြီး ငွေကျပ် ၁၅၀၀၀၀၀ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဗေဒါရိုးမှတစ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချ၍ဝင်ငွေများရရှိ

          ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ၊ တံခွန်တိုင်ရွာတွင် ဗေဒါရိုးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချကြောင်းသိရပါသည်။ ထိုလုပ်ငန်းကို နွေရာသီမှာလုပ်ကိုင်ပြီး မိုးရာသီတွင်အလုပ်နားကြောင်းသိရပါသည်။ မိုးရာသီတွင် လုပ်ငန်များ နားရခြင်းမှာ နေပူလှမ်း၍မရခြင်း၊ မှိုတက်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ဗေဒါထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ပုံမှာ ဗေဒါကိုအခြောက်လှမ်းပြီး ဗေဒါအလယ်ရိုးကိုထုတ်ယူ၍ ကြိုးကျစ်ပြီး လိုချင်သော လူအသုံးအဆောင်ပစ္စည်းများကို ပြုလုပ်ကြပါသည်။ ထိုလုပ်ငန်းကို မိသားစု တစ်နိုင် တစ်ပိုင်အပြင် စီးပွားဖြစ်လည်းထုတ်လုပ်ရောင်းချသဖြင့် အလုပ်သမား(၁၉)ဦးဖြင့် လုပ်ကိုင်ကြောင်း သိရပါသည်။ ဗေဒါရိုးဖြင့်ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများမှာ ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ်၊ လက်ဆွဲခြင်း နှင့်ဖျာတို့ဖြစ်ပါသည်။ ထိုပစ္စည်းများထဲမှ ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ် နှင့် လက်ဆွဲခြင်းတို့ကို လိုချင်သော ဆေးရောင်များဖြင့်ခြယ်ကာ လှပအောင်၊ ရောင်းတန်းဝင်အောင် ပြုလုပ်ကြ သော်လည်း၊ ဖျာတစ်မျိုးတည်းသာ သဘာဝအရောင်ဖြင့်သာပြုလုပ်၍ ရောင်းချကြပါသည်။ ရောင်းချသောဈေးကွက်များမှာ အင်းမမြို့၊ တိုက်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တို့သို့ တင်ပို့ရောင်းချကြပါသည်။ ဈေးနှုန်းအနေဖြင့် ဦးထုပ်တစ်လုံးလျှင် ၄၅၀၀ကျပ်၊ လက်ဆွဲခြင်း တစ်ခြင်းလျှင် ၇၅၀၀ကျပ်၊ လက်ကိုင်အိတ်အသေး တစ်လုံးလျှင် ၁၀၀၀၀ကျပ်၊ လက်ကိုင်အိတ် အကြီး တစ်လုံးလျှင် ၁၅၀၀၀ကျပ်၊ ဖျာတစ်ချပ်လျှင် ၅၅၀၀ကျပ်၊ ယောကျ်ားစီးဖိနပ်တစ်ရံလျှင် ၈၅၀၀ကျပ်၊ မိန်းမစီးဖိနပ်တစ်ရံလျှင် ၆၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။

          ထို့ကြောင့် ကန်ထဲ၊ မြစ်ထဲ၌ အလေ့ကျပေါက်ရောက်သော အမှိုက်အဖြစ်လွှင့်ပစ်စရာမလိုဘဲ လူအသုံးအဆောင်ပစ္စည်းများအဖြစ်ထုတ်လုပ်ရောင်းချပြီး မိသားစုအပိုဝင်ငွေအပြင် ပို၍လုပ်ငန်း များ တွင်ကျယ်စွာထုတ်လုပ်လာနိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်မှာဖြစ်ပါသည်။ ထို့အပြင် ဒီထက်ပိုပြီး တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်လာနိုင်မည်ဆိုပါက နိုင်ငံခြားအထိ တင်ပို့ရောင်း ချနိုင်လျှင် နိုင်ငံခြားဝင်ငွေများလည်း ရရှိလာနိုင်သောကြောင့် အမှိုက်ထဲကရွှေအဖြစ် လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

(၂.၁.၂၀၂၅) ရက်နေ့ထိ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၄၀၀၀မှ ၅၀၀၀ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၅၀၀ မှ ၄၅၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိလည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇၄၈၀ မှ ၇၆၈၀၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၈၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင် ရွက်တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၆၀၀၊ ကိုက်လန်တစ်စီး ကျပ် ၆၀၀ မှ ၇၀၀၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၂၀၀၀ မှ ၄၀၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ဗူးသီးတစ်လုံး ကျပ် ၃၀၀၀ မှ ၄၀၀၀၊ အာလူးတစ်ပိဿာ ကျပ် ၃၈၀၀ မှ ၄၂၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၂၅၀၀၀ မှ ၂၆၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၄၅၀၀ မှ ၅၀၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၁၀၀၀၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀ မှ ၁၉၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀၊ ဆိပ်သားတစ် ပိဿာလျှင် ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၃၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀၊  ငါးခူတစ်ပိဿာလျှင် ကျပ် ၂၃၀၀၀ မှ ၂၅၀၀၀၊ ငါးရံ့တစ်ပိဿာ  ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၆၀၊ ဘဲဥတစ်လုံး ကျပ် ၄၀၀ မှ ၆၀၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေးအတွင်းရှိ ငါးဈေးနှုန်းများ

  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၂.၁.၂၀၂၅) တွင် ဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်း တစ်ပိဿာ အနိမ့်ဆုံး ၃၅၀၀ မှ အမြင့်ဆုံး ၈၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၀၀၀ မှ ၁၄၀၀၀ ကျပ်၊ ငါးသလောက် တစ်ပိဿာ ၁၁၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးခေါင်းပွ တစ်ပိဿာ ၄၅၀၀ မှ ၁၁၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာ ၈၀၀၀ မှ ၁၃၀၀၀ ကျပ်၊ ကကတစ် တစ်ပိဿာ ၁၆၀၀၀ မှ ၂၄၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာ ၁၀၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာ ၄၅၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးကျည်း တစ်ပိဿာ ၈၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးဖီးမ တစ်ပိဿာ ၄၅၀၀ မှ ၈၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၃၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာ ၉၀၀၀ မှ ၁၃၀၀၀ ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာ ၄၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာ ၄၀၀၀ မှ ၇၀၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာ ၇၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးပုတ်သင် တစ်ပိဿာ ၇၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးပုဏ္ဏား တစ်ပိဿာ ၅၀၀၀ မှ ၂၆၀၀၀ ကျပ်၊ ပုဇွန်(ကျော့) တစ်ပိဿာ ၁၂၀၀၀ မှ ၃၅၀၀၀ ကျပ်၊ ပုဇွန်တစ်ပိဿာ ၁၆၀၀၀ မှ ၄၇၀၀၀ ကျပ်၊ ငါးမျက်ကြယ် တစ်ပိဿာ ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ပီဇာ တစ်ပိဿာ ၃၅၀၀ မှ ၅၅၀၀ ကျပ်၊ ငါးနှပ်(အာပြဲခြောက်) တစ်ပိဿာ ၂၅၀၀ မှ ၃၀၀၀ ကျပ်၊ ကင်းမွန် တစ်ပိဿာ ၁၂၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ပလာတူး တစ်ပိဿာ ၄၀၀၀ မှ ၆၀၀၀ ကျပ်၊ ရွှေငါး တစ်ပိသာ ၄၀၀၀ မှ ၅၀၀၀ ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ ၁၆၀၀၀ မှ ၄၅၀၀၀ ကျပ်တို့ ရှိကြောင်း ရွှေပိတောက်ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဒီဇင်ဘာလ ရေကျစိုက်ပျိုးရေး

    ဧရာဝတီတိုင်းဒေကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်သည် စပါးစိုက်ဧက(၁၆၄၂၅ ဧက) ရှိပြီး၊ ယခုအခါ ရေကျစိုက်ပျိုးရေး ဧက ၅၃၀၀ ရှိပါသည်။ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေး ရွာတွင် ရေကျစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကျပြီး ယခုနှစ်တွင် မိုးများခြင်းကြောင့် မြစ်ရေလျှံမှု များဖြစ်ပေါ်ပြီး အပျက်အစီးများကြောင်းလည်း သိရှိရပါသည်။ ရေကျစိုက်ပျိုးသူတောင်သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းရာတွင် မြေနိမ့်ပိုင်းဖြစ်သောကြောင့်ရေကျ ချိန်ထိစောင့်ရကာ ပျိုးပင်ဖြင့်စိုက်ပျိုးခြင်း၊ မျိုးစေ့ကြဲခြင်းဖြင့် စိုက်ပျိုးကြပါသည်။ ပျိုးနှုတ်ခအနေဖြင့် တစ်ပင်လျှင် ၁၅၀/-ကျပ်ပေးရကြောင်း၊ တစ်ဧကစိုက်ရက်မှာ ၁၀ ရက်ကြာမြင့်ပြီး လုပ်သား ၁၀ ဦးဖြင့် စိုက်ပျိုးရကြောင်း၊ တစ်နေ့လျှင် လုပ်သားခ ၈၀၀၀၀/-ကျပ် ကုန်ကျပါသည်။ ရေကျစိုက်ပျိုးခြင်းတစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် ၁၀ သိန်း မှ ၁၁ သိန်းဝန်းကျင်ကြား ကုန်ကျကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးဝိုင်းဝန်းကူညီပေး

             မြန်မာနိုင်ငံသည် မြစ်ချောင်း၊ အင်းအိုင်ပေါများခြင်း၊ ပင်လယ်ထွက်ပေါက်ရှိသည့် နိုင်ငံဖြစ်ခြင်း၊ ရှည်လျားသောကမ်းရိုးတန်းကို ပိုင်ဆိုင်ထားခြင်း စသောအားသာချက်များရှိသည့် နိုင်ငံဖြစ်သည်။ ထို့အပြင် နိုင်ငံအတွင်းတွင် “ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း” ဟူသော မြစ်ကြီးလေးစင်းရှိသည့်အနက် ဧရာဝတီမြစ်သည် နိုင်ငံ၏အသက်သွေးကြောလည်းဖြစ်ကာ စိုက်ပျိုးရေးကဏ္ဍအတွက်လည်း မရှိမဖြစ်မြစ်ကြီးတစ်စင်းဖြစ်သည်။

            ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျင် ကောင်းမွန်သေ စီးပွားရေးအခြေခံ အုတ်မြစ်များကို ပိုင်ဆိုင်ထားသည့်အပြင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် အလုပ်လုပ်နိုင်သော လူငယ်ဦးရေများ ဖြစ်ကြသည်။

             မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များကို အများဆုံးတင်ပို့ပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင် နေသည်ကို တွေ့ရသည်။မြန်မာနိုင်ငံသည် မြစ်ချောင်း၊ အင်းအိုင်ပေါများသော နိုင်ငံဖြစ်သည့်အတွက် ငါးလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ အရေးပါသော စီးပွားရေးကဏ္ဍအဖြစ် ပါဝင်နေသည်။

            ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို အဓိကအားဖြင့် အထောက်အကူပြုလျက်ရှိသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး ငါးလုပ်ငန်းကဏ္ဍမှ မြန်မာနိုင်ငံ GDP ၏ (၂)ရာခိုင်နှုန်းကို အထောက်အကူပြုလျက်ရှိပါသည်။ ယင်းရာခိုင်နှုန်းသည် နည်းပါးသည်ဟု ဆိုနိုင် သော်လည်း မြန်မာနိုင်ငံကဲ့သို့ လိုအပ်ချက်များစွာ ရှိနေသည့်နိုင်ငံအတွက်မူ မဆိုးလှဟု ဆိုချင်ပါသည်။

             ငါးလုပ်ငန်းအခန်းကဏ္ဍသည် အသားဓါတ် စားသုံးမှု၏ (၅၀)ရာခိုင်နှုန်းနှင့် အလုပ်အကိုင် ပံ့ပိုးနိုင်မှု (၆)ရာခိုင်နှုန်းအထိရှိပြီး အချို့ကမ်းရိုးတန်းဒေသများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘဏ္ဍာငွေရရှိမှု၏ (၃၄)ရာခိုင်နှုန်းမှ (၅၆)ရာခိုင်နှုန်းအထိ အထောက်အကူပြုကြောင်းသိရှိရသည်။ ကမ်းရိုးတန်းဒေသများဖြစ်သော မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း စသည့် ဒေသများတွင် ငါးဖမ်းလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်ကြပြီး  ပင်လယ်ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း လုပ်ငန်းများလည်း လုပ်ကိုင်ကြကြောင်းသိရသည်။ ဖမ်းယူရရှိသောငါးများကို ရင်ခွဲအခြောက်လှန်းပြီး ငါးခြောက်အမျိုးမျိုးအဖြစ် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရသည်။

              မြန်မာနိုင်ငံတွင် ငါးကို လူမျိုးဘာသာမရွေး နှစ်ခြိုက်စွာ စားသုံးကြပြီး ငါးကြင်း၊ ငါးမြင်း၊ တီလားပီးယား၊ ငါးမြစ်ချင်း တို့ကို အဓိကစားသုံးကြသည်။ မွေးမြူရေးငါးများသည်လည်း ပြည်တွင်း ဈေးကွက်တွင်လည်း ဈေးကွက် အခိုင်အမာ ရရှိထားပါသည်။ FAO (Food and Agriculture Organization) ၏အဆိုအရ မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ငါးမွေးမြူထုတ်လုပ်သည့် နိုင်ငံများ တွင် အဆင့်(၈)နေရာ၌ ရပ်တည်လျက်ရှိကြောင်းသိရသည်။

             ယခုအခါတွင် မြန်မာ့ငါးအရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူဖမ်းဆီးမှုများကြောင့် ရေချိုငါးသယံဇာတများ တစ်စတစ်စ လျော့ပါးလာနေပြီ ဖြစ်သည်။ အလွန်အကျွံ ငါးဖမ်းမှုများကြောင့် ပင်လယ်ငါးသယံဇာတများကို များစွာထိခိုက်ကျဆင်းစေပြီး ၁၉၇၉-၁၉၈၀ခုနှစ်များကတည်းက (၉၀) ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း စာရင်းဇယားများအရ သိရပါသည်။

             ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ငါးသယံဇာတများ အဓွန့်ရှည် တည်တံ့စေရေးအတွက် အားလုံးအတူတကွ ဝိုင်းဝန်းထိန်းသိမ်း‌ စောင့်ရှောက်ရပါမည်။ ငါးမျိုးမတုန်းစေရေးအတွက် ဒီရေတောနှင့် သန္တာကျောက်တန်းတို့အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ပင် ဖြစ်ပါသည်။

              ငါးလုပ်ငန်းကဏ္ဍသာဖွံ့ဖြိုးတိုးတက်လာပါက ပြည်ပသို့တင်ပို့သော ရေထွက်ပစ္စည်းများ တိုးတက်လာမည် ဖြစ်သည်။ထိုအခါ နိုင်ငံခြားငွေ တိုးတက်ရရှိလာပြီး နိုင်ငံ၏ စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးကဏ္ဍ အတွက်အထောက်အကူရပါသည်။

              သို့သော် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကျွမ်းကျင်လုပ်သားအင်အားရှားပါးမှု၊ လျှပ်စစ်မီးမလုံလောက်မှု၊ အခြေခံအဆောက်အဦ မပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ နယ်မြေမအေးချမ်းမှုစသည့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါက ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့စီးပွားရေးကို တစ် ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်သည့် အခန်းကဏ္ဍတစ်ရပ်ပင် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း