Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

            ယခု ဒီဇင်ဘာလ (ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၆၅၇၊ မန္တလေး သို့ အိတ်ရေ ၇၆၇၉၇၊ နေပြည်တော်သို့ အိတ်ရေ ၈၅၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၂၇၂၅၊ ကျောက်ပတောင်းသို့ အိတ်ရေ ၆၃၂၀၊ မိတ္ထီလာသို့ အိတ်ရေ ၁၀၄၁၅၊ တောင်ငူသို့ အိတ်ရေ ၈၆၀၊ ပဲခူးသို့အိတ်ရေ ၁၆၃၅၊ မကွေး အိတ်ရေ ၁၂၉၀၊  ဘားအံသို့ အိတ်ရေ ၈၂၄၀၊ ကချင် သို့ အိတ်‌ရေ ၉၂၉၀၊ မွန် သို့ အိတ်‌ရေ ၅၄၅၄၊ ပြည်သို့ အိတ်ရေ ၂၆၀၊ ဧရာဝတီသို့ အိတ်ရေ ၁၇၀၊  စုစုပေါင်း အိတ်ရေ (၁၇၉၉၆၃)  အိတ်၊ တန်အား ဖြင့် (၈၉၉၈) စီးထွက်ခဲ့ပြီး ယခု ဒီဇင်ဘာလ (တတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၆၁၃၃၊ မန္တလေးသို့ အိတ်ရေ ၆၆၅၄၁၊ နေပြည်တော်သို့ အိတ်ရေ ၁၁၆၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၅၅၇၁၊ ကျောက်ပတောင်းသို့ အိတ်ရေ ၄၀၁၈၊ မိတ္ထီလာသို့ အိတ်ရေ ၈၃၇၅၊ တောင်ငူသို့ အိတ်ရေ ၁၇၉၅၊ ပဲခူးသို့အိတ်ရေ ၄၂၁၅၊ မကွေး အိတ်ရေ ၁၉၁၀၊  ဘားအံသို့ အိတ်ရေ ၁၀၇၀၂၊ ကချင် သို့ အိတ်‌ရေ ၉၂၅၊ မွန် သို့ အိတ်‌ရေ ၈၅၂၀၊ ပြည်သို့ အိတ်ရေ ၄၉၀၊ ဧရာဝတီသို့ အိတ်ရေ ၆၁၅၊ ကရင်သို့ အိတ်‌ရေ ၃၇၀၊ ဓနုဖြူသို့ အိတ်ရေ ၂၉၅ အိတ်   စုစုပေါင်း အိတ်ရေ (၁၆၁၆၃၅)  အိတ်၊ တန်အား ဖြင့် (၈၀၈၁) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၈၃၂၈) အိတ်၊ တန်အားဖြင့် (၉၁၇)တန် လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)   

စက်မှုလုပ်ငန်းများမှ လယ်ယာသုံး စက်ကိရိယာများအားတောင်သူလိုအပ်ချက်နှင့် အညီထုတ်လုပ်ပေးလျက်ရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ  ဦးလှကြိုင်နှင့်သားများ  “ အားမာန်ခေတ်” စက်မှုသံဂဟေဆက်လုပ်ငန်း၊ လုပ်ငန်းရှင် ဦးစိုးပိုင်နှင့် တွေ့ဆုံ၍  လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နေမှုအခြေအနေများအား မေးမြန်းခဲ့ပါသည်။

          “အားမာန်ခေတ်” စက်မှုသံဂဟေဆက်လုပ်ငန်းမှ ထုတ်လုပ်နေသော လယ်ယာသုံး စက်ကိရိယာများသည် တောင်သူများ၏ စိုက်ပျိုး၊ ရိတ်သိမ်းမှုနှင့် ကိုက်ညီအဆင်ပြေသည့် စပါးခြွေ စက်၊ ပဲခြွေစက်၊ ကောက်ရိတ်စက်၊ လယ်ယာသုံးထွန်စက်၊ စပါးသယ်ယူသည့်ပုံးများအား ထုတ်လုပ် ရောင်းချခြင်းအပြင် ပြင်ဆင်ပေးမှုများ ပြုလုပ်ခြင်းတို့ကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          ယခုနှစ် ပဲ၊ စပါးရာသီအတွက် လယ်ယာသုံးစက်ကိရိယာ အစီး(၂၀)ထုတ်လုပ်ပြီး အများအား ဖြင့် ပဲခြွေစက်နှင့် စပါးသယ်ပုံးများဖြစ်ပါသည်။ ယခုစက်တင်ဘာလတွင် ရောင်းချနေသော လယ်ယာ သုံးစက်ကိရိယာဈေးနှုန်းများမှာ ပဲခြွေစက်တစ်စီးလျှင် ငွေကျပ် သိန်း (၁၅၀) ဖြစ်ပြီး ယခင်နှစ်က ဈေးနှုန်းမှာ ငွေကျပ် သိန်း (၇၀-၈၀)သာရှိကြောင်း စပါးပုံးတစ်ခုလျှင် ငွေကျပ် (၁၆)သိန်းဖြင့် ထုတ်လုပ်ရောင်းချနေကြောင်း သိရပါသည်။ စပါးရိတ်သိမ်းကာလတွင် စပါးသယ်ယူရာ၌ တောင်သူ အများစု၏ လယ်ယာများထွန်စက်ဘီးကျွံမှုကြောင့် မြောင်းများဖြစ်ပေါ်ကာ လယ်ယာပျက်စီးခြင်းမှ သက်သာစေပြီး အချိန်မီသယ်ယူမှု မြန်ဆန်သည့်ချိန်းဘီး၊ ချပ်ပြားဘီးများ ပါဝင်သည့်  စက်တွဲပုံးများ တီထွင်ပြီး စမ်းသပ်ထားမှုအား အငှားစနစ်ဖြင့် ဆောင်ရွက်နေကြောင်းသိရပါသည်။ လာမည့် စပါးစိုက်ပျိုးကာလ၌ ထွန်ပြီး၊ အစေ့ချ၊ ပြန်ဖုံးစနစ်အားတီထွင်၍ စမ်းသပ်သွားမည်ဖြစ်ကြောင်းနှင့် ပင်ကြား၊ တန်ကြား ဘောင်ပင်များ တောင်သူများ တမန်းပြင်အချိန်ကုန်သက်သာ၍  တောင်သူများ ကြိုက်နှစ်သက်သည့် ခေတ်စနစ်နှင့်အညီ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

          ထိုကဲ့သို့ စွန့်ဦးတီထွင်စမ်းသပ်မှုတွင်  ရင်းနှီးရသောငွေကြေး၊ လုပ်သား၊ အချိန်တို့အတွက်  ခေတ်မီ စက်ကိရိယာများဖြစ်သည့်  (ဥရောပ၊ စပိန်) နိုင်ငံထုတ်ဖြတ်စက်၊ ဖောက်စက်တို့အား ငွေကျပ် သိန်း(၁၅၀၀)ခန့် ကုန်ကျခံ၍ ရင်းနှီးရမှုအပေါ် လုပ်ငန်းတွင်ကျယ်စွာ ဆောင်ရွက်နိုင်     ကြောင်း  သိရပါသည်။

          တောင်သူများအသုံးပြုနေသည့် တန်ဖိုးကြီး လယ်ယာသုံးစက်ကိရိယာများ ပျက်စီးမှု၏ စက်အစိတ်အပိုင်းများ ပြုပြင်ရာတွင် စက်အပိုပစ္စည်းများကို  တရုတ်နိုင်ငံမှ မှာယူရင်းနှီးရသည့်  အခက်အခဲများရှိကြောင်းနှင့် သံဂဟေ၊ တွင်ခုံ၊ စက်မှုလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်လာသည်မှာ   နှစ် (၃၀)ခန့်ဖြစ်၍ စွန့်ဦးတီထွင်မှု၊ စမ်သပ်မှုများ ဒီဇိုင်းများအားလည်း လုပ်ငန်းရှင်များကိုယ်တိုင်  ဖန်တီးမှုများရှိနေ၍ အခြားသောလုပ်ငန်းတူများမှ  တုပမှုများမပြုနိုင်ရေး မူပိုင်ခွင့် ရယူသွားမည်ဖြစ် ကြောင်းနှင့် လုပ်ငန်းများဖွံဖြိုး တိုးတက်စေရေး ငွေကြေးရင်းနှီးမှုများလည်း  လိုအပ်ကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

 DOCA(ပဲခူး)

ဒီဇင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသောမတ်ပဲဈေးနှုန်းအခြေအနေ

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် နိုဝင်ဘာလတတိယပတ်မှ ဒီဇင်ဘာလဒုတိယပတ်အထိ အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ယခင်လဈေးနှုန်းထက် အကျဈေးဖြင့်သာ ရောင်းဝယ်နေသည်ကို တွေ့ရှိရပါသည်။

          ယခင် နိုဝင်ဘာလ တတိယပတ်တွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းမှာ မတ်ပဲ ပိဿာ (၂၀) တစ်တင်းလျှင် (၁၂၀၅၀၀)ကျပ်မှ (၁၁၈၀၀၀) ကျပ်အထိဈေးကျခဲ့ပြီး စတုတ္တပတ်တွင် (၁၁၇၀၀၀)ကျပ်မှ (၁၁၆၅၀၀)ကျပ်အထိ မတ်ပဲဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ကြောင်း ယခုဒီဇင်ဘာလ ပထမပတ်အဖွင့်ဈေးမှာ ပိဿာ (၂၀) တစ်တင်းကို (၁၁၈၀၀၀)ကျပ်မှ (၁၁၄၅၀၀)ကျပ် နှုန်းဖြင့် ရောင်းဝယ်ခဲ့ပြီး ဒီဇင်ဘာလတတိပတ်တွင် (၁၁၄၅၀၀)ကျပ်မှ (၁၁၄၀၀၀)ကျပ်ထိဈေး ဆက်လက်ကျဆင်းနေသည်ကို သိရှိရပါသည်။

            တင်ပို့ရောင်းချမှုအနေဖြင့် မတ်ပဲစိုက်ပျိုးရာသီဖြစ်ခြင်းကြောင့် ပဲလက်ကျန်အနည်းငယ်သာရှိသဖြင့် အရောင်းအဝယ်ပါးလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

ကုန်ဈေးနှုန်းကျဆင်းရေးပူးပေါင်းဆောင်ရွက်ပေး

          ပဲခူးတိုင်းဒေသကြီး သာယာတီခရိုင် အုတ်ဖိုမြို့နယ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌  အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍၂၈.၁၁.၂၀၂၄ ရက်နေ့မှစ၍ အုတ်ဖိုမြို့နယ်အတွင်းရှိရက်ကွက်၊ အုပ်စုများသို့ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို သက်သာဈေးနှုန်းဖြင့်နေ့စဉ်ရောင်းချပေးခဲ့ကြကြောင်းသိရသည်။

           ထိုသို့ရောင်းချရာတွင် မြို့နယ်ဆန်ကုန်သည်ကြီးများနှင့် ဆန်စက်ပိုင်ရှင်များအသင်းမှ တစ်ရက်လျှင်ဆန်တစ်အိတ် ၇၂၀၀၀/ကျပ်နှုန်းဖြင့် (၁၀) အိတ်၊ဆီကုန်သည်များအသင်းမှ စားအုန်း ဆီ(၁၁၀) ပိဿာ ၊ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ရောင်းချသူများမှကြက်ဥတစ်လုံး လျှင်(၄၀၀)  ကျပ်ဖြင့် ကြက်ဥအလုံးရေ(၃၀၀)လုံး၊ ဆန်တစ်ပြည်လျှင်၃၀၀၀/ကျပ်၊ဆီငါးဆယ်ကျပ်သားလျှင် (၃၉၅၀) ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းချပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ငါးခြောက်ရာသီချိန် ငါးခြောက်များအရောင်းသွက်

 နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော ငါးခြောက် ဈေးနှုန်းများမှာ ဒီဇင်ဘာလနောက်ဆုံးပတ်တွင်အာပြဲခြောက်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ငါးပုတ်သင် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ငါးနီတူတစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ကပ်သပိုး တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကပ်သပေါင်း တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်အထိရှိကြောင်း နတ်တလင်းမြို့မဈေး အတွင်းရှိ ငါးခြောက်ရောင်းချသူများထံမှ သိရှိရပါသည်။

          နတ်တလင်းမြို့တွင်ရောင်းချလျှက်ရှိသော ငါးခြောက်များကို ပြည်မြို့၊ ရန်ကုန်မြို့တို့မှ ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဆောင်းရာသီငါးခြောက်ရာသီချိန်ဖြစ်သော ကြောင့် ငါးခြောက်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရာသီပေါ်ပဲစိတ်တို

 ပဲစိတ်တိုသီးနှံသည် မိုးနှောင်းကာလတွင်စိုက်ပျိုး၍ ဆောင်းဦးပေါက်ရာသီမှသာပေါ်၍ ရာသီပေါ် သီးနှံဟု ပြောဆိုခြင်းဖြစ်ပါသည်။ ပဲမျိုးရင်းသီးနှံဖြစ်သော်လည်း စင်ပြုလုပ်၍ စင်တင်ပေးရသော သီးနှံဖြစ်သောကြောင့် စီးပွားဖြစ် စိုက်ပျိုးမှုနည်းပါး၍  သီးနှံထွက်ရှိမှု နည်းပါးပါသည်။ အသီးသီးပွင့်ချိန်တွင် အသီးအပွင့်မကောင်းကြောင်းပြောကြားလျှင် အသီးမကင်းသောကြောင့် ပဲစိတ်တိုပင်ဟု ခေါ်ဆိုကြောင်းသိရပါသည်။

          ပဲစိတ်တိုစိုက်ပျိုးရာတွင် မျိုးစေ့နှင့်သွင်းအားစုစရိတ်မှာ ကုန်ကျမှုသိပ်မရှိပဲ စင်ပြုလုပ်ပေး ရသည်။ ကုန်ကျစရိတ်မှာ အဓိကဖြစ်နေပါသည်။ ဥပမာ-၁၀ပေပတ်လည် စင်စိုက်မည်ဆိုလျှင် (ဥပမာ-မျိုး=၃၀၀၀+ဆေး=၁၀၀၀၀+စင်=၃၀၀၀၀) လေးသောင်းကျော်ခန့်ကုန်ကျမည်ဖြစ်ပါသည်။ သို့သော်လည်း ယခုလို ဆောင်းဦးပေါက်ကာလတွင် ပဲစိတ်တိုရာသီပေါ်ဖြစ်သည့်အတွက် ဈေးကောင်းရရှိပါသည်။ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပဲစိတ်တို နို့ဆီဘူး(၁)ဘူးလျှင် ၁၅၀၀ကျပ်ဈေးရှိ၍ (၁၀)ပေပတ်လည်(၁) စင်လျှင်(၁)တင်းခန့်ထွက်ရှိ၍ (၂)သိန်းကျပ် ဝင်ငွေရရှိကြောင်းသိရပါသည်။ ကုန်ကျစရိတ်အရင်းနှုတ်လျှင် (၁)သိန်းခွဲခန့် အမြတ်အစွန်း ရရှိသည့်အတွက် တွက်ချေကိုက်သောရာသီပေါ်သီးနှံတစ်မျိုး ဖြစ်ပါသည်။

           ပဲစိတ်တိုပင်သီးနှံကိုတန်ဖိုးမြင့်ထုတ်ကုန်အဖြစ် အသုံးချမှုမျိုးကိုမတွေ့ရှိရပဲ၊ထမင်းစားပွဲအ တွက် ဟင်းတစ်မယ်အဖြစ်သာစားသုံးကျသည်ကိုသာတွေ့ရှိရပါသည်။ အခြားအရပ်ဒေသသို့ တင်ပို့ ရောင်းချမှု့မှာလည်းနည်းပါးလှပေသည်။ သို့သော်လည်းတွက်ချေကိုက်သည့်  သီးနှံဖြစ်သည့်အတွက် တောင်သူများရိုးရာမပျက်စိုက်ပျိုးရောင်းချလျက်ရှိပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၄ခု၊ ဒီဇင်ဘာလတွင်ဖြစ်ပေါ်ခဲ့သော စားဖိုဆောင်သုံး စားသောက်ကုန် ဈေးနှုန်းများ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့မဈေးကြီးအတွင်း ဒီဇင်ဘာလအတွင်း ရောင်းချနေသော အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရောင်းဝယ်နေကြပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ရှမ်းမွှာ အသေးတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ အကြီးတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီကြီး တစ်ပိဿာလျှင် (၄၃၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ဂေါ်ဖီတစ်ထုပ်လျှင် (၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုတ်သီးခြောက် မိုးထောင် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ချင်းတက် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဈေးဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA (ပဲခူး)

နတ်တလင်းမြို့နယ် အတွင်းမှထွက်ရှိသောအုန်းသီးဈေးနှုန်းများ

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများ တွင်အုန်းပင်များကို ဧကအလိုက် စိုက်ပျိုးခြင်းမရှိဘဲ အိမ်ခြံဝန်းများအတွင်းမှာသာ နှစ်ပင်၊ သုံးပင်ခန့် စိုက်ပျိုးကြပါသည်။ မြို့နယ်ဈေးကွက်အတွင်း ဒီဇင်ဘာလတတိယပတ်အတွင်း ရောင်းချနေသာ အုန်းသီးဈေးနှုန်းများမှာ သာသနာပွဲ ၊ နတ်ပွဲ၊ ကန်တော့ပွဲများနှင့် အလှူမင်္ဂလာပွဲများတွင် အသုံးပြုသော ကြွက်မီး အလှပါအုန်းသီးစိမ်းအကြီး တစ်လုံးကို (၅၅၀၀)ကျပ်၊ အလတ်တစ်လုံး (၄၅၀၀)ကျပ်၊ အသေးတစ်လုံးကို အနည်းဆုံး (၄၀၀၀)ကျပ်နှုန်း ဖြင့်ရောင်းချလျှက်ရှိပါသည် မြန်မာမုန့်များတွင် ထည့်သွင်းအသုံးပြုသော အုန်းသီးအခြောက် ဈေးနှုန်းမှာတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အုန်းသီးအနုအရည်သောက် ဇွန်းခြစ်တစ်လုံးဈေးနှုန်းမှာ (၃၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိ ဈေးများတွင်ရောင်းချနေသော ငါး ဈေးနှုန်းများ

နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျှက်ရှိပါသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၂၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ ငါးခူ တစ်ပိဿာ (၁၈၀၀၀)ကျပ် ၊ငါးရံ့ တစ်ပိဿာ (၁၆၀၀၀)ကျပ် ၊ ငါးဇရိုင်းတစ်ပိဿာ (၈၀၀၀)ကျပ်၊ ငါးမွှေထိုး တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ ငါးကြင်းခြစ် တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ ငါးဖယ်ခြစ်တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ငါးကျည်းတစ်ပိဿာ (၁၈၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တချို့ငါးဈေးနှုန်းများကပြောင်းလဲမှုမရှိဘဲ ငါးခူ့နှင့် ငါးကျည်း ဈေးနှုန်းများကတော့ အနည်းငယ်ကျဆင်းကြောင်း သိရှိရပါသည်။

ယခုအချိန် ရာသီပေါ်ငါးများဖြစ်ကြသော ငါးသလောက် တစ်ပိဿာ (၃၀၀၀၀)ကျပ်နှင့် ငါးဘတ် တစ်ပိဿာ ဈေးနှုန်းမှာ (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးနှုန်းများ

   နတ်တလင်းခရိုင် နတ်တလင်းမြို့ ညဈေးနှင့် မြို့မဈေးတို့တွင် ရောင်းချနေသော ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးနှုန်းများမှာ  ဒီဇင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ အကြီး တစ်ပိဿာ (၅၅၀၀)ကျပ် ၊ ကြက်သွန်နီ အသေး တစ်ပိဿာ (၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ (၂၅၀၀)ကျပ်၊ကြက်သွန်ဖြူ ရှမ်းမွှာ တစ်ပိဿာ (၂၄၀၀)ကျပ်အထိရှိပြီး ယခု ဒီဇင်ဘာလ တတိယပတ်တွင် ကြက်သွန်နီ အကြီးတစ်ပိဿာ (၅၀၀၀)ကျပ်၊ ကြက်သွန်နီ အသေးတစ်ပိဿာ (၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ (၂၄၀၀)ကျပ်၊ ကြက်သွန်ဖြူ ရှမ်းမွှာ တစ်ပိဿာ (၂၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိရာ ဒီဇင်ဘာလ  ပထမပတ်နှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းများ အနည်းငယ်ကျဆင်း လျက်ရှိကြောင်းသိရှိရပါသည်။

          ကြက်သွန်နီ/ကြက်သွန်ဖြူ သီးနှံသည်    စားသုံးသူများအတွက် စားဖိုဆောင်တွင် မရှိမဖြစ် လိုအပ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်သောကြောင့် ပုံမုန်ရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း