
ပိန်းဥဈေးကွက်သည် တစ်နှစ်ထက်တစ်နှစ် ကောင်းမွန်နေသည့်အတွက် တောင်သူများ စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ပြီး ပိန်းဥကိုပြုတ်၍သော်လည်းကောင်း၊ ဟင်းလျာ အဖြစ်ချက်၍ သော်လည်းကောင်း၊ မုန့်အမျိုးမျိုးပြုလုပ်၍သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်စားသုံးကြပါသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ဝင်ရောက်လာသော ရှမ်းပိန်းဥများသည် သေးငယ်၍ မကွေးတိုင်းဒေသကြီးဘက်မှ ထွက်ရှိသော ပိန်းဥများသည် အရွယ်အစားပိုကြီးသည့် အပြင် စီးပိုင်ပြီးအလေးချိန်ပိုပါသည်။
ပိန်းဥသည် လူတိုင်းလိုလိုကြိုက်နှစ်သောကြသော သစ်ဥသစ်ဖုတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်လည်း အထူးသင့်တော်သော ဓာတ်စာတစ်မျိုးဖြစ်ပါသည်။ ပိန်းဥသည် အာဟာရဓာတ်များစွာကြွယ်ဝပြီး အမျှင်ဓါတ်များစွာပါဝင်ကာ နှလုံးကျန်းမာရေးကို လည်းများစွာ အထောက်အကူပြုစေနိုင်ပါသည်။ ပိန်းဥကို ပိန်းဥ ရေခဲမုန့်၊ ပိန်းဥကိတ်မုန့်၊ ပိန်းဥဟာလဝါ စသည်ဖြင့် စားသောက်ဖွယ်ရာပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်လျက် ရှိပါသည်။
ပိန်းဥပေါ်စအချိန်တွင် တောင်ငူမြို့နယ်အတွင်းရှိ ဈေးများထဲသို့ တောင်ကြီးဘက်မှ လာသော ရှမ်းပိန်းဥများဝင်ရောက်လာပြီး ပိန်းဥတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ရှိပြီး ယခု စက်တင်ဘာလတွင် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှထွက်ရှိလာသော ပိန်းဥများဝင်ရောက်လာပြီး ပိန်းဥအကြီး တစ်ပိဿာလျှင် ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်အထိရှိပြီး ဈေးကောင်းလျက်ရှိကြောင်း သိရသည်။
DOCA(ပဲခူး)