Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့

          မြန်မာလူမျိုးများအနေဖြင့် အဓိကအရေးကြီးဆုံးဖြစ်သော စားဝတ်နေရေးဆိုပြီး အချက်သုံး ချက်ရှိရာ ဝတ်ရေးသည် ဒုတိယအရေးကြီးဆုံးဖြစ်ပါသည်။ ရာသီဥတုမှာလည်း တစ်နှစ်နှင့် တစ်နှစ် ပို၍ပူပြင်းလာကြသောကြောင့် လူအများအနေဖြင့် အေး၍ပေါ့ပါးသော အဝတ်အထည် ဖြစ်သော ချည်ထည်များကိုသာ ရွေးချယ်၍ဝတ်ဆင်လာကြပါသည်။ ချည်ထည်များကို ဦးစားပေး ဝတ်ဆင် လာကြသဖြင့် အဓိကကုန်ကြမ်းဖြစ်သော ဝါသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးလာကြရာ ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧကမှာ ၁၂၈၉၃ ဧကရှိလာပါသည်။ ယခုအချိန်တွင် ဝါသီးနှံများ ထွက်ပေါ်လာပြီး ထွက်ရှိလာသောဝါသီးနှံများကို ဝါကြိတ်စက်ရုံများ မှဝယ်ယူကြသလို ရွာပွဲစား များမှလည်း ဝယ်ယူပြီး အောင်လံနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်း ချကြပါသည်။ မန္တလေးမြို့တွင် ဝါသီးနှံမှ အဆင့်မြှင့်တင်၍ ချည်အဖြစ်ပြောင်းလဲထုတ်လုပ်ပြီး ပြန်လည်ဖြန့်ဖြူးရောင်းချကြပါသည်။ ပြည်ခရိုင်အနေဖြင့် ချည်ထည်လုပ်ငန်းလုပ်ကိုင်ခြင်းကို ရွှေတောင်မြို့နယ်တစ်ခုသာ လုပ်ကိုင်ကြောင်း သိရပါသည်။ ရွှေတောင်မြို့တွင် ယက္ကန်းစင်ပေါင်း များစွာရှိပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ လက်ယက္ကန်းများနည်းလာပြီး စက်ယက္ကန်းများဖြင့် ယက်လုပ်ကြပါသည်။ ရွှေတောင်မြို့သည် စည်းလုံချည်လုပ်ငန်းဖြင့် နာမည်ကြီးပြီး ရွှေတောင်စည်း ဟူ၍လည်း လူသိများကြပါသည်။ ရွှေတောင်မြို့ရှိ စည်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မန္တလေးမြို့မှ ချည်များကိုဝယ်ယူ၍ ယက္ကန်းခတ်ကြပါသည်။ ထိုချည်များတွင် (၂/၈၀)ချည်နှင့် (၂/၁၀၀)ချည်ဟူ၍ရှိပြီး (၂/၈၀)စည်းမှာ ချည်ရိုးရိုးဖြစ်၍ (၂/၁၀၀)ချည်မှာ ချည်ပြောင် အမျိုးအစား ဖြစ်ပါသည်။ ချည်ထည်ခြင်းတူသော်လည်း (၂/၁၀၀)ချည်မှာ ပွဲတိုးသောအမျိုးအစားဖြစ်၍ ဈေးလည်းပိုများကြောင်း သိရပါသည်။

          မြန်မာအမျိုးအသီးများအနေဖြင့် ရွှေတောင်စည်းမှာ ဝတ်ဆင်ရတာ ပေါ့ပါးအေးမြပြီး ရာသီဥတု နှင့် လည်းကိုက်ညီ၍ မြန်မာဆန်ဆန်ရင်ဖုံးအင်္ကျီလေးများကိုချုပ်၍ ဝတ်ဆင်ကြလျှင် ပွဲလယ်တင့်သဖြင့် ဝယ်ယူဝတ်ဆင်ကြပါသည်။

          ပထမကုန်ကြမ်းဖြစ်သော ဝါသီးနှံမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လုပ်ကိုင်နိုင်သဖြင့် တန်ဖိုးရှိသောထုတ်ကုန်များရရှိနိုင်မည်ဖြစ်ပါသည်။ ဝါသီးနှံဈေးမှာ တစ်ပိဿာလျှင် ၂၈၀၀ကျပ် ရရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန် ရွှေတောင်စည်းကိုထုတ်လုပ်လျှင် ရိုးရိုးစည်လုံချည်ဝမ်းဆက်တစ်စုံလျှင် ၂၂၀၀၀ ကျပ်၊ ပွဲတက် (၂/၁၀၀)စည်း ဝမ်းဆက်တစ်စုံလျှင် ၂၉၀၀၀ကျပ်အထိ ဈေးကောင်းရသဖြင့် ဝါဂွမ်းမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချနိုင်လျှင် အကျိုးအမြတ် များပိုမိုရရှိနိုင်ကြောင်း သိရပါသည်။ နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အားပေးကူညီလျှက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်တက်ထုတ်လုပ်လာမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အကျိုးရှိနိုင် သလို နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာပြီး နိုင်ငံခြား ဝင်ငွေများ လည်း ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့ ဆိုသောသတင်းကို ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပေါက်ခေါင်းမြို့နယ်၊ သမန်းချိုကျေးရွာတွင်ပန်းဂေါ်ဖီစိုက်ပျိုးသူများ အကျိုးအမြတ်ရလျက်ရှိ

          ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ပန်းဂေါ်ဖီများ စိုက်ပျိုး ထားလျက်ရှိပြီး အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း သိရပါသည်။ ပန်းဂေါ်ဖီများကို စိုက် ပျိုးထားသော သဖန်းချိုကျေးရွာရှိ တောင်သူဦးဌေးဝင်းနှင့်တွေ့ဆုံ၍ စိုက်ပျိုး ထွက်ရှိမှုနှင့် အကျိုးအမြတ် များသိရှိစေရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ထိုတောင်သူမှ ပန်းဂေါ်ဖီစိုက်ဧက(၀.၂၅)ဧကရှိပြီး စိုက်ပျိုးအပင်ပေါင်းမှာ (၂၂၀၀)ခန့် စိုက်ပျိုး ထားကြောင်း သိရပါသည်။ (၀.၂၅)ဧကတွက် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၁၃၀၅၀၀) ကျပ် ကုန်ကျပြီး ယခုဒီဇင်ဘာလတွင် ပန်းဂေါ်ဖီများစတင် ထွက်ရှိကြောင်း သိရပါသည်။ အပွင့် ထွက်ရှိမှုမှာ (၀.၂၅)ဧကတွင် အပွင့်ရေ(၂၀၀၀)ခန့်ထွက်ရှိပြီး ထွက်ရှိလာသော ပန်းဂေါ်ဖီများ ကို တစ်ပွင့် လျှင်(၄၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပေါက်ခေါင်းမြို့မှ ထွက်ရှိသော ပန်းဂေါ်ဖီများကို ပြည်၊ ပေါင်းတလည် ဈေးကွက်သို့တင်ပို့ရောင်းချသလို ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချ ကြောင်း သိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုး သူတောင်သူ အနေဖြင့် (၀.၂၅)ဧကတွက် ဝင်ငွေပေါင်း (၈၀၀၀၀၀) ကျပ်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၆၆၉၅၀၀)ကျပ် ရရှိကြောင်းသိရပါသည်။

          ထို့ကြောင့်ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူများအနေဖြင့် ရာသီချိန်တွင် အကျိုးအမြတ်များ စွာရရှိ သဖြင့်ဧကများစွာစိုက်ပျိုးလျှင် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်ရှိငရုတ်သီးစိမ်းထွက်ရှိမှုနှင့်အရောင်းအဝယ်ဖြစ်မှုအခြေအနေ

          ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်း)သီးများ စိုက်ပျိုးထားသဖြင့် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိစေရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) စိုက်ပျိုးထားသော တောင်သူဦးစိုးနိုင်နှင့်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ငရုတ်သီးစိမ်း စိုက်ပျိုး သည့်ဧကမှာ (၀.၂၅)ဧကကို ဝါခေါင်လမှစ၍နယုန်လအထိ စိုက်ပျိုးနိုင်ပြီး တန်ဆောင်မုန်းလနှင့် နတ်တော်လတွင် ထွက်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးသော အပင်ရေပေါင်းမှာ (၁၅၀၀)ခန့် စိုက်ပျိုး ထားပြီး ကုန်ကျစရိတ်အနေဖြင့် (၆၈၅၀၀၀)ကျပ် ကုန်ကျကြောင်း သိရပါသည်။ ငရုတ်သီးစိမ်း စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန်(၅၀)ခန့် ခူးဆွတ်နိုင်ပြီး (၁၅)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ငရုတ်သီးထွက်ရှိမှုမှာ (၈၀၀)ပိဿာခန့် ထွက်ရှိသဖြင့် ငရုတ်သီးစိမ်းထွက်ရှိချိန်တွင် ဝင်ငွေပေါင်းမှာ (၀.၂၅) ဧကတွင် (၁၂၀၀၀၀၀)ခန့် ရရှိပြီး အကျိုးအမြတ်အနေဖြင့် (၅၁၅၀၀၀)ကျော် ရရှိကြောင်း သိရပါသည်။ ထွက်ရှိ သောငရုတ်သီးစိမ်းများကို နယ်မြို့များသို့ တင်ပို့ရောင်းချပြီး တစ်ပိဿာကျပ် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ကုန်စိမ်းသမားအချို့မှာ စိုက်ခင်းအထိဆင်း၍ ဝယ်ယူ ကြောင်း သိရပါသည်။

          ငရုတ်သီးစိမ်းစိုက်ပျိုးခြင်းဖြင့်လည်း မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေလည်းရပြီး အကျိုး အမြတ် လည်း ရရှိနိုင်မည်ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ နှမ်းစိုက်ပျိုးမှု ၊ ထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများ

     မန္တလေးတိုင်းဒေသကြီး၊   တံတားဦးခရိုင်၊  ငါန်းဇွန်မြို့နယ်အတွင်းရှိ    ကျေးရွာတချို့တွင်   စိုက်ပျိုးရေးကို  အဓိကထားလုပ်ကိုင်ကြပြီး နှစ်စဉ်နှမ်း၊ မြေပဲ၊ ပဲစဉ်းငုံသီးနှံများကို အဓိကထားစိုက်  ပျိုးလျက်ရှိသည်။ နှမ်းစိုက်ပျိုးရာ၌ (၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မြေပြင်ချိန်မှစ၍မျိုးစေ့၊    လုပ်အားခနှင့် သွင်းအားစုအပါအဝင် စုစုပေါင်း ငွေကျပ် (၂)သိန်းခန့်မှ(၂)သိန်း(၅)သောင်းခန့်ကုန်  ကျကြောင်း၊ စိုက်ပျိုးပြီး(၃)လအကြာတွင်ရိတ်သိမ်းရပြီး (၁)ဧက အထွက်နှုန်းအားဖြင့် (၄)တင်းမှ   (၅)တင်းထွက်ရှိကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် ထွက်ရှိလာသောနှမ်းများကို တံတာဦး၊ မန္တလေး၊ ကျောက်ဆည်မြို့များသို့ တင်ပို့ရောင်းချရကြောင်း၊ နှမ်းသီးနှံစတင် စိုက်ပျိုးချိန်မှစ၍   နှမ်းတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ခန့်မှ (၁၀၈၀၀၀) ကျပ်ခန့်ဈေးနှုန်းရှိကြောင်းသိရှိရသည်။ ငါန်းဇွန်မြို့နယ်အတွင်းရှိ  ကျေးရွာများတွင် မိုးရေချိန်ကို အဓိကထားစိုက်ပျိုးရသော ဒေသများ ဖြစ်သောကြောင့် ယခုနှစ်တွင်မိုးရေချိန်ရရှိမှုနည်းပါးသောကြောင့် နှမ်းစိုက်တောင်သူများအထွက် နှုန်းလျော့နည်း၍ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း နှမ်းစိုက်ပျိုးသောတောင်သူများ ထံမှသိ ရသည်။

DOCA(မန္တလေး)

ဖြူးမြို့တွင် အရန်ဟင်းလျာအဖြစ်ချက်ပြုတ်စားသုံးသော ပဲအချို့ဈေးအနည်းငယ်တက်

              တောင်ငူခရိုင် ဖြူးမြို့ မြို့မဈေးကြီးတွင် မြေပဲဆံ(အဖြူ/အနီ)မှာ ယခင်လက တစ်ပိဿာ လျှင် ၉၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၀၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း ၅၀၀ ကျပ်တက်ပါသည်။ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၇၇၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

              အသင်းပဲမှာ ယခင်လက တစ်ပြည်လျှင် ၇၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပြည် လျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ၅၀၀ ကျပ်၊ ပဲလွန်းဖြူမှာ ယခင်လက တစ်ပြည်လျှင် ၈၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပြည်လျှင် ၉၀၀၀ ကျပ်ဖြင့် တစ်ပြည်လျှင် ၁၀၀၀ ကျပ် ဈေးနှုန်းတက်ပါ သည်။

              ပဲနောက်မှာ တစ်ပြည်လျှင် ၉၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အတွင်းဈေးနှုန်းရှိကြောင်း ဖြူးမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကိုမောင်မောင် ကုန်စုံဆိုင်မှ သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ ညောင်ပင်ဈေးမှ ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးနှင့် ပဲတောင့်ရှည်သီးများ

              တောင်ငူမြို့ အနီးတဝိုက်ရှိ ကျေးရွာများသည် မိုးအလွန်ကာလတွင် ဟင်းသီးဟင်းရွက် များကို တပိုင်တနိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသကဲ့သို့ ဒေသတွင်း ပြည်သူများအနေဖြင့် လည်း ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

              စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းကမ်းဘေးရှိ ကျေးရွာများမှစိုက်ပျိုးသည့် ပဲလင်းမြွေသီး (ခေါ်)ဗုံလုံသီးနှင့် ပဲတောင့်ရှည်သီးများမှာ ယခုအခါ ပေါ်ထွက်နေပြီဖြစ်ရာ တောင်ငူမြို့၏ ကုန်စိမ်းဈေးဖြစ်သော ညောင်ပင်ဈေးတွင် ရောင်းချလျှက်ရှိနေပါသည်။

              ပဲတောင့်ရှည်သီးမှာ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ပေါ်ခါစက ၇၅ တောင့်ပါ တစ်စည်းလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိရှိခဲ့သော်လည်း ယခုအပတ်တွင် တစ်ထုံးလျှင် ၂၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုံးကျဆင်းပါသည်။

              ပဲလင်းမြွေသီး(ခေါ်) ဗုံလုံသီးမှာ ပေါ်ခါစဖြစ်၍ ၁၀ တောင့်ပါ တစ်စည်းလျှင် ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ်အထိ ရောင်းချလျှက်ရှိပါသည်။ နောက်အပတ်များတွင် လှိုင်လှိုင်ပေါ်လာပြီး ဈေးနှုန်း လည်း ကျဆင်းနိုင်ကြောင်း ဟင်းသီးဟင်းရွက် အရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့နယ် ခပေါင်းဈေးမှ မုံညင်းဖူးများ

             အုတ်တွင်းမြို့နယ်အတွင်း စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းဘေးရှိ ကျေးရွာအများစု ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပါသည်။ မြစ်ချောင်းများဘေးရှိ နုံးတင်မြေ နုများသည် မြေဩဇာကောင်းမွန်သဖြင့် ပန်းဂေါ်ဖီ၊ သခွား၊ ငရုတ်၊ ရုံးပတီ၊ မုန်ညင်း၊ ကန်စွန်း၊ ချဉ်ပေါင်နှင့် ပန်းအမျိုးမျိုးကို နှစ်စဉ် စိုက်ပျိုးရောင်းချလျှက်ရှိပါသည်။

              မုန်ညင်းသည် အေးသောရာသီကိုကြိုက်နှစ်သက်သဖြင့် ဆောင်းရာသီတစ်ခုလုံး စိုက်ပျိုး နိုင်ပါသည်။ မုန်ညင်းစေ့ကို မြေချပြီး သုံးလေးရက်ခန့်အကြာတွင် အပင်များပေါက်လာပြီး တစ်လခန့် အကြာတွင် မုန်ညင်းပင်များကို စတင်ဆွတ်ခူးနိုင်ပါသည်။

              ယခုအချိန်တွင် မုန်ညင်းဖူးများ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်သဖြင့် ခပေါင်းဈေးအတွင်း တစ်စည်းလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်အထိဖြင့် ရောင်းချလျှက်ရှိပါသည်။ မုန်ညင်းများကို တောင်ငူ မြို့ ညောင်ပင်ဈေးအပြင် အမှာရှိသည့်မြို့များသို့လည်း ပို့ဆောင်ပေးကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဟင်းသီးဟင်းရွက်ဈေးအတက်အကျရှိ

 

           တောင်ငူမြို့ ညောင်ပင်ဈေးတွင် မုံလာဥဖြူမှာ ယခင်လက တစ်ပိဿာလျှင် ၄၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ၁၀၀၀ ကျပ် ကျဆင်းပါသည်။

              မုံလာဥနီမှာ ယခင်လက တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာ လျှင် ၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ၁၀၀၀ ကျပ် ကျဆင်းပါသည်။

              မုံညင်းမှာ ယခင်လက တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာ လျှင် ၄၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း ၁၅၀၀ ကျပ်တက်ပါသည်။

              သခွားသီးမှာ ယခင်လက တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ် ပိဿာလျှင် ၁၂၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀ ကျပ် ဈေးတက်ပါသည်။

              နံနံပင်မှာ ယခင်လက တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာ လျှင် ၅၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း ၂၀၀၀ ကျပ် ကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့မှ ကံ့ကော်ဦးပြောင်းဖူးစေ့ကြော်

              ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာ၊ ကံ့ကော်ဦးမုန့်နှင့်အကြော်စုံလုပ်ငန်းမှ ထုတ်လုပ် သော ပြောင်းဖူးစေ့ကြော်သည် လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။ ပြောင်းဖူးစေ့ကြော် ရာတွင် ပြောင်းဖူးစေ့အခြောက်များကို နူးအိသွားသည်အထိ ဒယ်အိုးကြီးများဖြင့် နှစ်နာရီခန့်ကြာ အောင် ပေါင်းခံထားရပါသည်။

              ပေါင်းခံပြီး ပြောင်းဖူးစေ့များကို အပူခံခင်းထားသော ဝါးကပ်များပေါ်တွင် ဖြန့်ကျက်၍ ရေစစ်ထားပြီး ရေစင်မှ ပြောင်းဖူးစေ့များကို ဒယ်အိုးကြီးထဲတွင် ဆီပွက်ပွက်ဆူအောင် တည်ပြီးမှ ကြော်ရပါသည်။ ကြော်ပြီးသော ပြောင်းဖူးစေ့များကို ဆယ်ယူပြီး ဆား၊ အချိုမှုန့်တို့ကိုထည့်ပြီး သမအောင်မွှေပေးရပါသည်။ ထို့နောက် အချိန်ဖြင့်မှာယူသူများကို အချိန်ဖြင့်လည်းကောင်း၊ မုန့်မျိုးစုံ အရောင်းဆိုင်များသို့ပို့မည့် ပြောင်းဖူးစေ့များကို ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုး၍ လည်းကောင်း ဈေးကွက်အတွင်း ရောင်းချပါသည်။

              ပြောင်းဖူးစေ့ခြောက် ပိဿာ ၃၀ ပါအိတ် တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး ပြောင်းဖူးစေ့ကြော်ပြီးလျှင် အချိန်ဖြင့်ဝယ်ယူပါက တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ရောင်းချပါ သည်။ အချိန်ဖြင့်ဝယ်ယူသူများကလည်း ပလပ်စတစ်အိတ်ဖြင့် ပြန်လည်ထုပ်ပိုးပြီး ရောင်းချပါသည်။ ပလပ်စတစ်အိတ်အသေးဖြင့် ထုပ်ပိုးထားသည့် ပြောင်းဖူးစေ့ကြော် တစ်ထုပ်ကို ၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင် ဦးမျိုးဇော်၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများသို့ ကွင်းဆင်းဆောင်ရွက်

              တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကို ခေတ်မီနည်းစနစ်များဖြင့်  တိုးတက်အောင် ဦးတည်ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာတွင် လုပ်ငန်း ရှင်များအတွက် လိုအပ်သောအရင်းအနှီးများကို နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများမှလည်း တစ်ဖက်တစ်လမ်း မှ ပံ့ပိုးဆောင်ရွက်ပေးလျှက်ပါသည်။

              နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (တိုင်းဒေသကြီး) မတည်ထောက်ပံ့ငွေမှ မွေးမြူရေး လုပ်ငန်းရှင်များအား ကြက်တစ်ယူနစ်လျှင် ၁၀၀၀ ကောင်၊ ဝက်တစ်ယူနစ်လျှင် ၁၀ ကောင်နှင့် ဆိတ် တစ်ယူနစ်လျှင် ၂၀ ကောင် သတ်မှတ်ပြီး တစ်ယူနစ်လျှင် ကျပ်သိန်း ၂၀ ၊ နို့စားနွား တစ်ယူနစ်လျှင် ၁၀ ကောင် သတ်မှတ်၍ တစ်ယူနစ်လျှင် ကျပ်သိန်း ၁၀၀ ထောက်ပံပေးလျှက်ရှိပါရာ တောင်ငူမြို့နယ်အတွင်း ကြက် ၆ ယူနစ်၊ ဝက် ၄၅ ယူနစ်၊ ဆိတ် ၂ ယူနစ်နှင့် နို့စားနွား တစ်ယူနစ် အတွက် ထောက်ပံ့ငွေ ၁၁၆၀၀၀၀၀၀ ကျပ်အား နိုဝင်ဘာလ ဒုတိယအပတ်က ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

              တောင်ငူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၈ ခုမှ ဝက်မွေးမြူရေးလုပ်ငန်းရှင် ၁၄ ဦးက ဝက်ကောင်ရေ ၄၅၀၀၊ ကြက်မွေးမြူရေးလုပ်ငန်းရှင် ၄ ဦးမှ ဒေသကြက် အကောင် ၆၀၀၀၊ ဆိတ်မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ဆိတ် ၄၀ ကောင်နှင့် နွားမွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက နို့စားနွား ၁၀ ကောင်မွေးမြူထားပါသည်။

              ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (တိုင်းဒေသကြီး) မတည် ထောက်ပံ့ငွေရရှိသည့် မွေးမြူရေးလုပ်ငန်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်လင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူသည် အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်ခဲကြောင်းနှင့် မွေးမြူ ရေးလုပ်ငန်းများ အောင်မြင်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း