Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးသစ်သီးဈေးကွက်

    ဒေသအသီးသီးမှဝင်ရောက်လာသော သစ်သီးများကို ကုန်သည်များက ဈေးချို၊ ၂၉လမ်းx ၃၁လမ်းကြား၊ ၈၄လမ်းx ၈၅လမ်းကြားရှိ မန္တလေးသစ်သီးပွဲရုံများသို့ ရောင်းချကြကြောင်း သတင်းရရှိပါတယ်။  သစ်သီးဈေးသူအချို့သည် ဈေးချိုသစ်သီးပွဲရုံများမှ လက်ကားဝယ်ယူပြီး မန္တလေးမြို့ပေါ်ရှိ ဈေးများသို့ ပြန်လည်ရောင်းချကြောင်း သတင်းရရှိပါတယ်။

    မန္တလေးမြို့၊ မနော်ရမ္မံဈေးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး(အပွ) အလုံးကြီး လက်လီ(၁) ပိဿာလျှင် (၂၀၀၀ဝိ)၊ ပန်းသီး (အကျွတ်) အလုံးကြီး လက်လီ(၁)ပိဿာလျှင် (၂၀၀၀ဝိ)၊ ဆန်းကစ်သီး (၁)လုံး (၂၅၀ဝိ/-)၊ မော်လမြိုင်ဒေသထွက် ရှောက်ပန်းသီး(ကျွဲကောသီး)လက်ကား  (၁)လုံး (၄၀၀ဝိ/-) လက်လီ (၄၅၀ဝိ/-)၊ စတော်ဘယ်ရီ အသင့်ထုပ်ပိုးထားသော ပလတ်စတစ်ဗူး (၁)ဗူးလျှင် (၄၅၀ဝိ/-) တောင်ကြီးမှဝင်သော ထောပတ်သီး(Hass)များကို ၂၅ ကျပ်သားလျှင် (၂၅၀ဝိ/-)မှ(၃၀၀ဝိ/-)ထိ ရောင်းချပြီး စားသုံးသူများကြိုက်နှစ်သက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

             

လွိုင်လင်ခရိုင်နှမ်းဈေးကွက်သတင်း

         လွိုင်လင်ခရိုင်အတွင်း နှမ်းစိုက်ဧက (၆၄၃) ဧကရှိပြီး၊ ရိတ်ဧက(၆၄၃)၊ အထွက်နှုန်း (၈.၀၄) နှုန်း ဖြင့် စုစုပေါင်း အထွက်တင်း (၅၁၆၉) တင်း၊ အထွက်တန်(၁၂၆) မတ်တန်ရှိကြောင်း စာရင်းများအရ သိရှိရပါသည်။ လွိုင်လင်ခရိုင်အတွင်း သုံးစွဲမှုအနေဖြင့် (၁၇၄.၄၈)မတ်တန်ရှိသဖြင့် ဒေသအတွင်း နှမ်းသုံးစွဲမှုမလုံလောက်သဖြင့် လင်းခေးခရိုင်မှ ထွက်ရှိသောနှမ်းများ ဝယ်ယူသုံးစွဲကြောင်း လေ့လာသိရှိရပါသည်။ ဒေသအတွင်း ပေါက်ဈေးအနေဖြင့် တစ်ပြည်ပေါက်ဈေး (၁၂၀၀)ကျပ်ရှိကြောင်း သိရပါသည်။
DOCA(ရှမ်း)

၂၀၂၄ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

        ယခုတစ်ပတ် ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် ၁၄၀၀-၁၄၅၀ကျပ် ဈေးပေါက်နေပြီး ကုန်အဝင်များပြည်ပအဝယ်ရှိသဖြင့် စီးဆင်းမှုအားကောင်းသော်လည်းဈေးနှုန်းအငြိမ်ဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိကာနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၅၀၀ကျပ်၊ ထူးလွန်-၁၆၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲ လက်ကျန်ပါးသော်လည်း လှောင်လက်ငယ် များထံမှ ဈေးကွက်အဝင်ရှိသဖြင့် စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

        ချင်းသီးနှံမှာ တစ်ပိဿာလျှင် ချင်းအခက်ကြီးမှာ (၃၀၀၀)ကျပ် နှင့် ချင်းဥမမြေနီအလတ်စမှာ (၂၀၀၀-၂၅၀၀)ကျပ်ဖြင့် ပြည်ပအဝယ်မရှိခြင်းကြောင့် ဈေးနှုန်းမှာကျဆင်းနေပြီး ပြည်တွင်းသုံးသာရှိ ၍ ပုံမှန်သာစီးဆင်းနေပါသည်။

        အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2-၇၅၀၀ကျပ်၊ S1-၇၀၀၀ကျပ်၊ မျက်နီ S1-၆၀၀၀ ကျပ်၊ OK-၅၅၀၀ကျပ်၊ A1-၄၅၀၀ကျပ်၊ ဆွဲသီး-၃၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ်ဈေးရှိနေကြ ပြီး အဝင်များကာ ဝယ်လိုအားကောင်းသောကြောင့် ဈေးအနည်းငယ်တက်လာသော်လည်း သယ်ယူ ပို့ဆောင်မှုအခက်အခဲများရှိသဖြင့် စီးဆင်းမှုမှာ အနည်းငယ်လျော့နည်းခဲ့ပါသည်။

       ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၁၅၀၀-၁၇၀၀ကျပ်၊ ပန်းမုံလာ ၁၅၀၀-၁၇၀၀ကျပ်၊ ရွှေပဲ ၅၀၀၀-၅၅၀၀ကျပ်၊ မုန်ညှင်း ၁၅၀၀-၂၀၀၀ကျပ်၊ ဖရုံသီး ၁၆၀၀-၁၈၀၀ကျပ်၊ ခရမ်းသီး ၂၀၀၀-၂၅၀၀ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၅၀၀၀ကျပ်၊ ငြုပ်ပွ ၄၀၀၀-၄၅၀၀ကျပ်၊ မုန်လာဥနီ ၂၅၀၀-၃၀၀၀ နှင့် ဘိုစား ၃၀၀၀-၃၅၀၀ကျပ် အသီးသီးဈေးရှိနေကြပြီး အဝယ်များသဖြင့် ကုန်စိမ်းသီးနှံများမှာ ဈေးအနည်းငယ် တက်လာသော်လည်း ပြောင်းဆံသယ်ယူပို့ဆောင်သည့်ကားများ များလာသဖြင့် ယာဉ်ကြောအနည်း ငယ်ပိတ်ဆို့မှုများကြောင့် ကုန်စိမ်းသီးနှံများမှာ အထားမခံ၍ စီးဆင်းမှုမှာ အနည်းငယ်လျော့နည်းခဲ့ပါ ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ဧရာဝတီတိုင်းဒေသကြီးဆန်စပါးဈေးကွက်ဒီဇင်ဘာလဈေးနှုန်း အပြောင်းအလဲဖြစ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးဈေးကွက်ခရိုင်အများစုဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဟင်္သာတခရိုင် ဧည့်မထဆန်ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရသည်။

ပုသိမ်ခရိုင်၊မြောင်းမြခရိုင်၊မအူပင်ခရိုင်များတွင် ပေါ်ဆန်းဆန်တစ်အိတ်လျှင်ကျပ် ၁၁၀၀၀၀/ ၁၂၄၀၀၀ဈေးအတွင်းနှင့် ဆန်တစ်တင်းကျပ် ၂၄၃၀၀/၂၈၀၃၈ ဝန်းကျင်ဈေးအတွင်း ရောင်းဝယ် လျက်ရှိပြီး ဧည့်မထမိုးစပါးတစ်တင်းလျှင်ကျပ် ၁၇၀၀၀/၁၉၀၀၀ ဈေးအတွင်းနှင့် ဧည့်မထမိုးစပါး ဆန်တစ်အိတ်ကျပ် ၇၃၀၀၀/၈၁၀၀၀ဈေးအတွင်းပုံမှန်ရောင်းဝယ်လျက်ရှိပြီး ဟင်္သာတခရိုင်တွင်း မိုးဆန်တစ်အိတ်ယခင်ကျပ် ၇၃၀၀၀/၇၄၀၀၀ဈေးမှ ယခုဈေးကျပ်၇၂၀၀၀/၇၃၀၀၀ ဈေးဖြစ်သွား သည့်အတွက် ဆန်တစ်အိတ်ကျပ် ၁၀၀၀ဈေးနှုန်းကျဆင်းလျက်ရှိပြီး ကျန်ခရိုင်များတွင် ဈေးနှုန်း တည်ငြိမ်မှုရှိပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း တိုင်းအတွင်းရှိ မြို့နယ်တစ်ချို့တွင် စပါး အရည်အသွေးကွာခြားမှုဈေးကွက်အရောင်းအဝယ်သွက်မှုအခြေအနေနှင့်ပတ်သက်၍ စပါးတစ်တင်း ကျပ်သောင်းဂဏန်းနှင့်ဆန်တစ်အိတ်လျှင်ကျပ် ၄၀၀၀/၅၀၀၀ခန့် ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးနှုန်းသတင်းများမှသိရသည်။

DOCA(ဧရာဝတီ)

မန်ကျည်းသီးမှည့် ဈေးနူန်းဈေးကွက်

     ကျောက်ပန်းတောင်း၊ရမည်းသင်း၊မြင်းခြံမြို့များမှ ထွက်ရှိသောမန်ကျည်းသီးများသည် ယခုအချိန်တွင်မန်ကျည်းသီးအစိမ်းအဆင့်မှ ကြက်ဆူအဆင့်သို့ ရောက်ရှိချိန်ဖြစ်ပါသည်။ မတ်လပိုင်းလောက်တွင် မန်ကျည်းသီးမှည့် အသစ်များ ထွက်ပေါ်လာတော့မည်ဖြစ်ပါတယ်။

   ယခုနှစ်ဒီဇင်ဘာလတွင်မန်ကျည်းသီးမှည့်ဈေးလက်လီ တစ်ပိဿာလျှင် (၁၀၀၀၀-၁၁၀၀၀) ကျပ်ရှိပြီး ယခင်နှစ်ကတစ်ပိဿာဈေးနှုန်းမှာ(၅၀၀၀-၆၀၀၀)ကျပ်ခန့်သာရှိပြီး ယခုနှစ်နှင့်နှိုင်းယှဉ်ပါက (၅၀၀၀)ကျပ်ဝန်းကျင်ခန့် မြင့်တက်လာကြောင်း တွေ့ရပါတယ်။

   မန်ကျည်းသီးမှည့်ကို အိမ်ရှင်မများလိုရာအသုံးပြုခြင်းနှင့်မန်ကျည်းသီးမှည့်အဟောင်းများကို ပရဆေးဆိုင်များမှ  လေပုတ်ထုတ်ဆေးပြုလုပ်ခြင်း တွင် အဓိကထား အသုံးပြုပြီး အခြားပရဆေးများထုတ်လုပ်ရာတွင်လည်းအသုံးပြုခြင်း၊ မန်ကျည်းသီးမှည့်များကို အဖျော်ယမကာလုပ်ငန်းများ၊မန်ကျည်းတော်ဖီအစရှိသည့် စားသောက်ကုန်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများတွင် အသုံးပြုခြင်းများ များပြားလာခြင်းတို့ကြောင့် မန်ကျည်းသီးမှည့်များ ဈေးကောင်းရလာကြသည့်အတွက်ယခုနှစ်မတ်လပိုင်းတွင် ထွက်ပေါ်လာတော့မည့်မန်ကျည်းသီးမှည့်အသစ်များဈေးနှုန်း မြင့်တက်နိုင်ကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်တွင်ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်း

   မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင်း လူသုံးကုန်၊ စားသောက်ကုန်များ လက်လီ၊ လက်ကားရောင်းချလျက်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် ၆၅၀၀-/ကျပ် ၊ မနောသုခ(အဟောင်း) တစ်ပြည် ၃၅၀၀-၄၅၀၀/ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၈၁၀၀/ကျပ်၊  မြေပဲဆီ တစ်ပိဿာ ၁၅၀၀၀-၁၆၀၀၀ / ကျပ် ၊ နှမ်းဆီ တစ်ပိဿာ ၁၅၀၀၀-၁၅၅၀၀ /ကျပ် ၊ ကုလာပဲဆံ တစ်ပိဿာ ၇၄၀၀/ကျပ် ၊ ကြက်သွန်နီ တစ် ပိဿာ၃၅၀၀/ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၃၅၀၀/ကျပ် ၊ ငရုတ်သီး ပု ၁၆၅၀၀/ကျပ် ၊ ငရုတ်ရှည် ၁၄၀၀၀/ကျပ်၊ အာလူး တစ်ပိဿာ ၇၀၀၀-၈၀၀၀/ကျပ် ၊ ဂျင်းတစ်ပိဿာ၄၀၀၀-၅၀၀၀/ကျပ်၊ ခရမ်းချဉ် သီးတစ်ပိဿာ ၆၀၀၀-၇၀၀၀/ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥ တစ်လုံး(လက်လီ)၄၂၀/ကျပ် ၊ ဘဲဥတစ်လုံး ၅၆၀/ ကျပ်ဖြစ်ပြီး သား/ငါး တစ်ပိဿာ ဈေးနှုန်းများမှာ ကြက်သား(ဒေသမျိုး)၂၆၀၀၀ ကျပ်၊ (စီပီကြက်) ၁၈၀၀၀/ ကျပ်၊ ဝက်သား ၃၆၀၀၀/ကျပ် ၊ ဆိတ်သား ၂၄၀၀၀/ကျပ်၊ အမဲသား ၂၄၀၀၀/ကျပ် ၊ ငါးကြင်း ၁၈၀၀၀/ ကျပ်၊ ငါးရံ့ ၂၀၀၀၀/ကျပ် ၊ ငါးမြစ်ချင်း ၁၆၀၀၀/ကျပ် ၊ ငါးခူ ၁၂၀၀၀/ကျပ် ၊ ရေချိုပုဇွန် (အလတ်) ၄၀၀၀၀/ကျပ် ၊ ငါးခြောက်(လက်လီ)အာဗြဲခြောက်၂၂၀၀၀/ကျပ်၊ ငါးနီတူ၁၄၀၀၀/ကျပ် ၊ ငါး တံခွန် ၁၂၀၀၀/ကျပ် ၊ ငါးရောင်၄၅၀၀၀/ကျပ်၊ ပုဇွန်ခြောက်(အသေး)၆၀၀၀၀/ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လျက်ရှိ

     မိတ္ထီလာမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၁၅၀၀)ကျပ်၊ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၁၁၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အယ်လ်ဖာ ဘိလပ်မြေမှာ ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်နေကြောင်း သိရှိရပါသည်။

      ယခင်နိုဝင်ဘာလဒုတိယပတ်တွင် အပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၀၃၀၀)ကျပ်၊ အယ်လ်ဖာဘိလပ်မြေတစ်အိတ်လျှင် (၉၅၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘီလပ်မြေတစ်အိတ်လျှင် (၉၈၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်ကြည့်လျှင် အပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၁၂၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် (၁၂၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်းပစ္စည်း လက်ကျန်နည်းခြင်းနှင့် သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။ အယ်လ်ဖာဘိလပ်မြေမှာ လိုအပ်သလောက်မှာယူ၍မရဘဲ အလှည့်ကျဖြင့်သာရောင်းချပေးသဖြင့် ဒီဇင်ဘာလပထမပတ်မှစ၍ ပစ္စည်းပြတ်လပ်မှုများဖြစ်ခဲ့ကြောင်း၊ အပါချီဘိလပ်မြေစက်ရုံမှာ စက်ရုံ ပြင်ဆင်မှုများရှိခဲ့၍ အနည်းငယ်သာပြတ်လပ်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ဟင်္သာတကုန်စည်ဒိုင်အရောင်းအဝယ်ဖြစ်မှုအခြေအနေ

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်တွင် ဒေသထွက် နှစ်ဟောင်းပဲသီးနှံများ လျော့နည်း လာပြီး ၂၀၂၄-၂၀၂၅ ခုနှစ်ထွက် ဆောင်းသီးနှံပဲမျိုးစုံများလည်း စိုက်ပျိုးနေ ချိန်ဖြစ်ပါသည်။ဟင်္သာတ ကုန်စည်ဒိုင်တွင် နှစ်ဟောင်း ပဲသီးနှံလက်ကျန်များဖြစ်သော မတ်ပဲနှင့် ပဲယင်းနီတို့ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ယခင်လနှင့်ကာလတူ နှိုင်းယှဉ်ပါက မတ်ပဲပိဿာ(၂၀)တစ်တင်းကို ယခင်လ ဒုတိယပတ်တွင် ( ၁၂၂၀၀၀)ကျပ် ၊ ယခုလ ဒုတိယပတ်တွင် ( ၁၁၄၅၀၀)ကျပ်ဖြင့် လည်းကောင်း ၊ပဲယင်းနီ ပိဿာ (၂၀)တစ်တင်းကို ယခင်လ ဒုတိယပတ်တွင် (၇၄၀၀၀)ကျပ် ၊ ယခုလ ဒုတိယပတ် တွင် ( ၈၆၅၀၀ )ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအသီးသီးကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ မတ်ပဲလက်ကျန်များလည်း နည်းပါးလာသဖြင့် တစ်ရက်လျင် ပျမ်းမျှ အိတ်(၅၀၀) မှ (၇၀၀)ကြား ၊ ပဲယင်းနီ လက်ကျန်လည်း နည်းပါးလားပြီးတစ်ရက်လျင် ပျမ်းမျှ အိတ် (၃၀၀)မှ (၅၀၀)ကြား အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟုမ္မလင်းဒေသထွက်လက်ဖက်စို ၊ လက်ဖက်ခြောက်

ဟုမ္မလင်းမြို့မောင်းခမ်းကျေးရွာတွင် လက်ဖက်ကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပြီး လက်ဖက်စိုက်ခင်းဧက တစ်ထောင်ကျော်ရှိကြောင်း သိရသည်။ဒေသထွက်လက်ဖက်စိုကို  အခါးထုတ်ပြီး အသင့်စားလက်ဖက်၊  မက်လင်သီး၊ စောင်းလျားသီးများဖြင့် ရောနှောကာ လက်ဖက်ချဉ်နှပ် ပြုလုပ်ရောင်းချခြင်းများ၊ လက်ဖက်အညွှန့်များကို ရေသန့်ဘူးထဲသွပ်၍ ဘူးလိုက် ရောင်းချခြင်းများ ၊  လက်ဖက်အညွှန့်၊ အရွက်ကြမ်းများကို မီးနှင့်ပေါင်းခံ၍ ရလာသော အရွက်များကို နေလှန်းပေးရပြီး  လက်ဖက်ခြောက်ပြုလုပ်ပါကြောင်း၊ လက်ဖက်ခြောက် အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ နှင့် လက်ဖက်အစိုမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့်ရောင်းချကြောင်းသိရသည်။ ဒေသထွက် လက်ဖက်များကို ခန္တီး၊ ဖောင်းပြင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းတွင်းမြစ် တစ်လျှောက် မြို့များ၊ မုံရွာမြို့နှင့် မန္တလေးမြို့ များသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပြီး လက်ဆောင် ပေးရန် ဝယ်ယူမှုများလည်း ရှိကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ ဥလတ် တစ်လုံးလျှင်(၄၃၀)ကျပ် ၊ ဥသေးတစ်လုံးလျှင်(၄၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၆၈၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၆၅၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် ဈေးနှုန်းများအနည်းငယ်ကျဆင်းသွားကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများမှ မိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြ ကြောင်းကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း