Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၏ ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများအပြင် ဒေသထွက်ခရမ်းချဉ်သီးများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်ကြောင်း သိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှု နည်းခြင်း ကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများ ကြောင်း သိရသည်။

          ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီး ဈေးနှုန်း ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၆၀၀-၂၄၀၀-၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ခရမ်းချဉ် သီးတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်လအတွင်း ခရမ်းချဉ် သီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)ခန့် ကျဆင်းကြောင်း၊ ယခုရာသီတွင် ဒေသတွင်းစိုက်ခင်းများမှ ခရမ်းချဉ်သီးလှိုင်လှိုင်ထွက်ရှိ၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများခြင်းကြောင့် ဈေးကျဆင်းကြောင်း ပခုက္ကူမြို့ပေါ်ရှိ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးပွဲရုံံမှ သိရှိရပါသည်။

DOCA(မကွေး)

ရာသီစာ ပဲစိမ်းစားဥများ ဈေးကောင်းရရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေး တို့တွင် ရာသီစာပဲစိမ်းစားဥများ လှိုင်လှိုင် ရောင်းချလျက်ရှိပါသည်။ ရာသီစာပဲစိမ်းစားဥများကို ပခုက္ကူမြို့ ဧရာဝတီမြစ်၏ တောင်ဘက် တွင်ရှိသော မြေနုကျွန်းများနှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အတွင်းရှိကျေးရွာများမှ မြေနုကျွန်းများတွင် အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့တွင် တောင်ဘက် ကမ်းမှ ပဲစိမ်းစားဥများကို ဖောက်သည်ယူ၍ ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲစိမ်းစားဥများ စတင်ပေါ်ထွက်နေပြီး တစ်ပိဿာတွဲ တစ်တွဲလျှင် ကျပ်(၃၀၀၀)ခန့်ဖြင့် ရောင်းချနေကြောင်း၊ ပဲစိမ်းစားဥသည် အရည်ရွှမ်းသော မြေအောက် ပင်စည်မျိုးဖြစ်ပြီး ဆီးချိုသမားများနှင့်တည့်သော သရေစာအစားအစာလည်းဖြစ်ပါသည်။ ဇန်နဝါရီလ (ဒုတိယပတ်)တွင် တစ်ပိဿာတွဲတစ်တွဲလျှင် ကျပ်(၂၅၀၀)ဖြစ်ပြီး (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျနေပြီး အရောင်းသွက်လျက်ရှိပါသည်။ ဝင်ရောက်မှုအနေဖြင့် နေ့စဉ် ပိဿာချိန် (၅၀ မှ ၁၀၀ ထိ)ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မဈေးသည်များ ထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပေါက်ခေါင်းမြို့နယ်ရှိခရမ်းကြွပ်သီးစိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

          ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးထွက်ရှိနေပြီဖြစ်ပါသည်။ တောင်သူများနေဖြင့် ခရမ်းကြွပ်သီးကို ဧကပြတ်စိုက် ပျိုးထားခြင်းမရှိဘဲ အခြားသီးနှံများဖြင့်ရောနှော၍ စိုက်ပျိုးထားရှိပါသည်။ ခရမ်းကြွပ်သီး ကိုအများဆုံးစိုက်ပျိုး ဧကမှာ (၀.၂၅)ဧက တစ်ယောက်သာစိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီး (၀.၂၅)ဧက တွင်အပင်ပေါင်း (၂၀၀၀)ခန့်စိုက်ပျိုးနိုင်ပြီး မျိုး၊ စိုက်ပျိုးစရိတ်၊ သွင်းအားစု လုပ်သားခအပါအဝင် ကုန်ကျစရိတ်မှာ (၅)သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ ခရမ်းကြွပ်သီးခူး ဆွတ်ချိန်ရောက်ရှိလျှင် (၃)ရက်ခြားတစ်ခါ ခူးဆွတ်ရရှိပြီး တစ်ကြိမ်ခူးဆွတ်လျှင် (၀.၂၅)ဧကတွင် အလုံးရေ (၈၅၀၀)ခန့် ခူးဆွတ်ရရှိကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီးတစ်ခါစိုက်ပျိုးထားလျှင် ခူးဆွတ်ချိန်မှာ (၁)လခွဲခန့်ကြာမြင့်ပြီး ခူးဆွတ်သည့်အကြိမ်ရေမှာ (၁၅)ကြိမ်ခန့် ခူးဆွတ်ရရှိကြောင်း သိရပါသည်။ ခရမ်းကြွပ်သီးများကို ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိလာရောက်ဝယ်ယူကြ၍ ဖောက်သည်ဈေးအနေဖြင့် တစ်လုံးလျှင် (၁၀)ကျပ်ဖြင့် ရောင်းချကြပါသည်။ တောင်သူဝင်ငွေနေဖြင့် (၀.၂၅)ဧကတွင် (၁၂၇၅၀၀၀)ကျပ်ခန့်ရရှိပြီး အသားတင်အမြတ်အနေဖြင့် (၇၇၅၀၀၀) ကျပ် ရရှိကြောင်း သိရပါသည်။

          ခရမ်းကြွပ်သီးကိုကုန်စိမ်းဒိုင်များမှတစ်ဆင့် နယ်မြို့များရှိဈေးကွက်များသို့ ပြန်လည်ဖြန့်ဖြုးရောင်းချကြကြောင်း သိရပါသည်။ စိုက်ပျိုးသူများအနေဖြင့်လည်း စိုက်ပျိုးသင့်သလို တစ်ဆင့် ပြန်လည်ရောင်းချသူများအနေဖြင့်လည်း သင့်တင့်‌လျောက်ပတ်သော အမြတ်အစွန်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆိပ်ဖြူမြို့နယ်တွင် ပဲစောင်းလျားသီးနှံ စိုက်ပျိုးခြင်းဖြင့် တောင်သူအကျိုးအမြတ်ရရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၊ ကုန်စိမ်းသီးနှံများအပြင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲစောင်းလျား သီးများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးလာကြပြီး အောက်တိုဘာလတွင် စိုက်ပျိုးပြီး ဒီဇင်ဘာ လဆန်းပိုင်းတွင် အသီးစတင်ဆွတ်ခူးရောင်းချရသည်။ ပဲစောင်းလျားသီး စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ယခင်နှစ် မိမိစိုက်ခင်းထွက်သီးနှံမှတစ်ဆင့် မျိုးစေ့ရယူပြီး စိုက်ပျိုးကြောင်း၊ မြေအောက် ရေအပြင် လိုအပ်ပါက ရေသွင်းစိုက်ပျိုးကြောင်း၊ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် သွင်းအားစု ဝယ်ယူခနှင့် အလုပ်သမားငှားရမ်းခစုစုပေါင်း ကျပ်(၁၀)သိန်းခန့် ကုန်ကျကြောင်း သိရှိရသည်။

          အထွက်နှုန်းအနေဖြင့် မြေအမျိုးအစားနှင့် သွင်းအားစုသုံးစွဲမှုအပေါ်မူတည်ပြီး တစ်ဧကလျှင် ပိဿာ(၁၅၀၀-၁၇၀၀)ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရာသီပေါ်စအချိန်တွင် တစ်ပိဿာလျှင် ဖောက်သည်ဈေး ကျပ်(၄၀၀၀)၊ လက်လီဈေး ကျပ်(၆၀၀၀)ဈေးဖြင့် ရောင်းချရပြီး ယခု သီးနှံလှိုင်လှိုင် ပေါ်ချိန်တွင် တစ်ပိဿာလျှင် ဖောက်သည်ဈေး ကျပ်(၃၀၀၀)၊ လက်လီဈေး ကျပ်(၄၀၀၀)ဈေးဖြင့် ရောင်းချရ၍ တောင်သူ အကျိုးအမြတ်အနေဖြင့် တစ်ဧကကျပ်သိန်း(၄၀)ခန့် ရရှိကြောင်း၊ စိုက်ပျိုးစရိတ် သက်သာပြီး မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း၊ ယခုနှစ်တွင် ပဲစောင်းလျားသီးစိုက် တောင်သူများ သီးနှံအထွက်ကောင်းပြီး ဈေးကောင်းရရှိ၍ အကျိုးအမြတ်များစွာရရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

             

ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းဈေးကွက်

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှု နည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှု မလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 

          ဈေးနှုန်းများအနေဖြင့်၂၀၂၅ခုနှစ်၊  ဇန်နဝါရီလ(ဒုတိယပတ်)တွင် ကြက်ဥဈေးနှုန်း ဆက်လက် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်ဥအကြီးအသေး မူတည်၍ ကြက်ဥ(၁၀)လျှင် ကျပ် (၅၂၀၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၀၄၀၀)၊ ယခင်ဒီဇင်ဘာ(ဒုတိယ)ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၉၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်း မြင့်တက်ရခြင်းမှာ ကြက်မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ကြက်စာဈေးနှုန်းကြီးမြင့်ခြင်းနှင့် သယ်ယူစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်သော် လည်း ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာတစ်မျိုးဖြစ်၍ စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရသော အစားအစာတစ်မျိုးဖြစ်၍ အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိ ရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ မိုးကြက်သွန်နီများ ဈေးကျပြီး အရောင်းအဝယ်ဖြစ်နေ

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)တွင်  ကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီဥစိုက်(အသစ်)များ လှိုင်လှိုင်ဝင်ရောက်ပြီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိ သော ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ ပဒေသာကျွန်း၊ အောက်ဆိပ်၊ ချင်တောင် ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိသည်။ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ (၅)သောင်းခန့် တစ်ပတ်အတွင်း ပိဿာချိန်(၃)သိန်းခန့် ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ် ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် မိုးကြက်သွန်နီ(အသစ်)များ ဈေးကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၆၀၀-၂၈၀၀)၊ အလတ်ဈေး ကျပ်(၂၃၀၀-၂၅၀၀)၊ အနိမ့်ဈေး ကျပ်(၁၄၀၀-၁၉၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဇန်နဝါရီလ (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက မိုးကြက်သွန်နီ (အသစ်)တစ်ပိဿာလျှင် ကျပ်(၃၅၀)ခန့် ဈေးကျပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု များလာ၍ ဈေးအနည်းငယ်ကျဆင်းကြောင်း၊ ယခုနှစ် မိုးကြက်သွန်နီ(ဥစိုက်) တောင်သူများ သီးနှံရိတ်သိမ်းချိန် ဈေးကောင်းရရှိ၍ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

          ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ဇန်နဝါရီလ(ပထမပတ်)တွင် မိုးကြက်သွန်နီ ကုန်ချိန်ပိဿာ(၃)သိန်း၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရ ပါသည်။

DOCA(မကွေး)

 

ပေါက်ခေါင်းမြို့နယ်ရှိငရုတ်သီးစိမ်းထွက်ရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

            ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်း)သီးများ စိုက်ပျိုးထားသဖြင့် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိစေရန် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိသည်။

          ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) စိုက်ပျိုးထားသော တောင်သူဦးစိုးနိုင်နှင့်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ငရုတ်သီးစိမ်း စိုက်ပျိုးသည့်ဧကမှာ (၀.၂၅)ဧကကို ဝါခေါင်လမှစ၍နယုန်လအထိ စိုက်ပျိုးနိုင်ပြီး တန်ဆောင်မုန်း လနှင့် နတ်တော်လတွင် ထွက်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးသော အပင်ရေပေါင်းမှာ (၁၅၀၀)ခန့် စိုက်ပျိုးထားပြီး ကုန်ကျစရိတ်အနေဖြင့် (၆၈၅၀၀၀)ကျပ် ကုန်ကျကြောင်း သိရပါသည်။ ငရုတ်သီး စိမ်းစတင်ခူးဆွတ်ချိန်တွင် ပိဿာချိန်(၅၀)ခန့် ခူးဆွတ်နိုင်ပြီး (၁၅)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ငရုတ်သီးထွက်ရှိမှုမှာ (၈၀၀)ပိဿာခန့် ထွက်ရှိသဖြင့် ငရုတ်သီးစိမ်းထွက်ရှိချိန်တွင် ဝင်ငွေပေါင်းမှာ (၀.၂၅) ဧကတွင် (၁၂၀၀၀၀၀)ခန့် ရရှိပြီး အကျိုးအမြတ်အနေဖြင့် (၅၁၅၀၀၀)ကျော် ရရှိကြောင်း သိရပါသည်။ ထွက်ရှိသောငရုတ်သီးစိမ်းများကို နယ်မြို့များသို့ တင်ပို့ရောင်းချပြီး တစ်ပိဿာကျပ် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ကုန်စိမ်းသမားအချို့မှာ စိုက်ခင်းအထိဆင်း၍ ဝယ်ယူကြောင်း သိရပါသည်။

          ငရုတ်သီးစိမ်းစိုက်ပျိုးခြင်းဖြင့်လည်း မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေလည်းရပြီး အကျိုးအမြတ်လည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်၊ သမန်းချိုကျေးရွာတွင်ပန်းဂေါ်ဖီစိုက်ပျိုးသူများ အကျိုးအမြတ်ရလျက်ရှိ

            ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ပန်းဂေါ်ဖီများ စိုက်ပျိုးထားလျက်ရှိပြီး အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း သိရပါသည်။ ပန်းဂေါ်ဖီများကို စိုက်ပျိုးထားသော သဖန်းချိုကျေးရွာရှိ တောင်သူဦးဌေးဝင်းနှင့်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်များသိရှိစေရန် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

         ထိုတောင်သူမှ ပန်းဂေါ်ဖီစိုက်ဧက(၀.၂၅)ဧကရှိပြီး စိုက်ပျိုးအပင်ပေါင်းမှာ (၂၂၀၀)ခန့် စိုက်ပျိုးထားကြောင်း သိရပါသည်။ (၀.၂၅)ဧကတွက် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၁၃၀၅၀၀) ကျပ် ကုန်ကျပြီး ယခုဒီဇင်ဘာလတွင် ပန်းဂေါ်ဖီများစတင် ထွက်ရှိကြောင်း သိရပါသည်။ အပွင့် ထွက်ရှိမှုမှာ (၀.၂၅)ဧကတွင် အပွင့်ရေ(၂၀၀၀)ခန့်ထွက်ရှိပြီး ထွက်ရှိလာသော ပန်းဂေါ်ဖီများ ကို တစ်ပွင့် လျှင်(၄၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပေါက်ခေါင်းမြို့မှ ထွက်ရှိသော ပန်းဂေါ်ဖီများကို ပြည်၊ ပေါင်းတလည် ဈေးကွက်သို့တင်ပို့ရောင်းချသလို ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူအနေဖြင့် (၀.၂၅)ဧကတွက် ဝင်ငွေပေါင်း (၈၀၀၀၀၀) ကျပ်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၆၆၉၅၀၀)ကျပ် ရရှိကြောင်းသိရပါသည်။ ထို့ကြောင့်ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူများအနေဖြင့် ရာသီချိန်တွင် အကျိုးအမြတ်များစွာရရှိသဖြင့် ဧကများစွာစိုက်ပျိုးလျင် ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မင်းဘူးမြို့ပေါ်ရှိဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသ ကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးမြို့ပေါ်ရှိ ဆန်ဆိုင်များဖြစ်သော စန်းရတနာတင့်၊ စွယ်တော်၊ အောင်လံ၊ မြညီနောင်နှင့် သိန်းကမ္ဘာဆန်ဆိုင်များသို့ (၁၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် သွားရောက်၍ သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော ဆန်အမျိုးအစားမှာ ဒေသထွက် မနောသုခ၊ ဧရာပဒေသာ၊ ရတနာတိုးနှင့် အခြားဒေသများမှ သယ်ယူရောင်းချနေသော ဧရာပဒေသာ၊ ပေါ်ဆန်း၊ ရက်(၉၀)နှင့် ဖန်သီးဆန်များ ရောင်းချကြကြောင်းတွေ့ရှိရပြီး ဆန်အမျိုးအစားအလိုက် ဒေသထွက် ဧရာပဒေသာဆန်အဟောင်း (၁) အိတ်လျှင် ကျပ်(၁၃၃၀၀ဝ)၊ ဧရာပဒေသာဆန် အသစ် (၁)အိတ်လျှင် ကျပ်(၁၂၀၀၀ဝ)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၇၈၀၀ဝ)၊ မနောသုခ (၁)အိတ်လျှင် ကျပ်(၉၇၀၀ဝ)ဖြင့် ရောင်းချပါကြောင်း၊သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းများနှင့် ကွာဟမှု့မရှိသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပေါ်ဦးပေါ်ဖျားလေးပင်ဆီးသီး

          ဆီးသီးအမျိုးပေါင်းများစွာရှိသည့်အနက်မှ လေးပင်ဆီးသီးကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရားသို့သွားသည့် လမ်းမကြီးပေါ်ရှိ လေးပင်ရွာမှထွက်ရှိပါသည်။ လေးပင်ဆီးသီးသည် အခြားဆီးသီးများနှင့်မတူဘဲ အရသာမှာ အသီးသီးစကပင် ကြွပ်ပြီးချိုသော အရသာရှိပါသည်။ အသီးရင့်မှည့်လာသည်နှင့်တစ်ပြိုင်တည်း အသီးတွင် အပွေးများတက်ကာ အရသာမှာ ပို၍ချိုမြလာပါသည်။ အရသာမှာချိုမြနေသော်လည်း ပိုမဝင်သောဆီးသီးဖြစ်ပါသည်။

          လေးပင်ဆီးသီးသည် နိုဝင်ဘာလမှ မတ်လအထိထွက်ရှိပါသည်။ လေးပင်ဆီးသီး ကိုယိုထိုး ၍စားသောက်ခြင်းမျိုးမရှိပါ။ ပြည်မြို့တွင် လေးပင်ဆီးသီးကို Online မှ အော်ဒါစနစ်ဖြင့်ရောင်းချ ခြင်းနှင့် ဈေးဆိုင်အချိုတွင် ရောင်းချခြင်းဟူ၍ (၂)မျိုးရှိပါသည်။ Online အော်ဒါစနစ်ဖြင့်ရောင်းချ ခြင်းမှာ အရောင်းအဝယ်ပိုမိုတွင်ကျယ်ပါသည်။ လေးပင်ဆီးသီးကို Order ကောက်ရာတွင် ပြည်ရာနှင့် ချီရောင်းချကြောင်း သိရှိရပါသည်။ လေးပင်ဆီးသီးကို ယခင်နှစ်က တစ်ပြည်ကို ၄၀၀၀ကျပ်နှုန်းဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်ပေါ်ခါစတွင် တစ်ပြည်ကို ၆၀၀၀ကျပ်နှုန်းဖြင့် စတင်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း