Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ပန်းဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ပန်းပင်စိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်သည်အထိ စိုက်ပျိုးလျက် ရှိကြပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပန်းဈေးနှုန်းများအနေဖြင့် သပြေပန်း ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ အာဆီယံသပြေ ( ၁ )စည်းလျှင် ( ၈၀၀)ကျပ်၊ သပြေ ငုတ်ကြီး()ငုတ်လျှင် (၁၅၀၀)ကျပ်နှင့် သပြေ ငုတ်သေး ()ငုတ်လျှင် (၁၀၀၀)ကျပ်၊ ရွက်လှ ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ ခ‌ရေပန်း ( ၁ )ကုံးလျှင် ( ၂၀၀)ကျပ်၊ ကံကော်ပန်း ( ၅ )ကုံးလျှင် ( ၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အဖြူ၊ အညို ( ၁ )စည်းလျှင် (၂၀၀၀)ကျပ်၊ ပန်းတိမ်ငို ( ၁ )စည်းလျှင် ( ၁၅၀၀)ကျပ်၊ စပယ်ပန်း ( ၆ ) ကုံးလျှင် ( ၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ခရေပန်းများ လှိုင်လှိုင်ပေါများ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်ရှိ ကီလိုမာလကာသီး စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်း၊ ဈေးကွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးကို ဘုမ္မနိုးကျေးရွာတွင် စီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။

           ၎င်းကီလိုမာလကာမျိုးအနေဖြင့် ၇-၈ လသားအရွယ်ရှိ ကိုင်းကူးပျိုးပင်များကို ပျိုးပင်ကြီး တစ်ပင် လျှင် (၂၀၀၀)ကျပ်၊ အသေးတစ်ပင်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ပေးဝယ်ရပြီး  အစိုဓာတ် ကောင်းမွန်စွာရရှိသည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား တန်းခြား ၈ ပေ အကွာဖြင့် စိုက်ဧက တစ်ဧကလျှင် ကီလိုမာလကာပင် ၃၅၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျကြောင်း၊ ကီလိုမာလကာပင်စိုက်ပျိုးပြီး အသီးကင်းချိန်တွင် အားဆေး၊ ပိုးသတ်ဆေး (၂) ကြိမ်ဖျန်းပေးရပါကြောင်း၊ အသီးများ ပေသီးအရွယ်အစားခန့်ရှိပါက စက္ကူအကြည်အိတ်ဆွတ်ပေးရပါကြောင်း၊ အပင်ငယ်ချိန်တွင် တစ်လ လျှင် ရေ(၂)ကြိမ်၊ ဆောင်းရာသီတွင် (၁) ကြိမ်၊ နွေရာသီတွင် ရေလောင်း၊ ရေသွင်းခြင်းဖြင့် အပင်များကို ပြုစုပေးပါက တစ်နှစ်သား အရွယ်ခန့်တွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး ကီလိုမာလကာ သီးများကို တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင် အတွက်ပျမ်းမျှအလုံးရေ ၁၅၀-၂၀၀ ခန့် ထွက်ရှိရာ  တစ်ဧက အတွက် ပျမ်းမျှအလုံးရေ ၄၈၀၀၀ မှ ၅၀၀၀၀ လုံး ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကီလိုမာလကာ တစ်ဧကအတွက် တစ်နှစ်လျှင် ငွေကျပ် ၇၀ မှ ၁၀၀ သိန်းခန့် ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ တတိယပတ်တွင် ကီလိုမာလကာသီး လက်ကားဈေး တစ်လုံးလျှင် ဗြွန်ဈေး ငွေကျပ် ၃၅၀-၃၈၀ နှုန်းဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် စိုက်ခင်းသို့ ပွဲစားများမှ ဖောက်သည်လာယူခြင်း၊ မုံရွာသစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီးနှင့် ဩဇာသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရာသီစာအသီးအနှံ မာလကာသီးနှင့် ဩဇာသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မာလကာသီးနှင့် ဩဇာသီးသည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ မာလကာသီးနှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော သံပရာသီးနှင့် ရှောက်သီး ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် သံပရာသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ သံပရာသီးနှင့် ရှောက်သီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့် သံပရာသီးနှင့် ရှောက်သီးများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော သံပရာသီးနှင့် ရှောက်သီးဈေးနှုန်းမှာ သံပရာသီးအရွယ်အစား အကြီး/ အသေးအပေါ်မူတည်၍ တစ်လုံးလျှင် (၁၅ဝိ/-) ကျပ်မှ (၇)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး(အသေး) (၁)လုံး လျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး(အကြီး)(၁)လုံးလျှင်(၅၀၀)  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ရှောက်ပန်းသီးနှင့် သင်္ဘောသီး ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရှောက်ပန်းသီးနှင့် သင်္ဘောသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ရှောက်ပန်းသီးနှင့် သင်္ဘောသီးကို မိမိတို့‌ဒေသတွင်း ထွက်ရှိသည့်သီးနှံများကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် ရှောက်ပန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ်၊  သင်္ဘောသီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက် ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ အေးသောဒေသကိုပို၍ နှစ်သက်သည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင် ရောင်းချလျက်ရှိ‌သော မာလကာသီးဈေးနှုန်း

           စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာခရိုင်အတွင်း မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကိုစိုက်ပျိုး၍ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ခုနှစ် စက်တင်ဘာ တတိယပတ်အတွင်း မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများအနေဖြင့် မာလကာသီး (၁ ) ပိဿာ လျှင်(၅၀၀၀) ကျပ်၊ တစ်လုံးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။ ဒေသထွက် မာလကာသီးများသည် အရည်ရွန်း၍ အနံ့မွှေးသောကြောင့် လူကြိုက်များ‌ကာ အ‌ရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီ ရောင်းချမှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီဆိုင်(ပန့်ဆိုင်)များမှ စက်သုံးဆီများနေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) တွင်  လက်လီအရောင်း ဈေးနှုန်းမှာ စက်သုံးဆီ တစ်လီတာလျှင် 92 Octane ကျပ်(၃၀၁၅)၊ 95 Octane ကျပ်(၃၀၉၀)၊ ရိုးရိုးဒီဇယ် ကျပ်(၂၆၉၅)၊ ပရီမီယမ် ဒီဇယ်ကျပ်(၃၂၉၀)ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

     စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်တင်ဘာလ (ဒုတိယပတ်)တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီ တစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octane ကျပ်(၃၀၄၅)၊ 95 Octane ကျပ်(၃၁၁၅)၊ ရိုးရိုးဒီဇယ်ကျပ်(၂၆၉၅)၊ ပရီမီယမ် ဒီဇယ် ကျပ်(၃၂၉၀)ဖြစ်ပြီး (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်လီတာလျှင် 92 Octane ကျပ်(၃၀)၊ 95 Octane ကျပ်(၂၅) အသီးသီးဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့်ပရီမီယမ်ဒီဇယ်မှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူ မန်ကျည်းသီးမှည့်ဈေး အနည်းငယ်မြင့်တက်အရောင်းအဝယ်ဖြစ်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် မန်ကျည်းသီးများ ဈေးအနည်းငယ် မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးမှည့် အစေ့ပါ တစ်ပိဿာလျှင် ကျပ် (၅၅၀၀-၄၅၀၀)၊ အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၁၀၀၀)ဖြစ်ပြီး ယခင်ဩဂုတ်လ (စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးမြင့်တက်၍ အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရသည်။

          မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင် များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်း များနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများအပြား ဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထားဝယ်မြို့ရှိ ငရုတ်သီးဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကုန်စည်ဒိုင်များသို့ မော်လမြိုင်ဘက်မှ ဟင်းသီး ဟင်းရွက်များ အပြိုင်အဆိုင်ဝင်ရောက်လာပြီဖြစ်ပါသည်။ ရန်ကုန်-ထားဝယ်ကားလမ်းပိတ်သည့် ကာလ တစ်လျှောက် ဟင်းသီးဟင်းရွက်များ အဆမတန်ဈေးတက်ပြီး  ယခုတွင်မူ ငရုတ်သီးအပါအဝင် ဟင်းသီး ဟင်းရွက်တော်တော်များများအရင်အပတ်ကထက် သိသိသာသာဈေးကျလာကြောင်း၊ ထားဝယ်စည်ပင် သာယာဈေးကြီးအတွင်း၌ ငရုတ်သီးတစ်ဘူးလျှင် (၁၅၀၀-၂၀၀၀)ကျပ်အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း