Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  စပါးလင်ပင် ဈေးနှုန်း

    စပါးလင်ပင်သည် မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတစ်ပင်နှင့်တစ်ပင် စုပြုံပေါက် လေ့ရှိပါသည်။ စပါးလင်ကို အထူးတလည် ဂရုစိုက်ရန် မလိုပဲ ပေါင်းမြက် ရှင်းလင်းပေးရန်သာ လိုအပ်ပါသည်။ အပင်တစ်အုံလုံးကို တူးဖော်ရောင်းချပြီး တစ်နှစ်တစ်ခါမိုးရာသီတွင် ပြန်လည် စိုက်ပျိုးကြပါသည်။ စပါးလင်ပင်သည် ဆေးဘက်ဝင်ပြီး အများအားဖြင့် ဟင်းလျာများတွင် အနံ့ကောင်းစေရန် အသုံးပြုကြပါသည်။

    ထားဝယ်မြို့အတွင်းရှိ ကျေးရွာအချို့တွင် စပါးလင်ကို တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြသလို ခြံစိုက်တောင်သူ အချို့မှာ မာလကာပင်များအကြားတွင် ကြားသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ဈေးနှုန်းအနေဖြင့် ယခုစက်တင်ဘာလ တတိယပတ်တွင် ခြံပေါက်ဈေး  အပင်(၁၀၀)လျှင် (၆၀၀၀) ကျပ်နှုန်းရောင်းချရကြောင်း စပါးလင်စိုက်တောင်သူများထံမှ သိရပြီး ဈေးကွက်အတွင်း စပါးလင်ပင် သုံးပင်ပါ တစ်စီး  (၁၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  ငါးစင်ရိုင်း ဈေးနှုန်း

      ထားဝယ်မြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     ထားဝယ်မြို့အတွင်း ကျေးရွာများမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ငါးစင်ရိုင်းဈေးနှုန်းများအနေဖြင့် ငါး(အကြီး) ရှယ်ဆိုက်ဝင် ဆယ်ကောင်ကို ၆၀၀၀ ကျပ်၊ ငါး(အလတ်)နှင့် (အသေး) တစ်ဗူးလျှင် ၄၀၀၀ ကျပ် နှင့် ၅၀၀၀ ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကန်စွန်းရွက် ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ယခုအခါ ထားဝယ်မြို့ပေါ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ကန်စွန်းရွက်များကို စိုက်ပျိုးကြကြောင်း၊ ကန်စွန်းရွက်များကို ကမ်းနားဈေးနှင့်အခြားဈေးငယ်များတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန်စွန်းရွက်(၁)စည်းလျှင်(၃၀၀)ကျပ်၊ ကန်စွန်းရွက်(၂)စည်း လျှင်(၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ၊ကန်စွန်းရွက်များကို  အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့် အ ထောင်းစုံရောင်းသည့်ဆိုင်များမှ ဝယ်ယူကြသဖြင့်ကန်စွန်းရွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကြက်ဥ ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါး ခြင်းကြောင့် ဒေသတွင်း စားသုံးမှုမလုံလောက်၍ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့မှဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းများအနေဖြင့်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်) တွင် ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင်ကျပ် (၅၀၀၀ မှ ၅၈၀၀)ဈေးရှိပြီး တစ်လုံးလျှင် ကျပ်(၅၀၀ မှ ၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 

    အာဟာရပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစား မရွေးဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရသော အစားအစာတစ်မျိုးဖြစ်သည့်အပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်းဝယ်ယူမှုများခြင်းကြောင့်အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ အုန်းသီးဈေးနှုန်း

    ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ အုန်းသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိပြီး အုန်းသီးများကို ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်ဈေးများနှင့် မိမိတို့ ကျေးရွာများတွင်  ရောင်းချလျက်ရှိကြောင်းသိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ထားဝယ်မြို့၏ ဒေသ ထွက် အုန်းသီးဈေးနှုန်းများမှာ နတ်ကန်တော့ရန် အုန်းသီးတစ်လုံးလျှင်(၅၀၀၀)ကျပ်၊ အုန်းသီးအရင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင်(၃၅၀၀ မှ ၅၀၀၀)အထိ ဈေးနှုန်းအသီးသီး တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကမ်းနားဈေး၌ အုန်းသီးရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ ပန်းတိမ်ငို ဈေးနှုန်း/ဈေးကွက်

     ထားဝယ်မြို့တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြ ရာတွင် နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။ ပန်းတိမ်ငိုသည် မွှေးကြိုင်နေသော အဆင်းအနံ့ ရှိသည့် အတွက် လူတိုင်းကကြိုက်နှစ်သက်ကြပြီး ရောင်းကောင်း သည့် ပန်းတစ်မျိုး လည်းဖြစ်ပါသည်။ ပန်းတိမ်ငိုများကို ရန်ကုန်မြို့တို့မှ မှာယူရောင်းချရပါကြောင်း စည်ပင်သာယာဈေးအတွင်း ပန်းမျိုးစုံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

   ယခု စက်တင်ဘာလတွင် ပန်းတိမ်ငို(အဖြူရောင်/ခရမ်း)ဈေးနှုန်းအနေဖြင့် ပန်း(၁၀)ခက်ပါ တစ်စီးလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ပန်းတိမ်ငိုပန်းသည် ရာသီကုန်ခါနီး၍ ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိပါကြောင်း သိရသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ရေချိုပုဇွန်ဈေးနှုန်း

    ထားဝယ်မြို့အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ရေချိုပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာမှပုဇွန်ထုတ်များကို ငါးဒိုင်များမှ ဝယ်ယူ ရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ခုနှစ်၊ စက်တင်ဘာတွင် ထားဝယ်မြို့၏ ရေချိုပုဇွန်ထုတ် ဈေးနှုန်းများအနေဖြင့် လက္ကား ဈေး(၁)ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ လက်လီဈေး(၁)ပိဿာလျှင်(၆၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၆၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချပါကြောင့် ယခင်အပတ်ထက် ပုဇွန်ထုတ်ဈေး အနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး/ပုဇွန် ရောင်းချသူထံမှ သိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ရေချိုငါးဈေးနှုန်း

     ထားဝယ်မြို့တွင်   မြစ်ငါး၊ မြစ်ပုစွန်များကို ပိုက်များဖြင့်လည်းကောင်း၊ မြုန်းများဖြင့်လည်း ကောင်းဖမ်းစီးပြီး ကမ်းနားဈေး၊ စည်ပင်သာယာဈေးတို့တွင် ရောင်းချကြသည်။ အခြားသော ဈေးများ တွင်လည်း ကျေးရွာများမှ မြစ်ချောင်းများမှ ဖမ်းစီးရရှိသော ငါးများကို ရောင်းချနေကြောင်း သိရ သည်။ ဈေးများတွင် ရောင်းချနေသော ငါးခုံးမအသေး ၁၀ကောင် ၂၀၀၀ကျပ်၊ ငါးရံ့အကြီး ၁ကောင် ၃၀၀၀ကျပ်၊ ငါးဖယ်  ၄ ကောင် ၅ ကောင် တစ်တွဲလျှင် ၄၀၀၀ကျပ်၊ ငါးခူ ၂ကောင်လျှင် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ရေချိုငါးများ ရောင်းကောင်းပါကြောင်း ငါးရောင်းချသူထံမှ သိရသည်။ ငါးများကို ဈေးအတွင်းသာ ရောင်းချခြင်းဖြစ်ပြီး မြစ်ချောင်းမှ ထွက်ရှိနေ၍ မိသားစု အပိုဝင်ငွေ ရသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ကြက်သွန်နီစျေးနှုန်း/စျေးကွက်

     ထားဝယ်စျေးကွက်တွင် ယခုပတ်အတွင်း ကြက်သွန်နီစျေးနှုန်းမြင့် တက်နေကြောင်း ပွဲရုံနှင့် အိမ်ရှင်များထံမှ သိရှိရပါသည်။ ကြက်သွန်နီစျေးမှာ ပြီးခဲ့သည့်လပိုင်းက ၁၀ ပိဿာဝင် တစ်အိတ်လျှင် အများဆုံးကျပ် ၂၂၀၀၀ကျော်အထိသာရှိသော်လည်း ယနေ့ ထားဝယ်စျေးကွက်တွင် သုံးသောင်းကျပ်အထိ ရောင်းချနေကြကြောင်း ထားဝယ်မြို့နယ်မှ အိမ်ရှင်မတစ်ဦးထံမှသိရှိရ ပါသည်။ ထားဝယ်မြို့အတွင်းရှိ စည်ပင်သာယာစျေးနှင့် ရပ်ကွက်စျေးငယ်များတွင် ယခုနှစ်တွင် ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ် နှင့်(၃၅၀၀)ထိ ရှိကြောင်း သိရှိရပါသည်။  ထားဝယ်မြို့အတွင်းရှိ ကြက်သွန်နီ ဝယ်လိုအားမှာလည်း ယခင်နှစ်ထက် များလျက်ရှိကြောင်း စားသုံး ကုန်စည်ရောင်းချသူများမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့စျေးကွက်အတွင်း ကြက်သွန်ဖြူစျေးနှုန်းအနည်းငယ်ကျဆင်း

     စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှ သယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ‌ စျေးနှုန်းမှာ ယခု စက်တင်ဘာလ   တတိယပတ်  အတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိသာလျှင် (၁၁၀၀၀)မှ (၁၄၀၀၀) ကျပ်သို့လည်းကောင်း၊ (ကြူဂုတ်) တစ်ပိသာလျှင် (၂၂၀၀၀)ကျပ်မှ (၂၅၀၀၀) ကျပ်သို့ မြင့်တက်လာကြောင်း သိရှိရပါသည်။

         ဩဂုတ်လနှင့်ယခုစက်တင်ဘာလအတွင်း စျေးနှုန်းများကိုနှိုင်းယှဉ်ကြည့်လျှင် ကြက်သွန် ဖြူ တစ်ပိသာလျှင် (၃၀၀၀) ကျပ်မျှအနည်းငယ် မြင့်တက်လာကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စားဖိုဆောင်သုံး ပစ္စည်းများရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း