Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပိုးသတ်ဆေးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံဆွေးနွေး

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၈.၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီမှ(၁၂:၀၀)နာရီအချိန်ထိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ကျိုက်လတ်မြို့ပေါ်ရှိ ပိုးသတ်ဆေးအရောင်းဆိုင်များသို့ သွားရောက်တွေ့ဆုံပြီး တရားမဝင်ပိုးသတ်ဆေးရောင်းချမှုရှိ/မရှိ၊ သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ထား ရှိမှုရှိ/မရှိ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်ရက်စွဲပါ/မပါ၊ထုတ်ကုန်လုံခြုံစိတ်ချမှုရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့နှင့် ဖြစ်ပေါ်နေသော အခက်အခဲများအား ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေးခဲ့ရာတွင် ပိုးသတ်ဆေးဆိုင်များ ဈေးနှုန်းကြီးမြင့်မှုကြောင့် ယခင်နှစ်ထက်ယခုနှစ်တွင် အရောင်းအဝယ်ကျဆင်းကြောင်းကို ပိုးသတ်ဆေးအရောင်းဆိုင်ရှင်များမှ ဆွေးနွေးတင်ပြကြပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေး‌ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၁:၃၀)အချိန်တွင် (၈)လမ်းဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်ဈေးကော်မတီအဖွဲ့များပူးပေါင်းပါဝင်၍ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil/Cooking Oil)နှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပါတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်ညွှန်ကြားချက်များအား ကြိုတင်သိရှိရပြီး ပြင်ဆင်ထားနိုင်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ဈေးဆိုင်များအား ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးTalk Show ပြုလုပ်

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၈.၂.၂၀၂၂ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးTalk Show ပြုလုပ်ခဲ့ပါသည်။

           အဆိုပါ Talk Show ပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များတို့ ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သည့် ပိဿာ၊ ကျပ်သားတို့ဖြင့် ဖော်ပြရန်နှင့် ညွှန်ကြားချက်စတင်ထုတ်ပြန်သည့်နေ့မှစ၍ (၆) လပြည့်မြောက်ပြီး သည့်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်        

မြောင်းမြမြို့၊မြသာသာဈေးတွင် စားသုံးသူအသိပညာပေးဟောပြော

         စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ရက်နေ့၊နေ့လည်(၁)နာရီအချိန်က မြေင်းမြမြို့၊မြသာယာဈေးရှိ ကုန်မျိုးစုံဆိုင်ရှင်များအား ဈေးတာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် မြောင်းမြမြို့နယ်တာဝန်ခံက ဟင်းသီးဟင်းရွက်ဆီများနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၈၃) ၊ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် (၁/၂၀၂၁) အား ရှင်းလင်းဆွေးနွေးခြင်း စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်ပါ စားသုံးသူ၏ အခွင့်အရေးများနှင့် တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကို ရှင်းလင်း ဆွေးနွေးပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးနှင့် ဝန်ထမ်းများသည် (၁၆.၂.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မြို့မဈေးသစ်၊ ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၁၅)ဦးအား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ က မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်း သိကောင်းစရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များနှင့် အခန်း(၂၄) ပါပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို ဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပါသည်။

           ထို့နောက် ဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကျင်းပပြုလုပ်

        ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၌ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် တို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိဒေါ်ဝါဝါမြိုင်၊ ဦးစီးအရာရှိဦးစိုင်းဆိုင်လှိုင်း၊ ၊ အကြီးတန်းစာရေး ဒေါ်ထက်ထက်နွေဦးတို့က တက်ရောက်ဆွေးနွေးခဲ့ပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက moderator အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကျင်းပပြုလုပ်သည့် Talk Show တွင် စားသုံးသူရေးရာဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များ၊ စားသုံးသူတိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများ အစရှိသည်တို့နှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

DOCA(မွန်)

 

မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စစ်ဆေးရေးမှူးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည်(၁၆.၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ မုန့်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်တွင် ရောင်းချလျက်ရှိသောမုန့်မျိုးစုံများအား စစ်ဆေးခဲ့ပြီးနောက် ရောင်းချသူလုပ်ငန်းရှင်များအား စစ်ဆေးရေးမှူးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်း ထုတ်လုပ်တင်သွင်း ထုပ်ပိုး၊လက်လီလက်ကားဖြန့်ဖြူးရောင်းချရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရန် စားသုံးသူ ကာကွယ်ရေး ဥပဒေပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ထားသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များနှင့် ဥပဒေပုဒ်မ(၄၃)အရ ကုန်အညွှန်းအမှတ်အသားများကိုဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့ပါသည်။

       ထို့နောက် မုန့်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်မှ အထူးဈေးနှုန်းဖြင့်ရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည်၊ မြို့နယ်စက်သုံးဆီဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင်များနှင့်အတူ (၁၆.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီတွင် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်တွင် HSD  နှင့်   PHSD ဆီတို့ အား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဗဟိုဘဏ်မှ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသော USD နှင့်ညီမျှသည့် ဒီဇယ်ဆီ နှင့် ပရီမီယမ်ဒီဇယ်ဆီတို့အား ရွေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်မှ ပြည်သူများသို့ အထူးဈေးနှုန်း ဖြင့် ရောင်းချပေးနေမှုကို မြို့နယ်စက်သုံးဆီဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင် များဖြစ်သော ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်တို့နှင့်အတူ ရှောင်တခင်ဝင် ရောက်စစ်ဆေးရာ အထက်ပါ စက်သုံးဆီ(၂)မျိုးအား (၂၀)လီတာဝင်စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဆီအရည်အသွေးအား စစ်ဆေးနိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့ရှိစားသောက်ကုန်အရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅.၂.၂၀၂၂) ရက်နေ့တွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ မြိုင်ရတနာဈေးကြီးနှင့် အမှတ် (၁) ဈေးကြီးရှိစားသောက်ကုန်အရောင်းဆိုင်များ၌ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဆိုင်များ၌ရောင်းချနေသော ကုန်ပစ္စည်းများမှာ စားသုံးရန် သင့်/မသင့်၊ FDA ထောက်ခံချက်ရရှိထားခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ စားသုံးရန် သင့်/မသင့် ဓာတ်ခွဲစမ်းသပ်ရန် ပစ္စည်းနမူနာ (၁) မျိုးရယူခဲ့ပြီး သက်တမ်းလွန်စားသောက်ကုန်ပစ္စည်း (၈) မျိုးအား စစ်ဆေးတွေ့ရှိသဖြင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ လုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းဆည်းခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပါရှိသောလက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မွန်)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ   ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့်  မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာရှိ ရေလုပ်ငန်းရှင်များနှင့်ဆားထုတ်လုပ်သူ လုပ်ငန်းရှင် စုစုပေါင်း( ၁၅ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀)မှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁) ပုဒ်မ(၂၂)(၂၃)အရ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရန် ဟောပြောဆွေးနွေးပါသည်။  ဆက်လက်၍ မြို့နယ်တာဝန်ခံကထုတ်လုပ်လျက်ရှိသော ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ မိမိတို့ဦးစီးဌာနသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်လည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များနှင့်လည်း တစ်လတစ်ကြိမ်တွေ့ဆုံ၍ ဆောင်ရွက်မှု အခြေအနေများ၊ အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးတင်ပြလျက်ရှိကြောင်း၊ လုပ်ငန်းတွင်လိုအပ်သည့် နည်းပညာနှင့်ငွေကြေးအခက်အခဲများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်အားထိခိုက်မှုမရှိစေဘဲ သန့်ရှင်းဖို့လိုအပ်ကြောင်းနှင့် ထုပ်ပိုးမှုကအစ ဈေးကွက်ဝင်နိုင်စေရန် ဂရုပြုရန်လိုအပ်ကြောင်း၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်မရောက်မီ ကုန်စည်များ၊ ဈေးကွက်ရောက်ပြီး ကုန်စည်များကိုလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြမှုများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအား ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုနောက် တက်ရောက်လာသူလုပ်ငန်းရှင်များမှ သိလိုသည်များမေးမြန်းမှုအပေါ် တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့် ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ