Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧပြီလအတွင်း ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊လူမှုရေးများတွင်   သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ဒေသအတွင်း၌ ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများ သက်သာစွာဝယ်ယူရရှိမှသာ ဒေသအတွင်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပြေလည်စွာဖြေရှင်းနိုင်မည့်ဖြစ်ပါ၍ ထားဝယ်မြို့တွင် ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအ‌ရောင်းဆိုင်များသို့  အဖွဲ့ဖြင့် အပတ်စဉ်သွား‌ရောက်၍ ဆေးနှင့်ဆေးပစ္စည်း စျေးနှုန်းများ စာရင်းကောက်ယူ စုံစမ်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

      ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် (၁၁.၄.၂၀၂၄)ရက်နေ့    ထားဝယ်မြို့တွင်းရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်(၃)ဆိုင်သို့  သွားရောက်စစ်ဆေးခဲ့ရာ သင်္ကြန်ကာလအတွင်း ဆေးဝါများ ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှတင်ပို့ရောင်းချသည့် စားအုန်းဆီများ‌ရောက်ရှိ

       ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်‌နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်း ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင် များအသင်းသို့ ယာဉ်မောင်း ဦးရန်နိုင်ဆွေ ၊  ယာဉ်အမှတ် 2B/9247 ၊ FUSO မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ ၁ ပီပါလျှင် ပိဿာ ၁၁၀ ပါသည့် စားအုန်းဆီ ၇၀ ပီပါ သည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီ ၇၀ ပီပါအား ထားဝယ်မြို့တွင်း အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် ဆီဆိုင် ၁၄ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)                        

စားသောက်ကုန်မျိုးစုံလက်လီအရောင်းဆိုင်လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး (ရုံးအုပ်) သည် ၁၀.၄.၂၀၂၄ ရက်နေ့တွင် ဝိုင်းမော်မြို့၊ မိုင်းနားရပ်ကွက်(၂) အတွင်းရှိ စားသောက်ကုန်မျိုးစုံ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်  (၁)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကို ဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက် ခြင်းစသည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ‌ ရောင်းချရန် ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် ၁၀.၄.၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ဦးပါရာကပ်(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆိမ့်ဆိမ့်လေး အမှတ်တံဆိပ်ပါ အာလူးဘီစကစ် အသင့်စားမုန့်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှု အညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွကအတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၀.၄.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့ ညောင်ပင်ရပ် ရပ်ကွက်ရှိ လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ပိုင်(စတိုး)ဆိုင်သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်း ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိူးတွင်ပါဝင်သော LIPO အမှတ်တံဆိပ်ပါ ချောကလက်အရသာ ကြက်ဥကွက်ကီးပေါ်တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စတိုးဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုပါ အသိပညာပေး ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စစ်ကိုင်းတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

     ၁၀.၄.၂၀၂၄ နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန် စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဒု-တိုင်းဒေသကြီး ဦးစီးမှူးဦးဆောင်၍ စစ်မှုထမ်းဟောင်းဥပဒေဆိုင်ရာအကြောင်းနှင့် ရုံးချုပ်၏လမ်းညွှန်မှုနှင့်အတူ အီလက်ထရောနစ်အငွေ့ရှူစက်များနှင့် ပတ်သက်၍ စားသုံးသူများအားနစ်နာမှုမရှိစေရန် ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပရာ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစု စုစုပေါင်းလူဦးရေ (၆၅ )ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

      ဒု- တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က တက်ရောက်လာသူများအား စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့်တက်ရောက်ရမည့်အရွယ် အသက်ကန့်သတ်ချက်၊ မဖြစ်မနေ ထမ်းဆောင်ရမည့်သူနှင့် စစ်မှုထမ်းကင်းလွတ်သည့်သူများ၏ အခြေအနေများ၊ လိုက်နာရမည့် ဥပဒေ စည်းကမ်းနှင့်အညီ ဆောင်ရွက်မည့်အချက်အလက်များကို အ‌သေးစိတ်ပြည့်စုံစွာရှင်းလင်းခြင်း၊ မိမိတို့ဌာနမှဆောင်ရွက် နေသောစားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များ၊ ရုံးချုပ်မှညွှန်ကြားလာသော အီလက်ထရောနစ် အငွေ့ရှူစက်များနှင့်ပတ်သက်၍ နည်းပညာတိုးတက်လာသည်နှင့်အမျှ ဆေးရွက်ကြီးထွက်ပစ္စည်းများကို အပူပေးပြီး အ‌ငွေ့ရှူရသော ပစ္စည်းများနှင့် ဆေးရွက်ကြီးနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ ဈေးကွက်အတွင်း နည်းမျိုးစုံဖြင့်ထင်ပေါ်စွာရောင်းချနေမှုများဖြစ်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံရှိ စားသုံးသူပြည်သူများ နစ်နာမှုမရှိစေရန် ဆေးလိပ်၊ ကွမ်းစားသုံးမှုများ ကြိုတင်ကာကွယ်သတိထား ရှောင်ရှားနိုင်ရေးများအကြောင်းကို အကျယ်တဝင့် ဆွေးနွေး‌ဟောပြောပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

                                                                                                         

လက်ပံတန်းမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက (၂၈-၃-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များဖြစ်သော ဒီလှိုင်းစတိုး၊ ကိုဖိုးချိုဆေးဆိုင်များသို့သွားရောက်၍ ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ စားသုံးသူများအနေဖြင့်  တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက်များကိုသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးခဲ့ပြီးနောက် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်း ရှင်းလင်းဆွေးနွေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၁၀.၄.၂၀၂၄ ရက်နေ့တွင်  ဒု-တိုင်းဒေသကြီးဦးစီးမှူးက ပြည်သူ့စစ်မှုထမ်း ဥပဒေ ဆိုင်ရာ သိကောင်းစရာများအကြောင်းအား ထပ်မံရှင်းလင်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများ(၄၆)ဦးနှင့် ဝန်ထမ်းများ၏မိသားစုဝင်များ/ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူ (၁၉)ဦး၊ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

     အဆိုပါရှင်းလင်းဆွေးနွေးပွဲရာတွင် ဒု-တိုင်းဒေသကြီးဦးစီးမှူးက ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာအကြောင်းနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်က အတည်ပြုပြီးသော ဥပဒေဖြစ်ပါကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်၊နိုင်ငံသားတိုင်း စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် ၊ပြည်သူ့ စစ်မှုထမ်း ဥပဒေကို အသက်ဝင်အောင်ဆောင်ရွက်ခြင်းသည် ပြည်သူလူထုပါဝင်သော ကာကွယ်ရေး စနစ်တစ်ခု တည်ဆောက်ရန် ၊ မိမိရပ်ရွာဒေသကာကွယ်ရေးအတွက် ရပ်ရွာလူငယ်များ ပါဝင် သော ပြည်သူ့စစ်မှုထမ်းဥပဒေအောက်မှ ကာကွယ်ရေး အရန်တပ်ဖွဲ့ကြီး ပေါ်ပေါက်လာရန်  ဟူ၍ ရည်ရွယ်ချက်အနေဖြင့်(၃) ရပ်ရှိပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ် ချက်တွင် ကျန်းမာသောလူမှန်သမျှ  စစ်ထဲမဝင်မနေရ စစ်မှုမထမ်းမနေရ စနစ်ဖြင့် နှစ်နှစ် တန်သည်ဖြစ်စေ၊ သုံးနှစ်တန်သည်ဖြစ်စေ ဝင်ရောက်စစ်မှု ထမ်းဆောင်ကြရမည်ဖြစ်ပါ ကြောင်း၊ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၄.၁၁.၂၀၁၀ ပြည့်နှစ် ဥပဒေအမှတ် ၂၇/ ၂၀၁၀ ဖြင့် ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ စစ်မှုထမ်းရမည့် အမျိုးသား/ အမျိုးသမီးအသက်အပိုင်းအခြားအလိုက် အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ် ၊အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်၊ ကျွမ်းကျင်သူအမျိုးသား အသက် ၁၈ နှစ်မှ ၄၅ နှစ်၊ကျွမ်းကျင်သူအမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလအကြောင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ အကြောင်း၊  နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက် နေသော စစ်မှုမထမ်းမနေရဥပဒေအကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေထမ်းဥပဒေသည် ဥပဒေပြ ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ကြောင်း၊ အချိန်အခါအရ လိုအပ်၍ ဥပဒေအာဏာတည်ကြောင်းကို ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း ၊လက်တွေ့ ကျင့်သုံးရန်အတွက် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ အဆင့်ဆင့်အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရေတာရှည်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၄ခုနှစ်ဧပြီလ ၃ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။                  ရှေးဦးစွာ မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ မြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်ငူမြို့ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သက်မွေးပညာကျောင်းများသို့ အပတ်စဉ် အင်္ဂါနေ့တိုင်း သင့်တင့်သောဈေးနှုန်းဖြင့် ဆန်များရောင်းချနိုင်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

       ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းပန်းအိမ်နှင့် ရေတာရှည်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် ၁၈ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့တွင် MSMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

     တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၂ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်တက်ရောက်၍ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များ၏မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်ကလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်အတူ MSMEs ထုတ်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်ရှာဖွေဖော်ထုတ်ပေးနိုင်မည့် အခြေအနေများကိုဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာသောလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တဝန်ရှိသူများနှင့် အုတ်တွင်းမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင် ၂၄ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ