Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းခရိုင်၌  ဂျုံသီးနှံ ယခုနှစ် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးမည်

       စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင်ဂျုံစိုက်ဧက(၄၇၅၇၆)စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၁၉)တင်းခန့် ထွက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် စိုက်ပျိုးရန် လျာထားဧက (၄၇၆၀၁)ဖြစ်ပြီး တိုးချဲ့စိုက်ပျိုးရန် ဧက(၁၇၅၀)လျာထား ထားကြောင်း ခရိုင်စိုက်ပျိုး‌ရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

       ဂျုံသီးနှံကို နိုဝင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် ထွက်‌ပေါ်သည်။ စစ်ကိုင်းမြို့နယ်တွင် ဂျုံဖြူသန့်မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ ယခုနှစ်တွင် တစ်ဧက ကုန်ကျစရိတ် ကျပ်(၄)သိန်းခန့် ကုန်ကျနိုင်ကြောင်း၊ ဂျုံသီးနှံစိုက်ပျိုးရာတွင် ထယ်ထိုးရခြင်း၊ ရေသွင်းရခြင်း၊ မြေဆီသုံးရခြင်း၊ အခြားသီးနှံများထက် ပိုမိုဂရုစိုက်ရပါကြောင်း၊ မျိုးတစ်တင်း (၇၀၀၀ဝိ/-)ဖြင့် တစ်ဧကလျှင် မျိုးတစ်တင်းခွဲ အသုံးပြုကြောင်း၊  တစ်ဧကလျှင် ခန့်မှန်း (၁၉)တင်းထွက်လျှင် လက်ရှိ ဂျုံစေ့တစ်တင်းပေါက်ဈေး (၆၀၀၀ဝိ/-)ဖြင့် တွက်ပါက တစ်ဧက အမြတ် ကျပ်(၇)သိန်းကျော် ရရှိနိုင်ကြောင်း စစ်ကိုင်းမြို့နယ်၊ မကျီးကုန်းကျေးရွာတွင် ယခုနှစ် ဂျုံ(၃)ဧက စိုက်ပျိုးသည့် တောင်သူ ဦးညွန့်ဝင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

        ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၄/ ၂၀၂၂) ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဌကအဖွင့် အမှာ စကားပြောကြားပြီး အတွင်းရေးမှူးမှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် (၃/၂၀၂၂)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား  ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍  ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်မှ အမှာစာများအား ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ဆွေးနွေးတင်ပြချက်များအပေါ် ဆုံးဖြတ်ချက်များ ရယူခဲ့ကြပါသည်။ ထို့နောက် ကော်မတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ (၁၅:၃၀)နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

          မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်များ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို (၃၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)နာရီအချိန်တွင် မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြပွဲသို့ လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက MSME လုပ်ငန်းများထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြပွဲနှင့် ဈေးရောင်းပွဲတော် ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးပြီးနောက် နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲနှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာဆွေနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ MSME လုပ်ငန်းရှင်များ စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းများအောင်မြင်မှုရရှိနေသည့် MSME လုပ်ငန်းရှင်(၆)ဦးတို့က ၎င်းတို့၏လုပ်ငန်းများ အောင်မြင်မှု ရရှိရေးအတွက် ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် အတွေ့အကြုံ များကို မျှဝေဆွေးနွေးခဲ့ကြပြီး ဖော်ထုတ်ချက်များ ရယူဆောင်ရွက်နိုင်ခဲ့ပါသည်။ နေ့လည်(၁၃:၀၀) အချိန်တွင် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်များတည်ထောင်ရာတွင် ကြိုတင်ပြင်ဆင်ရန် လိုအပ်ချက်များနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင် များက သိရှိလိုသည့်မေးခွန်းများ မေးမြန်းခြင်း၊ တင်ပြချက်များနှင့်ပတ်သတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

         မကွေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဒေသထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို (၃၁.၁၀.၂၀၂၂)ရက်နေ့မှ (၂.၁၁.၂၀၂၂)ရက်နေ့အထိ (၃)ရက်တိုင် နေ့စဉ်နံနက်(၀၇:၀၀)နာရီမှ ည(၀၈:၀၀) နာရီအထိ ဖွင့်လှစ်ပြသရောင်းချသွားမည်ဖြစ်ပြီး မကွေးခရိုင်အားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

         

 

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ပြည်သူများသို့ “တင်ဝင်း” စားအုန်းဆီ ရောင်းဝယ်ရေးမှ ဈေးကားဖြင့် စားအုန်းဆီများ ရောင်းချပေးနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် (၁.၁၁.၂၀၂၂) ရက်နေ့ မနက်(၉:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ပြည်သူများသို့ “တင်ဝင်း” စားအုန်းဆီရောင်းဝယ်ရေးမှ ဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်း ဖြင့် ရောင်းချပေးမှုကို ကွင်းဆင်းစိစစ် ကြပ်မတ်ခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် လူတန်းစေ့ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း ၊ စနစ်တကျတန်းစီစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း တန်းတူညီမျှ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကျင်းပ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်း များဖြင့်နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်”ဟူသော ဌာန၏မျှော်မှန်းချက်ကို လိုက်ပါအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုများပေါ် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ မူဝါဒလမ်းညွှန် ချက်များ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီတို့၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအားလုံး အထက်ဌာနမှချမှတ်ပေးသော မူဝါဒများ၊ လမ်းညွှန် ချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပေါ် သိရှိနားလည်နိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် အောက်တိုဘာလ(၂၇)ရက်နေ့မှ (၂၈)ရက်ရက်နေ့ထိ (၂)ရက်တိုင်  နေ့စဉ်နံနက်(၉:၃၀)နာရီမှ (၁၆:၀၀)နာရီထိကျင်းပခဲ့ပါသည်။

     သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၇.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်းများမှ Zoomဖြင့် တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ဆက်လက်၍ သင်တန်းတွင် ခရိုင်ဦးစီးမှူးမှ နိုင်ငံ့ဝန်ထမ်းသစ္စာဓိဌာန်(၆)ချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ Vision၊ ရုံးလုပ်ငန်းလက်စွဲပါ ပြီးပြည့်စုံသောရုံးလုပ်ငန်းဖြစ်စေရန် အချက်(၅)ချက်၊ ဝင်စာများကိုအရေးယူဆောင်ရွက်ခြင်းအကြောင်း၊ ရုံးစာရေးသားနည်းအကြောင်း၊ မှတ်ချက်ရေးသားခြင်းအကြောင်း၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်းအကြောင်း၊ ခရီးသွား မှတ်တမ်းရေးသားခြင်းအကြောင်းနှင့် ကုန်စည်ဒိုင်အကြောင်းတို့ကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဌာနသို့တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက် ပေးသည့်အကြောင်းတို့ကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံမှ ရန်ပုံငွေတောင်းစတင်တောင်းခံခြင်း မှှစ၍ရန်ပုံငွေအသုံးပြုခြင်းနှင့် ပိုလျှံရန်ပုံငွေများ ပြန်လည်အပ်နှံခြင်းအကြောင်းတို့ကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲတာဝန်ခံမှ ပျမ်းမျှလစာ တွက်ချက်နည်းအကြောင်းများကိုလည်းကောင်း၊ အထွေထွေစီမံမှ ဆောင်ရွက်ရသော လုပ်ငန်းများအကြောင်းတို့ကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်း စာရင်းအင်းဌာနခွဲမှ တစ်ဧကကုန်ကျစရိတ်နှင့် စားသုံး၊ ပိုလျှံတွက်နည်းအကြောင်းတို့ကိုလည်းကောင်း၊ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးတာဝန်ခံမှ သတင်းရေးသားနည်း အကြောင်းတို့ကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဌာနခွဲမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

       ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ ရွှေဘိုခရိုင်မှဝန်ထမ်း(၁၀)ဦးနှင့် ကန့်ဘလူခရိုင်မှ ဝန်ထမ်း(၄)ဦး စုစုပေါင်း(၁၄)ဦးတက်ရောက်ခဲ့ပြီး သင်တန်းဖွင့်လှစ်ပို့ချခြင်းအားဖြင့် ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်တို့ရှိ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ရာတွင် အသိပညာဗဟုသုတများ ပိုမိုရရှိလာခြင်း၊ မိမိတာဝန်ယူ ဆောင်ရွက်နေရသောလုပ်ငန်းများအပြင် အခြားဌာနခွဲမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိနားလည်ခြင်းစသည့် အကျိုးကျေးဇူးများရရှိသဖြင့် သင်တန်းများကို မကြာခဏဖွင့်လှစ်သင့်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

        တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ စက်တင် ဘာလအထိ (6)လတာကာလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၅.၈၃၉)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၃.၃၉၈)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၉.၂၃၇)ဆောင်ရွက်နိုင်ခဲ့ပါသည်။   အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း(၀.၃၂၆)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၃၁၅) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (၀.၆၄၁)ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၇)လတာ ကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း (၆.၁၆၅)၊ သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာသန်း(၃.၇၁၃)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (၉.၈၇၈)ဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ် (၁၃.၅၃)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ အောက်တိုဘာလထိ (၇)လတာ လျာထားချက်အပေါ် (၂၈.၄၃)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ် ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

       အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ နန့်ဖာလုံကုန်စုံ၊ စီးကရက်၊ ဖိနပ်၊ ငရုတ်ကောင်း၊ သရက်သီးနှင့် အုန်းသီးတို့ ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဂျုံ၊ ဓါတ်မြေဩဇာ၊ ဆံပင်၊ စာရေးကိရိယာ၊ ဇီယာစေ့နှင့် ချွတ်ဆေးတို့ ဖြစ်ကြောင်း သိရပါသည်။

       တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌အောက်တိုဘာလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

    ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၂၃)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။  

DOCA(စစ်ကိုင်း)

 

ဟုမ္မလင်းဒေသထွက်လ္ဘက်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

         ရှေးယခင်ကာလများတွင်ပင် လ္ဘက်ဆိုလျှင်ရှမ်းပြည်နယ် နောက်ပိုင်းချင်းပြည်နယ်တို့မှ ထွက်ရှိသည်ဟု လူအများသိရှိခဲ့ကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်တွင် လ္ဘက်စိုက်ဧက ( ၈၆၀၀ ) ဧကစိုက်ပျိုးထားလျှက်ရှိကြောင်း၊ သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ လေ့လာမှုများအရ သိရှိရပါသည်။ မူရင်းလ္ဘက်မျိုးရင်းမှာ ရှမ်းပြည်နယ်မျိုးများကို မဏိစည်သူမင်း လက်ထက်မှ စတင်စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပြီး( ၇ ) နှစ်ခန့်ကြာမှ လ္ဘက်ရွက်နုများ စတင်စွက်ခူးရပါကြောင်း၊ ဟုမ္မလင်းမြို့နယ်တွင် လ္ဘက်စိုက်ပျိုးသူ ဒေါ်မာဝင်းထံမှ စုံစမ်းသိရှိရပါသည်။

      ဟုမ္မလင်းမြို့နယ်မှထွက်ရှိသည့် လ္ဘက်များသည် ရှမ်းပြည်နယ်ဒေသထွက် လ္ဘက်များကဲ့သို့ နုညံ့မှုမရှိဘဲ လ္ဘက်သားအနည်းငယ်ကြမ်းတမ်းကြောင်း၊ လ္ဘက်အရည်အသွေးနိမ့်ကျရခြင်းမှာ ဒေသရာသီဥတုကွဲပြားခြားနားမှုများကြောင့်၎င်း နည်းပညာများရယူရန်အတွက် ခရီးမိုင်ဝေးကွာ ခြင်းကြောင့်ဟု ဒေသခံလ္ဘက်လုပ်ငန်း ဆောင်ရွက်သူ ဒေါ်မာဝင်းက ပြောကြားပါသည်။ ဟုမ္မလင်းဒေ သတွင် လ္ဘက်စိမ်းခူးယူပြီး ပထမအဆင့်ပေါင်းခံ၍ ( ၈ )လခန့်ကြာနှပ်ထားရပြီး စားသုံးရန်အသင့် လ္ဘက်စိမ်းများရရှိပါကြောင်း၊ ဟုမ္မလင်းဒေသထွက်လ္ဘက်အစို၊ လ္ဘက်အခြောက်များကို သဘာဝ အရောင်ဖြင့်သာ ရောင်းချကြပြီး အခြားဓာတုဗေဒ ဆိုးဆေးများလုံးဝ သုံးစွဲခြင်းမပြုကြောင်း ယခုကဲ့သို့ ပွင်းလင်းရာသီတွင် ရောင်းအားကောင်းလာကြောင်း သိရှိရပါသည်။

      စျေးနှုန်းအနေဖြင့် လ္ဘက်အစိမ့် ( ၁ ) ပိဿာ ( ၄၀၀၀ ) ကျပ်၊ လ္ဘက်ခါး( ၁ ) ပိဿာ ( ၂၀၀၀ ) ကျပ်၊ လ္ဘက်ခြောက်( ၁ ) ပိဿာ ( ၇၀၀၀ကျပ်မှ ၁၀၀၀၀ကျပ် )အထိ ပေါက်စျေးရှိပြီး ဈေးကွက်အနေဖြင့်  မြို့နယ်တွင်း၊ မြို့မဈေးနှင့် ဟုမ္မလင်းနယ်တစ်ဝိုက်ရောင်းချလျှက်ရှိပြီး ရန်ဖန်ရံခါ မုံရွာမြို့သို့လည်းတင်ပို့လျှက်ရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံသီးနှံ စိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲမှု အခြေအနေ

       ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ဂျုံကိုစားသုံးကြပြီး မြန်မာနိုင်ငံ ဂျုံစားသုံးမှုမှာ နှစ်စဉ်တိုး တက်လျှက်ရှိပါသည်။ ဂျုံသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး များနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးလျှက်ရှိသော်လည်း ဂျုံလိုအပ်ချက်မှာ နှစ်စဉ်တိုးမြှင့် လျှက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၁-၂၀၂၂ခုနှစ် စာရင်းအရ ဂျုံသီးနှံ စိုက်ဧက (၉၇၈၈၅)ဧက စိုက်ပျိုးလျှက်ရှိသော်လည်း ‌ဒေသထွက်ရှိမှုနှင့် မလုံလောက်သဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၏ ဂျုံလိုအပ်ချက်မှာ တန်(၂၂၁၂၂၄)ခန့် လိုအပ်မှုရှိနေပါသည်။

          ကမ္ဘာ့ဂျုံတင်သွင်းမှု စုစုပေါင်းအနေဖြင့် တန်သန်းပေါင်း (၂၀၆.၇)ရှိကြောင်း လေ့လာသိရှိရ ပါသည်။ ဂျုံတင်သွင်းမှု အများဆုံးနိုင်ငံများမှာ အင်ဒိုနီးရှား၊ အီဂျစ်၊ တူရကီ၊ တရုတ်၊ အယ်ဂျီရီးယား နိုင်ငံတို့ဖြစ်ပြီး တင်ပို့မှုအများဆုံးနိုင်ငံများမှာ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ယူကရိန်း နိုင်ငံတို့ဖြစ်ကြောင်း အင်တာနက်စာမျက်နှာများမှ လေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဂျုံတင်သွင်းသည့် နိုင်ငံ (၁၂၅)နိုင်ငံတွင် (၆၉)နိုင်ငံမြောက် ဂျုံအများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ပါ ကြောင်းသိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဂျုံစိုက်ပျိုးထုတ်လုပ်မှု၊ စျေးနှုန်း၊ စျေးကွက်၊ တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ် အခြေ အနေများ၊ ဂျုံကြိတ်ခွဲစက်များ လည်ပတ်ကြိတ်ခွဲ နိုင်မှုအခြေအနေများကို လေ့လာသုံးသပ်တင်ပြရခြင်း ဖြစ်ပါသည်။

          ပြည်တွင်းလိုအပ်ချက်ရှိနေသဖြင့် ဂျုံစေ့နှင့် ဂျုံမှုန့်ကို နှစ်စဉ် တင်သွင်းနေရကြောင်းသိရှိရပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ အခက်အခဲများ၊ ဂျုံကြိတ် ခွဲစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် အခက်အခဲများကို အောက်ပါအတိုင်း လေ့လာသိရှိရပါသည်။

          ဂျုံသီးနှံနှင့်ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)    မြန်မာအမည်            -         ဂျုံ

(ခ)     အင်္ဂလိပ်အမည်         -         Wheat

(ဂ)     ရုက္ခဗေဒအမည်        -         Triticumvulgare

(ဃ)    မူရင်းဒေသ              -         အမေရိကန်၊ မက္ကဆီကို

          စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံသီးနှံကို ဘီစကစ်၊ ထပ်တရာ၊ ပလာတာ၊ ခေါက်ဆွဲခြောက် အမျိုးမျိုး၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ပေါက်စီ၊ အသားပေါင်းအမျိုးမျိုး၊ သရေစာဂျုံကျိုအဖြစ် အသုံးပြုကြ ပြီး ဘေးထွက်ပစ္စည်းဖြစ်သည့် ဂျုံဖွဲအား နွားစာ၊ မြင်းစာ၊ ဝက်စာများအဖြစ် အသုံးပြုကြပါသည်။

ဂျုံသီးနှံကို ဂျုံစိုက်ပျိုးရာသီဖြစ်သည့် ဆောင်းဦးကာလ အောက်တိုဘာနောက်ဆုံးပတ်နှင့် နိုဝင်ဘာလပထမပတ်အတွင်း အပြီးစိုက်ပျိုးရန် လိုအပ်ပါသည်။ ဂျုံစိုက်ပျိုးရေးတွင် နနွင်းရောဂါ ဒဏ်ခံနိုင်ရည်ရှိသည့် ဂျုံမျိုးသစ်များစဉ်ဆက်မပြတ်စိုက်ပျိုးရန် လိုအပ်ပါသည်။ ဂျုံသည်အပူချိန် ကို တုံ့ပြန်မှုရှိသည့်( Thermo-Sensitviee plant )အပင်တစ်မျိုးဖြစ်ပြီး ဂျုံ၏ အထွက်နှုန်းကို အပူချိန်က လွှမ်းမိုးကြောင်း လေ့လာသိရှိရပါသည်။

          ဂျုံသည် အပူချိန်မြင့်မားမှုကိုမနှစ်သက်ဘဲ အအေးကြိုက်သည့် သီးနှံတစ်မျိုး ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ဆောင်းတွင်းကာလကို ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဆောင်း ရာသီတွင် ဆီးနှင်းကျရောက်မှုနည်းပါးခြင်းနှင့်အတူ နေ့/ညအပူချိန်မြင့်မားသည့် နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တို့တွင် ဂျုံစိုက်ပျိုးရန် မသင့်ကြောင်း လေ့လာသိရှိရပါသည်။ ဂျုံသည် အနိမ့်ဆုံးအပူချိန်(5.C)မှ အမြင့်ဆုံးအပူချိန်(32.C)အတွင်း ဖြစ်ထွန်းသော်လည်း အသင့်လျှော် ဆုံးအပူချိန်မှာ (15.-20.C) ဖြစ်သည်။

          Mexico၊ USA စသည့် အနောက်နိုင်ငံများတွင် ဂျုံနှစ်သက်သည့် ဆောင်းရာသီ၊ နွေဦးပေါက် ရာသီဟူ၍ ရာသီ(၂)မျိုးရှိခြင်းကြောင့် တစ်နှစ်လျှင်ဂျုံကို (၂)ရာသီစိုက်ပျိုးဖြစ်ထွန်းသည်ကို လေ့လာ သိရှိရပါသည်။

          စစ်ကိုင်း၊ မန္တလေး၊ မကွေးစသည့် တိုင်းဒေသကြီးများတွင် အကောင်းဆုံးဂျုံစိုက်ချိန်မှာ နိုဝင် ဘာလ(ပထမပတ်)မှ (လကုန်)ထိဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်များ၏ အဆိုအရသိရှိရပါသည်။ ဂျုံစိုက်ချိန်စောလွန်းခြင်း၊ နောက်ကျလွန်းခြင်းသည် ဂျုံ၏အထွက်နှုန်းကို အဟန့်အတားဖြစ်စေ ကြောင်း လေ့လာသိရှိရပါသည်။ စိုက်ချိန်စော၍ စိုက်ပျိုးပါက အပင်ပေါက်ချိန်၊ ပင်ပွားထွက်ချိန်၊ အပင်ပွားစည်းချိန်တို့တွင် အပူချိန်မြင့်မားခြင်း၊ စိုထိုင်းဆနည်းခြင်းတို့ကြောင့် မြေတွင်းအစိုဓါတ် လျော့နည်းပြီး အပင်ပေါက်နည်းခြင်း၊ ပင်ပွားနည်းခြင်း၊ အပင်ဖြစ်ထွန်းမှု နည်းခြင်းတို့ ဖြစ်ပေါ် စေကြောင်း လေ့လာသိရှိရပါသည်။

          ပုံမှန်စိုက်ချိန်ထက်နောက်ကျသည့် စပါးအပြီး သီးထပ်လယ်များတွင် (ဒီဇင်ဘာ၊ ဇန်နဝါရီ လများတွင်) ဂျုံစိုက်ပျိုးပါက အပင်ပေါက်ချိန်၊ ပင်ပွားထွက်ချိန်၊ အပင်ဖြစ်ထွန်းချိန်စသည့် ဂျုံပင်၏ အစောပိုင်း ကာလများသည် ဂျုံနှစ်သက်သည့် ရာသီဥတုကိုဖြတ်သန်းရခြင်းကြောင့် အပင်ပေါက် ကောင်းခြင်း၊ ပင်ပွားကောင်းခြင်း၊ အပင်ဖြစ်ထွန်းခြင်းတို့ကို ကြုံတွေ့နိုင် ပါသည်။

          ဂျုံသက်တမ်း၏ နောက်ပိုင်းကာလများဖြစ်သည့် နို့ရည်ခဲချိန်၊ နို့ရည်တည်ချိန်တို့မှာ အပူချိန် မြင့်မားသည့် ဖေဖော်ဝါရီလလယ်၏ နောက်ပိုင်းကာလများအား ဖြတ်သန်းရခြင်းကြောင့် အစေ့အလေး ချိန်လျော့နည်းခြင်း၊ လုံးပိန်လုံးညှပ်များခြင်း၊ ရင့်မှည့်မှုမြန်ဆန်ခြင်းတို့ ဖြစ်ပေါ်စေပြီး ဂျုံအထွက် နည်းကို လျော့နည်းစေပါသည်။

          ကလေးခရိုင်၊ မော်လိုက်ခရိုင်နှင့် ခန္တီးခရိုင်ရှိ မြို့နယ်များသည် ဖေဖော်ဝါရီလလယ်နှင့် နောက် ပိုင်းကာလများတွင် ဆီးနှင်းများကျပြီး အပူချိန်နိမ့်ကျသည့် ရာသီဥတုရှိခြင်းကြောင့် စစ်ကိုင်း၊ မန္တလေး ဒေသများထက် ဂျုံစိုက်ပျိုးချိန်ကိုနောက်ကျ၍ စိုက်ပျိုးနိုင်ကြောင်းလေ့လာ သိရှိရပါသည်။

          ဂျုံသီးနှံသည် ရေစိမ့်ဝင်မှုကောင်းသောမြေ၊ နှုန်းမြေ၊ စနယ်မြေ၊ သဲနှုန်းမြေ၊ မြေနီ၊ စနယ်မြေ နက်တို့နှင့် စပါးစိုက်ပျိုးသော မြေများတွင် ဦးစားပေးရွေးချယ် စိုက်ပျိုးသင့်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဂျုံသီးနှံကို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ ဆောင်းရာသီတွင် စိုက်ပျိုးပြီး၊  ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ တို့တွင် ထွက်ပေါ်ပါသည်။ အသက်ရက်မှာ ရက်ပေါင်း (၁၂၀)မှ (၁၄၅)ရက် ကြာမြင့်ပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်၌ ဂျုံစိုက်ဧကပေါင်း (၁၇၇၉၇၆) ဧကရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ဂျုံစိုက်ဧကပေါင်း (၉၇၈၈၅)ဧကသာ စိုက်ပျိုးနိုင်သဖြင့် (၁၀)နှစ်တာကာလအတွင်း ဂျုံစိုက်ဧက (၈)သောင်းကျော်ခန့် လျော့နည်းခဲ့ကြောင်း တွေ့ရှိရသဖြင့် နှစ်စဉ် ဂျုံစိုက်ပျိုးထုတ်လုပ်နိုင်မှု လျော့နည်းလာကြောင်း တွေ့ရှိရပါသည်။

          စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ စာရင်းအရ စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်တွင် ဂျုံကြိတ်ခွဲစက်အရေအတွက်မှာ(၅၄)စက်ရှိခဲ့ရာမှ  ၂၀၂၂ခုနှစ် ဂျုံကြိတ်ခွဲစက် အရေအတွက် မှာ (၁၉)စက်သာ ရှိတော့သဖြင့် ဂျုံကြိတ်ခွဲစက် (၃၅)စက်မှာ လုပ်ငန်းရပ်ဆိုင်းသွား‌ကြောင်း သိရှိရ ပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဂျုံကြိတ်ခွဲစက်များ၏ တစ်နေ့ထုတ်လုပ်နိုင်မှု အခြေအနေ မှာ စုစုပေါင်း ဂျုံမှုန့်ပိဿာ (၈၃၈၂၀ )ခန့် ဖြစ်ပါသည်။ မုံရွာမြို့ရှိ ဂျုံကြိတ်ခွဲစက် (၇)လုံးနှင့် စစ်ကိုင်း မြို့ရှိ စက်(၁)လုံးတို့ကသာ ပမာဏများများ ကြိတ်ခွဲထုတ်လုပ်နိုင်ပြီး၊ အခြားဂျုံစက်များမှာ တစ်နိုင် တစ်ပိုင်သာ ပမာဏအနည်းငယ် ထုတ်လုပ်ကြသော စက်ငယ်များ ဖြစ်ကြပါသည်။ အချို့ဂျုံစက်ငယ် များအနေဖြင့် ဂျုံစက်ကြီးမှထွက်ရှိသော ဂျုံဖွဲကိုဝယ်ယူ၍ ဂျုံမှုန့်ကြမ်း၊ တိရိစ္ဆာန်အစားအစာ ဂျုံဖွဲနှင့် စက်မှုသုံးကော်မှုန့်ကိုသာ ထုတ်လုပ်နိုင်သည့် အနေအထားဖြစ်ပါသည်။

          ဂျုံ(၁)ဧကအတွက် စိုက်ပျိုးတောင်သူအကျိုးအမြတ်အနေဖြင့်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျပ်(၃)သိန်းကျော် အကျိုးအမြတ်ရရှိနိုင်ပြီး ယခင်နှစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ်(၆)သောင်း ကျော်သာ အကျိုးအမြတ်ရှိမည်ဖြစ်ရာ မိသားစုလုပ်အားခသာ အမြတ်ရသည့် အနေအထား ဖြစ်ပါ သည်။ ယခုနှစ်တွင် ယခင်နှစ် ဂျုံ‌စေ့ဈေးထက် (၂)ဆခန့် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

      တောင်သူများအနေဖြင့် ဂျုံစိုက်လယ်ယာမြေများတွင် ကုလားပဲနှင့် ဖရဲ တို့ကို အများဆုံး ပြောင်းလဲစိုက်ပျိုးကြကြောင်း တွေ့ရှိရပါသည်။ ကုလားပဲစိုက်ပျိုးပါက တစ်ဧကစိုက်ပျိုး ထုတ်လုပ်မှု အကျိုးအမြတ်အနေဖြင့် ကျပ်(၆)သိန်းခန့် ရရှိနိုင်မည်ဖြစ်ပြီး၊ ဖရဲစိုက်ပျိုးပါက တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုအကျိုးအမြတ်ကျပ်(၁၀)သိန်းကျော် ရရှိနိုင်ပါသည်။ ကုလားပဲသည် စိုက်ပျိုးထွက်ရှိချိန်တွင် လည်းဈေးနှုန်းခိုင်မာမှုရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိရန် သေချာနိုင်ကြောင်း၊  ဖရဲသည် ဈေးနှုန်းအတက်အကျရှိသော်လည်း အကျိုးအမြတ်များများ ရရှိနိုင်သဖြင့် တောင်သူများကို ဆွဲဆောင်နိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း တောင်သူအသိုင်းအဝိုင်းထံမှ သိရှိရပါသည်။ ဂျုံသီးနှံ၏ တစ်ဧကအကျိုးအမြတ်သည် ယခုနှစ်တွင် များသော်လည်း ယခင်နှစ်များ တွင် အကျိုးအမြတ်ရရှိမှု နည်းပါးသဖြင့် တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးရန် စိတ်ဝင်စားမှုနည်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။ သို့သော် လက်ရှိဂျုံတစ်တင်းပေါက်ဈေး (၆၂၀၀၀)ကျပ်ဖြင့် တွက်ချက်ပါက တစ်ဧက အကျိုးအမြတ် ကျပ်(၈)သိန်းခန့် ရရှိနိုင်သဖြင့် ဂျုံစိုက်ပျိုးရန် စိတ်ဝင်စားမှုမြင့်လာနိုင်ကြောင်း သုံးသပ် ရပါသည်။

        ဂျုံစိုက်တောင်သူများအနေဖြင့် အခြားသီးနှံစိုက်ပျိုး၍ မရနိုင်သည့် အခြေအနေများတွင်သာ ဂျုံကိုစိုက်ပျိုးရန် ရည်ရွယ်ကြကြောင်း၊ ယခင်နှစ်များတွင် ဂျုံသီးနှံ၏ အကျိုးအမြတ်ရရှိမှုမှာ အခြား သီးနှံများနှင့်နှိုင်းယှဉ်ပါက နည်းပါးကြောင်း တွေ့ရှိရပါသည်။ သို့သော် ယခုနှစ်တွင် ဂျုံဈေးနှုန်း မြင့် တက်လာခြင်းကြောင့် တောင်သူများအား ဂျုံသီးနှံတိုးချဲ့စိုက်ပျိုးလာနိုင်စေရေး စိတ်ဝင်စားမှုမြင့် တက်လာကြောင်း သုံးသပ်ရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဂျုံဈေးနှုန်း အခြေအနေများမှာ ၂၀၁၅ခုနှစ်မှ ၂၀၂၀ခုနှစ် အတွင်း ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၁၅၀၀၀မှ ၂၀၀၀၀ အတွင်း၊ ၂၀၂၁ခုနှစ်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ကျပ် ၂၀၀၀၀မှ ၆၀၀၀၀ ကျော်အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ၂၀၁၅ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း ဂျုံထွက်တိုး တစ်တင်းလျှင် ကျပ် ၁၄၀၀၀မှ ၂၀၀၀၀ အတွင်း၊ ၂၀၂၁ခုနှစ်မှ ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်း ကျပ် ၁၄၀၀၀မှ ၆၀၀၀၀ အတွင်း ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာသိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံထွက်ရှိမှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အထွက် တင်းသိန်းပေါင်း (၂၀)ခန့် ရှိပြီး သုံးစွဲမှုအနေဖြင့် တင်းပေါင်း (၈၇)သိန်း ခန့်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးအတွက် လိုအပ်ချက် တင်းပေါင်း (၆၇)သိန်းခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ ဒေသတွင်း ဂျုံ ကြိတ်ခွဲစက်များအနေဖြင့် မိမိတို့ဒေသတွင်ထွက်ရှိသည့် ဂျုံများကိုသာမက ပြည်ပမှတင်သွင်းလာသော ဂျုံများကိုပါ ဝယ်ယူကြိတ်ခွဲနေရပါသည်။ ပြည်တွင်းဂျုံဈေးနှုန်းအနေဖြင့် လက်ရှိပေါက်ဈေး တစ်တင်း လျှင် (၆၂၀၀၀)ကျပ်ဖြစ်ကြောင်း ဂျုံစက်ပိုင်ရှင်များထံမှ သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် ဂျုံသီးနှံအမျိုးအစားများမှာ မုံရွာဂျုံဖြူ၊ ဇလုပ်ဂျုံဖြူ-၂၊  ဇလုပ်ဂျုံဖြူ-၄၊ ရေဆင်း-၁၂၊ V-1287 မျိုးတို့ဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရပါသည်။ တစ်ဧက မျိုးစေ့(၁.၅)တင်း မှ (၂.၅)တင်း လိုအပ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံစိုက်ဧက (၁)သိန်းခန့် စိုက်ပျိုးရန်လျာထားခဲ့ရာ မျိုးစေ့တင်း(၂)သိန်းခန့် လိုအပ်နိုင်ကြောင်း ခန့်မှန်းရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဂျုံစက်များမှ ထုတ်လုပ်နိုင်မှု လျော့ကျရသည့် အကြောင်း ရင်းများမှာ ဒေသတွင်းထုတ်လုပ်နိုင်မှုအနေဖြင့် ၂၀၁၂ခုနှစ်တွင် တင်းသိန်းပေါင်း(၃၈)ကျော်ခန့် ရှိခဲ့  ရာမှ ၂၀၂၂ခုနှစ်တွင် တင်းသိန်းပေါင်း(၂၀)ခန့်သာ စိုက်ပျိုးထွက်ရှိခဲ့ပါသည်။ ဒေသတွင်း စိုက်ပျိုးထွက် ရှိမှု လျော့နည်းလာသည်နှင့်အမျှ ဂျုံကြိတ်ခွဲစက်များအနေဖြင့် ကုန်ကြမ်းဝယ်ယူရန် ခက်ခဲလာခြင်း၊ဒေသတွင်းရှိ ဂျုံစက်များအနေဖြင့် နိုင်ငံခြားမှ ဂျုံများကို တိုက်ရိုက်တင်သွင်းနိုင်ခြင်းမရှိဘဲ ဂျုံတင် သွင်းလာသည့် ကုမ္ပဏီများထံမှ တစ်ဆင့်ခံဝယ်ယူရခြင်းဖြစ်ရာ ဒေါ်လာဈေး အတက်အကျကြောင့် ဈေးနှုန်း မတည်ငြိမ်သည့်အတွက် ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ဂျုံတင်သွင်းနိုင်မှုမရှိခြင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ အရည်အသွေးမမီသည့် ဂျုံမှုန့်များ တရားမဝင် တင်သွင်းမှု များရှိနေခြင်းနှင့် အဆိုပါ ဂျုံမှုန့်များသည် ပြည်တွင်းမှ ထုတ်လုပ်သည့် ဂျုံမှုန့်များထက် ဈေးနှုန်း နည်းသဖြင့် ဈေးနှုန်းယှဉ်ရောင်းချရန် အခက်အခဲရှိခြင်းနှင့် ဂျုံကြိတ်ခွဲစက်မရှိသော ကုမ္ပဏီအချို့ သည် အိန္ဒိယမှ ဈေးသက်သာသည့် ဂျုံမှုန့်များ ကို တရားမဝင်တင်သွင်းပြီး ထုပ်ပိုးမှုပြောင်းလဲ၍ ၎င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ရောင်းချနေခြင်းတို့ဖြစ်ကြောင်း သိရှိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဂျုံစက်များအနေဖြင့် ဒေသတွင်း ထွက်ရှိသော ပြည်တွင်းဂျုံ ဝယ်ယူမှု (၉၀%) ခန့်ရှိပြီး ပြည်ပမှတင်သွင်းသည့် ဂျုံဝယ်ယူမှုမှာ (၁၀%) ခန့်သာ ရှိပါသည်။ သို့သော် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဂျုံစက်ကြီးများအနေဖြင့် ပြည်ပမှတင်သွင်းသည့် ဂျုံကို အဓိထား ကြိတ်ခွဲကြသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဂျုံကြိတ်ခွဲမှုမှာ ပြည်ပတင်သွင်း ဂျုံ (၉၀%) ခန့်ရှိပြီး၊ ပြည်တွင်း ထွက်ရှိဂျုံ (၁၀%) ခန့်ရှိနိုင်ကြောင်း ဂျုံလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရှိရ ပါသည်။

          တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ အောက်တိုဘာ(၂၇)ရက်နေ့အထိ ဂျုံမှုန့်တင်သွင်းမှုအနေဖြင့် တန်ချိန် (၂၃၀၀.၇၉၅)တန်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၉၆၅)ရှိကြောင်း သိရှိရသည်။

           ဂျုံကြိတ်ခွဲစက်ပိုင်ရှင်များအနေဖြင့် အဓိကအခက်အခဲမှာ ကုန်ကြမ်းလုံလောက်စွာ ဝယ်ယူမရ ရှိနိုင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် အိမ်းနီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ တရားမဝင် တင်သွင်းသည့် ဈေးနှုန်းနည်းသည့် ဂျုံမှုန့်များနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု မရှိကြောင်း တွေ့ရှိရ ပါသည်။  ထို့ကြောင့်နိုင်ငံတော်အနေဖြင့် ယခုထက်ပို၍ ဂျုံတင်သွင်းနိုင်ရေးနှင့် တရားမဝင်တင်သွင်း လာသော ဂျုံမှုန့်များကို ထိရောက်စွာ တားဆီးနိုင်ရေး ဆောင်ရွက်ပေးသင့်ပါကြောင်း ဂျုံစက်ပိုင်ရှင် များထံမှ သိရှိရပါကြောင်း တင်ပြအပ်ပါသည်။

         အချုပ်အားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုမှာ နှစ်စဉ်လျော့ ကျလျှက်ရှိပါသည်။ လျော့ကျရသည့် အဓိကအကြောင်းအရင်းမှာလည်း ဂျုံသီးနှံထက် အခြားသီးနှံ များက အကျိုးအမြတ်ရရှိမှုပိုများခြင်း၊ ဂျုံသီးနှံစိုက်ပျိုးခြင်းသည် အခြားသီးနှံများထက် လုပ်အားစိုက် ထုတ်ရမှုပိုမိုခြင်းတို့ကြောင်း ဖြစ်ပါသည်။ ဒေသတွင်းထုတ်လုပ်နိုင်မှု လျော့ကျခြင်းနှင့် ပြည်ပမှ လုံလောက်စွာ ဂျုံစေ့တင်သွင်းနိုင်မှုမရှိခြင်းတို့ကြောင့် ပြည်တွင်းဂျုံစက်ရုံများသည်လည်း ကုန်ကြမ်း လုံလောက်စွာ မရရှိနိုင်ခြင်းကြောင့် ဂျုံစက်များ၏ ထုတ်လုပ်နိုင်မှုသည်လည်း ကျဆင်းလျှက် ရှိပါသည်။ အချို့ဂျုံစက်လုပ်ငန်းများသည်လည်း အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်လာ ကြသည်ကိုလည်း တွေ့ရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းထွက်ရှိသည့် ဂျုံ ဖြင့်လိုအပ်ချက်ပြည့်မှီခြင်း မရှိသည့်အတွက် ဂျုံစေ့နှင့် ဂျုံမှုန့်များကို အခြားဒေသမှ တင်သွင်းလျှက် ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်းကျည်တောက်

           ခဲလံကျည်တောက်(ခေါ်) ကောက်ညှင်းကျည်တောက်သည် မြန်မာနိုင်ငံတွင် အလွန်ထင်ရှား၍ ဆောင်းရာသီ၏ ရာသီစာအဖြစ် လူအများ စားသုံးသောမုန့်ဖြစ်ပါသည်။ခဲလံဆိုသော စကားမှာ ရှမ်းဘာသာစကား (ခဝ်လံ)မှ ဆင်းသက် လာသည်။ဝါးထဲသို့ ကောက်ညှင်းဆန် ထည့်၍ ချက်သောထမင်း(ဝါ) စားဖွယ်ကို ရှမ်းတို့က ခဲလံဟု ခေါ်ကြကြောင်း၊တစ်ချို့မှာ ယိုးဒယားစကား ခေါက်လမ် (ဝါးကျည်တောက်ထဲမှ ကောက်ညှင်း) ဟု ဆိုကြ သည်။မြန်မာနိုင်ငံ အင်းလေးဒေသတွင် ကောက်ညှင်းကျည်တောက်ကို  ခေါက်လန် ဟုသုံးနှုန်းကြပြီး အနောက်ရိုးမကမ်းခြေနှင့် မြစ်ဝ ကျွန်းပေါ်ကမ်းရိုးတမ်းဒေသတို့တွင်မူ ကောက်ညှင်းကျည်တောက်ဟူ၍သာ သုံးနှုန်းကြပြီး ရှေးအခါက ပေါင်းတင်းကျည်၊ ပေါင်းစည်ကြီးဟု တင်စား ခေါ်ဝေါ်ကြကြောင်း လေ့လာသိရှိ ရပါသည်။

ကောက်ညှင်းကျည်တောက် ဖြစ်ပေါ်လာပုံ

          ကောက်ညှင်းကျည်တောက်ပြုလုပ်ရန်အတွက် အကောင်းဆုံးဝါးမှာ တင်းဝါးပြီး တင်းဝါး ဟုခေါ်သည့် ဝါးကို တောနက်နက်ထိ သွားခုတ်ကြရပြီး ဝါးအရမ်းနုပါက အဆင်မပြေ တတ်၍ ဝါးအရင့်ကို ခုတ်မှသာ ကောက်ညှင်းကျည်တောက်လေးက အကာလှလှလေးနှင့် ပုံထွက်လှ လာပါသည်။ကောက်ညှင်းကျည်တောက် ပြုလုပ်ရန်အတွက် ရှေးဦးစွာ ကောက်ညှင်းဆန်ကို (၄)နာရီကြာ ရေဖြင့် စိမ်ထားပြီး တောင်းပလုံးများဖြင့် ရေစစ်ထားရကြောင်း သိရှိရသည်။ ထို့နောက်ရေစစ်ထားသော ကောက်ညှင်းဆန်ကို စဉ့်အင်တုံထဲတွင် ပဲဆီသန့် ၊အုန်းသီး၊ ဆား အနည်းငယ် တို့ဖြင့် ရောနယ်၍ ဝါးကျည်တောက်ထဲသို့ လက်(၂)ဆစ်ခန့် ချန်၍ ထည့်ပေးရကြောင်း၊ ထိုသို့ချန်၍ ထည့်ရခြင်းမှာ ကျည်တောက်ထဲမှ ကောက်ညှင်းများ ကျက်ပြီးနောက် အနည်းငယ် ဆန့်ထွက်နိုင်စေရန် လျော့ထားရခြင်းဖြစ်ကြောင်း၊ လက်(၂)ဆစ်ခန့် ချန်ထားသည့် နေရာတွင်  ရေအပြည့်ထည့်ရကြောင်း သိရှိရပါသည်။

          ကောက်ညှင်းကျည်တောက်ဖုတ်ရန်  ဝါးအစို တစ်ချောင်း၏ အရင်း၊အဖျား တစ်ဖက် တစ်ချက်စီတွင် ဒေါက်ထောက်ပြီး တန်းလုပ်ထားရသည်။ ထိုတန်း တစ်ဖက်တစ်ချက်စီတွင် ကောက်ညှင်း ထည့်ထားသော ဝါးကျည်တောက်များကို ခပ်စောင်းစောင်း စီ၍ ထောင်ထားရသည်။ ထို့နောက် ထောင်ထားသော ဝါးတန်းအောက်တွင် ထင်းမီးတောက်အနည်းငယ်ဖြင့် ရေများ ခမ်းသွားအောင် (၂)နာရီကြာခန့် မီးဖုတ် ပေးရပြီးနောက် မီးကျီးချ၍  (၃)နာရီခန့် ကောက်ညှင်း ကျည်တောက်များကို လှည့်၍ မီးဖုတ်ပေး ရသည်။ ကောက်ညှင်းကျည်တောက် ဖြစ်လာရန် မီးဖုတ်၍ ပြုလုပ်ရချိန် (၅)နာရီခန့် ကြာမြင့်သည်။ထို့နောက် မီးဖုတ်ထားသော ကောက်ညှင်းကျည်တောက် များ အေးချိန်တန်၍ ဝါးကို ခွဲလိုက်လျှင် ဝါးအမြေးများဖြင့် ရစ်ပတ်နေသော ငွေတောင့်သဖွယ် ဖြူဖွေးသော ကောက်ညှင်း ကျည်တောက်ကို ရရှိသည်။

ရှေးစာဆိုများမှ တင်စားခေါ်ဝေါ်ပုံ

          ဝါးထဲတွင်ကျက်ပြီးသားဖြစ်နေသော ကောက်ညှင်းကျည်တောက်မှာ ဝါးအမြှေးပါးများဖြင့် ကပ်နေ၍ သေသပ် ချောမောလှသည်။ ကောက်ညှင်းကျည်တောက် ပြုလုပ်ပုံကို -

          “အစွယ်နှစ်ချောင်း ဖြူဖြူလွင် ၊တောမှာပေါက်တဲ့ဆင်

ဆန္ဒန်ဆင်မင်း သူ့ဝမ်းခေါင်း၊ ခြင်္သေ့အပေါင်းအောင်း

လုံစွာပိတ်၍ မီးမှာထား၊ ငွေတောင့်ထိုအလား

ဘုရားတရားတင်ပါလေ၊ တို့လည်းအမျှဝေ”ဟူ၍ ဆင်ဆိုသည်မှာ ဗုဒ္ဓဟူးနံ ဝါးကိုဆိုလို၍ ခြင်္သေ့ဆိုသည်မှာ အင်္ဂါနံဖြစ်၍ ဆန်ကိုဆိုလိုသည်ဖြစ်ကြောင်း ရှေးစာဆိုများက တင်စားခေါ်ဆိုခဲ့ ကြသည်။

ကုန်ကြမ်းအသုံးပြုပုံ

          ကောက်ညှင်းကျည်တောက်ပြုလုပ်ရန် တင်းဝါးများကို မိုးကုတ်လမ်းရှိ ရွှေညောင်ပင်မြို့မှ (၅၀)ပါတစ်စီးလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် မှာယူရသည်။ကောက်ညှင်းဆန်ကို ရွှေဘိုမြို့ အနောက် ဘက်ရှိ ချီပါကျေးရွာနှင့် ဆိပ်ခွန်ကျေးရွာများမှ နှစ်ပတ်လည်စာ ဝယ်ယူထားရပြီး ကောက်ညှင်း ကျည်တောက်ပြုလုပ်ရာတွင် သုံးသည့် ကောက်ညှင်းဆန်မှာ (ရှယ်မွှေး) အမျိုးအစားဖြစ်သည်။ ကောက်ညှင်းဆန် စိမ်ရာတွင် ကောက်ညှင်းဆန် (သစ်)ဆိုလျှင် ချက်ချင်းဆေး၍ ချက်ချင်းဆယ်ပြီး ဝါးကျည်တောက်ထဲသို့ ထည့်၍ ပြုလုပ်နိုင်သည်။ကောက်ညှင်းဆန်(ဟောင်း) ဖြစ်ပါက (၄)နာရီခန့် ကြာအောင်စိမ်ထားရပြီး ငချိတ် ကောက်ညှင်းဆန် ဖြစ်ပါက တခြားကောက်ညှင်းဆန်များထက် (၁)နာရီခန့် ပို၍စိမ်ရကြောင်း သိရသည်။ ကောက်ညှင်းကျည်တောက် ဖုတ်ရန် ထင်းကို နှစ်ပေါက် အသုံးပြုရန်   ကြိုတင်ဝယ်ယူထားရသည်။

ထုတ်လုပ်မှု

          ကောက်ညှင်းကျည်တောက်လုပ်ရာတွင် မိသားစုလုပ်အားအပြင် အလုပ်သမား(၃)ဦးခန့် ငှားရမ်း၍ လုပ်ရပြီး တစ်ဦးလျှင် (၇၀၀၀)ခန့်လုပ်အားခ ပေးရသည်။ တစ်နေ့တွင် ကောက်ညှင်းဆန် နေ့စဉ် (၃၀)ပြည် ခန့် ပြုလုပ်ရပြီး ကောက်ညှင်းဆန် ပြည်(၃၀)တွင် ကောက်ညှင်းကျည်တောက် (၁၇၀)ချောင်းခန့် ထွက်ရှိသည်။ ဝါးအပေါ်မူတည်၍ ကောက်ညှင်းကျည်တောက် အနည်း/အများ ထွက်ရှိသည်။အမှာရှိပါက ကောက်ညှင်းဆန် ပြည်(၇၀)အထိ ပြုလုပ်ရသည်။ကောက်ညှင်းဆန်

ပြည်(၃၀)တွင် ဆီ (၅)ပိဿာခန့် ထည့်ရပြီး ဝါးခြောက်ပါက ဆီပို၍ ထည့်ရသည်။ ကောက်ညှင်း ကျည်တောက်ကို အုန်းသီး၊ငှက်ပျောနှင့် ပဲ ဟူ၍ အရသာ (၃)မျိုးဖြင့် ထုတ်လုပ်ပြီး တချို့က

နှစ်ပတ်လည် ပြုလုပ်၍  ရောင်းချသော်လည်း ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်း ကျည်တောက်ကို နှစ်စဉ် (၉)လပိုင်းလလယ်ပိုင်းမှစ၍ (၄)လပိုင်းထိသာ ပြုလုပ်၍ ရောင်းချကြောင်း ရွှေဘိုမြို့ရှိ ဆယ်စုနှစ်မက ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသူ ဒေါ်တင်အိ ကောက်ညှင်း ကျည်တောက်လုပ်ငန်းမှ သိရသည်။

ဈေးနှုန်းဈေးကွက်

          ရွှေဘိုမြို့တွင် ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသည့်လုပ်ငန်း များပြားစွာရှိပြီး ဒေသတွင်းဝယ်ယူစားသုံးကြသည့်အပြင် အခြားမြို့နယ်များဖြစ်သော မုံရွာ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနားမြို့များရှိ ကိုယ်စားလှယ်များက မှာယူရောင်းချကြကြောင်း ၊ အုန်းသီး ကောက်ညှင်းကျည်တောက် တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ၊ ငှက်ပျောနှင့် ပဲကောက်ညှင်း ကျည်တောက် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း၊ မြန်မာ့အစားအစာ ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်းကျည်တောက်အကြောင်းအား လေ့လာ၍  ရေးသားတင်ပြ လိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ