Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ လုပ်ငန်းရှင်များအား အသိပညာပေး

              အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပ လိမ်လည်ရောင်းချခြင်းများမရှိစေရန်၊ Online Shopping များနှင့်ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့ ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင် ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်နှင့် အာမခံချက်များ ပေးအပ်ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသော အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိစေမှာဖြစ်ပါသည်။ ရောင်းသူ/ဝယ်သူ အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ် ဖြင့်ရောင်းချခြင်းကို ဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “B Water” သောက်ရေသန့်လုပ်ငန်းရှိ အလုပ်သမားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

          ၂၃.၃.၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ် သက္ကောကျေးရွာ၊ “B Water” သောက်ရေသန့်လုပ်ငန်းရှိ အလုပ်သမား (၁၅) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက “B Water” သောက်ရေသန့် လုပ်ငန်းရှိ အလုပ်သမားများအား စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပာယ်ဖော်ပြချက်များ မှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေး သည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင် သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော် လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ နည်းလမ်းများ၊ DOCA Website အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

 

    ၂၃.၃.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာရှိ “အောင်” သဘာဝ မြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား တစ်နေ့ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောထုတ်လုပ်မှု အခြေအနေများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က တစ်ရက်လျှင် သဘာဝမြေဩဇာ အိတ် ၃၅ အိတ် ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ကုန်ကြမ်းကို ချောင်းဆုံမြို့နယ်အတွင်းသာ ဝယ်ယူပြီး ချောင်းဆုံမြို့နယ်၊ မော်လမြိုင် မြို့နယ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တို့တွင် ရောင်းချကြောင်း၊ အလုပ်အကိုင် အခွင့် အလမ်းအနေဖြင့် လုပ်သား (၇) ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။

DOCA (မွန်)

ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများအား စားအုန်းဆီဖြန့်ဝေရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၉.၃.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စားအုန်းဆီစာအုပ်ဖြင့်ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေး၊ အလေးချိန်၊ အကြိမ်အရေအတွက် မှန်ကန်မှုရှိ/ မရှိနှင့် ကဇင်းကြီးအုပ်စုနှင့် မဲကုန်းအုပ်စုရှိ အိမ်ထောင်စုများအားလည်း ဆီစာအုပ်၊ ဆီရရှိမှု အခြေအနေအား မြေပြင်ကွင်းဆင်း စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကြံခင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်း ရှိ/ မရှိ၊ ဆီဝယ်စာအုပ်ဖြင့်ရောင်းချထားမူ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့် တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဦးစားပေးကဏ္ဍအဖြစ် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်အတွင်းရှိ စစ်ဆေးရေးအရာရှိများသည် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ကို ဦးစားပေးကဏ္ဍအဖြစ်သတ်မှတ်ပြီး သတ်မှတ်ကာလအလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (၁၆.၃.၂၀၂၆)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းနှင့်(၁၇.၃.၂၀၂၆)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးအခြေအ‌နေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/ မရှိ၊ ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလို အပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ‌ဆောင်ရွက်ထားမှုအခြေအနေနှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား စစ်ဆေးခဲ့ပါသည်။

       ထို့အပြင် ဟင်္သာတခရိုင်အတွင်းရှိ စစ်ဆေးရေးအရာရှိများသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း တာဝန်ခံများနှင့် တွေ့ဆုံ၍ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်ခြင်း၊ ယာဉ်မောင်းများ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်းမပြုစေရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေး ကြို တင်အသိပေးချက်များ၊ အာမခံချက်များ ထားရှိရမည်ဖြစ်ပြီး၊ ကုန်စည်တန်ဆာပေးပို့ရာတွင် ပြေစာ၌ စည်းကမ်းချက်များ၊ လိပ်စာ၊ ဖုန်းနံပါတ်အပြည့်အစုံ ဖော်ပြထားသော ကုန်စည်များကိုသာ လက်ခံဆောင်ရွက်စေရေးနှင့် စားသုံးသူများနစ်နာမှုမရှိစေရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးအပြင် တည်ဆောက်ရေးလုပ်ငန်း များပါတည်ရှိပြီး ဒေသတွင်းသုံးစွဲလျက်ရှိသော ဘိလပ်မြေများကို ရန်ကုန်နှင့် ဘိလပ်မြေထုတ်လုပ် သည့် စက်ရုံများမှ မှာယူရောင်းချလျက်ရှိပါသည်။ ဘိလပ်မြေသည် ဆောက်လုပ်ရေးလုပ်ငန်းတွင်မပါ မဖြစ်ဖြစ်ပြီး ဒေသတွင်းသင့်တင့်မျှတသောစျေးနှုန်းဖြင့်ရောင်းချနိုင်ရေးတို့အတွက် မြိတ်ခရိုင်စားသုံး သူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများပါဝင်သော အဖွဲ့များသည် ၂၀၂၆ခုနှစ်၊ မတ်လ(‌၂၀)ရက်နေ့တွင် ရှမ်းချောင်းလမ်းမကြီး၊ ရှမ်းချောင်းရပ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရပါသည်။

    မြိတ်မြို့၌ ‌Alpha၊ ဆင်၊ ကြံ့ ဘိလပ်မြေများရောင်းချလျက်ရှိပြီး ကွင်းဆင်းစစ်ဆေးချက်အရ ‌Alpha တစ်အိတ်စျေးနှုန်း ၃၅၀၀၀ကျပ်၊ ကြံ့တစ်အိတ်စျေးနှုန်း ၃၅၀၀၀ကျပ်၊ ဆင်တစ်အိတ်စျေးနှုန်း ၃၈၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများ ဖြင့် ရောင်းချမှုရှိစေရေးနှင့် ပစ္စည်းလက်ကျန်အခြေအနေများအား  မေးမြန်းစုံစမ်းခဲ့ကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

၂၀၂၆ခုနှစ်၊ မတ်လအတွင်း ကန့်ဘလူခရိုင်၏ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှု

      စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စား သုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ခုနှစ်၊ မတ်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပူးပါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showအား လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌  ဖွင့်လှစ်သော နွေရာသီ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းတွင် ကျောင်းသား/ကျောင်းသူများအားလည်း ကောင်းအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ရာ စားသုံးသူများအနေဖြင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကိုရွေး ချယ် ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို သေချာစိစစ်ကြရန် လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page DOCA Myanmar Mobile Application ဌာန၏ Website တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ် တိုင်လာရောက်၍လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ Onlineမှတဆင့် ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့် အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာ ပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ 

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်၏ (၃/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။

           ရွှေဘိုခရိုင်အနေဖြင့်(၃/၂၀၂၆)လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့က ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ တို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ မွတ္တားဆေးနှင့်ဆေးစ္စည်းအရောင်းဆိုင်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကောင်းသစ်ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်၊ ကမ္ဘာကျော်သောက်ရေသန့်လုပ်ငန်း၊ ကောင်းပြည့်လျှံ ကုန်မျိးစုံရောင်းဝယ်ရေးဆိုင်၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေဖီညွန့် ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ အမှတ်(၃)ရပ်ကွက်ရှိ Bright Baby Store ဆိုင်အားလည်ကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊အောင်ကမ္ဘာကိတ်နှင့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းအရာများကိုအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချ

              စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၏ကြီးကြပ်မှုဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်မြေစာရင်းဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း(၃)ဦးတို့ ပူးပေါင်း၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၃.၃.၂၀၂၆)ရက်နေ့ နံနက်(၀၇း၀၀)နာရီအချိန်မှစ၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်း ပင်စင်စားများအား စားအုန်းဆီများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

                   ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူးလျှင် (ဘူးခွံအပါ) ၄၀၀၀/-ကျပ်ဖြင့် ဗူး ၄၀၀၊ ရောင်းချခဲ့ပြီး ခရိုင်မြေစာရင်းဌာနနှင့် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ပင်စင်လစာလာထုတ်သည့် အငြိမ်းစားပင်စင်စားများအား ဆန်ပြုတ်အဟာရများ ကုသိုလ်ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာ‌‌ရေးစောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Consumer Call Center ၁၅၃၅ သို့ဆက်သွယ်မေးမြန်း လျက်ရှိ

                  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက် အလက်များကိုအလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန်၊ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင်နစ်နာဆုံးရှုံးမှုကြုံရပါကဌာနသို့အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့အလွယ်တကူဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotline နံပါတ်(၁၅၃၅)ကို  နေပြည်တော်ရုံးချုပ်တွင်လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)နှင့် မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားပြီ ရုံးဖွင့်ရက်ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင် ကြောင်း အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ (၁၀.၃.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဈေးကလေးရပ်ရှိ အောင်ကမ္ဘာအမှတ်တံဆိပ် ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်မှ  Consumer Call Center (၁၅၃၅) လိုင်းခွဲ(၃)မန္တလေးမြို့သို့  အသင့်စားမုန့်အမျိုးမျိုးတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူဝန်ထမ်းမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ