Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ မိတ္ထီလာမြို့နယ်အတွင်းရှိ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး”

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဖုန်းနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်များနှင့် ခရိုင်ဦးစီးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတွဲလျှက်ရှိစေဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၊ အ.မ.က မူလွန်သရက်ချောင်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

   ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၆.၁.၂၀၂၆) ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် ငါးသိုင်းချောင်းမြို့၊ အ.မ.က မူလွန်သရက်ချောင်းကျောင်းတွင် ငါးသိုင်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့များဖြင့် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်မာလာ အောင်မှ လူငယ်နှင့်ကျောင်းစာကြည့်တိုက်မှ စာအုပ်စာပေများ လေ့လာခြင်း၊ တာဝန်ခံဦးခင်မောင်မြင့်မှ လူငယ်နှင့်လူကုန်ကူးမှု့အကြောင်း၊ မီးသတ်နယ်မြေတာဝန်ခံဦးဝင်းနိုင်မှ မီးဘေးအန္တရာယ်အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုဦးစီးမှူး ဦးအေးမင်းလတ် မှ လူငယ်နှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံခရိုင်တွင် Talk Showအစီအစဉ် ဆောင်ရွက်ခြင်း

         မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး)သည် မြင်းခြံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၁-၁-၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် Onlineရောင်းဝယ်ခြင်းအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

            ဟောပြောဆွေးနွေးရာတွင် Onlineရောင်းချခြင်းဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုကို Onlineမှတဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းဖြစ်ကြောင်း၊ Onlineရောင်းဝယ်ခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ Onlineမှ ရောင်းချသည့် ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူခြင်းနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်အောင် ကြိုတင်စိစစ်ဆောင်ရွက်သင့်သည့် အချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ မှတ်ပုံတင်ထားသည့် Online ရောင်းချမှုများကိုသာ ယုံကြည်စိတ်ချစွာ ဝယ်ယူသင့်သည့်အခြေအနေများ၊ ဝယ်ယူပြီးနောက် ဖြစ်ပေါ်လာသည့် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်ကြားရမည့် နေရာဌာနများ၊ တိုင်ကြားရမည့်နည်းလမ်းများစသည့် စားသုံးသူပြည်သူများအနေဖြင့် Onlineရောင်းဝယ် ခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် သိသင့်သိထိုက်သည့် အချက်များအား အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ၁၂ရပ်ကွက် ဆေးရုံအရှေ့ရှိ ဆေးအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်  ကုန်စည်များ အပေါ်တားမြစ်မိန့် ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိမရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၆ရက် နေ့ နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေး ကော်မတီဝင်များ ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်း မြို့နယ်၊ ဆေးဆိုင် များအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များဖြင့် ရောင်းချခြင်းရှိ/မရှိ၊  စားသုံးသူရေးရာဦးစီးဌာန၏ ဒေသတွင်း ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချခြင်းနှင့် ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း မျာရှိမရှိကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး မြို့နယ်အတွင်းဆေးဆိုင်များမှာ ဆေးမှာယူဝယ်ယူရောင်းချမှုများကို မေးမြန်းဆောင်ရွက်ခဲ့ပြီး ဆေးဝါးပြန်လပ်မှုမရှိပဲ အခြားသော ဆေးများ အကန့်အသတ်ဖြင့် မှာယူရောင်းချကြပြီး သတ်မှတ်စည်ကမ်းများနှင့်အညီ ရောင်းချပေးလျက်ရှိကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များကို  လိုအပ်သည်များကို လမ်းညွှန်မှာကြားကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြင်းခြံမြို့တွင် ပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၁၆.၁.၂၀၂၆)  ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဂွတ်ထော် အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင်သို့ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ဒေသတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရန်၊ ထုတ်လုပ်သုံးစွဲသည့် ကုန်ကြမ်းပစ္စည်းများ အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့် ညီညွတ်စေရေး အထူးအလေးထား လုပ်ဆောင်ကြရန်၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်တို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအား လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Show

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးလုပ်ငန်း Talk Show ကို ၂၃.၁.၂၀၂၅၆နေ့ မွန်းလွဲ ၂နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

                ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို မေးမြန်းဆွေးနွေးသဖြင့် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်က ပြောကြားရာ စားသုံးသူရေးရာဦးစီးဌာနသည် လက်ရှိ ဥပဒေနှင့် အမိန့် ညွှန်ကြားချက်များကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီး အသိပညာပေးလုပ်ငန်များကို ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ကျေးရွာ၊ ပြည်သူများ ကို အသိပညာပေးဟောပြော ဆွေးနွေးခြင်းလုပ်ဆောင်နေပြီး၊ ဈေးကွက်ရောက်ကုန်စည်များ၊ ဈေးကွက်မရောက်မှီကုန်စည်များ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင် ရွက်လျှက်ရှိကြောင်း၊ လက်ရှိတွင် ကုန်စည်ဝန်ဆောင်မှုများကို အွန်လိုင်မှု တဆင့် ရောင်းချသူ လုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချနိုင်ရန်အတွက် မှတ်ပုံတင်ပြီး လုပ်ငန်းများကို မြေပြင်စစ်ဆေးခြင်းဆိုင်ရာ စစ်ဆေးရေးအရာရှိများက လုပ်ဆောင်ပြီး ဦးစီးဌာနသို့ တင်ပြခြင်း လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူဖြစ်ဖြစ်၊ မည်သည့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်ဖြစ် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုပါက Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်းဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးအခွင့် အရေး နစ်နာဆုံးရှုံး မှု ရှိလာပါက တိုင်ကြားနိုင်ကြောင်းကိုလည်း ပြည်သူများသိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။               

DOCA(ဧရာဝတီ)

ညောင်ဦးမြို့တွင် သွားတိုက်ဆေးအမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ညောင်ဦးမြို့၊ မဏိစည်သူဈေးရှိ စတိုးဆိုင်များတွင်ရောင်းချနေသော သွားတိုက်ဆေးတံဆိပ်အမျိုးမျိုးအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၁.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်နှင့်အဖွဲ့သည် ဈေးကွက်အတွင်းရှိ သွားတိုက်ဆေးတံဆိပ် အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သောကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသောကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်း ကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အစဉ်တစိုက်လိုက်နာကာ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ် အ.မ.က ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၅.၁.၂၀၂၆) ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်  အခြေခံပညာမူလတန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများ ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် တိုင်းရင်းဆေး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပြည်စုံမှန်ကန်မှုရှိ/ မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံးအဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/ မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင်တာဝန်ရှိသူများအား ကျောင်းသား/ ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များနှင့် ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင် ရာ ဌာနများမှသတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက်ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

လွိုင်ကော်မြို့ပေါ်ရှိစားသောက်ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ Luxary ( Bar & Restaurant ) နှင့် ရှမ်းပိုင်းရပ်ကွက်ရှိ Forever Mandalay( Restaurant ) စားသောက်ဆိုင်(၂)ဆိုင်သို့ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများသန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင် မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားခြင်း ရှိ/မရှိ နှင့် ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား (Size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသောက် ဆိုင်လုပ်ငန်းရှင်အနေဖြင့် မိမိဆိုင်တွင် အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများအား Apron ၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများအပြင် ဝန်ဆောင် မှုပေးသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ဆိုင်မှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခ ထပ်မံကောက်ခံမည်ဆိုပါက လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့အသိပေးဖော်ပြထားရှိရန်၊ မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား( Size )ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်း မြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားရန်၊ သက်ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါ အချက်များအားလိုက်နာ ဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။

DOCA(ကယား)

 

အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ( ၂၈ ) ရက်၊ နံနက်(၁၀:၀၀)အချိန်တွင် လွိုင်ကော်မြို့၊ လိုင်းပေါင်းစုံကားဂိတ်ရှိ ယာဉ်လိုင်း(၁၆)ခုအား သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုကိစ္စနှင့် စပ်လျဉ်း၍ ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့်ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါ သည့်အတွက် ခရီးသည်ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှုအခြေအနေတို့အား မိတ် ဖက်ဌာနများဖြစ်သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီတို့နှင့်ပူးပေါင်းပြီး အသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သတင်း အချက်အလက်များကို စားသုံးသူများသိရှိစေရန် ကြိုတင်သတိပေးစည်းကမ်းချက်များကို ကားလက်မှတ် ပြေစာနှင့်တန်ဆာခပြေစာများတွင် မဖြစ်မနေထည့်သွင်းဖော်ပြသွားကြရန် ညွှန်ကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ