Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ၂၀.၈.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရွှေကြာမြေဆန်ဆိုင်နှင့် ရွှေဧရာဆန်ဆိုင်တို့အား (၀၉:၀၀) နာရီအချိန်တွင် အဖွဲ့စုံနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသောလုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်သူများအား ဓါတ်မြေဩဇာဖြန့်ဖြူးခွဲဝေထားမှုအား အစည်းအဝေးပြုလုပ်ခြင်း

          (၁၈.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၃:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲမှ ဦးရှင်းခန့်ကိုကို၊ သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ တိုက်ကြီးမြို့နယ်ရှိ တောင်သူများအား ဓါတ်မြေဩဇာဖြန့်ဖြူးခွဲဝေထားမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

          ထိုသို့ အစည်းအဝေးပြုလုပ်ရာတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဌ ဦးခင်မောင်စိုးမှ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံမြို့နယ်များရှိ တောင်သူများသို့ မာလာမြိုင် ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချပေးသော ကွန်ပေါင်း(၁၅)ပတ်လည်၊ ယူရီးယာဓါတ်မြေဩဇာများကို စိုက်ပျိုးသူတောင်သူများထံ အမှန်တကယ်ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ရွှေကမ္ဘာ(၁)ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စပါးကုန်သည်များသင်း၊ မြို့နယ်အဆင့်ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ (၁၉.၈.၂၀၂၅) ရက်နေ့၊ နေ့လယ်(၀၃:၀၀) နာရီအချိန်တွင် ရွှေကမ္ဘာ(၁)ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်မှန်ကန် စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်အား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အင်းစိန်မြို့နယ်၊ ရွှေဆန်လွင်(၂)ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

        (၁၉.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စပါးကုန်သည်များသင်း၊ မြို့နယ်အဆင့်ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ရွှေဆန်လွင်(၂)ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရောင်းချနေသော ဆန်ဈေးနှုန်းများကို မေးမြန်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်ပေးလျက်ရှိသော ဆန်ဈေးနှုန်း၊ ဈေးကွက် သတ်မှတ်ရည်ညွှန်းဈေးအပေါ် (၈%)သာ အမြတ်တင်ရောင်းချရန်နှင့် ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်းအုပ်စုများ ဈေးနှုန်းပိုမိုဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ၏ အခြေခံစားသောက်ကုန်ပစ္စည်းများထဲမှ အဓိကကျသော ဆန်အမျိုး အစားအလိုက် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်၊ အင်ကြင်းယာဉ်မောင်းသင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

          (၁၉.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် အင်ကြင်းယာဉ်မောင်းသင်တန်းသား (၁၅)ဦးအား တပ်ကြီးကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်ခွဲရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

          ဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆို နိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက (CICC)များနှင့် Consumer Call Center (1535)သို့ ခေါ်ဆိုတိုင်ကြားနိုင် သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်၊ အထယုကျေးရွာသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး သည် (၁၈.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အထယုကျေးရွာသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှုဝယ်ယူရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူစားသောက်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရန်နှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ Conusumer Call Center (1535) သို့လည်း ခေါ်ဆို၍ သိလိုသည်များ မေးမြန်းနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ အထယုကျေးရွာမှ(၁၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ပခုက္ကူခရိုင်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းကျင်းပ

     မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအား မကွေး တိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာခန်းမ၌  (၁၈.၈.၂၀၂၅) ရက်နေ့မှ(၂၀.၈.၂၀၂၅)ရက်နေ့အထိ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာရုံးများမှ ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြု နည်းသင်တန်းကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူ က မဲပေးစက်တည် ဆောက်ပုံနည်းလမ်းများ၊ မဲပေးစက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံများ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက် ပုံနည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက် ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနည်းလမ်း တို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး အသိပညာပေးသင်ကြားပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ (၁၂)ဦးတက်ရောက်ခဲ့ပါသည်။ မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းသို့ တက်ရောက်သော သင်တန်းသား/ သင်တန်း သူများက သိရှိလို သည့်အချက်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူက ပြန်လည်ရှင်းလင်း ပြသပေးခဲ့ပြီး ခရိုင်/မြို့နယ် အဆင့် ဝန်ထမ်းဦးရေ(၆၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မကွေး)

 

မော်လမြိုင်မြို့နယ်ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအား ကွင်းဆင်းစစ်ဆေး

       ၂၉.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးဌာနခွဲ တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် မော်လမြိုင်မြို့ပေါ်ရှိ ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သော Myanmar Net 5BB WelinkMPT Mytel Stream Link MBT ကုမ္ပဏီ (၈) ခုသို့ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မှီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူများသိရှိစေရန် လက်ကမ်းကြော်ငြာများနှင့် ရုံးတွင်ဗီနိုင်းဆိုင်းဘုတ်များကပ်၍ ဆောင်ရွက်ထားရန်၊ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ လိုအပ်သည်များကို အကြောင်းကြားရန်ပြောကြားခဲ့ပြီး စာချုပ် စာတမ်းများထားရှိမှုနှင့်ဖြစ်လာသော ပြဿနာများအား ဖြေရှင်ဆောင်ရွက်ရန် Call Center များ ထားရှိမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

       ၂၈.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် အထည်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင် တင်ပြရမည့်အထောက် အထားများဖြစ်သည့် လုပ်ငန်းအတွက် ရပ်ကွက်ထောက်ခံစာ (လုပ်ငန်း အမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်း ဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတို့၏ မူရင်းများကိုသာ ဓာတ်ပုံရိုက်၍ တွဲပေးရမည်ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

    ၂၉.၈.၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ‌ဒေါ်ဇင်ဖြူဝင်းသည် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များကို လူစည်းကားရာနေရာများဖြစ်သော လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များသို့ သွားရောက်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကလေးအလုပ်သမားလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ် သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းများစသည့် အချက်များပါဝင်ကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ