Main menu

HighLight News

Powered by Drupal

ဓနုဖြူမြို့နယ်၌ ပြောင်းနှင့် မတ်ပဲလက်ကျန်အခြေအနေအား ကွင်းဆင်းစစ်ဆေး

          (၁၈.၇.၂၀၂၆) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မဝေပွဲရုံ (ပိုင်ရှင် ဦးနိုင်ဝင်း) သို့ စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း၍ ပြောင်းနှင့် မတ်ပဲလက်ကျန်အခြေအနေ၊ ဈေးနှုန်းဖြစ်ပေါ်နေမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးချက်အရ ပြောင်းလက်ကျန် (၁)တင်းခွဲဝင် အိတ် (၁၀၀) ရှိပြီး စုစုပေါင်း (၁၅၀)တင်းရှိကြောင်း သိရသည်။ လက်ရှိဈေးကွက်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၃၀,၀၀၀ မှ ၃၃,၀၀၀ အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

        ထို့ပြင် မတ်ပဲလက်ကျန် (၄,၅၀၀)တင်းရှိပြီး လက်ရှိပေါက်ဈေးမှာ မတ်ပဲတစ်တင်းလျှင် ကျပ် ၁၁၃,၁၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း ကွင်းဆင်းစစ်ဆေးချက်များအရ သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ဒေသတွင်း သီးနှံလက်ကျန်အခြေအနေ၊ ဈေးကွက်ဖြစ်ပေါ်မှုနှင့် ကုန်သွယ်စီးဆင်းမှုအခြေအနေများကို သိရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်း ပြောင်းစိုက်ပျိုးထွက်ရှိမှုအခြေအနေများအား ကွင်းဆင်းလေ့လာစိစစ်

         (၁၈.၇.၂၀၂၆) ရက်နေ့တွင် မအူပင်ခရိုင်အတွင်း ပြောင်းစိုက်ပျိုးထုတ်လုပ်မှု၊ အထွက်နှုန်းနှင့် ထွက်ရှိမှုအခြေအနေများကို ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးချက်များအရ မအူပင်မြို့နယ်တွင် ပြောင်းစိုက်ဧက (၄,၂၇၀) ဧကရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၈၅.၁၇) တင်းဖြင့် စုစုပေါင်းထွက်ရှိမှု (၃၆၃,၆၆၂) တင်းရှိကြောင်း၊ ယင်းအနက် မျိုးအတွက် (၁,၆၀၁) တင်း၊ အလေအလွင့် (၇,၂၇၃) တင်း၊ စားသုံးမှု (၅၆,၃၈၄) တင်းဖြစ်ပြီး ပိုလျှံတင်း (၂၉၈,၄၀၄) တင်းရှိကြောင်း သိရသည်။

      ပန်းတနော်မြို့နယ်တွင် ပြောင်းစိုက်ဧက (၉,၉၇၀) ဧကရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၈၈.၇၈) တင်းဖြင့် စုစုပေါင်းထွက်ရှိမှု (၈၈၅,၁၃၇) တင်းရှိကြောင်း၊ ယင်းအနက် မျိုးအတွက် (၃,၇၃၉) တင်း၊ အလေအလွင့် (၁၇,၇၀၃) တင်း၊ စားသုံးမှု (၄၅,၄၃၃) တင်းဖြစ်ပြီး ပိုလျှံတင်း (၈၁၈,၂၆၂) တင်းရှိကြောင်း ကွင်းဆင်းလေ့လာချက်များအရ သိရသည်။

          တောင်သူများ၏ စိုက်ပျိုးရေးစီးပွားရေးအခြေအနေကို လေ့လာရာတွင် ပြောင်းတစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ် (၂၁၃,၂၀၀) ခန့်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၈၈.၂၆) တင်းရရှိကာ ပြောင်းတစ်ပိဿာလျှင် ကျပ် (၁,၆၀၀) ဈေးနှုန်းဖြင့် ရောင်းချပါက တစ်ဧကလျှင် အကျိုးအမြတ် ကျပ် (၆၉၂,၀၀၀) ခန့် ရရှိနိုင်ကြောင်း သိရသည်။

        ထို့ပြင် (၁၈.၇.၂၀၂၆) ရက်နေ့ ကွင်းဆင်းစစ်ဆေးချက်အရ မအူပင်မြို့နယ်တွင် ပြောင်း (၃,၀၁၀) အိတ်နှင့် ပန်းတနော်မြို့နယ်တွင် ပြောင်း (၁၀၀) အိတ် လက်ကျန်ရှိကြောင်း သိရသည်။

        ကွင်းဆင်းလေ့လာချက်များအရ မအူပင်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အစပိုင်း၌ ပြောင်းဈေးနှုန်းကျဆင်းမှုကြောင့် တောင်သူများသည် ပြောင်းစိုက်ပျိုးခြင်းထက် အကျိုးအမြတ်ပိုမိုသေချာသည့် မတ်ပဲစိုက်ပျိုးခြင်းသို့ ပြောင်းလဲဆောင်ရွက်ခဲ့သဖြင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပြောင်းစိုက်ဧကနှင့် ထွက်ရှိမှုပမာဏ လျော့နည်းခဲ့ကြောင်း ကွင်းဆင်းစုံစမ်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၌ ဝန်ကြီးဌာန ငါးကန်များအား မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အတူ ကွင်းဆင်းဆောင်ရွက်

         (၁၈.၇.၂၀၂၆) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မအူပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့နှင့်အတူ မအူပင်ခရိုင် ဝန်ကြီးဌာနပိုင် ငါးကန်လုပ်ငန်းများသို့ ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ငါးမွေးမြူရေးလုပ်ငန်း၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ လုပ်ငန်းလည်ပတ်မှုအခြေအနေများနှင့် သက်ဆိုင်ရာလုပ်ငန်းများတွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်များကို စနစ်တကျအသုံးချဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် တာဝန်ရှိသူများက လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ကုန်အမှတ်တံဆိပ် (Trademark) မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများနှင့် မိမိတို့၏ ဉာဏပစ္စည်းမူပိုင်ခွင့်များကို ဥပဒေနှင့်အညီ ကာကွယ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုသည် ဒေသတွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာများ တိုးပွားလာစေရေး၊ ဉာဏပစ္စည်းမူပိုင်ခွင့်များကို စနစ်တကျ မှတ်ပုံတင်အသုံးချနိုင်ရေးနှင့် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းဖြင့် အစားအသောက်ဝန်ဆောင်မှု ရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံ အသိပညာပေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များအပါအဝင်အခြားသိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ (၂၁.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်နှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့်ရောင်းဝယ်မှုများ ပြုလုပ်ဆောင်ရွက်ရာတွင် လိမ်လည်မှုများ များပြားလာပြီး တိုင်ကြားမှုများ ရှိလာသောကြောင့် အွန်လိုင်းဖြင့် ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန်လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ထားခြင်းမရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသောကြောင့် မည်သူမဆိုအွန်လိုင်းစနစ်ဖြင့် ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ထိုသို့အွန်လိုင်းမှတ်ပုံတင်ထားခြင်းဖြင့် အွန်လိုင်းရောင်းချနေသောလုပ်ငန်းများမှ အဝတ်အထည်၊ အစားအသောက်၊ အလှကုန်ပစ္စည်းများ စသည့် ကုန်စည်အမျိုးမျိုးကို စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချနေမှုအပေါ် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများနှင့် လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)

မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်ထံသို့ သွားရောက် အသိပညာပေးဆွေးနွေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ၊ မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်မျာနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိစေရန်ရည်ရွယ်၍ (၂၀.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ  အွန်လိုင်းစနစ် ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိတို့ ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များကို သေချာစွာလိုက်နာရန် လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များထံသို့လည်း မြေပြင်ကွင်းဆင်း စစ်ဆေးအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များသည်(၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်း၊ ကျော်စောသတင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၏ အကြောင်းကြားမှု သို့မဟုတ် ကုန်သွယ်ရေး ဦးစီးဌာနမှ အချက်အလက်အထောက်အထားများနှင့် အတူ ပေးပို့ညှိနှိုင်းအကြောင်းကြားလာမှုအပေါ်တွင် အခြေခံ၍ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/ မရှိ အခြေအနေ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိမှုနှင့် စပ်လျဉ်း၍ လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင် အခြေအနေမှန်ကန်မှု ရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီးလိမ်လည်ရောင်းချခြင်းမှ ကင်းဝေးမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် လက်မှတ်များရရှိထားသည့်အတွက် စားသုံးသူအခွင့်အရေးများလည်း ရရှိလာမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်တွင် အစားအသောက် ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု- ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၀.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအသောက်ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့များသည် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင်များတွင် အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအားလုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေရန်၊  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား ပမာဏအလိုက် ဈေးနှုန်းများအား စားသုံးသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားရန်လိုအပ်ကြောင်း၊ သို့မှသာ စားသောက်ဆိုင်၏ ဂုဏ်သတင်းများမှာလည်း ကျော်ကြားလာမည်ဖြစ်ကြောင်း အစားအသောက် ဝန်ဆောင်မှုကဏ္ဍအနေဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရေနံချောင်းမြို့နယ်ရှိ ဆန်ဆိုင်များနှင့် ဆန်စက်များ MyRo တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေး အသိပညာပေး

           စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online- MyRo) တွင် ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ (သို့) စပါးတင်း (၂၅၀၀)နှင့် အထက် သိုလှောင်ရုံများအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးတွင် ခရိုင်၊ မြို့နယ်များမှ မှတ်ပုံတင်ထားရှိသည့် အလုံးရေ(၃၉၁)လုံးရှိပြီး ရေနံချောင်းမြို့နယ်အနေဖြင့် မှတ်ပုံတင်ထားရှိသည့် အလုံးရေ (၁၁)လုံး မှတ်ပုံတင်ထားရှိကြောင်း သိရသည်။

          မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရုံးမှ ဝန်ထမ်းများသည် (၂၄.၇.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်ဖြည့်သွင်းရန် ကျန်ရှိသည့် လုပ်ငန်းရှင်များ၊ တစ်နှစ်ပြည့်မြောက်ပြီး သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com. mm တွင် လစဉ်လဆန်း(၁)ရက်မှ (၁၀)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်အခြေအနေများကို မှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးတို့အား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့၊ ကုန်းဇောင်းကျေးရွာရှိ ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တာန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်သည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ (၁၄.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပွင့်ဖြူမြို့၊ ကုန်းဇောင်းကျေးရွာရှိ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူ (၁၀၀)ဦးအား စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေအခန်း(၉)၊ ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ ဥပဒေ အခန်း(၉)၊ ပုဒ်မ(၂၀)ပါ စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်းနှင့် တက်ရောက်လာသော စားသုံးသူများအား Consumer Call Center (1535)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများအကြောင်း၊ AI နည်းပညာနှင့် စိန်ခေါ်မှုများအကြောင်း၊ Onlineမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များကို လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အကြောင်းများနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်နှင့် ဝန်ထမ်းသည် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့်အတူပူးပေါင်း၍ (၁၃.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ရှိ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆရာ၊ ဆရာမ (၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၃၀)ဦး၊ စုစုပေါင်းဦးရေ(၃၅)အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

          အဆိုပါဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ဟောပြောခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား Call Center (1535)သို့ ဖုန်းခေါ်ဆို၍ သိလိုသည်များမေးမြန်းနိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပြည်စိုး (ဆန်/ဆီ) ရောင်းဝယ်ရေးအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၆.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပြည်စိုး (ဆန်/ဆီ)ရောင်း ဝယ်ရေးအရောင်းဆိုင်၌ ရောင်းချလျက်ရှိသည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/ မရှိ၊  သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး မင်းဘူးမြို့နယ် တာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News