ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်း

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်း ကုန်စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်း သွက်နေကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့် ကျန်းမာရေး အတွက်လည်း သုံးစွဲခြင်းကြောင့် သံပုရာသီးကို သုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ် ၊ ယခုသြဂုတ်လပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၁၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းသီးနုရည်(ခေါ်)အုန်းစိမ်းရည်

   တနင်္သာရီတိုင်းဒေသကြီးတွင် အုန်းပင်သည် အလွန်ပင်များပြားသော အပင်တစ်မျိုးဖြစ် သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများအပြားပေါက်လေ့ရှိသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ အုန်းသီးနုရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များတွင် ရောင်းချလျက်ရှိကြောင်း တွေ့ရှိကြပါသည်။ အုန်းစိမ်းရည်ရောင်းချ ရန်အတွက် အုန်းစိမ်းရည်ကို ဒေသတွင်းစားသူံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင်သူများ လည်းအလွန်ပင်များပြားလာကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်သည် ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အားအင်များကိုလည်း ပြန်လည်ဖြည့်တင်းပေးပါသည်။

    ယခု၂၀၂၅ခုနှစ် သြဂုတ်လပထမပတ်တွင် တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းစိမ်းရည် တစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် (၃၀၀၀)ကျပ်ရှိကြောင်း အုန်းသီးနုရောင်းသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်အခြေအနေ

  ၂၀၂၅ခုနှစ် သြဂုတ်လပထမပတ်တွင်း မြိတ်မြို့တွင် အခြေခံစားကုန်ဈေးနှုန်းမှာ ဖျာပုံဆန် တစ်ပြည်လျှင် (၅၇၀၀)ကျပ်၊ ဧည့်မထ(စူပါ)တစ်ပြည်လျှင် (၃၁၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၂၅၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း)တစ် ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်)တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ချင်းတစ် ပိဿာလျှင်(၈၀၀၀)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ လျှင်(၇၅၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ဂေါ်ဖီထုတ်တစ်လုံးလျှင်(၅၅၀၀) ကျပ်၊ ခရမ်းချဥ်သီးတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။ ယခင်လထက် ဈေးနှုန်းများ တက်နေကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ကြက်သွန်ဖြူဈေးနှုန်း

   တနင်္သာရိတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်းရှိ မီးဖိုချောင်သုံးသီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်ဖြူကို နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ အခြားမြို့များမှ မြိတ်မြို့ဈေး ကွက်အတွင်း အပတ်စဥ် ဝင်ရောက်လျက်ရှိပြီး ဒေသစျေးကွက်တွင် လက်လီ/လက်ကားဝယ်ယူသူ များ၊ မြို့နယ်မှတစ်ဆင့် ပြန်လည်ရောင်းချသူများဖြင့် ပုံမှန်ဝယ်ယူ‌ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုလတွင် ဈေးနှုန်းများလည်း တက်‌နေကြောင်းလည်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ် ယခင်ဇူလိုင်လတွင် ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူဂုတ်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် ကြက်သွန်ဖြူရှမ်း တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်ရှိပြီး ယခုသြဂုတ်လတွင် ကြက်သွန်ဖြူကြူဂုတ် တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်နှင့် ကြက်သွန်ဖြူရှမ်း တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊မြိတ်မြို့အတွင်းရှိ ကြက်သွန်နီဈေးနှုန်း

  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကြက်သွန်နီကို မြိတ်မြို့၊ ဆိပ်ငယ် ဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းစျေးများတွင် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးကြက်သွန်နီအပြင် စိုက်ကြက်သွန်နီများလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက် သွန်နီသည် စားဖိုချောင်သုံးအစားအစာတွင် အဓိကမပါမဖြစ်သော အသီးအနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီကို အလွယ်တကူဝယ်ယူရရှိပြီး ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်သည်။ ယခုကာလအတွင်း မြိတ်မြို့နယ်တွင် ကားလမ်းများအခက်အခဲ ဖြစ်နေ သောကြောင့် ကြက်သွန်နီဈေးနှုန်းများတက်နေကြောင်းလည်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ် ယခင်ဇူလိုင်လတွင် မြိတ်မြို့ပေါ်ရှိ ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာ လျှင်(၂၁၀၀)ကျပ် နှင့် (၂၃၀၀)ကျပ်ထိသာရှိပြီး ယခုသြဂုတ်လပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ကြက်သွန်နီတစ်ပိဿာလျှင် (၂၈၀၀)ကျပ်နှင့် (၃၀၀၀)ကျပ်ခန့်ထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ မင်းကွတ်သီးနှင့် ကြက်မောက်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဝင်ရောက်မှုလျော့နည်းလာကြောင်း၊ မင်းကွတ်သီးများသည် မော်လမြိုင်ဒေသထွက်နှင့် မန္တလေးတိုင်းဒေသကြီးမှလည်း ဝင်ရောက် ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက် တွင် မင်းကွတ်သီး အကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေး(၁)လုံး(၄၀၀)ကျပ် တို့ဖြင့်ရောင်းချ ကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကြက်မောက်သီးသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ အကြီး (၁)လုံးလျှင် (၄၅၀)ကျပ်နှင့် (၁၀)လုံးလျှင် (၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခုပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် ဘူးသီးနှင့် ဘူးညွန့်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာတွင် ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ဘူးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိကြောင်း၊ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊  ဘူးရှည်နှင့် ဘူးရေမှုတ်ဟူ၍ အမျိုးမျိုးရှိကြောင်း သိရှိရသည်။

    ကန့်ဘလူမြို့နယ်တွင် ဘူးပင်ကိုခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း မိသားစုတစ်နိုင် တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ဘူးသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း အလုံးကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီး(၁)စိတ်လျှင် (၅၀၀မှ ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘူးညွန့်(၁)စီးလျှင် (၅၀၀)ကျပ်နှင့် (၁၀)စည်းပါတစ်ထုံးလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ဘူးသီးကို အကြော်ဆိုင်များမှ အဓိကဝယ်ယူပြီး စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များက ဝယ်ယူကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ မြေပဲလုံးဆံ၊ မြေပဲပတ် နှင့် မြေပဲဆီ ဈေးနှုန်း

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံဆိုင်များတွင် ဆိုင်များတွင် ရောင်းချနေသော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၆၀၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း။ မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ(၁၀)ပိဿာ တစ်ပုံး လျှင်(၂၀၀၀၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း ၊အလားတူပင် မြေပဲပတ် ဈေးနှုန်းအနေဖြင့် မြေပဲပတ် တစ်ပိဿာလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် မန္တလေးမြို့သို့ ပို့ဆောင် ရောင်းချလျက်ရှိကြောင်း ဆီစက် လုပ်ငန်းရှင် များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မြေပဲယို ဈေးနှုန်း

   ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင်နှမ်းပျစ်ယို  ၊ ကုလားပြချောင်း၊ ကျောက်ဖရုံယို နှင့် မြေပဲယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

 ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ရောင်းချနေသော မြေပဲယို ဈေးနှုန်းအနေဖြင့် မြေပဲယို တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ (၅၀) ကျပ်သား လျှင် (၇၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချပေးလျက်ရှိသည့် ကြက်ကင်၊ငါးကင်နှင့်အကင်စုံဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေးနှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ငါးကင်အသေး တစ်ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၇၀၀၀မှ ၁၀၀၀၀) ကျပ်၊ ကြက်ပေါင်(၁)ကင်လျှင် (၄၅၀၀)ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သဲမြစ်(၃)ချောင်း (၁၀၀၀)ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း (၂၀၀၀)ကျပ်၊ ရုံးပတီသီး (၁) ကင် (၇၀၀)ကျပ်နှင့် အသားတုကင်(၈)ချောင်း (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အခြားသော အကင်မျိုးစုံလည်းရောင်းချကြောင်း၊ နေ့စဉ်ဝယ်ယူစားသုံးသူများသည့်အတွက် မိသားစုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ အကင်အမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း