
ကျောက်ဆည်ခရိုင်အတွင်း ဈေးများသို့ နာနတ်သီးများ ဖြိုင်ဖြိုင်ဝင်ရောက်လျက်ရှိ ပါသည်။ နာနတ်သီးထွက်ရှိရာဒေသများဖြစ်တဲ့ အောင်ပန်း၊ကလော၊ဒေသများမှာ နာနတ်သီး စိုက်ဧကများကို စီးပွားဖြစ်အများဆုံးစိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် နာနတ်စိုက် တောင်သူများ ငွေရွှင်သော ကာလဖြစ်ပါသည်။ နာနတ်သီးအနေဖြင့် ယခုအချိန် မိုးရာသီ အစတွင် စတင်စိုက်ပျိုးပါက နောက်နှစ် အသီးစတင်ခူးဆွတ်နိုင်ပြီး ဒုတိယနှစ်တွင် ပေါင်းမြက်ရှင်းကာ ပုလဲမြေသြဇာ၊ သွင်းအားစုများ ပတ်ဖြန်းခြင်းဖြင့် ပထမနှစ်ထက် အသီးပိုမို ရရှိပါကြောင်း ၊ (၁)ဧကလျှင် နာနတ်အပင်(၆၅၀၀-၆၈၀၀)ပင် စိုက်ပျိုးနိုင်ကြောင်း ၊ ကုန်ကျစရိတ်အနေဖြင့် စတင်စိုက်ပျိုးလျှင် မျိုး ၊ မြေပြင် ၊ အလုပ်သမားခ ၊ သွင်းအားစု စုစုပေါင်း ကုန်ကျစရိတ်(၃၂)သိန်းခန့် ကုန်ကြကြောင်း ၊ နာနတ်သီး စိုက်ပျိုးရောင်းချသော ရွာငံ ၊ ရေဦး ဒေသမှ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ပေါ်ဦးပေါ်စတွင်နာနတ်သီးများဈေကောင်းရရှိကြောင်း၊ယခုချိန်တွင်လှိုင်လှိုင်ထွက်ပေါ်နေသော်လည်း ဈေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ ဈေးကောင်းရရှိလျက်ရှိကြောင်း၊ နာနတ်သီး ဈေးနှုန်း အနေဖြင့် တစ်လုံးလျှင် အကြီး(၂၀၀၀/-)ကျပ်၊ အလတ်(၁၅၀၀/-)ကျပ်၊ အသေး (၁၀၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုသြဂုတ်လဒုတိယပတ်အတွင်း ကျောက်ဆည်မြို့နယ်အတွင်းသို့ နာနတ်သီးကား (၁၀ပေတို) ကား(၂)စီး ၊ (၃)စီးခန့် ဝင်ရောက်လျက်ရှိကြောင်း နာနတ်သီး ရောင်းချသော ဒိုင်များ၏ ပြောကြားချက် အရသိရှိရပါသည်။
DOCA(မန္တလေး)