ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မိုးနှောင်းချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး”

     မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်မိုးနှောင်း ချည်မျှင်ရှည်ဝါစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၃၁၂၉) ဧက၊ စဉ့်ကိုင် မြို့နယ်တွင် (၁၅၀၁) ဧက၊ မြစ်သားမြို့နယ်တွင် (၁၂၃၆) ဧက၊ စုစုပေါင်း (၅၈၆၆) ဧကကို သြဂုတ်လဆန်း ပိုင်းတွင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ခရိုင်ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာနတို့၏ စာရင်းများအရ သိရှိရပါသည်။ မိုးနှောင်းဝါစိုက်ပျိုးမှုတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြ‌ကြောင်း၊ မျိုးအနေဖြင့် အိန္ဒိယ(ရာကာ)မျိုးများဖြစ်‌သော (၃၃၃)လုံး၊(၆၆၆)လုံးနှင့် (၉၉၉)လုံးမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုးအသုံးပြုမှုအနေဖြင့် တစ်ဧကလျှင် ဝါမျိုးစေ့ (၁၂-၁၃) ပိဿာအသုံးပြုစိုက်ပျိုးရကြောင်း၊ ဝါမျိုးစေ့တစ်ပိဿာလျှင် (၂၅၀ဝိ/-)ကျပ် စျေးဝယ်ယူ စိုက်ပျိုးရကြောင်း၊ တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မျိုး၊ လုပ်သားခ၊ သွင်းအားစု အပါအဝင် စုစုပေါင်း (၃၅၀၀၀ဝိ/-) ကျပ်ခန့် ကုန် ကျကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု‌ကောင်းသောကြောင့် ဝါစိုက်ပျိုးမှုတွင် ဝါပင်များအောင်မြင်စွာ ပေါက်ရောက်ရှင်သန်နေပြီဖြစ်ကြောင်း၊ မိုးနှောင်း ချည်မျှင်ရှည်ဝါများကို ကျောက်ဆည်မြို့နယ်တွင် တောင်တော်ရွာ၊ ကင်းရွာ၊ နောင်ခမ်းရွာ၊ မြစ်သားမြို့နယ်တွင် နဘူးကြီးအုပ်စု၊ ခင်လည်အုပ်စုနှင့် တောင်တော်ကုန်းကျေးရွာနှင့် စဉ့်ကိုင်မြို့နယ်တွင် ရွာတော်ရွာ၊ ထန်းတောရွာ၊ ညောင်ပင်သာရွာ များတွင်အများဆုံး စိုက်ပျိုးကြကြောင်း၊ နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလဆန်းပိုင်းတွင် ထွက်ပေါ်မည် ဖြစ်ကြောင်း၊ မိုးနှောင်းချည်မျှင်ရှည်ဝါထွက်ပေါ်ချိန်တွင် အထွက်နှုန်းခန့်မှန်းအနေဖြင့် ပိဿာ(၄၀၀-၅၀၀)အထိ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ၊ ယခုလက်ရှိ ဝါရောင်းချမှုစျေးနှုန်းအနေဖြင့် ဝါတစ်ပိဿာ လျှင်(၃၁၀၀-၃၂၀၀)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင်(၆၃၀၀-၆၅၀၀)ကျပ်၊ ဝါစေ့တစ်ပိဿာလျှင်(၁၃၀ဝိ/-) ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း မြို့ပေါ်ပွဲရုံများသို့တောင်သူများမှတိုက်ရိုက် လာရောက်ရောင်းချသူများရှိသလို ကျေးလက်ဒေသဝါထွက်ရှိရာကျေးရွာများသို့လည်း ပွဲစားများမှ လာရောက်ဝယ်ယူသူများလည်းရှိကြောင်း ၊ ဝါရောင်းဝယ်မှုအနေဖြင့် ဝါစက်ရုံ ၊ ဝါပွဲရုံများမှ မန္တလေး စက်မှုဇုံနှင့်ချည်မျှင်စက်ရုံများသို့ရောင်းချကြောင်း၊မိုးနှောင်းချည်မျှင်ရှည်ဝါထွက်ပေါ်ချိန်တွင်စျေးနှုန်း ကောင်းမွန်ပါက အကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ ဝါပေါက်စျေးတစ်ပိဿာလျှင် (၃၂၀ဝိ/-)ကျပ်ဖြင့် တစ်ဧကအထွက် (၄၀၀-၅၀၀) ပိဿာထွက်ရှိကြောင်း အကျိုးအမြတ်အနေဖြင့် ကုန်ကျစရိတ်နှုတ်ပြီးပါက(၉၃၀၀၀ဝိ/-)ကျပ်ခန့်မြတ်ကြောင်း၊ တောင်သူများမှ ဝါထွက်ပေါ်ချိန်တွင် ဝါသီးနှံကို ရင့်မှည့်သောအချိန်မှ ‌ကောက်ယူပြီးရောင်းချပါက အရည်အသွေးပြည့်မှီသောဝါများ ရရှိမည်ဖြစ်ကြောင်း၊တောင်သူများမှဝါများကို ပြည်တွင်စျေးကွက်သာမက ပြည်ပစျေးကွက်များရရှိပါက အကျိုးအမြတ် ပိုမိုခံစားရမည်ဖြစ်ကြောင်း ၊ ဝါအများဆုံးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိပါသည်။    

DOCA(မန္တလေး)                                                   

 

 

 

 

“စျေးကောင်းရသော အညာဒေသထွက် ထန်လက်ကုလားထိုင်”

       ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစား၊အလက်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် တံတားဦးမြို့နယ် နွားတက်ကျေးရွာရှိ ထန်းလက်ကုလားထိုင်လုပ်ငန်းအား ကွင်းဆင်းလေ့လာခဲ့ပါသည်။၄င်းလုပ်ငန်းအား မိသားစု တစ်နိုင်တစ်ပိုင်ဖြင့် အိမ်တိုင်းလိုလိုပြုလုပ်၍ မိသားစုအပိုဝင်ငွေရရှိအောင်ပြုလုပ်ရောင်းချလျက်ရှိပါသည်။နွားတက် ကျေးရွာတွင် ထန်းလက်ကုလားထိုင်လုပ်ငန်းကို မိရိုးဖလာအဖြစ် လွန်ခဲ့သော(၁၅)နှစ်ခန့်မှလုပ်ကိုင် ‌‌ဆောင်ရွက်နေကြောင်းသိရှိရပါသည်။ ကုလားထိုင် တစ်လုံးပြုလုပ်မည်ဆိုပါက ထန်းအလက်(၃၀) ကုန်ကျမည်ဖြစ်ပြီး တစ်လက်လျှင်(၇၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း ၊ ကုလားထိုင် တစ်လုံးအား ထန်းလက်များဖြင့်သာပြုလုပ်ထားပြီး ကုလားထိုင်ခိုင်ခံ့ရန်အတွက် သံမှိုကို အသုံးပြု၍ထိန်းထားကြောင်း၊ကုလားထိုင်တစ်လုံးလျှင်(၁)လက်မသံ နှင့် (၁)လက်မခွဲသံ (၅)ကျပ်သား ကုန်ကျမည်ဖြစ် ကြောင်း၊သံမှိုစျေးအနေဖြင့်(၇၀၀)ကျပ်ကုန်ကျကြောင်း၊ လူတစ်ဦးတစ်ရက်လျှင်ကုလားထိုင်(၃)လုံး ပြီးစီးကြောင်း၊ ကုလားထိုင်တစ်လုံးပြုလုပ်ရာတွင် အပြီးအစီး (၅၀၀၀-၆၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပြန်လည်ရောင်းချပါက တစ်လုံးလျှင်(၁၂၀၀၀-၁၃၀၀၀)ကျပ်အထိရှိပြီး ပြုလုပ်ရောင်းချသူများအနေ ဖြင့်နေ့တွက်သာမက စီးပွားရေးတွက်ခြေကိုက်ကြောင်း၊မပြုလုပ်နိုင်သူများမှငွေကြိုတင်ပေးဝယ်ယူကာ ကျေးရွာအနှံ့ဆိုင်ကယ်များပေါ်တင်၍ လှည့်လည်ရောင်းချကြောင်း ၊ ကြိုတင်ပေးအနေဖြင့် ကုလားထိုင်တစ်လုံးလျှင် (၆၅၀၀-၇၀၀၀)ကျပ်ပေးဝယ်၍ ပြန်လည်ရောင်းချကြခြင်းဖြစ်ကြောင်း၊ အခြားနယ်များမှလည်း အော်ဒါမှာယူ၍ဝယ်ယူကြကြောင်း၊လူတစ်ဦး တစ်နေ့(၃)လုံးနှုန်းဖြင့်ပြီးစီး အောင်ပြုလုပ်၍ရောင်းချပါက တစ်လလျှင် အကျိုးအမြတ်အနေဖြင့်(၄၅၀၀၀၀-၅၀၀၀၀၀)ကျပ် အထိ မြတ်ကြောင်း၊ထန်းလက်ကုလားထိုင်ပြုလုပ်ရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုသော နွားတက်ကျေးရွာသို့ကွင်းဆင်းလေ့လာမှုအရ သိရသည်။

DOCA(မန္တလေး)

“ဗူးသီးများ စျေးကောင်းရ”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ငရုတ်တို့အပြင် ဗူးသီး သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ဗူးသီးသီးနှံကို ကျောက်ဆည်မြို့နယ်၊ ပင်တလည်နှင့် ကျောက်ခုံကျေးရွာများတွင် ပန်းလောင်ဖြစ်နံဘေးတွင် စိုက်ပျိုးကြပါသည်။ ဗူးသီးစိုက်ပျိုးရာတွင် မြေဆွေး ၊ မြေသြဇာများကို သမအောင်ရောမွှေပြီး စိုက်ဘောင်ပြုလုပ်၍ စိုက်ပျိုးရပါသည်။ဗူးသီးအမျိုးအစား အများအပြားရှိကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ ဗူးသပိတ်၊ဗူးလည်လှနှင့် ဘူးရှည်မျိုးကို စိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက်ပင်များအနက် ဗူးပင်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ ဗူးပင်စိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ တိုင်ထောင်ဝါးများအပါအဝင် စုစုပေါင်း (၈၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ဗူးပင်စိုက်ပျိုးပြီး(၇၅-၉၀)ရက်အကြာတွင် အသီးများစတင် ခူးဆွတ်၍ ရပါသည်။ဗူးသီးကို မနုမရင့် အနေတော်အနေအထားတွင် ခူးဆွတ်ရပါသည်။(၁)ဧက အထွက်နှုန်းအနေဖြင့် အလုံးရေ(၇၀၀၀-၈၀၀၀)အထိ ထွက်ရှိကြောင်း ၊ ဗူးသီးစျေးနှုန်းအနေဖြင့် အလုံးအရွယ်အစားပေါ်မူတည်၍ ဖောက်သည်စျေး(၅၀၀-၈၀၀)ကျပ်အထိ ရောင်းချရကြောင်း ၊ လက်လီစျေးအနေဖြင့် ဗူးသီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀)ကျပ်အထိ စျေးများ ရရှိကြောင်း၊ဗူးသီးကို စိုက်ခင်းများအထိ လာရောက်ဝယ်ယူကြသောပွဲစားများရှိကြောင်း ၊ ပွဲစားများမှ ခရီးသည်တင်ယာဉ်များဖြင့် ရန်ကုန်၊မော်လမြိုင်နှင့် ညောင်တုန်းမြို့ရှိစျေးများသို့ ပို့ဆောင်ရောင်းချပေးကြောင်း၊ ဗူးသီး စိုက်ပျိုးခြင်းဖြင့် ဗူးညွန့်များပါ ရောင်းချရကြောင်း၊ ဗူးညွန့်တစ်ညွန့်လျှင် (၁၀၀)ကျပ်စျေးနှုန်းဖြင့် ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိကြောင်း ၊ ဗူးသီးစိုက်ပျိုးပြီး စျေးကောင်းရသောကြောင့် တောင်သူများအကျိုးအမြတ်များကြောင်း ၊ ဗူးသီးစိုက်ပျိုးသော ပင်တလည်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူဒေသထွက် ကြက်သွန်နီများဝင်ရောက်၍ ဈေးနှုန်းများကျဆင်းလျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်းစိုက်ပျိုးကြသည်။

     ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အနီးကျေးရွာများရှိ ကြက်သွန်စိုက်တောင်သူများက ယခင်နှစ်စိုက်ကြက်သွန်နီများကို ဈေးကွက်အတွင်းသို့ တင်ပို့လာသောကြောင့် ကန့်ဘလူခရိုင်အတွင်း ကြက်သွန်နီဈေးနှုန်းများကျဆင်းလျက်ရှိကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း၌ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် (၃၀၀၀-၃၅၀၀) အထိမြင့်တက်ခဲ့ပြီး ယခုဩဂုတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် (၁၈၀၀-၂၀၀၀) ဖြစ်ရာ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်၁၅၀၀ခန့်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ ကြက်သွန်နီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                            

ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲယင်း(အနီ)၊ပဲကြီးနှင့် အစေ့ထုတ်ပြောင်းတို့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၂၇.၈.၂၀၂၄)  ရက်နေ့တွင် မတ်ပဲ Row တစ်တင်းလျှင် ၁၂၅၂၀၀/- ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်ကာလတူဈေးနှုန်း  ၁၀၈၆၀၀/- ကျပ် ဖြင့်နှိုင်းယှဉ်ပါက ၁၆၆၀၀/- ကျပ်မြင့်တက်လျက်ရှိပြီး နေ့စဉ်မတ်ပဲအိတ် ၁၅၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ (၂၇.၈.၂၀၂၄)ရက်နေ့တွင် ပဲယင်းအနီ တစ်တင်းလျှင် ၈၃၅၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကာလတူဈေးနှုန်း ၇၀၀၀၀/- ကျပ် ဖြင့်နှိုင်းယှဉ်ပါက ၁၃၅၀၀/- ကျပ်၊ ပဲကြီးတစ်တင်းလျှင် ၈၁၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်လ ကာလတူ ဈေးနှုန်း ၇၃၅၀၀/-ကျပ်နှင့် နှိုင်းယှဉ်ပါက ၇၅၀၀/-ကျပ် အသီးသီးမြင့်တက် လျက်ရှိပါသည်။ ဟင်္သာတမတ်ပဲကို ရန်ကုန်မှ အဝယ်လိုက်လာပြီး သိုလှောင်သူ ကြိုက်ဈေးရလျက်ရှိသဖြင့် ဟင်္သာတမတ်ပဲများ နေ့စဉ် ဘုရင့်နောင်ဈေးကွက်သို့ တင်ပို့လျက်ရှိပါသည်။

       August လ ဒုတိယသီတင်းပတ်တွင် အစေ့ထုတ်ပြောင်းဈေးသည် ၃၆၅၀၀/- ကျပ်ထိ မြင့်တက်ခဲ့သဖြင့် အစေ့ထုတ်ပြောင်း သိုလှောင်သူကုန်သည်များ ဘုရင့်နောင်ဈေးကွက်သို့ တင်ပို့ရောင်းချကြ၍ ဟင်္သာတဈေးကွက်အတွင်း အစေ့ထုတ်ပြောင်းလက်ကျန် နည်းသွားကြောင်း သိရှိရပါသည်။ (၂၇.၈.၂၀၂၄)နေ့တွင် အစေ့ထုတ်ပြောင်း ပိဿာ ၂၀ တစ်တင်းလျှင် ၃၁၅၀၀/- ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်လ ကာလတူဈေးနှုန်း ၂၇၅၀၀/-ကျပ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၄၀၀၀/- မြင့်တက်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုပဲတီစိမ်းဈေး အနည်းငယ်ကျ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

      ပဲတီစိမ်းမှာ မေလ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဩဂုတ်လ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၇၅၆၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/ (၂၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၈၂၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင် (၆၄၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခုအပတ်တွင် ပဲတီစိမ်းတစ်မျိုးတည်းသာဝင်ရောက်မှုရှိပြီး အခြားသီးနှံများဝင်ရောက်မှုမရှိကြောင်း၊ ပဲတီစိမ်းဈေးအနည်းငယ်ကျဆင်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကြက်ဟင်းခါးသီး (အလုံးသေး)များ ဈေးအနည်းငယ်ပြန်တက်

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးရာသီဟင်းသီး၊ ဟင်းရွက်မျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ထိုင်ဝမ်မျိုးကြက်ဟင်းခါးသီး (အလုံးသေး)များကိုလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ဒေသအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်မြိုသို့ တင်ပို့ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

       ကြက်ဟင်းခါးသီး (အလုံးသေး)များကို ဧပြီလနှင့် မေလတွင် စတင်စိုက်ပျိုးပြီး ဇွန်လတွင် စတင်ထွက်ရှိပါသည်။ စတင်ထွက်ရှိသည့် ဇွန်လတွင် ပေါ်ကာစ ကြက်ဟင်းခါးသီး(အလုံးသေး) တစ်ပိဿာလျှင်  (၂၀၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး လှိုင်လှိုင်ထွက်ရှိချိန် ဇူလိုင်လအတွင်းတွင် ကြက်ဟင်းခါးသီး(အလုံးသေး) တစ်ပိဿာလျှင်  (၅၀၀)ကျပ်ပေါက်ဈေးသာ ရှိသဖြင့်ဈေးနှုန်း ကျဆင်းခဲ့ရာမှ ယခု ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်းတွင်  ကြက်ဟင်းခါးသီး(အလုံးသေး) တစ်ပိဿာ (၇၀၀)ကျပ်နှုန်းပေါက်သဖြင့် ဈေးနှုန်းအနည်းငယ်ပြန်တက်ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

မိုးရာသီ ကြောင်လျှာသီးဈေးကွက်

    ကြောင်လျှာပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်နိုင်ပြီး  အသီး၊ အပွင့်၊ အမြစ်၊ အခေါက်အားလုံးတို့ကို စားဖွယ်၊ သောက်ဖွယ်နှင့် ဆေးအဖြစ် အသုံးပြုကြပါသည်။ ကြောင်လျှာသီးသည် မိုးရာသီတွင် လှိုင်လှိုင်ပေါများပြီး ဇွန်လတွင် စတင်ထွက်ရှိပါသည်။ ကြောင်လျှာသီးသည် ဖန်၊ ချို၊ ခါးစသောအရသာရှိပြီး လူကြိုက်များသော အသီးအနှံတစ်မျိုးလည်း ဖြစ်ပါသည်။ ကြောင်လျှာပွင့်နှင့်အရွက်ကို ပြုတ်၍ဖြစ်စေ ရေနွေးဖျော၍ဖြစ်စေ သုပ်စားခြင်း၊ အတို့အမြုပ်လုပ်စားခြင်းများပြုလုပ်ကြပြီး ကြောင်လျှာသီးကို အစိမ်းသုပ်စားခြင်း၊ ချဉ်ဖက်ထည့်ခြင်း၊ ကြော်စားခြင်း၊ မီးဖုတ်စားသုံးခြင်းအပြင် အသား/ငါးဟင်းလျာများနှင့်လည်း ရောနှောချက်ပြုတ်ကာ စားသုံးကြကြောင်းသိရှိရပါသည်။

    နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ကြောင်လျှာသီးများ မြို့နယ်ဈေးကွက်အတွင်းသို့ ဇွန်လအတွင်း စတင်ဝင်ရောက်လာရာ ပေါ်ဦးပေါ်စအချိန်တွင် ကြောင်လျှာသီးတစ်တောင့်လျှင် အရွယ်အစားအပေါ်မူတည်၍ (၇၀၀-၈၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုဩဂုတ်လနောက်ဆုံးအပတ် အသီးများလှိုင်လှိုင်ပေါများစွာထွက်ရှိချိန်တွင် ကြောင်လျှာသီးတစ်တောင့်လျှင် ခြံပေါက်ဈေး(လက်ကားစျေး) (၂၅၀-၃၅၀)ကျပ်နှင့် ဈေးကွက်အတွင်းတွင် လက်လီစျေးနှုန်းအနေဖြင့် (၄၀၀-၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အသွင်ပြောင်းလာသော ဖရုံသီးဈေးကွက်

     ဖရုံသီးကို စားသုံးသူအများစုက ရွှေဖရုံသီးဟု ခေါ်ဆိုကြပါသည်။ ရွှေဖရုံသီးကိုယနေ့ ကုန်စိမ်းဈေးကွက်ထဲတွင် အနည်းစုသာတွေ့ရပြီး ဈေးကွက်ထဲတွင် အများဆုံးနေရာယူလာပြီး အသွင်ပြောင်းလာသော ဖရုံသီးတစ်မျိုးကို အိုးဖရုံဟုခေါ်ဆိုကြောင်း သိရှိရပါသည်။

      အိုးဖရုံကို ကုန်စိမ်းဈေးကွက်ရှိသည့် သဲကုန်းမြို့နယ်အတွင်းရှိ ဝက်ပုတ်နှင့် ပုတီးကုန်းမြို့ရှိ ကျေးရွာများအုပ်စုများမှ  အများအပြားစိုက်ပျိုးထွက်ရှိပါသည်။ မိုးဦးကျ ကဆုန်၊ နယုန်လ လောက်တွင် စတင်ထွက်ရှိပြီး ပေါ်ကာစမှာ လက်လီဈေးတစ်လုံးလျှင် (၁၀၀၀)ကျပ်အထိ ဈေးကောင်းရရှိခဲ့ပြီး  ဩဂုတ်လစတုတ္တပတ်တွင် ဒိုင်ဝယ်ဈေး(လက်ကားဈေး)အိုးဖရုံသီးတစ်လုံး (၄၅၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ အိုးဖရုံသီး၏အားသာချက်မှာ ရွှေဖရုံသီးကဲ့သို့ ခွဲခြမ်းစိတ်ဖြာ၍ ရောင်းစရာမလိုဘဲ (၁)ခါချက်လျှင် အလုံးလိုက်စိတ်ကာ ချက်၍ရခြင်းကြောင့် ရောင်းရလွယ်ကူခြင်းဖြစ်ကြောင်းသိရှိရပါသည်။ သူ၏အသွင်သဏ္ဍာန်မှာလည်း အိုးဖရုံဟုခေါ်ရလောက်အောင် အိုးတစ်လုံး နှင့်အလားသဏ္ဍာန်တူလှပါသည်။

        သဲကုန်းမြို့နယ်ဝက်ပုတ်မြို့တွင် ကုန်စိမ်းဒိုင်(၁၀)ဒိုင်ခန့်ရှိ၍ (၁)ဒိုင်လျှင် တစ်နေ့အလုံးရေ (၂၀၀၀)ခန့် တင်ပို့ရောင်းချနိုင်၍ တင်ပို့ရာဒေသများမှာ နယ်စုံဖြစ်၍ အများအားဖြင့် ရန်ကုန်၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်မြို့များအထိ တင်ပို့ရောင်းချကြကြောင်းကို ဝက်ပုတ်မြို့ရှိ ကုန်စိမ်း လုပ်ငန်းရှင်တစ်ဦးထံမှသိရရှိပါသည်။

DOCA(ပဲခူး)

အိမ်တွင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် ဝင်ငွေတိုးပွားရရှိ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ဝက်သည်းကန်အတွင်း သဘာဝအလျှောက်ပေါက်ရောက်နေ့သည့် ပဒုမ္မာကြာတောကြီးမှာ ဧက(၃၅၀)ခန့် ကျယ်ဝန်းပြီး ကန်ပတ်လည်ကျေးရွာများဖြစ်သည့် ရှမ်းရွာကုန်ကျေးရွာ၊ အနောက်ကန်ဘောင်ကျေးရွာ၊ အောက်လှိုင်းကျေးရွာ၊ တမာချောင်းကျေးရွာ၊ ဆင်ကျုံးကျေးရွာနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည့် ဒေသခံပြည်သူများ ကြာချည်အိမ်တွင်းထုတ်လုပ်သည့် လုပ်ငန်းဖြင့် ဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။

     ကြာရှည် ထုတ်လုပ်နိုင်ရန်အတွက် ကန်အတွင်းပေါက်ရောက်နေသည့် (၄)ပေအရှည် ပဒုမ္မာကြာရိုးများကို လှေပေါ်မှ တံစဉ်ဖြင့် ချိတ်ယူခူးပြီး (၃)လက်မခန့်အပိုင်းများပိုင်းကာ ကြာရိုးမှ ထွက်ရှိလာသော အစေးများကို သစ်သားခုံပေါ်တင်၍ လက်ဖြင့် လိမ်းကျစ်ပြီး ကြာချည်မျှင် ထုတ်လုပ်ရပါသည်။ စလင်းဝက်သည်းကန်မှ ထုတ်လုပ်သည့် ကြာချည်မှာ ကုန်ကြမ်းအဆင့်သာဖြစ်ပြီး ကြာရိုးမှ ထွက်ရှိလာသော ကြာချည်များကို ရှမ်းပြည်နယ် တောင်ပိုင်းအင်းလေးဒေသသို့ တင်ပို့ရောင်းချပြီး ဈေးနှုန်းအနေဖြင့် ယခင်နှစ်က တစ်ကျပ်သားကို ကျပ်(၆၀၀၀)သာ ရောင်းချခဲ့ရ သော်လည်း ယခုနှစ်တွင် တစ်ကျပ်သားကို (၇၀၀၀)ကျပ်ဈေးရရှိကြောင်း၊ တစ်ရက်လျှင် တစ်ဦး (၂.၃)ကျပ်သားထိ လုပ်ဆောင်သည့်အတွက် လုပ်သားတစ်ဦးအနေနဲ့ တစ်ရက်ပျမ်းမျှ ကျပ်(၁၄၀၀၀-၂၀၀၀၀)ဝန်းကျင် ဝင်ငွေရရှိကြောင်း၊ တစ်ချို့ အိမ်ထောင်စုများအနေဖြင့် (၄.၅)ကျပ်သားထိ လုပ်ကိုင်ဆောင်ရွက်နိုင်သည့်အတွက် တစ်ရက်လျှင်(၃၀၀၀၀)ကျပ်ထိ ပျမ်းမျှဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း