ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်မှ အာလူးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

     ပြည်ဈေးကွက်အတွင်း ရောင်းချနေသောအာလူးများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမြို့မှထွက်ရှိသော အာလူးများအား ဝယ်ယူရောင်းချနေခြင်းဖြစ်ပါသည်။ ယခင်က ရောင်းချသောအာလူးများမှာ တန်ခူးလအရှေ့ပိုင်းနှင့် အနောက်ပိုင်းမှထွက်ရှိသော ရေအာလူးများဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ ထိုရေအာလူးမှာ လက်ကျန်မရှိတော့ဘဲ ဇွန်၊ ဇူလိုင်လ အတွင်း ထွက်ရှိသော ကုန်းအာလူးများသာ ထိုမှတစ်ဆင့်မှာယူ၍ ပြည်ဈေးကွက်အတွင်း ရောင်းချနေခြင်း ဖြစ်ပါသည်။ မှာယူရောင်းချသောကုန်းအာလူးမှာ ယခုနှစ်တွင် အထွက်နည်းသည့်အတွက် စိုက်ပျိုးထွက်ရှိရာဒေသမှာပင် ဈေးကောင်းရနေသည့်အတွက် ပြည်ဈေးကွက်အတွင်း ပြန်လည်ရောင်းချရာတွင် အာလူးလက်လီတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ တစ်ပတ်လျှင် ပိဿာ(၃၀)ဝင်ဆံ့အိတ် ၃၀၀ခန့် အဝင်ရှိပြီး ဒေသတွင်းနှင့် ခရိုင်အတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကွမ်းပင်စိုက်ပျိုးဝင်ငွေတိုး ပြည်ဈေးကွက်အခြေအနေ

     ပြည်မြို့ရှိကွမ်းခြံတစ်ခြံလျှင် ကွမ်းပင် ၅၀၀မှ ၁၀၀၀အထိ စိုက်ပျိုးကြပါသည်။ ကွမ်းညွှန့် တစ်ညွန့်လျှင် ယခင်နှစ်များက ၁၀၀ကျပ်နှုန်းသာ ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်အချိန်တွင် ၃၀၀ကျပ်နှုန်း ဈေးရှိပါသည်။ ကွမ်းရွက်များခူးဆွတ်ချိန်တွင် (၁၅)ရက်တစ်ခါခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် ပိဿာချိန် ၃၀မှ ၅၀အထိ ထွက်ရှိပါသည်။ ကွမ်းစိုက်ပျိုးရာဒေသများမှာ ပြည်မြို့နယ်အတွင်းရှိ ကြာအင်းရွာ၊ ဖုမ္မသိမ်ရွာနှင့် ဝက်ပုတ်၊ အင်းမစသည့်မြို့များမှလည်း ကွမ်းများအား စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော ကွမ်းအမျိုးအစားများမှာ စလင်းကွမ်း၊ အင်းမကွမ်း၊ ကွမ်းနုဝါ၊ အင်္ဂပူကွမ်းတို့ စိုက်ပျိုးကြပါသည်။ ယခင်နှစ်တွင် ကွမ်းဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေးနှုန်းမှာ ၅၀၀၀ကျပ် သာဖြစ်ပြီး ယခုနှစ်တွင် ကွမ်းဈေးနှုန်းမှာ ယခုအချိန်ထိ ပေါက်ဈေး တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ၁၃၀၀၀ကျပ်ဈေးတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ရက်(၁၀၀)သပြေဈေးကွက်

      ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးများသည် ပြည်မြို့ပေါ်ရှိ နေထိုင်သောလူများသာမက ရပ်ဝေး/ ရပ်နီးတွင်နေထိုင်ကြသောလူများကပါ တကူးတကမှာယူကပ်လှူကြသော ဘုရာပန်း ဖြစ်ပါသည်။ သို့သော် ယခုလိုမိုးအလွန်များသော ကာလဖြစ်သောကြောင့် အောင်သပြေတုံးများ အထွက်နည်းသောအချိန်တွင် ပြည်မြို့ရှိပန်းဈေးကွက်ထဲသို့ ရောက်လာသည် မှာ ရက်(၁၀၀)သပြေပန်းဖြစ်ပါသည်။ ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးမှာ အငုတ်မှ အညွှန့်များဖြာထွက်နေပြီး ရေလဲပေးပါက အညွန့်အသစ်များ ထပ်မံထွက်ပေါ်လာကာ (၁)လခန့် အထားခံပါသည်။ ယခုအခါဈေးကွက်တွင် ရောင်းချနေသောရက်(၁၀၀)သပြေမှာ ကိုင်းမှအရွက်များ ထွက်နေပြီး ပုံမှန်ရေလဲပေးပါက အရွက်များ အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်ပြောင်းကာ အရွက်များ ကြွေခြင်းမရှိပဲ အနည်းဆုံး ၆လမှ ၈လခန့် အထားခံပါသည်။ ရက်(၁၀၀)သပြေကို ကိုင်းကြီး၊ ကိုင်းလတ်၊ ကိုင်းသေးအစည်းဟူ၍ သုံးမျိုးရောင်းချကြောင်း သိရပါသည်။  ၂၀၁၄ခုနှစ် သြဂုတ်လနောက်ဆုံးအပတ်တွင် ရောင်းဈေးမှာ သပြေကိုင်းကြီးတစ်ခက်လျှင် ၂၀၀၀ကျပ်၊ ကိုင်းလတ်တစ်ခက်လျှင် ၁၀၀၀ကျပ်နှင့် ကိုင်းသေး(၅)ခက်ပါ တစ်စည်းလျှင် ၁၂၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ကိုင်းကြီးမှာ ပိုမို၍ကြာရှည်စွာအထားခံကြောင်း သိရှိရပါသည်။ ယခင်က ရက်(၁၀၀) သပြေကို ရန်ကုန်မြို့သို့ ရောက်ရှိလာမှသာ ဝယ်ယူရရှိသော်လည်း ယခုအခါတွင် ပြည်ဈေးကွက်၌ လိုအပ်သလိုဝယ်ယူမှုရှိသောကြောင့် ဘုရားကျောင်းဆောင်များတွင် စိမ်းစိမ်းစိုစိုနှင့် ကျက်သရေရှိလှပါသည်။ သပြေတုံးများမှာ မိုးများသောကြောင့် သပြေတုံးများအဝင်နည်းနေချိန်တွင် ရက်(၁၀၀)သပြေများ ဈေးကွက်တွင် ဦးမော့လျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

ပြည်မြို့ရဲ့ မျှစ်နှင့် ရွှေဖရုံသီးဈေးနှုန်းဈေးကွက်

    ပြည်မြို့ရှိဈေးများထဲတွင် ပြည်အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ မျှစ်များချိုးယူ၍ ရောင်းချလျက်ရှိပါသည်။ မျှစ်၏သဘာဝအရောင်မှာ အဖြူရောင်ဖြစ်ပြီး မျှစ်အစိမ်းကိုပြုတ်လိုက်လျှင် ဝါကျင့်ကျင့်အရောင် ပြောင်းသွားတတ်ပါသည်။ ယခုအချိန် ဈေးကွက်တွင်ရောင်းချနေသော မျှစ်အမျိုးအစား များမှာ မျှစ်စပ်နှင့်မျှစ်ပြုတ်များ ဖြစ်ပါသည်။ သြဂုတ်လနောက်ဆုံးပတ်တွင် မျှစ်စပ်ဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ကျပ်နှင့် မျှစ်ပြုတ်တစ်ပိဿာလျှင် ၁၅၀၀-၂၀၀၀ကျပ်ဖြင့် ပြည်မြို့ ဈေးကွက်ထဲတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ရွှေဖရုံသီး၏ အညွန့်နှင့်အသီးကို တို့စရာအဖြစ်လည်းကောင်း၊ သီးစုံအဖြစ် ငါးအသားမျိုးစုံတို့နှင့်ရောနှော၍ ချက်ပြုတ်စားသောက်ကြပါသည်။ ရွှေဖရုံသီးကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာ၊ တောင်လုံးညိုကျေးရွာများတွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသောရွှေဖရုံသီးများကို ပြည်မြို့အတွင်းရှိဈေးများနှင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်ဖြစ်သော ဩဂုတ်လနောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော ရွှေဖရုံသီးဈေးမှာ အကြီးတစ်လုံးလျှင် ၁၃၀၀-၁၅၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ယခင်နှစ် ဩဂုတ်လနောက်ဆုံးပတ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် ၁၅၀၀-၂၀၀၀ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင်ရွှေဖရုံသီးဈေးများ အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ရုံးပတီစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်းသိရသည်။

       ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာအကျယ်အဝန်းအများကြီးမလိုသော ရုံးပတီသီးများကိုစိုက်ပျိုးကြသည်။ ရုံးပတီသီးသည် မိသားစုစားသုံးရန်အတွက် ဟင်းတစ်ခွက်ရရုံသာမက ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသောကြောင့် စိုက်ပျိုးသင့်ကြောင်း၊ စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပြီး စိုက်ပျိုးသော မျိုး၊ နည်းစနစ်နှင့် အပင်ပြုစုမှုတို့အပေါ်မူတည်၍ တစ်ဧကလျှင် (၁၀၀၀-၂၅၀၀)ပိဿာခန့်ထွက်ရှိကြောင်းသိရသည်။

       မြန်မာလူမျိုးများသည် ရုံးပတီသီးကိုနှစ်သက်စွာချက်ပြုတ်စားသောက်ကြကြောင်း၊ ယခုအခါ စားသောက်ဆိုင်များ၊ အကင်ဆိုင်များတွင် ရုံးပတီသီးသည် လူအများကြိုက်နှစ်သက်သည့် အစားအစာဖြစ်ကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် ရုံးပတီသီး (၅)တောင့်ပါတစ်စီးလျှင် ငွေကျပ် (၂၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၂၀၀၀)ဖြင့်ရောင်းချကြောင်း၊ မိမိတို့နေအိမ်ခြံဝန်းတွင်လည်းကောင်း၊ ယာကွက်များတွင်လည်းကောင်း စိုက်ပျိုးထွက်ရှိသည့်အတွက် စားစရာဟင်းတစ်ခွက်အပြင် အသီးကိုခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

                                     

ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးများဆက်လက်မြင့်တက်လာ

     ပြည်ခရိုင်အနေဖြင့် ယခုနှစ်မိုးမြေပဲများ စိုက်ပျိုးချိန်တွင် စိုက်ဧက (၄၀၆၈၁)ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။ ပြည်မြို့နယ်တွင် ၁၂၇၅၉ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၅၃၄၃ဧက၊ ပန်းတောင်း မြို့နယ်တွင် ၃၈၃၃ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၈၇၄၆ဧက စိုက်ပျိုးထားပြီး ဖြစ်ပါသည်။ ယခုအချိန်တွင် မိုးမြေပဲများထွက်မှုမရှိသေးဘဲ ဈေးကွက်တွင် လက်ကျန်များနည်းသွားချိန်ဖြစ်၍ မြေပဲဆန်ဈေးများ ဆက်လက်မြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်ဈေးနှုန်းများအနေဖြင့် ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ဆီဆန်(အနီ) တစ်ပိဿာ လျှင် ၈၈၀၀ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် ၉၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိသော်လည်း တစ်နေ့လျှင် ပိဿာ(၂၀)ဝင်အိတ် (၂၀၀)ကျော်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ မြေပဲဆန်ဝင်ရောက်မှုအနေဖြင့် ပြည်မြို့ အနောက်ဘက်ကမ်းရှိ ပန်းတောင်းနှင့် ဥသျှစ်ပင်ဘက်မှ ရက်ခြားတစ်နေ့လျှင်အိတ်(၂၀၀)ခန့် အဝင်ရှိကြောင်း သိရှိရပါသည်။ မြေပဲဆန်ဈေးနှုန်းများအား ယခင်လဖြစ်သော ဇူလိုင်လ နောက်ဆုံးပတ်နှင့် ယခုဩဂုတ်လနောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မြေပဲဆီဆန် (အဖြူ)နှင့်(အနီ)မှာ တစ်ပိဿာလျှင် ၈၀၀ကျပ်၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ၁၄၀၀ကျပ်နှင့် လုံးဆန်(အနီ) တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်းများ အသီးသီးမြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဆန်များကို ဆီစက်သမားများကအဝယ်ရှိပြီး လုံးဆန်ကို ပဲလှော်သမားများနှင့် ဈေးကွက်အတွင်း မြေပဲဆန်အစိမ်းရောင်းချသူများက ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။ ဈေးကွက်တွင် ရောင်းချလျက်ရှိသော မြေပဲဆန် တစ်ဘူးလျှင် ၁၅၀၀-၁၇၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၌ ကွမ်းဈေးနှုန်းမြင့်တက်၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိ

  မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောနိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်းသိရသည်။

  ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ်၁၂၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ငွေကျပ်၆၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ငွေကျပ်၅၀၀၀ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ဩဂုတ်လ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက စက်တင်ဘာလ ပထမပတ်အတွင်း ကွမ်းဈေးနှုန်းများမြင့်တက်လာသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်ပဲဈေးကွက်အတွင်း နှစ်အလိုက် ကာလတူချိန်ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်း နှိုင်းယှဉ်မှု အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသော ပဲများနှင့် ပြည်တွင်းတွင်စားသုံးမှုများပြီး ဒေသတွင်းဝယ်လိုအားများသောပဲများသည် လက်လီ/ လက်ကား ရောင်းဝယ်မှု ဖြစ်လျက်ရှိခဲ့ကြပါသည်။ အဆိုပါပဲများထဲတွင် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ ပြည်ပဝယ်လိုအားရှိသည့်အတွက် လက်ကားရောင်းဝယ်မှု အဖြစ်များခဲ့ကာ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲနီပြား စသည့် သီးနှံများသည် ပြည်ဈေးကွက်အတွင်းတွင် ပြည်တွင်းစားသုံးမှုများသည့်အတွက် လက်လီသမားများအပြင် လက်ကားဝယ်ယူမှုများလည်း ရှိခဲ့ကြပါသည်။ အဆိုပါပဲများ၏ နှစ်အလိုက် ဩဂုတ်လအတွင်း ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို လေ့လာရာတွင် အောက်ပါ အတိုင်းတွေ့ရှိရပါသည်။

       မတ်ပဲသီးနှံအနေဖြင့် (၅)နှစ်တာ ကာလအလိုက် ဈေးနှုန်းနှိုင်းယှဉ်မှု အခြေအနေအရ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် အခြားပဲများအားလုံးထက် ဈေးအမြင့်ဆုံးတွင်တည်ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် မတ်ပဲသီးနှံအနေဖြင့် ယခင်နှစ်ထက် ဈေးပိုလာသော်လည်း ပဲစင်းငုံနှင့် ကုလားပဲသီးနှံများ ဈေးပြိုင်မြင့်တက်ခဲ့သည့်အတွက် တစ်တင်းကျပ် ၆ သောင်းအထက်ဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ်တွင်  မတ်ပဲသီးနှံမှာ ဈေးအေးသွားသည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများအားလုံးထက် ဈေးလျော့နည်းသွားခဲ့ကာ တစ်တင်း ၇၉၀၀၀ ကျပ်ဖြင့် ဈေးအနိမ့်ဆုံး ရောင်းဝယ်နေခဲ့ပါသည်။ ၂၀၂၄ ခုနှစ်မှာတော့ မတ်ပဲသီးနှံဟာ ပဲသစ်ပေါ်ချိန်မှစ၍ ဈေးမြင့်တက်လာခဲ့သည့်အတွက် ဧပြီလနောက်ပိုင်းတွင် ပဲတစ်တင်း ကျပ် တစ်သိန်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ဩဂုတ်လကုန်ပတ်တွင် တစ်တင်းလျှင် ၁၂၅၀၀၀ ကျပ်အထိရရှိခဲ့သော်လည်း ပြည်ပဝယ်လက် ဈေးကွက်မှာ ပဲစင်းငုံသီးနှံဈေးကိုတော့ မမှီခဲ့ကြောင်းသိရပါသည်။

       ပဲစင်းငုံသီးနှံသည် ၅ နှစ်တာကာလ ဈေးနှုန်းနှိုင်းယှဉ်မှုအရ  ၂၀၂၄ ခုနှစ်တွင် ပဲဈေးနှုန်း သိသိသာသာမြင့်တက်လာမှုကြောင့် ပဲစင်းငုံပဲတစ်တင်း ၁၅၂၅၀၀ကျပ်ဖြင့် အခြားပဲများအားလုံး ထက်လည်း ဈေးမြင့်တက်ခဲ့ကာ ဈေးကွက်အတွင်းစံချိန်တင် မြင့်တက်လျက်ရှိခဲ့ပါသည်။ ပဲအဝင် မရှိသော်လည်း လက်ကျန်လှောင်ပဲများရှိနေသည့်အတွက် ပြည်ပဝယ်လိုအားရှိမှုအပေါ် လိုသလောက် ရောင်းချမှုဖြစ်ခဲ့ပါသည်။၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ်တွင် ပဲစင်းငုံဈေးမှာ မတ်ပဲသီးနှံ ဈေးထက် ဈေးလျော့နေသကဲ့သို့ ကုလားပဲသီးနှံထက်လည်း ဈေးလျော့နည်းနေခဲ့ပြီး ၂၀၂၂ ခုနှစ်မှစ၍ ပဲစင်းငုံဈေးမြင့်တက်လာမှုကြောင့် ၂၀၂၄ခုနှစ်မှာပါ မတ်ပဲသီးနှံထက် ဈေးပိုမြင့်လျက် ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်တွင် ပဲစင်းငုံဈေးသည် သိသိသာသာ ဈေးကွက်အတွင်း မြင့်တက်ခဲ့သည့် အတွက် မတ်ပဲသီးနှံထက် တစ်တင်းလျှင်  ကျပ် ၃ သောင်းကျော်ခန့်ထိ ဈေးပိုရရှိနေခဲ့ကြောင်း သိရှိရပါသည်။

     ကုလားပဲသီးနှံမှာ ဒေသတွင်း ပဲခွဲစက်သမားများမှ အဓိကဝယ်ယူမှုရှိသည့်ပဲဖြစ်ခဲ့ပြီး နှစ် အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှုအရ တစ်နှစ်ထက်တစ်နှစ် ဈေးမြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာပြီး   ကုလားပဲသီးနှံ အနေဖြင့်လည်း ဆက်လက် ဈေးမြင့်တက်လာသည့်အတွက် အဆိုပါပဲများထက် ဈေးပိုရနေလျက် ရှိခဲ့ပါသည်။၂၀၂၄ ခုနှစ်တွင် မတ်ပဲ၊ ပဲစင်းငုံ သီးနှံများသိသိသာသာ ဈေးမြင့်တက်လာခဲ့သောကြောင့် ကုလားပဲသီးနှံဈေးမှာ ယခင်နှစ်ထက် ဈေးပိုခဲ့သည်ဆိုသော်လည်း မတ်ပဲဈေးနှုန်းထက် လျော့နည်းနေကာ ပဲစင်းငုံသီးနှံဈေးနှုန်းထက်လည်း ဈေးလျော့နည်းနေခဲ့ပါသည်။

       ထောပတ်ပဲသီးနှံမှာ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ ၂၀၂၀ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ ပဲဈေးကွက်မှာ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအနိမ့်ဖြင့် ရောင်းဝယ်မှုဖြစ်နေခဲ့ပြီး ၂၀၂၃ ခုနှစ်မှစ၍ ထောပတ်ပဲသီးနှံမှာ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများထက်ပင် ဈေးပိုလာခဲ့ပါသည်။  ၂၀၂၄ ခုနှစ်မှာလည်း ဆက်လက် ဈေးမြင့်တက်ခဲ့သည့်အတွက် တစ်တင်းလျှင် ၁၄၀၀၀၀ ကျပ်ဖြင့် ပဲစင်းငုံသီးနှံမှလွဲ၍ အခြားပဲများ အားလုံးထက် ဈေးပိုခဲ့ကာ ဈေးကွက်တွင် ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။

        ပဲဈေးကွက်မှာ လက်ကားသမားထက် လက်လီသမားဖြင့်  ယခုကာလတွင် အရောင်းအဝယ် ဖြစ်မှုများသည့် ပဲနီပြားသီးနှံ၏ နှစ်အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှုကို လေ့လာရာတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အခြားပဲများထက် ဈေးအေးခဲ့သည်ကိုတွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ်မှစ၍ ထောပတ်ပဲသီးနှံနည်းတူ ဈေးကွက်တွင် ဈေးမြင့်တက်ခဲ့သည့်အတွက် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများထက်ပင် ဈေးပိုလာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင်လည်း ဈေးဆက်လက်မြင့်တက်ခဲ့သောကြောင့် တစ်တင်းလျှင် ၁၃၀၀၀၀  ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကာ  မတ်ပဲ၊ ကုလားပဲ၊ သီးနှံများထက် ဈေးပိုခဲ့သော်လည်း ထောပတ်ပဲနှင့် ပဲစင်းငုံသီးနှံ များနှင့်ယှဉ်လျှင် ဈေးအနည်းငယ် လျော့နည်းသွားခဲ့ပါသည်။ 

        ပဲဈေးကွက်တွင် (၅)နှစ်တာအတွင်း ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပြည်ပဝယ်လက် ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများ အနေဖြင့် ပြည်တွင်းစားသုံးမှုများသော ထောပတ်ပဲ၊ ပဲနီပြား သီးနှံများထက် ဈေးပိုရခဲ့ကြပါသည်။  ၂၀၂၃ ခုနှစ် တွင် ထောပတ်ပဲ၊ ပဲနီပြား သီးနှံများ၏ ဈေးနှုန်းများ သိသိသာသာမြင့်တက်လာမှု ကြောင့် ပြည်ပဝယ်လိုအားများသော ပဲအားလုံးထက် ဈေးပိုရရှိနေခဲ့သည်ကို တွေ့ရှိရပြီး ၂၀၂၄ ခုနှစ် တွင် ပဲစင်းငုံသီးနှံဈေး စံချိန်တင်မြင့်တက်ခဲ့သောကြောင့် ပဲဈေးကွက်မှာ  ထောပတ်ပဲနှင့် ပဲနီပြား သီးနှံအနေဖြင့် အခြားပဲများထက် ဈေးပိုနေခဲ့သော်လည်း ပဲစင်းငုံသီးနှံထက် ဈေးလျော့နည်း ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲကြီးသီးနှံ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမား ပုံမှန်အဝယ်ရှိသော်လည်း ဈေးအေးနေခဲ့

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်မှာ နေ့စဉ်ပဲကြော်ဖိုလုပ်ငန်းသမားများဖြင့် အရောင်းအဝယ်ဖြစ်နေသောပဲသီးနှံမှာ ပဲကြီးသီးနှံဖြစ်ပြီး ပဲလက်ကျန်များ နေ့စဉ်အရောင်းအဝယ် ဖြစ်နေခဲ့ပါသည်။ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူမှုရှိကာ တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ ကျော် ရောင်းဝယ်မှုဖြစ်ပြီး ပဲဈေးမှာ သြဂုတ်လနောက်ဆုံးအပတ်တွင် (ရွှေကျွန်း) တစ်တင်းလျှင် ၉၀၀၀၀ ကျပ်မှ ၉၂၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်းလျှင် ၈၅၀၀၀ ကျပ်မှ ၈၆၀၀၀ကျပ် ဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။  ယခင်နှစ်က ပဲကြီးသီးနှံသည်  မတ်ပဲသီးနှံထက်ပင် ဈေးပိုမြင့်ခဲ့သော်လည်း ယခုနှစ်မှာတော့ ပဲကြီးသီးနှံဈေးနှုန်းသည် သိသိသာသာ မြင့်တက်လာခြင်းမရှိဘဲ မတ်ပဲသီးနှံအနေဖြင့် ယခုနှစ်မှာ ပဲဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ကာ ကျပ် ၁၂၀၀၀၀ကျော်အထိ ရရှိလာသည့်အတွက် ပဲကြီးသီးနှံဈေးထက် ဈေးပိုနေခဲ့ပါသည်။ ယခင်နှစ်က ကာလတူချိန် သြဂုတ်လတွင် ပဲကြီးသီးနှံဈေးမှာ(ရွှေကျွန်း) တစ်တင်း ၉၈၀၀၀ ကျပ်၊ (ကမ်းနား)တစ်တင်း ၉၅၀၀၀ ကျပ်ဖြင့် အသီးသီးရောင်းဝယ်မှု ဖြစ်ခဲ့ကြသည့်အတွက် ယခုနှစ်ပဲကြီးဈေးနှုန်းမှာ ယခင်နှစ်ထက်ပင် ဈေးအနည်းငယ်လျော့နည်းနေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဘိုကိတ် ဈေးတရိပ်ရိပ်တက်လျက်ရှိ

      ပြည်ပဲဈေးကွက်မှာ ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ လက်ကျန်လှောင်ပဲအချို့ဖြင့် ရောင်းဝယ်နေကြသော ပဲသီးနှံများထဲတွင် ဘိုကိတ်ပဲသီးနှံလည်းပါဝင်နေပြီး လက်ကားရောင်းဝယ်မှုအပြင် လက်လီသမားများလည်း နေ့စဉ်အဝယ်ရှိနေခဲ့ကြောင်း သိရှိရပါသည်။ လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ် ၅၀ ကျော်ခန့် ရန်ကုန်ဝယ်လက်များဖြင့် ရောင်းဝယ်ခဲ့ကြရသကဲ့သို့ လက်လီရောင်းဝယ်မှုအနေဖြင့် ဒေသတွင်းဝယ်လက်အချို့ဖြင့် တစ်ရက်လျှင် အိတ် ၂၀ ကျော် ရောင်းချမှုရှိခဲ့ကြပါသည်။ ဘိုကိတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ကျပ်(၁)သိန်းဖြင့် ဩဂုတ်လကုန် အပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့ရာ အခြားပဲများနည်းတူ ဈေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်နှစ်ကုန်ကာလတွင် ဘိုကိတ်ပဲသီးနှံဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၆ သောင်း ကျော်သာရရှိခဲ့သဖြင့် ဈေးကွက်အတွင်း ဈေးအေးခဲ့သော်လည်း ယခုနှစ်တွင် ဇူလိုင်လပိုင်းမှစ၍ ဈေးတရိပ်ရိပ်တက်လျက်ရှိနေသောကြောင့် တစ်တင်းလျှင် ကျပ်(၁)သိန်းအထိ ရရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး) 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း