
မြန်မာ့လူမျိုးများ၏ ရိုးရာသင်္ကြန်ဆိုတာ ရေပက်ကစားကြတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပြီး နှစ်ဟောင်းကအညစ်အကြေးများ စင်ကြယ်စေရန်နှင့် နှစ်သစ်တွင်အေးချမ်းစေရန် ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြပါသည်။ မြန်မာ့အတာသင်္ကြန်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယူနက်စကိုက ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။ ထို့ကြောင့်သင်္ကြန်ပွဲတော်သည် မြန်မာတို့အတွက် ဂုဏ်ယူစရာကောင်းလှပါသည်။ ထိုသင်္ကြန် ပွဲတော်တွင် လူမျိုးမရွေး ဘာသာမရွေး ပျော်ရွှင်စွာပါဝင်ဆင်နွဲနိုင်ကြပါသည်။ သင်္ကြန်တွင် ပါဝင် ဆင်နွှဲသူများဖြစ်တဲ့ လူကြီး၊ လူလတ်၊ လူငယ်မရွေးအနေနှင့် သင်္ကြန်မတိုင်မှီ သင်္ကြန်နှင့် ပတ်သက်သော ရေကစားစရာများဖြစ်တဲ့ ရေပြွတ်၊ ရေသေနတ်၊ ရေပြောင်း၊ ရေခွက်၊ ရေပုံး၊ သင်္ကြန် ပန်းကုံးများ၊ စတီးရေပြွတ်၊ ပိုက်အမျိုးမျိုးတို့အပြင် ယဉ်ကျေးမှုဓလေ့အဖြစ် အတာကြိုသည့် အတာကြိုအိုး၊ အတာအိုးများသည် ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ဈေးကွက်သို့ရောက်ရှိနေပြီး အရောင်းအဝယ်လည်းဖြစ်ကြောင်းသိရှိရပါသည်။ အတာကြိုအိုးများကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော ကံမ၊ ပေါက်ခေါင်းမြို့နယ်မှ ချောင်းကောင်းအိုး၊ ပန်းတောင်းမြို့နယ်ဖောင်းကံအိုးစသည်ဖြင့် ဈေးကွက်သို့ဝင်ရောက်လာပြီး သုံးစွဲသူမိဘပြည်သူများ အနေနဲ့ မိမိကြိုက်နှစ်သက်သည့် ဒေသထွက်အိုးများကို စိတ်ကြိုက်ဝယ်ယူကြပါသည်။ သင်္ကြန် ရောက်ရန်လိုသေးသော်လည်း ဈေးကွက်ထဲရောက်ရှိနေသော ပြည်မြို့ရဲ့ သင်္ကြန်အကြို အတာအိုး ဈေးနှုန်းမှာ ယခင်နှစ်ကအတိုင်း ဈေးနှုန်းတက်ခြင်းမျိုးမရှိဘဲ ကြိုတင်ဝယ်ယူသူများ ရှိသည့်အတွက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ သင်္ကြန်အကြို အတာအိုးတစ်အိုးလျှင် ကျပ် (၁၀၀၀)၊ အတာစားအိုးတစ်လုံးလျှင် ကျပ် (၅၀၀)နှင့် သင်္ကြန်နှင့်ဆိုင်သော ပစ္စည်းများအရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
