ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၌ ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

   စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီး ပင်များစိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူဦးဝင်းအောင်၏ ပြောပြချက်အရသိရသည်။

          ခရမ်းသီပင်ကို စတင်စိုက်ပျိုးမည်ဆိုလျှင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလ တွင် စတင်စိုက်ပျိုးရသည်။ မြေတစ်ဧကပေါ်တွင် အပင်(၇၀၀)စိုက်ပျိုးထားကြောင်း၊ တစ်ဧကစိုက် လျှင်ထယ်ထိုး၊ ထွန်မွှေ၊ မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် အလုပ်သမားခအပါအဝင် စုစုပေါင်း ငွေကျပ်သုံးသိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ခရမ်းပင်ကို ရေပေးခြင်း၊ အချိန်မှန်ပေါင်းရှင်းပေးခြင်း၊ ပိုးသတ်ဆေးဖျန်းပေးခြင်းတို့ ပြုလုပ်ပေးရကြောင်း၊ ခရမ်းမျိုးမှာ အရှည်မျိုး ဆင်စွယ်ခရမ်းနှင့် အလုံးမျိုး ထောပတ်ခရမ်းတို့ကို စိုက်ပျိုးကြောင်း သိရသည်။

ခရမ်းသီးပင်စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးကို စတင်ခူးဆွတ်ရောင်းချရပြီး  တစ်ရက် ခြားတစ်ခါခူးဆွတ်ပါက ပိဿာချိန် ( ၆၀မှ၇၀)ခန့်ရရှိကြောင်း၊ ၊ လက်ရှိရောင်းချရသည့် ဈေးနှုန်းများ မှာ ခရမ်းသီးတစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ်(၁၀၀၀)နှုန်းနှင့် လက်လီဈေး(၁၁၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဆလပ်ရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ရာသီချိန်အလိုက် စိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ယခုအချိန်အခါသည် စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာသီ ဖြစ်ပြီး ဈေးကွက်အတွင်း လူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် ရာသီစာ ဆလပ်ရွက်များ လှိုင်လှိုင်ရောင်းချလျက်ရှိသည်။

ဆလပ်ရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေး ရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာ ကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုး နှင့်တွဲဖက်စားသုံး၍ရသည့်အတွက် စားသောက်ဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များစသည့် ဆိုင်များမှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဆလပ်ရွက် အပင်ကြီး(၁)ပင်လျှင်(၆၀၀)ကျပ်၊ အပင်လတ်(၁)ပင်လျှင်(၅၀၀) ကျပ်နှင့် အပင်သေး(၁)ပင်လျှင်(၄၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဆလပ်ရွက်စိုက်ပျိုးသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ မုန့်ညှင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက်စိုက်ပျိုးကြကြောင်း ဈေးကွက်အတွင်းလူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် မုန့်ညှင်းရွက်များ ရောင်းချလျက်ရှိသည်။

မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ တွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မုန့်ညှင်းချဉ်ပြုလုပ်သူများ, စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူ အသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းရွက်တစ်စီးလျှင်(၃၀၀)ကျပ်၊ (၁၀)စီးပါတစ်ထုံးလျှင်(၂၇၀၀)ကျပ် ဖြင့်ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း မုန့်ညှင်းရွက် စိုက်ပျိုးသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဒေသထွက် မေမြို့ပန်းများ လူကြိုက်များ၍ အရောင်းအဝယ်သွက်

 မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင် ၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိသည်။

ယခုအခါ ကန့်ဘလူခရိုင်အတွင်း မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိနေကြောင်း၊ စိုက်ပျိုးမှုအနေ ဖြင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေး သို့လာရောက်ရောင်းချကြောင်း၊ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း မေမြို့ပန်း(၃)ပင်ပါတစ်စည်း လျှင်(၉၀၀)ကျပ်၊ (၁၀)စည်းပါတစ်ထုံးလျှင် (၈၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း လူကြိုက်များသော ပန်းဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် လူကြိုက်များ၍ အရောင်းသွက်သည့် သပြေပန်းဈေးနှုန်း

     မြန်မာလူမျိုးတို့သည် သပြေပန်းကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းသည် ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိကြောင်း၊ ယခုအခါတွင် သပြေပန်းပင် များကို ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း  ပန်းရောင်းချသူများထံမှ သိရသည်။

သပြေပန်းသည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်း၊ အနီရောင်အဆင်းရှိပြီး လူကြိုက်များကြောင်း၊ သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍(၂)မျိုး ရောင်းချကြောင်း၊ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း သပြေပန်းခက်တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေငုတ်ကြီး(၁)ငုတ်လျှင်(၅၀၀၀)ကျပ်နှင့် သပြေငုတ်သေး(၁)ငုတ်လျှင် (၃၅၀၀)ကျပ်ဖြင့်ရောင်းချ ကြောင်း လူကြိုက်များသော ပန်းဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသော ဂျင်း(ချင်း)တက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း “မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ဂျင်း(ချင်း)တစ်ပိဿာလျှင်(၅၀၀)ကျပ် မြင့်တက်လာကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

                             DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ အာလူးသီး ဈေးနှုန်း၊ဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကား ကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက် ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေ သောအာလူးသီးဈေးနှုန်းများမှာ အာလူးသီးအလုံးလှ(၁)ပိဿာလျှင် ၆၀၀၀ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း ၊ ယခင်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက အာလူး သီးဈေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ဖီးကြမ်းငှက်ပျောသီး ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် အနီးအနားရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်လျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများအပြင် ဥယျာဉ်ခြံမြေသီးနှံများကိုလည်း စိုက်ပျိုး လျက်ရှိရာ ဌက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ငှက်ပျောသီးကို ငှက်ပျောသီး အမှည့် အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူတင်း အစရှိသော သရေစာများ လုပ်၍လည်း စားသုံးနိုင်ပါသည်။ ငှက်ပျောသီးမှည့်ကို လူကြီးမိဘများ၏ အဆိုအရ မနက်ငှက်ပျော ညသင်္ဘောဆိုသလို မနက်စာ ဖီးကြမ်းငှက်ပျောသီးမှည့် တစ်လုံးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေး ကိုများစွာ အထောက်အကူပြုပြီး ကိုယ်ခံအားကောင်းစေပါသည်။ အစာအုပ်စု(၃)စုအနက် အာဟာရ ပြည့်ဝသည့် အစာအုပ်စုတွင်ပါဝင်ပြီး အမျှင်ဓါတ်ပါရှိ၍ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါ သည်။ ဖီးကြမ်းငှက်ပျောသီးတစ်လုံးကို နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော အဆီပိုများကို လျော့ကျစေသည့်အပြင် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါများမဖြစ်စေရန် ကာကွယ်ပေးပါသည်။

   မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရှိ အုန်း၊ ငှက်ပျောရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်းများအနေဖြင့် ငှက်ပျောတစ်ဖီးလျှင် ကျပ်(၂၅၀၀-၃၀၀၀)ဖြင့်ရောင်းချပြီး အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ပန်းဂေါ်ဖီစိမ်း ဈေးနှုန်းဈေးကွက်

ဈေးကွက်အတွင်း ရောင်းချနေသော ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီအဖြူကဲ့သို့ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဆောင်းရာသီ ရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြ ပါသည်။ အေး၍ခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်း အပင်သည် သက်တမ်း (၁၁) လ ခန့်အထိ ကြာမြင့်သည်ဟု သိရှိရပါသည်။ မြေဆီဩဇာ ပေါများသည့် မြေမျိုးနှင့် သဲဆန်သော မြေတွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။

ပန်းဂေါ်ဖီစိမ်းတွင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ကေ သတ္ထုဓာတ်နှစ်မျိုး ပေါများစွာ ပါဝင်သောကြောင့် အရိုးပွရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပြီး အရိုးကျန်းမာရေး အထူးကောင်းမွန် စေသည်။ ထို့အပြင် ပန်းဂေါ်ဖီစိမ်းသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင် ဈေးအတွင်းတွင်  ရောင်းချနေသော ပန်းဂေါ်ဖီစိမ်းစျေးနှုန်းများအနေဖြင့် (၁၀၀၀-၁၂၀၀)ကျပ် အထိ အရွယ်အစားအလိုက် ဈေးနှုန်းအသီးသီးရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ သခွားမွှေးသီး ဈေးနှုန်း၊ ဈေးကွက်

မုံရွာဒေသထွက် သခွားမွေးသီးများကို မုံရွာမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မုံရွာမြို့တွင် ဖြစ်ပေါ်နေသောသခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀၀မှ ၅၀၀၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၅၀၀မှ ၃၀၀၀) အလုံးသေးတစ်လုံးလျှင် (၈၀၀၊ ၁၀၀၀) ကျပ် ဈေးနှုန်း အသီးသီးရှိကြောင်း သိရသည်။ သခွားမွေးသီးများ အထွက်နှုန်း ကောင်း၍ ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း