ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက် ရောင်းချနေသော ခရမ်းကျွတ်သီးဈေး

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာ တောင်သူ ဦးကြည်လွင်၏ မြေဧက (၀.၂၅)ဧကပေါ်တွင် ခရမ်းကျွတ်သီးများ စိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ပေါ်ထွက်နေပြီဖြစ်ကြောင်းသိရသည်။ ခရမ်းကျွတ်မျိုးများမှာ အဖြူသီး၊ ခရမ်းရောင်သီး၊ စိမ်းဖြူကြားသီးဟူ၍ (၃)မျိုးရှိရာ အဖြူသီးကိုသာ စိုက်ပျိုးကြောင်းသိရသည်။ ရန်ကုန် ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။ ခရမ်းကျွတ်သီးကို (၁၂)လ ရာသီပတ်လုံး စိုက်ပျိုးပြီး ခူးစွတ်နိုင်ကြောင်းလည်း သိရသည်။ တစ်ပတ်လျှင် တစ်ကြိမ်ခူးစွတ်နိုင်ပြီး အလုံးရေ (၁၀၀၀၀)ခန့်ရရှိကြောင်းလည်းသိရသည်။ ဈေးကွက်သို့ တစ်လုံးလျှင် (၂၀)ကျပ်နှုန်းဖြင့် လက်လီရောင်းချပြီး လက်ကားဈေးနှုန်းမှာ တစ်လုံးလျှင် (၄၀-၅၀) ကျပ်ရရှိကြောင်းသိရသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့ရှိ ကြက်ဟင်းခါးသီးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဝါးတောအုပ်စု၊ ဝါလည်ကျေးရွာတွင် ကြက်ဟင်းခါးသီး များစိုက်ထားရှိထားကြောင်း သိရှိရပါသည်။ ထိုဒေသတွင် စိုက်ပျိုးထားသော ကြက်ဟင်းခါးသီးမျိုးမှာ ဂုဏ်မာန်မျိုးဖြစ်ပြီး စိုက်ပျိုးသောစင်မှာ အလျား ၁၅တောင်၊ အနံ ၅၀တောင်ရှိသော စင်ဖြင့် စိုက်ပျိုး ကြပါသည်။ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် စင်အပါအဝင် စုစုပေါင်း (၂)သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ကြက်ဟင်းခါးသီးများစတင်ထွက်ပေါ်ချိန်တွင် (၃)ရက်လျှင် တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အလုံးရေ ၃၀၀မှ ၅၀၀ကြားရရှိသည်ဟုသိရပြီး ကြက်ဟင်းခါးသီး ရာသီချိန်တွင် အလုံးရေ ၆၀၀၀ခန့် ခူးဆွတ်၍ရောင်းချရကြောင်း သိရပါသည်။ ဈေးနှုန်းများ အနေ ဖြင့် အထိုင်ဈေး တစ်လုံးလျှင် ၁၃၀/၁၅၀ကျပ်ဖြင့်ရောင်းချ၍ ဈေးကွက်အနေဖြင့် ပေါက်ခေါင်း မြို့နယ်အတွင်းနှင့် အနီးအနားရှိ အခြားကျေးရွာများသို့တင်ပို့ရောင်းချကြောင်း သိရပါသည်။ ကြက်ဟင်းခါးသီး ရောင်းရငွေမှာ ၇၈၀၀၀၀ကျပ်ရရှိပြီး အသားတင်အကျိုးအမြတ်အနေဖြင့် ၅၈၀၀၀၀ကျပ်ခန့်ရရှိသောသီးနှံဖြစ်၍ တောင်သူများအနေဖြင့် တဘက်တလမ်းမှ ဝင်ငွေများ ရရှိအောင် စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါသည်။

DOCA(ပဲခူး)

ပြည်ချင်းပွဲရုံများသို့ ချင်းအတက်များဝင်ရောက်ပြီးဈေးအနည်းငယ်ကျ

          ပြည်(ချင်း)ပွဲရုံများသို့ ဝင်ရောက်လာသောချင်းတက်အသစ်များ ပုံမှန်ဝင်ရောက် နေသော် လည်း ယခုတစ်ပတ်တွင် ချင်းအခက်အလက်များနှင့် ချင်းများဝင်ရောက်လာတာတွေ့ရပါသည်။ ဝင်ရောက်လာသောချင်းတက်များမှာ အစိုဓါတ်များပြီး အရည်အသွေးအနည်းငယ်ညံ့သောကြောင့် ချင်းဈေးလည်းကျလာတာတွေ့ရပါသည်။ ယခုအပတ်ချင်းဈေးတွေကတော့ ချင်းတက်တစ်ပိဿာ လျှင် (ပွဲရုံဈေး) ၃၅၀၀-၄၀၀၀ကျပ်ဖြစ်ပြီး ဒေသအတွင်း လက်လီဈေးများတွင် ချင်းတက်တစ်ပိဿာ ၆၀၀၀-၇၀၀၀ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပါသည်။ ဒါးလှီးချင်းဖက်တစ်ပိဿာလျှင် ၆၀၀၀ကျပ် ဈေးဖြစ်ပြီး ဒါးလှီးချင်းဖက်အတွက် ချင်းတက်အသစ်များကိုတော့ ဒါးလှီးသမားတို့ အစွဲများ တာကြောင့် ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ဖြစ်နေပါသည်။

DOCA(ပဲခူး)

ပြည်ဆင်ခရမ်းချဉ်သီးနှင့် ဒန့်ဒလွန်သီးရှားပါး၍ဈေးကောင်းရ

          ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ ဆင်ခရမ်းချဉ်သီးများ ဝင်ရောက်မှု နည်းပါးပြီး ဈေးကောင်းရလျှက်ရှိနေပါသည်။ မင်းတုန်း၊ ဥသျှစ်ပင်ဘက်မှ တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာအဝင်ရှိပြီး အလုံး ၃၀/၄၀ခန့်သာဝင်ရောက်မှုရှိနေပြီး ယခင်အချိန်တွင် အလုံးရေ ၁၀၀၀ခန့်ကို ရက်ခြားအဝင်ရှိခဲ့ပြီး ဈေးနှုန်းမှာလည်း တစ်လုံးလျှင်ကျပ် ၂၅၀ဝန်းကျင်ခန့် ရောင်းချမှုရှိခဲ့ကြောင်း သိရသဖြင့် ယခုကာလတွင် တစ်လုံးလျှင် အကြီး၊ အသေး ပေါ်မူတည်၍ ကျပ် ၄၀၀-၅၀၀နှုန်းဖြင့် အသီးသီးရောင်းချလျှက်ရှိကြောင်း သိရပါသည်။

ပြည်ဈေးကွက်၌ ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ဒန့်သလွန်သီးဈေးနှုန်းများ မြင့်တက် လျက်ရှိပြီး ဝင်ရောက်မှုမှာလည်း တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ အဝင်ရှိသဖြင့် မြင့်တက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။ ပြည်မြို့အနောက်ဘက်ကမ်းရှိ ဆင်တဲရွာအနီးတဝိုက်မှသာ အဝင်ရှိပြီး အတောင့် ၅၀/၆၀ခန့်သာ အဝင်ရှိနေသည်။ ပေါ်ဦးပေါ်ဖျားရှားပါးချိန်ဖြစ်သည့်အတွက် အဝင်လည်း နည်းကာဈေးကောင်းရနေပြီး ယခင်နှစ်တစ်တောင့်လျှင် ကျပ် ၃၀၀နှုန်းရှိခဲ့၍ ယခုလတွင် အတောင့် အချော၊ အသေးပေါ်မူတည်ပြီး ကျပ် ၄၅၀-၅၀၀နှုန်းဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်မှ အာလူးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          ပြည်ဈေးကွက်အတွင်း ရောင်းချနေသော အာလူးများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမြို့မှထွက်ရှိသော အာလူးများအားဝယ်ယူရောင်းချခြင်းဖြစ်ပါသည်။ ယခင်က ရောင်းချ သောအာလူးများမှာ တန်ခူးလအရှေ့ပိုင်းနှင့် အနောက်ပိုင်းမှထွက်ရှိသော ရေအာလူးများ ဖြစ် ကြောင်း သိရှိရပါသည်။ ယခုအခါ ထိုရေအာလူးမှာ လက်ကျန်မရှိတော့ဘဲ ဇွန်၊ ဇူလိုင်လ အတွင်းထွက်ရှိသော ကုန်းအာလူးများသာ ထိုမှတစ်ဆင့်မှာယူ၍ ပြည်ဈေးကွက်အတွင်း ရောင်းချ နေခြင်းဖြစ်ပါသည်။ မှာယူရောင်းချသော ကုန်းအာလူးမှာ ယခုနှစ်တွင် အထွက်နည်း သည့်အတွက် စိုက်ပျိုးထွက်ရှိရာဒေသမှာပင် ဈေးကောင်းရနေသည့်အတွက် ပြည်ဈေးကွက်အတွင်း ပြန်လည်ရောင်းချရာတွင် အာလူးလက်လီတစ်ပိဿာလျှင်၅၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပြည်ဈေးကွက်သို့ တစ်ပတ်လျှင် ပိဿာ(၃၀)ဝင်ဆံ့အိတ် ၃၀၀ခန့် အဝင်ရှိပြီး ဒေသတွင်းနှင့် ခရိုင်အတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။

DOCA(ပဲခူး)

ကွမ်းပင်စိုက်ပျိုးဝင်ငွေတိုး ပြည်ဈေးကွက်အခြေအနေ

          ကွမ်းခြံတစ်ခြံလျှင် ကွမ်းပင် ၅၀၀မှ ၁၀၀၀အထိ စိုက်ပျိုးကြပါသည်။ ကွမ်းညွှန့်တစ်ညွန့်လျှင် ယခင်နှစ်များက ၁၀၀ကျပ်နှုန်းသာ ဈေးနှုန်းရှိပြီး ယခုနှစ်အချိန်တွင် ၃၀၀ကျပ်နှုန်းဈေးရှိပါသည်။ ကွမ်းရွက်များခူးဆွတ်ချိန်တွင် (၁၅)ရက်တစ်ခါခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် ပိဿာချိန် ၃၀မှ ၅၀ အထိထွက်ရှိပါသည်။ ကွမ်းစိုက်ပျိုးရာဒေသများမှာ ပြည်မြို့နယ်အတွင်းရှိ ကြာအင်းရွာ၊ ဖုမ္မသိမ်ရွာ နှင့် ဝက်ပုတ်၊ အင်းမစသည့်မြို့များမှလည်း ကွမ်းများအား စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရပါသည်။ စိုက်ပျိုးသောကွမ်းအမျိုးအစားများမှာ စလင်းကွမ်း၊ အင်းမကွမ်း၊ ကွမ်းနုဝါ၊ အင်္ဂပူကွမ်းတို့ စိုက်ပျိုးကြပါသည်။ ယခင်နှစ်တွင် ကွမ်းဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေးနှုန်းမှာ ၅၀၀၀ကျပ် သာဖြစ်ပြီး ယခုနှစ်တွင် ကွမ်းဈေးနှုန်းမှာ ယခုအချိန်ထိ ပေါက်ဈေး တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ၁၃၀၀၀ကျပ်ဈေးတို့ဖြင့်ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ရက်(၁၀၀)သပြေဈေးကွက်

          ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးများသည် ပြည်မြို့ပေါ်ရှိနေထိုင်သော လူများ သာမက ရပ်ဝေး ရပ်နီးတွင်နေထိုင်ကြသော လူများကပါ တကူးတက မှာယူကပ်လှူကြသော ဘုရာပန်းဖြစ်ပါသည်။ သို့သော်ယခုလို အောင်သပြေတုံးများ အထွက်နည်းသောအချိန်တွင် ပြည်မြို့ရှိ ပန်းဈေးကွက်ထဲသို့ရောက်လာသည်မှာ ရက်(၁၀၀) ပြေပန်းဖြစ်ပါသည်။ ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးမှာ အငုတ်မှအညွှန့်များ ဖြာထွက်နေပြီး ရေလဲပေးပါက အညွန့်အသစ်များ ထပ်မံထွက်ပေါ်လာကာ (၁)လခန့် အထားခံပါသည်။ ယခုအခါဈေးကွက်တွင် ရောင်းချနေသော ရက်(၁၀၀)သပြေမှာ ကိုင်းမှအရွက်များထွက်နေပြီး ပုံမှန် ရေလဲပေးပါက အရွက်များ အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်ပြောင်းကာ အရွက်များကြွေခြင်းမရှိပဲ အနည်းဆုံး ၆လမှ ၈လခန့် အထားခံပါသည်။ ရက်(၁၀၀)သပြေကို ကိုင်းကြီး၊ ကိုင်းလတ်၊ ကိုင်းသေးအစည်းဟူ၍ သုံးမျိုးရောင်းချကြောင်း သိရပါသည်။ ရောင်းဈေးမှာ သပြေကိုင်းကြီး တခက်လျှင် ၂၀၀၀ကျပ်၊ ကိုင်းလတ်တစ်ခက်လျှင် ၁၀၀၀ကျပ်နှင့် ကိုင်းသေး(၅)ခက်ပါ တစ်စည်း လျှင် ၁၂၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ကိုင်းကြီးမှာ ပိုမို၍ကြာရှည်စွာ အထားခံကြောင်း သိရပါ သည်။ ယခင်က ရက်(၁၀၀) သပြေကို ရန်ကုန်မြို့သို့ရောက်ရှိမှသာ ဝယ်ယူရရှိ ပေမယ့်ယခုအခါတွင် ပြည်ဈေးကွက်၌ လိုသလိုဝယ်ယူ မှုရှိသောကြောင့် ဘုရားကျောင်းဆောင်များတွင် စိမ်းစိမ်းစိုစိုနှင့် ကျက်သရေရှိလှပါသည်။ သပြေတုံးများမှာ မိုးများသောကြောင့် သပြေတုံးများအဝင်နည်းနေချိန်တွင် ရက်(၁၀၀)သပြေများ ဈေးကွက်တွင် ဦးမော့လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ မျှစ်နှင့် ရွှေဖရုံသီးဈေးနှုန်းဈေးကွက်

        ပြည်မြို့ရှိ ဈေးများထဲတွင် ပြည်အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို ရွာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ မျှစ်များချိုးယူ၍ ရောင်းချကြပါသည်။ မျှစ်၏သဘာဝအရောင်မှ  အဖြူရောင်ဖြစ်ပြီး မျှစ်အစိမ်းကိုပြုတ်လိုက်လျှင် ဝါကျင့်ကျင့်အရောင် ပြောင်းသွားတက်ပါသည်။ ယခုအချိန် ဈေးကွက်တွင်ရောင်းချနေသော မျှစ်အမျိုးအစားများမှာ မျှစ်စပ်နှင့် မျှစ်ပြုတ်များဖြစ်ပါသည်။ မျှစ်စပ်ဈေးမှာတစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ကျပ် နှင့်မျှစ်ပြုတ် တစ်ပိဿာလျှင် ၁၅၀၀-၂၀၀၀ကျပ်ဖြင့် ပြည်မြို့ဈေးကွက်ထဲတွင် ရောင်းချလျက်ရှိပါသည်။ ရွှေဖရုံ သီး၏ အညွန့်နှင့် အသီးကို တို့စရာအဖြစ်လည်းကောင်း၊ သီးစုံအဖြစ် ငါးအသား မျိုးစုံတို့နှင့်ရောနှော၍ ချက်ပြုတ်စားကြပါသည်။ ရွှေဖရုံသီးကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာ ကျေးရွာ၊ တောင်လုံးညို ကျေးရွာများတွင်စိုက်ပျိုးကြပြီး ထွက်ရှိလာသောရွှေဖရုံသီးများကို ပြည်မြို့အတွင်းရှိ ဈေးများနှင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေး များသို့တင်ပို့ ရောင်းချကြောင်း သိရပါသည်။ ယခုအချိန်ဖြစ်သော ဩဂုတ်လနောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော ရွှေဖရုံသီးဈေးမှာ အကြီး တစ်လုံးလျှင် ၁၃၀၀-၁၅၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ယခင်နှစ်တွင် ရွှေဖရုံသီးတစ်လုံး လျှင် ၁၅၀၀-၂၀၀၀ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် ယခုနှစ်တွင်ရွှေဖရုံသီး ဈေးများအနည်းငယ် ကျဆင်း လာကြောင်းတွေ့ရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ရုံးပတီစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိ မှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာအကျယ်အဝန်း အများကြီးမလိုသော ရုံးပတီသီးကို မိသားစုစားသုံးရန်အတွက်သာမက ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိသောကြောင့် စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပြီး စိုက်ပျိုးသော မျိုး၊ နည်းစနစ်နှင့် အပင်ပြုစုမှု တို့အပေါ်မူတည်၍ တစ်ဧကလျှင် (၁၀၀၀-၂၅၀၀)ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။

          ယခုအခါ စားသောက်ဆိုင်များ၊ အကင်ဆိုင်များတွင် ရုံးပတီသီးသည် လူအများကြိုက်နှစ် သက်သည့် အစားအစာဖြစ်ပြီး ကန့်ဘလူမြို့မဈေးတွင် ရုံးပတီသီး(၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၁)ပိဿာလျှင်(၃၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရုံးပတီသီးကို မိမိတို့နေအိမ်ခြံဝန်း၌လည်း ကောင်း၊ ယာကွက်များ၌လည်းကောင်း စိုက်ပျိုးထွက်ရှိသည့်အတွက် ဟင်းတစ်ခွက်အပြင် အသီးကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။    

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဒန့်ဒလွန်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကို သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိ မှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာသီးသန့်အကျယ်အဝန်းအများကြီး မလိုတာကြောင့် အိမ်ခြံဝန်းအတွင်း စားသုံးသီးနှံပင်အဖြစ် ဒန့်ဒလွန်ကို စိုက်ပျိုးကြသည်။ ဒန့်ဒလွန် စိုက်ပျိုးရာတွင် ကိုင်းဖြတ်စိုက်ခြင်းနဲ့ အစေ့ကိုတိုက်ရိုက်စိုက်ခြင်းဆိုပြီး (၂)မျိုးရှိကြောင်း၊ ဒန့်ဒလွန် ကိုမိုးဦးကျချိန် ဇွန်လတွင် စိုက်ပျိုးလျှင် အကောင်းဆုံးဖြစ်ကြောင်း ၊ ဒန့်ဒလွန်တစ်ပင်သည် အရွယ် ရောက်လာပါက စိုက်ပျိုးနည်းစနစ်ပေါ်မူတည်ပြီး အသီးတောင့်ရေ(၂၀၀)ခန့်သီးကြောင်း သိရသည်။

          မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက် ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၅)တောင့်ပါတစ်စီးလျှင် ငွေကျပ် ၁၀၀၀၊ အတောင့်လှလျှင်(၄)တောင့်ပါတစ်စီးကို ငွေကျပ် ၁၀၀၀ ဖြင့်ရောင်းချကြောင်း၊ မိမိတို့နေအိမ်ခြံဝန်းမှ စိုက်ပျိုးထွက်ရှိသည့်အတွက် စားစရာဟင်းတစ်ခွက်အပြင် အသီး၊အရွက်တို့ကို ခူးဆွတ်ရောင်းချ ခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။        

DOCA(စစ်ကိုင်း)

 

                                                         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း