ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်ခရိုင်မှ စပါးဆန်၊ ဈေးနှုန်းနှင့် ဒေသထွက် ဆန်နှင့် ဆန်ကွဲများ စီးထွက်မှု အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် လယ်ယာထွက်ကုန် အခြေခံတန်ဖိုးမြင့်  စားသောက်ကုန်ချော ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများဖြင့် ဖွံ့ဖြိုး တိုးတက်သော တိုင်းတစ်တိုင်းဖြစ်သည်။ ဧရာဝတီသည် မြန်မာနိုင်ငံ၏ အဓိက စပါးကျီဟု ဆန်အိုးကြီးပမာ တင်စား ခေါ်ဝေါ်ရလောက်အောင် လယ်ယာထွက်ကုန် စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထွက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ခရိုင် ၅ခုရှိပြီး ပုသိမ်ခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သတခရိုင်၊ ဖျာပုံခရိုင်တို့ရှိပြီး ဒေသတွင်းစပါးကို အဓိကထားစိုက်ပျိုးကြသည်။ ဧရာဝတီခရိုင်အသီးသီးမှ ဆန်နှင့် ထွက်ရှိသော ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး ဆန်ကွဲကို ရန်ကုန် စက်မှုဇုန်ကြီးများသို့ တင်ပိုကြောင်း သိရသည်။

     မအူပင်ခရိုင်မှ ထွက်ရှိသော ဆန်များကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ တင်ပို့မှုအနေဖြင့် ၂၆၄၆၄၃ အိတ်၊  တန်အားဖြင့် ၁၃၂၃၂ တန်ကိုလည်းကောင်း၊ ဖေဖော်ဝါရီလက ဆန် ၃၇၆၈၄၉အိတ်၊ တန်အားဖြင့် ၁၈၈၄၂တန်ကိုလည်းကောင်း၊ မတ်လ ဆန် ၅၂၃၉၂၀ အိတ်၊ တန်အားဖြင့် ၂၆၁၉၆တန်ကိုလည်းကောင်း၊ ဧပြီလ ဆန် ၁၀၈၀၅၂ အိတ်၊ တန်အားဖြင့် ၅၄၀၂တန်ကိုလည်းကောင်း၊ မေလ ဆန် ၂၃၀၆၃၈အိတ်၊ တန်အားဖြင့် ၁၁၅၃၂တန်ကိုလည်းကောင်း၊ ဇွန် ဆန် ၁၆၃၆၅၁အိတ်၊ တန်အားဖြင့် ၈၁၈၂တန်ကိုလည်းကောင်း၊ ဇူလိုင်လ ဆန် ၂၄၀၉၉၇အိတ်၊ တန်အားဖြင့် ၁၂၀၅၀တန်ကိုလည်းကောင်း၊ ဩဂုတ်လ ဆန် ၁၅၉၈၉၅အိတ်၊ တန်အားဖြင့် ၇၉၉၅ တန်ကိုလည်းကောင်း၊ စက်တင်ဘာလက ဆန် ၁၇၆၇၈၅အိတ်၊ တန်အားဖြင့် ၈၈၃၉တန်ကိုလည်းကောင်း တင်ပို့ခဲ့ကြောင်း သိရသည်။

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဒေသထွက် ဆန်များကို တင်ပို့ရာတွင် သီလဝါဆိပ်ကမ်း၊သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှုဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

     အခြားမြို့နယ်ဆန်များကို ဇန်နဝါရီလက ၄၁၁၀၁၂ အိတ်၊ ဖေဖော်ဝါရီလက ၄၀၂၅၂၂အိတ်၊  မတ်လ ၃၆၄၄၁၇အိတ်၊ ဧပြီလ ၁၇၇၇၄၇အိတ်၊ မေလ ၂၇၈၀၁၀အိတ်၊ ဇွန်လ ၂၀၇၉၂၂ အိတ်၊ ဇူလိုင် ၃၀၆၂၉၁အိတ်၊ ဩဂုတ်လ ၁၀၉၄၉၀အိတ်၊ စက်တင်ဘာလ ၁၈၈၂၀၀အိတ်ကို တင်ပို့ကြောင်း သိရသည်။

     မအူပင်ခရိုင်မှ ထွက်ရှိသော ဆန်ကွဲ များကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ တင်ပို့မှုအနေဖြင့် ၁၂၅၃၅၉ အိတ်၊  တန်အားဖြင့် ၆၂၆၈ တန်ကိုလည်းကောင်း၊ ဖေဖော်ဝါရီလက ဆန် ၁၀၇၆၃၉ အိတ်၊ တန်အားဖြင့် ၅၃၈၁ တန်ကိုလည်းကောင်း၊ မတ်လ ဆန် ၈၃၁၃၀ အိတ်၊ တန်အားဖြင့် ၄၁၅၆ တန်ကိုလည်းကောင်း၊ ဧပြီလ ဆန် ၄၆၃၈၁ အိတ်၊ တန်အားဖြင့် ၂၃၁၉ တန်ကိုလည်းကောင်း၊ မေလ ဆန် ၇၈၇၅၄အိတ်၊ တန်အားဖြင့် ၃၉၃၈ တန်ကိုလည်းကောင်း၊ ဇွန် ဆန် ၈၄၆၅၈ အိတ်၊ တန်အားဖြင့် ၄၂၃၃ တန်ကိုလည်းကောင်း၊ ဇူလိုင်လ ဆန် ၆၁၅၄၀အိတ်၊ တန်အားဖြင့် ၃၀၇၇ တန်ကိုလည်းကောင်း၊ ဩဂုတ်လ ဆန် ၄၉၈၉၀ အိတ်၊ တန်အားဖြင့် ၂၄၉၅ တန်ကိုလည်းကောင်း၊ စက်တင်ဘာလက ဆန် ၆၃၂၇၃ အိတ်၊ တန်အားဖြင့် ၃၁၆၄ တန်ကိုလည်းကောင်း တင်ပို့ခဲ့ကြောင်း သိရသည်။

    အခြားမြို့နယ်ဆန်များကို ဇန်နဝါရီလက ၁၅၆၀၀၆ အိတ်၊ ဖေဖော်ဝါရီလက ၁၄၅၄၅၀ အိတ်၊  မတ်လ ၁၃၄၃၀၀ အိတ်၊ ဧပြီလ ၅၁၄၃၉ အိတ်၊ မေလ ၇၃၄၉၉ အိတ်၊ ဇွန်လ ၈၁၈၁၈ အိတ်၊ ဇူလိုင်  ၇၂၂၄၀ အိတ်၊ ဩဂုတ်လ ၅၁၉၂၅ အိတ်၊ စက်တင်ဘာလ  ၇၃၂၅၀ အိတ်ကို တင်ပို့ကြောင်း သိရသည်။

     ဆန်ကွဲ များကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆူးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိပ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ နေ့စဉ်စီးထွက်ကြောင်း သိရသည်။

       စပါးဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ် အောက်တိုဘာလ စတုတ္ထပါတ် ပေါ်ဆန်း စပါး (၅၀)ပေါင် တင်း ၁၀၀ ကွင်းဈေး ၂၆၂၀၀၀၀ကျပ်၊ မြို့ဈေး ၂၆၅၀၀၀၀ကျပ်၊ ပေါ်ဆန်း ၄၆ပေါင် တင်း၁၀၀ ကွင်းဈေး ၂၄၀၀၀၀၀ကျပ်၊ မြို့ဈေး ၂၄၃၈၀၀၀ကျပ်၊ ပေါ်ဆန်း ဆန် (၁၀၈)ပေါင် တစ်အိတ် လတ်စ ၁၁၅၀၀၀ကျပ်၊ ထိပ်စ ၁၂၀၀၀ကျပ်၊ ဆင်းသုခ စပါး(၅၀)ပေါင် တင်း ၁၀၀ဈေး ၁၃၇၀၀၀၀ကျပ်၊ မြို့ဈေး ၁၄၀၀၀၀၀ကျပ်၊ ဆင်းသုခ စပါး(၄၆)ပေါင် တင်း ၁၀၀ ကွင်းဈေး ၁၂၆၀၄၀၀ကျပ်၊ မြို့ဈေး ၁၂၈၈၀၀၀ကျပ်၊  ဆင်းသုခဆန် (၁၀၈)ပေါင် တစ်အိတ်ဈေး လတ်စ ၄၉၀၀၀၊ ထိပ်စ ၅၅၀၀၀ကျပ်၊ GW-11 စပါး(၅၀) ပေါင် တင်း၁၀၀ ကွင်းဈေး၁၃၀၀၀၀၀ကျပ်၊ မြို့ဈေး ၁၃၅၀၀၀၀ကျပ်၊ GW-11 စပါး(၄၆)ပေါင် တင်း၁၀၀ ၁၁၆၈၄၀၀ ကျပ်၊ မြို့ဈေး ၁၁၉၆၀၀၀ကျပ်၊ GW-11 ဆန်အိတ် (၁၀၈)ပေါင် တစ်အိတ် လတ်စ ၄၈၀၀၀ကျပ်၊ ထိပ်စ ၄၉၀၀၀ကျပ်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

DOCA(ဧရာဝတီ)

တောင်သာမြို့၏အောင်မြင်စွာဖြစ်ထွန်းနေသောမိုးပဲတီစိမ်းစိုက်ခင်းများ

          တောင်သာမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မြင်းခြံ ခရိုင်အတွင်းတွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ကျေးရွာများတွင် အဓိကသီးနှံ ကြက်သွန်နီနှင့် ပြောင်းတို့စိုက်ပျိုးလျက်ရှိရာ မိုးပဲတီစိမ်းသီးနှံကိုလည်း တောင်သူများအနေဖြင့် အားထားစိုက်ပျိုးကြောင်း သိရှိရသည်။ မိုးဦးပဲတီစိမ်းသီးနှံကို (မေလ) နောက်ဆုံးပတ်တွင် စိုက်ပျိုး ထားရှိပြီး အောက်တိုဘာလကုန်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် အထိ (၄) လခန့်ကြာ မြင့်ကြောင်းသိရှိရသည်။

         တောင်သာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးကြိုပဲတီစိမ်း စိုက်ဧက (၂၃၆၅၀) ဧကစိုက်ပျိုး ထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခုနှစ်စိုက်ဧကသည် ယခင်နှစ်စိုက်ဧကထက်  (၁၉၉၇) ဧကခန့်ပိုမိုစိုက်ပျိုးထား ကြောင်း သိရှိရသည်။ တောင်သူများအနေဖြင့် ရာသီမရွေးစိုက်ပျိုးနိုင်သော ရေဆင်း(၃)ကိုစိုက်ပျိုး ထားရှိပြီး ထွန်ကြောင်းခံ၍ တစ်ဧကမျိုး ၆ ပြည်ကိုကြဲပက်စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ခြေတွင် တန်းကြား(၁၈)လက်မ၊ ပင်ကြား(၄)လက်မထား၍ စိုက်ပျိုးကြောင်း၊ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းစေရန် ထယ်ရေးချရကြောင်း၊ အပင်ခြေတွင် အစိုဓာတ်ကောင်းပြီး စိုက်ပျိုးချိန်မှန်ကန်ပါက အထွက်နှုန်း ပိုမိုကောင်းမွန် ကြောင်းသိရှိရသည်။ ယခင်နှစ်ထွက်နှုန်းမှာ (၇-၈) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ် တွင် ရာသီဥတုကောင်းပြီး အစိုဓာတ်ရှိသောကြောင့် ယခင်နှစ်ထက်အထွက်နှုန်း ပိုမိုထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ပဲတီစိမ်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ၂၀၂၅ခုနှစ် အောက်တိုဘာ တိယပတ်တွင် တောင်သာမြို့နယ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၁၀၀၀) ကျပ် ခန့်ပေါက်ဈေးရှိကြောင်း၊ ထွက်ရှိသောပဲတီစိမ်းများကို ဒေသတွင်းစားသုံးရန်နှင့် ပိုလျှံသောပဲများကို မြင်းခြံမြို့၊ မန္တလေးမြို့နှင့် ရန်ကုန် ဘုရင့်နောင် ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

မြင်းခြံခရိုင်၏ပဲစဉ်းငုံ(မိုးဦး)စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်

 အပူပိုင်းဒေသဖြစ်သာ မြင်းခြံခရိုင်သည် ဆည်ရေသောက် အသင့်တင့်ရှိ၍ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိရာ ပဲစဉ်ငုံ(မိုးဦး) သီးနှံကိုလည်း စိုက်ပျိုး ထားရှိကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာနှစ်တွင် မြင်းခြံခရိုင်ချုပ်အနေဖြင့် စိုက်ပျိုးထားရှိသော ပဲစဉ်းငုံ(မိုးဦး) စိုက်ဧကပေါင်း (၁၀၂၁၆၅) ဧက စိုက်ပျိုး ထားရှိကြောင်း ခရိုင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မြို့နယ် များအနေဖြင့် စိုက်ပျိုး ထားရှိမှုမှာ မြင်းခြံမြို့နယ်တွင် (၆၀၀၃)ဧက၊                   တောင်သာမြို့နယ်တွင် (၁၈၃၆၁) ဧက၊ နွားထိုးကြီး မြို့နယ်တွင် (၇၇၈၀၁)ဧကစိုက်ပျိုးထားရှိကြောင်း၊ (၂၇၂၆)ဧက ပဲစဉ်းငုံသီးနှံကို ‌မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်ကြောင်း၊ တစ်ဧက ကုန်ကျ စရိတ်အနေဖြင့် (၃၇၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊  သက်ကြီးရွှေဒင်္ဂါးမျိုး များကို  စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန် ပဲစဉ်းငုံအနီတစ်တင်းလျှင် (၁၀၇၅၀၀) ကျပ်ပေါက် ဈေးများရှိကြောင်း၊ အထွက်နှုန်းအနေဖြင့်(၁၀)တင်းခန့် ထွက်ရှိကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့်(၇၀၅၀၀၀) ကျပ်ရှိခဲ့ကြောင်း၊ ယခုလက်ရှိ မြင်းခြံဈေးကွက်၌ ဖြစ်ပေါ်နေသော ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတိယပတ်တွင် ပဲစဉ်းငုံနီတစ်တင်းလျှင် (၈၁၀၀၀) ကျပ်၊ အဖြူတစ်တင်းလျှင် (၇၆၀၀၀) ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲစဉ်းငုံများလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် တောင်သူများကိုယ်တိုင် မြို့ပေါ်ရှိပွဲရုံများသို့ လာ‌ရောက်ရောင်း ချကြောင်း၊ ၎င်းပွဲရုံများမှတဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း၊ မိုးကို မျှော်ပြီးစိုက်ပျိုးရသော သီးနှံဖြစ်သောကြောင့် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းပိုမိုထွက် ရှိနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးကောင်းပါကအကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲစဉ်ငုံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

 

 

မြင်းခြံမြို့၏ငှက်ပျောစိုက်ပျိုးထားရှိမှုနှင့်ကုန်ကျစရိတ်ဈေးနှုန်းဈေးကွက်

          မြင်းခြံမြို့နယ်သည် ဥယျာဉ်ခြံ မြေလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်းလုပ်ကိုင်ကြောင်းသိရှိရသည်။ဒေသတွင်းကျေးရွာများဖြစ်သော ပတ္တာရွာ၊  သင်္ဘောတင်ရွာ၊ ပိုက်တဲကုန်းနှင့် အနိမ့်ကျေးရွာများသည် ငှက်ပျောပင်များကို မိမိတို့၏ခြံဝန်း များ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်းနှင့် စီးပွားဖြစ်လည်းစိုက်ပျိုးကြကြောင်း သိရှိရသည်။ ငှက်ပျောပင်များကို မိုးဦးမကျမီ မေလဆန်းပိုင်းတွင် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ဧကအနေဖြင့် (၁၁၅)ဧကခန့်စိုက်ပျိုးထားကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ငှက်ပျောစိုက်ပျိုးရာတွင် လှံစို့သားတက်အပင်မြင့်မျိုးကို စိုက်ပျိုးထားကြောင်း၊ရခိုင်ငှက်ပျော မျိုးနှင့် ဖီးကြမ်းငှက်ပျောမျိုးကိုစိုက်ပျိုးထားကြောင်း၊ ငှက်ပျောပင်ကို(၇)ပေပတ်လည်အထိပင်ကြား တန်းကြား အကွာအဝေးထား စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းကောင်းစေရန် တစ်ဧကငှက်ပျောပင် (၁၃၀၀) ခန့်စိုက်ပျိုးထားကြောင်း စိုက်ပျိုးပြီး (၅-၆)လအကြာတွင် ငှက်ပျောဖူးများမထွက်မီအချိန်၌ အပင်ခြေတွင် ဓာတ်မြေဩဇာကို ထည့်သွင်းကျွေးရမည်ဖြစ်ကြောင်း၊ ပန်းပွင့်ပြီးနောက် သားတက် တစ်ခုသာထားရှိပြီး မိခင်အပင်မှ မလိုအပ်သော သားတက်အားလုံးကို ဖယ်ရှားရန်လိုအပ်ကြောင်း၊ ငှက်ပျောကြီးထွားရန် ငှက်ပျောဖူး(အဖိုဖူး)အားဖြတ်ပေးရကြောင်း၊ မိုးရာသီတွင် ရေစိမ့်ဆင်းမှု ကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးပါက အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုး ချိန်မှ(၈)လအကြာတွင် ငှက်ပျောသီးများရင့်မှည့်၍ စတင်ခုတ်ယူပြီး ဈေးကွက်သို့တင်ပို့ ရောင်းချ ကြောင်း၊  တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၉)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၉၀၀) အခိုင်ထွက်ရှိကြောင်း၊ မြင်းခြံမြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယ ပတ်တွင် ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ခန့်၊ ရခိုင်ငှက်ပျောဖီး တစ်ဖီးလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ငှက်ပျောအဖီး အရည်အသွေးပေါ်မူ တည်၍ဈေးနှုန်း ကွာခြားကြောင်း၊ ထွက်ရှိသောငှက်ပျောသီးများကို ဒေသတွင်းစားသုံးရန်နှင့် သာရေးနာရေး ပွဲများတွင် လည်း အသုံးပြုသောကြောင့်ရောင်းချရကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် တောင်သာမြို့ သို့တင်ပို့ရောင်းချကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့် (၃၄)သိန်းကျပ်ဝန်းကျင်ခန့်   ရရှိကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (မန္တလေး)

 

မြင်းခြံမြို့နယ်၏မိုးငရုတ်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

          မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ထန်းလုပ်ငန်းစသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ မိုးငရုတ် များကိုလည်းစိုက်ပျိုးထားကြောင်း၊  မိုးငရုတ်ကို မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် ကာအထိ (၄) လခန့်ကြာမြင့်ကြောင်းသိရှိရသည်။

            ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင်  မိုးငရုတ်စိုက်ဧကပေါင်း (၇၆) ဧကစိုက်ပျိုးထားရှိ ကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးငရုတ်များကို နဘူးအိုင်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ အနိမ့်ရွာနှင့် ပတ္တာကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တိယပတ်တွင် ငရုတ်သီးစိမ်း  ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိသာလျှင် (‌၃၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ တိယပတ်နှင့်နှိုင်းယှဉ်ပါက ယခုလတွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၁၀၀) ကျပ်ခန့်ဈေးနှုန်း ကျဆင်းခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် မြင်းခြံဈေးကွက်သို့ ပုပ္ပါးမြို့၊ ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့မှထွက်ရှိသော ငရုတ်သီး စိမ်းဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

 

 

မြင်းခြံမြို့နယ်၏ကြက်ဟင်းခါးသီး စိုက်ပျိုးထားရှိမှုနှင့် အကျိုးအမြတ်ရရှိမှု

            မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်း၊ ခေါင်းကွဲနှင့် သင်္ဘောတင်ကျေးရွာများတွင် ဥယျာဉ် ခြံမြေများ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ကြက်ဟင်း ခါးသီး များကိုလည်း တစ်နိုင် တပိုင် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ကြက်ဟင်းခါးသီးတွင် အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုး ဟူ၍(၃)မျိုးရှိကြောင်းသိရှိရသည်။ ကြက်ဟင်းခါးသီးသည် ပူနွေးစို စွတ်သော ရာသီဥ တုကိုနှစ်သက်ပြီး မေလနှင့်ဇွန်လများတွင်စိုက်ပျိုးလေ့ရှိကြောင်း၊ ဘောင်ဖော်၍ စင်ထိုးစိုက် ပျိုးကာ စိုက်ပျိုးပြီးအပင်သက် (၂-၃)လကြာလျှင် အသီးများဆွတ်ခူးနိုင်၍ မိုးရာသီစိုက်ကြက်ဟင်းခါးပင်သည် ရေသွင်းပေးရန် မလိုအပ်ကြောင်း၊ ကြက်ဟင်းခါးပင်များအသီးအထွက် ကောင်းစေရန် ပန်းစပွင့်ချိန်တွင် အညွန့်များကို ဖြတ်ပေးသင့်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၆)လခန့် ကြာမြင့်ကြောင်းသိရှိရသည်။ မြင်းခြံဒေသရှိ တောင်သူများသည် အလုံးမျိုးကိုစိုက်ပျိုးကြကြောင်း၊ အလုံးမျိုးမှာ ကြက်ဟင်းခါးသီး အရိုင်းမှသီးသောမျိုးဖြစ်၍ လေးသောအရသာရှိပြီး အထွက်နှုန်းကောင်းသောကြောင့် တောင်သူများ သည် ယင်းမျိုးကိုပိုမိုနှစ်သက် ကြောင်းသိရှိရသည်။ ကြက်ဟင်းခါးအလုံးမျိုးကို အစေ့မှတိုက်ရိုက် စိုက်ပျိုးသောနည်းဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ကျင်းတွင် တစ်ပင်နှင့် တစ်ပင်(၂)ပေခွာပြီး မျိုးစေ့ တစ်ကျင်းလျှင်(၃-၄) စေ့ချပြီးစိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ မျိုး၊စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း (၆၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဒေသတွင်း ကုန်သည်များက ကျေးရွာရှိစိုက်ခင်းများသို့ လာရောက်ဝယ်ယူ ခြင်းများလည်းရှိသကဲ့သို့ တောင်သူများ ကိုယ်တိုင် မြို့ပေါ်ပွဲရုံနှင့်ဈေးများသို့လည်း တိုက်ရိုက်ရောင်းချခြင်းများလည်း ရှိကြောင်း သိရှိရသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၀၀)ပိဿာ ခန့်ထွက်ရှိကြောင်း၊ စိုက်ခင်းရောင်းဈေး တစ်ပိဿာ လျှင်(၄၀၀၀)ကျပ်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချနေသော ကြက်ဟင်းခါးသီး လက်လီတစ်ပိဿာလျှင် (၅၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ထွက်ရှိသော ကြက်ဟင်းခါးသီးများကို ဒေသတွင်း စားသုံးရန်နှင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ဈေးကွက်တွင် ကြက်ဟင်းခါးသီးများ ရှားပါးချိန်ဖြစ်သောကြောင့် ဈေးကောင်းများရရှိကြောင်း၊ တောင်သူများအနေဖြင့် ဈေးကောင်းရရှိ၍ အကျိုးအမြတ် များရရှိကြောင်း ကြက်ဟင်းခါးစိုက်တောင်သူ တစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။

DOCA (မန္တလေး)

 

မြင်းခြံမြို့၏ Value addedထုတ်ကုန်တစ်ခုဖြစ်သောသံပုရာသီးသနပ်ဈေးနှုန်း

            မြင်းခြံမြို့ရှိ မြို့နေလူထုနှင့် ကျေးရွာများတွင် မိသားစုစားဝတ်နေရေးအတွက် သံပုရာသီးများ ကိုအချဉ်တည်ပြီး Value added ထုတ်ကုန်အဖြစ် ပြုပြင်ပြောင်းလဲပြီး သံပုရာသီးသနပ်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်းသိရှိရသည်။ အေးမြသီတာဈေးနှင့် စံပြဈေးများတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်၌ ‌ရောင်းချ နေသော သံပုရာသီးသနပ် လက်ကားဈေး တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ လက်လီဈေး ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့် ရောင်းချရကြောင်း၊ ဈေးနှုန်းအတက်အကျမရှိဘဲ ယခင်စက်တင်ဘာလဈေးနှုန်းများအတိုင်း ရောင်းချ လျက်ရှိကြောင်း၊ ရဟန်းရှင်လူ သားသတ်လွတ်သမားများ စားသုံးမှုများ၍ အရောင်းအဝယ် ကောင်းကြောင်း၊ နေ့စဉ် Value added ထုတ်ကုန်ဖြစ်သော သံပုရာသီးသနပ် လက်လီ၊ လက်ကားရောင်းချရမှုအနေဖြင့် (၇-၁၀)ပိဿာ ခန့်‌ရောင်းချရကြောင်း၊ ‌ဒေသထွက်သံပုရာသီးများ ဖြစ်သောကြောင့် ဈေးနှုန်းချိုသာကြောင်း၊ ပိုလျှံသောသံပုရာသီးများကို Value added ထုတ်ကုန်အဖြစ်ထုတ်လုပ်ပြီးရောင်းချသောကြောင့် သံပုရာသီးသနပ်များဈေးနှုန်းချိုသာစွာ ဝယ်ယူ စားသုံးရကြောင်း၊ သံပုရာသီး သနပ်ထုတ်လုပ်‌ရာတွင် ဆား၊ ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ သကြားနည်းနည်း၊ မဆာလာ စသည်တို့နှင့် ရောစပ်ကာပြုလုပ်ရကြောင်း၊ မြန်မာ့သံပုရာသီးသနပ်သည် ထမင်းမြိန်၍ အာဟာရပြည့်ဝပြီး စားသုံးမှုများသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း သံပုရာသီးသနပ် ပြုလုပ်ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

ဂျင်းအစိုဈေးနှုန်းကျဆင်းခြင်း

   မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရာသီပေါ်ဟင်းခက်အမွှေးအကြိုင်မျိုးစုံ ရောင်းဝယ်လျက်ရှိရာ အသားဟင်းလျာများတွင် မွှေးကြိုင်စေရန် အဓိကထည့်လေ့ရှိသော ဂျင်းအစိုများကိုလည်း ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ရာသီပေါ်ဂျင်းအစိုများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း မြို့မှ တင်သွင်းပြီး ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ် တွင် ‌ဂျင်းအစို ၂၅ ကျပ်သားလျှင် (၈၀၀) ကျပ်၊ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့်ရောင်းချကြောင်း၊ ရာသီပေါ်ဂျင်းအစိုများသည် သိုလှောင်ရာတွင်အထား မခံခြင်း၊ အသားပွခြင်းတို့ကြောင့် ၎င်းသည်အသားကျစ်သော အရည်အသွေးကောင်းသော ဂျင်း(ဟောင်း) ထက် ဈေးနှုန်း လျော့နည်းခြင်းဖြစ်ကြောင်း၊  ရာသီပေါ်ဂျင်းအစိုများသည် လက်လီ ဈေး ကွက်တွင်သုံးစွဲသူများပြား၍  ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိရ သည်။

DOCA(မန္တလေး)

ရာသီပေါ်ထောပတ်ပဲအစိုများဈေးနှုန်းများကျဆင်းလာခြင်း

   မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရာသီပေါ်ဟင်းသီးဟင်းရွက်နှင့် အသီးအနှံမျိုးစုံရောင်း ဝယ်လျက်ရှိရာ မိုးထောပတ်ပဲအစိုများကိုလည်း ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ရာသီပေါ် မိုးထောပတ်ပဲအစိုများကို ပုပ္ပါးမြို့မှတင်သွင်းပြီး ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် မိုးထောပတ်ပဲအစို နို့ဆီတစ်ဗူးလျှင် (၁၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၇၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလ ဒုတိယပတ်တွင် မိုးထောပတ်ပဲ ပေါ်ဦးပေါ်ဖျားနို့ဆီတစ်ဗူးလျှင် (၁၅၀၀) ကျပ်၊ တစ်ပြည်လျှင် (၁၁၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လ ထက် မိုးထောပတ်ပဲ(အစို) နို့ဆီတစ်ဗူးလျှင် (၅၀၀)ကျပ်ခန့်၊ တစ်ပြည်လျှင် (၄၀၀၀) ကျပ်ခန့်ဈေးနှုန်း များကျဆင်းခဲ့ကြောင်း၊ ရာသီပေါ်ကာလဖြစ်ပြီး မိုးထောပတ်ပဲများပေါများစွာ ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်း ခြင်းဖြစ်ကြောင်း၊ မိုးထောပတ်ပဲအစို များသည် ဟင်းလျာအဖြစ် စားသုံးမှုများပြီး အရာင်းအဝယ်ကောင်းကြောင်း၊ ရောင်းချမှုအနေဖြင့် နေ့စဉ်ကုန်ချိန် (၁၀-၁၅) ပြည်ခန့်ရောင်းကုန်ကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

MSMEလုပ်ငန်းဖြစ်သောအီကြာကွေးမုန့်ကြော်လုပ်ငန်းဈေးနှုန်း

    မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအသီးသီး၌ ဂျုံဖြင့်ပြုလုပ်ထားသော အီကြာကွေးမုန့်များ ကို‌ရောင်းချကြောင်း၊ အီကြာကွေးများကို လဘက်ရည်၊ ကော်ဖီ၊ နွားနို့၊ ပဲပြုပ်၊ သကြား များနှင့်တွဲဖက်၍စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ အီကြာကွေးတစ်ချောင်းလျှင် (၈၀၀-၁၀၀၀) ကျပ်ခန့်ဖြင့် အသီးသီးရောင်းချကြောင်း၊ နံနက်ခင်း အစာပြေ breakfast အဖြစ်စားသုံးကြသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ် မုန့်အရေ အတွက်  (၂၀၀-၃၀၀) ချောင်းခန့်ကြော်ရကြောင်း၊ တဆင့်ပြန်လည်ရောင်းချရန် ဖောက်သည် များကလည်း ဝယ်ယူကြောင်း၊ မုန့်အော်ဒါအမှာရှိပါ အရေအတွက် တိုး၍ကြော်ရကြောင်း၊ မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း အီကြာကွေးပြုလုပ်ရာတွင် ဂျုံ၊  Breaking  powder နွားနို့၊ ဆား၊ သကြား၊ ဆီနှင့် ကြက်ဥများထည့်သွင်းအသုံးပြုကြောင်း အီကြာကွေးရောင်းချ သူ၏ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း