“ကုလားပဲရွက်များစျေးကောင်းရ”

Powered by Drupal

                   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)ကို ၂၀၂၅-၂၀၂၆ဘဏ္ဍနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၂၂၇)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။၊ ယာမြေများ၌ အောက်တိုဘာလ နောက်ဆုံးပတ်တွင် မိုးရေအစိုဓါတ်ဖြင့် စိုက်ပျိုးကြသလို အချို့ တောင်သူများမှာ မိုးရေအစိုဓါတ်အပြင် ရေစက်များဖြင့် ရေတင်၍လည်းစိုက်ပျိုးကြကြောင်း သိရှိရ ပါသည်။ တောင်သူများသည် ကုလားပဲမျိုးကို မိမိအိမ်တွင် မျိုးချန်ပြီး စိုက်ပျိုးကြသလို အချို့ တောင်သူများမှာ ပွဲရုံများမှတဆင့်ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း ၊ ယခုနှစ် စိုက်ပျိုးချိန်တွင် မျိုးစျေးနှုန်းအနေဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင်(၇၅၀၀၀/-)ကျပ် ၊ ကုလားပဲ(V2)တစ်တင်းလျှင် (၈၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားအပါအဝင် စုစုပေါင်း(၃၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် ကုလားပဲအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၉-၁၀)တင်းခန့်ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေ ဖြင့် (၆၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ကုလားပဲအပင်များ အောင်မြင်စွာ ဖြစ်ထွန်းနေပြီး ကုလားပဲရွက်များခူး၍ စျေးထဲတွင် ရောင်းချလျက်ရှိကြောင်း ၊ ကုလားပဲရွက် (၁)ပိဿာလျှင် ဖောက်သည်စျေးအနေဖြင့် (၇၀၀၀/-)ကျပ်ရှိပြီး လက်လီစျေးအနေဖြင့် ကုလားပဲရွက် (၁၀)ကျပ်သားလျှင် (၁၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းချလျက်ရှိကြောင်း ၊ ကုလားပဲရွက်ကို ဟင်းချိုရည်အဖြစ်လည်းကောင်း၊အသုပ်သုပ်၍သော်လည်းကောင်း၊ကြော်ချက်၍သော်လည်းကောင်းစားသုံးကြပါသည်။ ယခုအချိန်တွင် ကုလားပဲများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်းအနေ ဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင်(၇၀၀၀၀/-)ကျပ်၊ ကုလားပဲ(V2)တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုလားပဲစိုက် တောင်သူများသည် ကုလားပဲကို စိုက်ပျိုးရာတွင် အရွက်ကိုခူး၍ရောင်းချရသလို ကုလားပဲပေါ်ချိန်တွင်လည်း အထွက်နှုန်းနှင့်စျေးနှုန်း များကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြား ချက်အရသိရှိရပါသည်။

DOCA(မန္တ‌လေး)