သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် သူနာပြုသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးဦးစံကြည်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍  (၁၈.၉.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီက မြောင်းမြမြို့နယ်၊ သူနာပြုသင်တန်းကျောင်း တွင် ဆရာ/ဆရာမ၊  သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ တက်ရောက်လာသော ဆရာ/ ဆရာမ၊ ကျောင်းသား/သူများအား မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာ ဦးစီးဌာနပေါ်ပေါက်လာပုံ ၊ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ   ထုတ်ပြန် ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခု ထက်ပို၍တွဲလျှက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်တမ်းလွန်အစားအသောက်များအား မိမိတို့၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ သင်တန်းသား/သူ (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

 

ပန်းတနော်မြို့နယ်အတွင်း တရားမဝင်ကုန်စည်များရောင်းချခြင်း မရှိကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် တရားမဝင် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်​ဆေးခြင်းကို ၁၇-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့တွင် ဆောင်ရွက်ခဲ့သည်။ 

    ထိုသို့စစ်ဆေးရာတွင် နိုင်ငံတော်အခွန်အခများ လေလွင်ဆုံးရှုံးမှုမရှိစေရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ဝင် များက မြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာအရောင်းဆိုင်၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်၊ Mobile Phone အရောင်းဆိုင်နှင့် ယစ်မျိုးလက်လီလက်ကား ရောင်းချနေသောဆိုင်များတွင် လိုင်စင်မဲ့ရောင်းချခြင်း၊ တရားမဝင် သယ်ဆောင်ခြင်း၊ လုပ်ငန်းလိုင်စင်များ အခွန်ဆောင်ထားခြင်းရှိ/မရှိ၊ သိုလှေင်ခြင်းမရှိစေရေးနှင့် ပြည်တွင်းကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် အခွန်ပေးဆောင်ထားမှု အခြေအနေနှင့် အရက်၊ ဘီယာ ကုန်ပစ္စည်းများတွင် Tax Paid ကပ်ထားမှုရှိ/မရှိ၊ တရားဝင်ထုတ်ကုန်များကို ရောင်းချရန်နှင့် ကုန်အညွှန်အမှတ်အသားပါဝင်ပြီး၊ သက်တိုင်ရာ ထောက်ခံချက်ကုန်စည်များ ရောင်းချနေကြောင်းစစ်ဆေး တွေ့ရှိရပြီး ပန်းတနော်မြို့နယ်အတွင်း ကုန်ပစ္စည်းအရောင်းဆိုင် ၁၈ဆိုင်ကို  လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင် အ.ထ.က ၄ ကျောင်း မုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေး

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တို့ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များ ဘေးအန္တရာယ်ကင်းရှင်းရေး ကို ၁၇-၉-၂၀၂၅ နေ့လည် ၁၂နာရီက ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ် အမှတ် ၁ရပ်ကွက်ရှိ အ.ထ.က.၄ ‌ကျောင်းမုန့်ဈေး ၆ဆိုင်မှ  ရောင်းချနေသော မုန့်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိက စစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြချက်များ ပါဝင်မှု ရှိမရှိကို စစ်ဆေးခြင်း၊ FDA မှ ရောင်းချနေသော မုန့်များတွင် ခွင့်မပြုဆိုးဆေးပါဝင်မှု ရှိမရှိကိုစစ်ဆေးခြင်း၊ ကျန်းမာ‌ရေးဦးစီးဌာနက သက်တမ်းလွန် မုန့်များနှင့် ရောင်းချနေသော ဆိုင်ရှင်များ ကျန်းမာရေးနှင့်အညီ နေထိုင်ရောင်းချရန် တို့ကို စစ်ဆေးအသိပညာပေးခဲ့ပြီး၊ စားသုံးရန် မသင့်သော မုန့်များကိုမရောင်းချစေရန် ကျောင်းကျန်းမာရေးကော်မတီမုန့်ဈေးတန်း တာဝန်ရှိသူများကို စောင့်ကြည့်စစ်ဆေးရန်ကို မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် ကျောင်းသား/သူများကို  ကွင်းဆင်းကုသခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

      ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့  ၁၇-၉-၂၀၂၅ ရက်နေ့တွင် ပန်းတနော်မြို့နယ် ရွှေမြင်တင် အ-မ-က၌ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

     အသိပညာပေးပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ကျော်သက်က ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ကုန်စည်များဝယ်ယူရာတွင် သက်တမ်းကုန်ဆုံးရက်ကိုကြည်ရန်၊ ထုတ်လုပ်သည့် လုပ်ငန်းလိပ်စားကြည့်ရန်၊ ပါဝင်ပစ္စည်းများကို လေ့လာရန်၊ ပါဝင်ကုန်ကြမ်းပစ္စည်းများကို ကြည့်ရန်၊ ကြိုတင်သတိပေးချက်ကို ကြည့်ရန်၊ သက်ဆိုင်ရာထောက်ခံချက်များကို ကြည်ရှုလေ့လာရန် တို့ကို အကျယ်တဝင့်ရှင်းလင်းပြီး စားသုံးသူအခွင့်အရေးနစ်တာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီးနောက် တိုင်းရင်းဆေးပညာမှ တာဝန်ရှိသူက ကျောင်းသား/ကျောင်းသူများကို ဆေးကုသရာတွင် ကျား(၁၀)ဦး မ (၂၀)ဦး စုစုပေါင်း(၃၀)ဦးအား ဆေးကုသ ပေးခဲ့ပြီး လေထိုးလေအောင့်ရောဂါအကြောင်းကို ပညာပေးဟောပြောဆောင်ရွက်ရာတွင် တက်ရောက်သူ ကျား (၂၀)ဦး မ (၃၀)ဦး စုစုပေါင်း (၅၀)ဦး အား ဟောပြောပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဒေးဒရဲမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး”

   ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဆန်သိုလှောင်ထားသော ဂိုဒေါင်ကြီးများနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ရောင်းချနေသော ဈေးနှုန်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချြခင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

 

ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ“အမေ့သားဂုဏ်ရောင်” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခြင်း

   ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ဒေးဒရဲ မြို့နယ်၊ ချောင်းဖျားကျေးရွာရှိ“အမေ့သားဂုဏ်ရောင်” ဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

             ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်အတွင်း ခေတ်မီ စက်ယူနစ်များ တပ်ဆင် အသုံးပြု မှုအခြေအနေ၊ လက်ရှိ ဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဆန်စပါး သိုလှောင် ထားရှိမှုအခြေအနေတို့ကို စစ်ဆေးခဲ့ကြပါသည်။ထို့အပြင်မြို့နယ်တာဝန်ခံမှ MSMEs လုပ်ငန်း နှင့် ပက်သက်၍ အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး အရည်အသွေးထုတ်လုပ်မှု ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပက်သက်၍ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်း စားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုရှိမှသာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေး ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြုပြင်ထုပ်ပိုးထားသော စားသောက်ကုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ နေ့လည် (၁၂:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းနှင့် မြို့မဈေးရှိ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသည့် ပြုပြင်ထုပ်ပိုးထားသော စားသောက်ကုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းခဲ့ရာတွင် မုန့်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသော ရွှေကျီးဘီစကစ်၊ မရွေး၊ Gold နို့ခရင်မ် ၊ ပေါင်မုန့် ရွှေနဒီ ပူတင်းပေါင်မုန့် တို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိပြီး FDA ထောက်ခံချက်အမှတ်များလည်း ပါရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး မြို့နယ်တာဝန်ခံမှ ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော စားသောက်ကုန်များနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါဝင်သော စားသောက်ကုန်များ ရောင်းချခြင်းမပြုရန် မှာကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေး Talk Show ကျင်းပပြုလုပ်

   ဒေးဒရဲမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ပြန်/ဆက်ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် မြို့နယ်တာဝန်ခံက မိမိတို့ ဌာနအနေဖြင့် ဈေးကွက်အတွင်း ကုန်စည် နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို အဓိက ထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၁) ကုန်စည်နှင့် ပက်သက်၍ အာမခံချက်ပေးခြင်းအကြောင်း၊ အခန်း(၁၃) ဝန်ဆောင်မှုနှင့် ပက်သက်၍ အာမခံချက်ပေးခြင်းအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများ နှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် CICC စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာများဖွင့်လှစ်ထားကြောင်း၊ Call Centre 1535 သို့ ဆက်သွယ် တိုင်ကြား နိုင်ကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“အေးချမ်းမိုး”ရေသန့် စက်ရုံသို့ MSMEs ဖွံ့ဖြိုးရေးကွင်းဆင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၆) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာ ကားလမ်းပေါ်ရှိ “အေးချမ်းမိုး”ရေသန့် စက်ရုံသို့ MSMEs ဖွံ့ဖြိုးရေးကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် “အေးချမ်းမိုး” ရေသန့်စက် ရှိ တာဝန်ခံမှ ရေသန့် တစ်နေ့ ထုတ်လုပ်မှုအနေဖြင့် (၂၀) လီတာဘူးကြီး (၂၅၀) ထုတ်လုပ်ပြီး (၁) လီတာဘူးများကို တစ်နေ့လျှင် (၆၀၀၀) ဘူးခန့် ထုတ်လုပ်ပါကြောင်း၊ ရောင်းချမှုအနေဖြင့် (၂၀) လီတာ (၁) ဘူးလျှင် (၁၀၀၀) ကျပ်နှင့် (၁) လီတာ (၆) ဘူး တစ်ကဒ်လျှင် (၂၅၀၀) ကျပ်ဖြင့် ဒေးဒရဲမြို့နယ်တွင် အနည်းငယ် ရောင်းချရပြီး ဖျာပုံမြို့သို့ အဓိကထား ရောင်းချပါသည်။ လုပ်သားအနေဖြင့် (၉) ယောက်နှင့် လည်ပတ်လျက်ရှိပြီး လုပ်ခလစာအနေဖြင့် တစ်လလျှင် (၂) သိန်းကျပ် နှင့် (၁)သိန်း(၈)သောင်း ကျပ် ခွဲခြားထားပါသည်။ FDA ထောက်ခံချက် အမှတ်များနှင့် စက်မှုလိုင်စင်များလည်း သက်တမ်းတိုး လုပ်ဆောင်ထားကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံမှ ရေသန့်များ ထုတ်လုပ်ရာတွင် သန့်ရှင်း သပ်ရပ်မှုနှင့် စနစ်ကျသော ထုတ်လုပ်မှုဖြစ်စေရန် လိုအပ်ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

တိုင်းရင်းဆေးနှင့် အလှကုန်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ဈေးကွက်စောင့်ကြည့် စစ်ဆေး

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာဈေးကြီးအတွင်းရှိ တိုင်းရင်ဆေးအရောင်းဆိုင် များနှင့် အလှကုန်ရောင်းချသည့် အရောင်းဆိုင်များအား ၁၆-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီ ခွဲ အချိန်က မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့စစ်ဆေးရာတွင်  ညောင်တုန်းမြို့နယ်တိုင်းရင်းဆေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်ချိုမီဇင် နှင့်ဝန်ထမ်းများတို့က   တိုင်းရင်းဆေး အ‌ရောင်းဆိုင် များ၌ မှတ်ပုံတင်ခြင်း မပြုရသေးသည့်ဆေးဝါးများ၊ သက်တန်းလွန်ဆေးဝါးများနှင့် ရောင်းချရန် တားမြစ်ထားသည့် ကုန်စည်များရောင်းချမှု ရှိမရှိ၊အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ဆိုင်တင်ရောင်းချနေ ‌‌သည့် ပစ္စည်းများ၌ သတ်မှတ်ကုန်အညွှန်း အမှတ်အသားများပါရှိမှုရှိ/မရှိ ၊ သက်တမ်းလွန် ပစ္စည်းများ ဆိုင်တင်ရောင်းချ နေမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်များအား တားမြစ်ကုန် ပစ္စည်း/ဆေးဝါးများ၊ သက်တန်းလွန်ပစ္စည်း/ ဆေးဝါးများ၊ မှတ်ပုံတင်ခြင်း မပြုရသေးသည့် ဆေးဝါးများ ရောင်းချခြင်းမပြုရန်  ကုန်စည်၏ အရည်အသွးကို စမ်းသပ်ရန်လိုအပ်ပါက ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်စစ်ဆေးခြင်းကို လုပ်ဆောင်ခွင့် ပြုရန်ကို အသိပညာပေးပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ထားသော ကုန်စည်များရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား  အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ