ဗီယက်နမ်နိုင်ငံမှ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဗီယက်နမ်နိုင်ငံသည် Bac Ninh ပြည်နယ်မြောက်ပိုင်းရှိ Gia Binh အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တည်ဆောက်ရန်အတွက် ဗီယက်နမ် ဒေါင် ၁၉၆ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း ဒေသတွင်းမီဒီယာ VNExpress မှ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရပါသည်။
အဆိုပါစီမံကိန်းသည် ဟက်တာ ၁,၉၀၀ နီးပါး ကျယ်ဝန်းမည်ဖြစ်ပြီး လေယာဉ်ပြေးလမ်းလေးခုနှင့် ခရီးသည်ဂိတ်တစ်ခု ပါဝင်မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ခရီးသည် သန်း ၃၀၊ ၂၀၅၀ ပြည့်နှစ်တွင် ခရီးသည် သန်း ၅၀ ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး ကုန်စည်ဧရိယာများနှင့် ပြုပြင်ထိန်းသိမ်းရေးစင်တာများအပါအဝင် အထောက်အကူပြုအဆောက် အအုံများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။
အစီရင်ခံစာအရ Gia Binh အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဗီယက်နမ်မြောက်ပိုင်းအတွက် အဓိကအပြည်ပြည်ဆိုင်ရာ အကူးအပြောင်းဗဟိုဌာနအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဗီယက်နမ်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ Gia Binh အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးလုပ်ငန်းများကို Bac Ninh ပြည်နယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့က စတင်ခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)









