
ဗီယက်နမ်သည် ၂၀၂၅/၂၆ ကော်ဖီစိုက်ပျိုးရာသီတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီထုတ်လုပ်သူနှင့် ရိုဘတ်စတာ (Robusta) ကော်ဖီ အဓိကတင်ပို့သူအဖြစ် ဆက်လက်ရပ်တည် မည်ဟု အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြ ထားကြောင်း သိရပါသည်။ သင့်လျော်ကောင်းမွန်သော ရာသီဥတုအခြေအနေနှင့် စိုက်ခင်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာခြင်းကြောင့် ၂၀၂၅/၂၆ ရာသီ ကော်ဖီထုတ်လုပ်မှုသည် ၆၀ ကီလိုဂရမ်အိတ် ၃၀.၈ သန်းအထိ ပြန်လည်တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ဗီယက်နမ်၏ ကော်ဖီထုတ်လုပ်မှုတွင် ၉၅ ရာခိုင်နှုန်းနီးပါးမှာ ရိုဘတ်စတာကော်ဖီ ဖြစ်နေဆဲဖြစ်ပြီး အသင့်ဖျော်ကော်ဖီနှင့် commercial blend ဈေးကွက်တွင် ကမ္ဘာလုံးဆိုင်ရာ အဓိကထောက်ပံ့သူအဖြစ် ဆက်လက်အခိုင်အမာ ရပ်တည်နေကြောင်း သိရပါသည်။ ကော်ဖီစေ့ တင်ပို့မှုသည်လည်း ထောက်ပံ့မှုမြင့်တက်လာမှုကြောင့် အိတ် ၂.၃ သန်းတိုးကာ ၂၄.၆ သန်းအထိ ရောက်ရှိမည်ဟု USDA က ခန့်မှန်းထားကြောင်း သိရပါသည်။ USDA အချက်အလက်များအရ ဘရာဇီးသည် ၂၀၂၅/၂၆ ရာသီတွင် ကော်ဖီအိတ် ၆၃ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရပြီး ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ်လုပ်သူအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း သိရပါသည်။ ကိုလံဘီယာ၊ အင်ဒိုနီးရှားနှင့် အီသီယိုးပီးယားတို့ကလည်း ထိပ်တန်းထုတ်လုပ်သူ ငါးနိုင်ငံ စာရင်းတွင် ပါဝင်နေကြောင်း သိရပါသည်။ ကော်ဖီသည် ဗီယက်နမ်၏ အဓိက စိုက်ပျိုးရေးပို့ကုန် များထဲမှ တစ်ခုဖြစ်နေဆဲဖြစ်ပြီး ၂၀၂၆ ခုနှစ် ပထမလေးလအတွင်း ကော်ဖီတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ ဧပြီလတစ်လတည်းတွင် အမေရိကန်ဒေါ်လာ ၈၄၅.၈ သန်း တန်ဖိုးရှိသော ကော်ဖီတန်ချိန် ၁၉၈,၈၀၀ တင်ပို့ခဲ့ကြောင်း သိရပါသည်။ တင်ပို့သည့်ပမာဏမှာ ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ကမ္ဘာ့ဈေးနှုန်းကျဆင်းမှုကြောင့် တင်ပို့သည့်တန်ဖိုးမှာ ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ပထမလေးလအတွင်း ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၅၅၅ ခန့်သာရှိပြီး ယခင်နှစ်ထက် ၁၉.၈ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရပါသည်။ ဂျာမနီ၊ အီတလီနှင့် စပိန်တို့သည် ဗီယက်နမ်ကော်ဖီ၏ အဓိကတင်ပို့ရာဈေးကွက်များအဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်း ဈေးကွက်ဝေစု၏ ၁၅.၃ ရာခိုင်နှုန်း၊ ၈.၂ ရာခိုင်နှုန်းနှင့် ၇.၄ ရာခိုင်နှုန်း အသီးသီး ရရှိထားကြောင်း သိရပါသည်။ သို့သော် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယင်းဈေးကွက်များသို့ တင်ပို့ဝင်ငွေမှာ ကျဆင်းခဲ့ကြောင်း သိရပါသည်။ အပြည်ပြည်ဆိုင်ရာ ကော်ဖီအဖွဲ့အစည်း (ICO) ၏ အဆိုအရ ဘရာဇီး၊ ဗီယက်နမ်နှင့် ကိုလံဘီယာကဲ့သို့ အဓိကထုတ်လုပ်သည့်နိုင်ငံများတွင် ရာသီဥတုဆိုးရွားမှုနှင့် ထောက်ပံ့မှု တင်းကျပ်လာမှုကြောင့် ကမ္ဘာ့ကော်ဖီဈေးနှုန်းများသည် နှစ်နှစ်ဆက်တိုက် မြင့်တက်နေခဲ့ကြောင်း သိရပါသည်။ သို့သော် ဘရာဇီးမှ ကမ္ဘာ့ထောက်ပံ့မှု ပိုမိုအားကောင်းလာမည်ဟု မျှော်မှန်းမှုများကြောင့် ယခင်နှစ်အမြင့်ဆုံးဈေးနှုန်းများမှ လတ်တလောတွင် ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရပါသည်။ လုပ်ငန်းနယ်ပယ်လေ့လာသူများက ကမ္ဘာ့ကော်ဖီသောက်သုံးမှုပုံစံ ပြောင်းလဲလာမှု ကြောင့် ဗီယက်နမ်အတွက် အကျိုးရှိလာကြောင်း ပြောကြားထားပါသည်။ အထူးသဖြင့် ကော်ဖီထုတ်လုပ်သူများသည် ဈေးကြီးသော အာရဘီကာ (Arabica) ကော်ဖီအစား ရိုဘတ်စတာ ကော်ဖီကို ပိုမိုအသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရပါသည်။ USDA က ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၅/၂၆ ရာသီတွင် စံချိန်တင် အိတ် ၁၇၈.၈ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထက် ၃.၅ သန်း မြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုတိုးတက်မှုမှာ ဗီယက်နမ်တွင် ထုတ်လုပ်မှုပြန်လည်ကောင်းမွန်လာခြင်းနှင့် အင်ဒိုနီးရှား၊ အီသီယိုးပီးယားတို့တွင် စံချိန်တင်ထုတ်လုပ်မှုများကြောင့်ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့ကော်ဖီ သုံးစွဲမှုသည်လည်း စံချိန်တင် အိတ် ၁၇၃.၉ သန်းအထိ မြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကော်ဖီဈေးနှုန်းမြင့်မားနေခြင်းကြောင့် ဗီယက်နမ်စိုက်ပျိုးရေးသမားများသည် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးလိုအပ်ချက်များတွင် အသုံးစရိတ်ပိုမိုတိုးမြှင့်နိုင်လာပြီး ရာသီဥတုဖိအားများကြားမှပင် ထုတ်လုပ်မှုတိုးတက်လာစေရန် ကူညီပေးခဲ့ကြောင်း USDA က ပြောကြားထားပါသည်။ ဘရာဇီးတွင် စံချိန်တင်သီးနှံထွက်ရှိမည်ဟု ခန့်မှန်းထားခြင်းကြောင့် ပြည်တွင်းကော်ဖီ ဈေးနှုန်းများသည် ဧပြီလအတွင်း တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၅,၀၀၀ မှ ၈၇,၀၀၀ အတွင်းသို့ ကျဆင်းလာပြီး ယခင်လကရှိခဲ့သည့် ၉၀,၀၀၀ ဒေါင်အထက်ဈေးနှုန်းထက် လျော့နည်း သွားကြောင်း သိရပါသည်။ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ကော်ဖီပိုလျှံမှု အိတ် ၁၀ သန်းခန့်အထိ ရှိလာနိုင်ကြောင်း နိုင်ငံတကာအကြံပေးကုမ္ပဏီ အချို့က ခန့်မှန်းထားပြီး ထိုအချက်သည် ဈေးကွက်ယုံကြည်မှုအပေါ် ဖိအားပေးနေကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဗီယက်နမ်စိုက်ပျိုးရေးသမားအများစုက ဈေးနှုန်းထပ်တက်မည်ဟု မျှော်လင့်ကာ ကော်ဖီများကိုလက်ဝယ်ထားရှိနေသဖြင့် ပြည်တွင်းကုန်သွယ်ရေးလှုပ်ရှားမှုများမှာလည်း ငြိမ်သက်နေဆဲဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် တင်ပို့ရန်စာချုပ်များ ဖြည့်ဆည်း ရန်လိုအပ်နေသော ပို့ကုန်ကုမ္ပဏီအချို့သည် ဘရာဇီးနှင့် အင်ဒိုနီးရှားမှ ကော်ဖီစေ့များကို စတင် ဝယ်ယူလာကြကြောင်း သိရပါသည်။ လေ့လာသူများက ကော်ဖီဈေးနှုန်းများသည် အနီးကပ်ကာလတွင် အတက်အကျနည်းသည့်အခြေအနေဖြင့် ဆက်လက်ရှိနိုင်သော်လည်း ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ရေကြောင်းပို့ဆောင်ရေး အနှောင့်အယှက်များနှင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် သယ်ယူပို့ဆောင်ရေး၊ အာမခံနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ခြင်းသည် ကမ္ဘာ့ကော်ဖီဈေးနှုန်းများကို ပံ့ပိုးပေးနိုင်ကြောင်း သုံးသပ်ထားပါသည်။ USDA ၏ ခန့်မှန်းချက်အရ ဗီယက်နမ်သည် ၂၀၂၅/၂၆ ရာသီတွင် လှော်ထားသောကော်ဖီစေ့နှင့် အသင့်ဖျော်သောက်၍ရသော ကော်ဖီထုတ်ကုန်များအပါအဝင် စုစုပေါင်း ကော်ဖီအိတ် ၂၇.၉ သန်း တင်ပို့မည်ဖြစ်ပြီး ကမ္ဘာတွင် ဘရာဇီးနောက် ဒုတိယအများဆုံး တင်ပို့သူအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း သိရပါသည်။ ဥရောပနှင့် မြောက်အမေရိကတို့သည် ကမ္ဘာ့အကြီးဆုံး ကော်ဖီသုံးစွဲသည့်ဈေးကွက်များအဖြစ် ဆက်လက်တည်ရှိနေပြီး အာရှတွင်လည်း ဝယ်လိုအားတိုးတက်လာနေသဖြင့် ဗီယက်နမ်သည် ကမ္ဘ့ာကော်ဖီထောက်ပံ့ရေးကွင်းဆက်တွင် အရေးပါသော ပံ့ပိုးသူအဖြစ် နောင်လာမည့်နှစ်များတွင်လည်း ဆက်လက်ရပ်တည်နေမည်ဟု လေ့လာသူများက ခန့်မှန်းထားကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
