ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အာဖဂန်နစ္စတန်မှ သလဲသီးများအား ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ်တင်ပို့

        အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Herat ပြည်နယ်ရှိ Torghundi ဆိပ်ကမ်းမှတစ်ဆင့် အာဖဂန်နစ္စတန်မှ လတ်ဆတ်သော သလဲသီးများကို ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

        "ဤလုပ်ငန်းစဉ်သည် သစ်သီးဝလံများ အထူးသဖြင့် သလဲသီးများအတွက် ကြီးမားသောစျေးကွက်တစ်ခု ဖန်တီးပေးမည်ဖြစ်ပြီး ယင်းကြောင့် နိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် ပိုမိုတိုးတက်မှုကို တွန်းအားပေးမည်" ဟု Zabihullah Mujahid က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X တွင် ရေးသားခဲ့ကြောင်း သိရသည်။

        အာဖဂန်နစ္စတန်၏ လတ်ဆတ်သောသီးနှံများနှင့် အခြောက်လှန်းထားသောအသီးများ တင်ပို့မှုသည် ပါကစ္စတန်နိုင်ငံသို့ အဓိက ဦးတည်တင်ပို့ရန်ရည်ရွယ်ထားလျက်ရှိသည်။ သို့သော် နှစ်နိုင်ငံကြား မကြာသေးမီက နယ်နိမိတ် တင်းမာမှုများကြောင့် ကုန်သွယ်မှု စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ တစ်ချိန်တည်းတွင် အာဖဂန်နစ္စတန်သည် တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်အပါအဝင် ဗဟိုအာရှနိုင်ငံများသို့ တင်ပို့မှု သိသိသာသာ အားကောင်းလာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်၏ ပို့ကုန်ဆက်လက်ကြီးထွား

            ၂၀၂၅ ခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအလယ်ထိတွင် ဗီယက်နမ်၏ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၆၈ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၂၀၂၄ ခုနှစ် တစ်နှစ်လုံး စာတင်ပို့မှုတန်ဖိုးဖြစ်သည့် အမေရိကန်ဒေါ်လာ ၄၀၅ ဘီလီယံနှင့် နီးကပ်နေပြီဖြစ်ကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ သိရပါသည်။ အဓိကဈေးကွက်များတွင် ကုန်သွယ်ရေးအတားအဆီးများနှင့် အကောက်ခွန် စီမံချက်များက ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ဆက်လက်သက်ရောက်နေသော်လည်း ထိုကာလ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီများသည်လည်း အမေရိကန်အကောက်ခွန်မမြင့်တက်မီ ထုတ်လုပ်မှုများကို အရှိန်မြှင့်တင်ခဲ့ကြပြီး သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍမှ အထွက်နှုန်းမြင့်တက်ခဲ့ကာ တင်ပို့မှုစွမ်းရည်တွင် သိသာစွာ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါသည်။ သို့သော် အောက်တိုဘာလ ပထမလဝက်တင်ပို့မှုမှာ နှေးကွေးခဲ့ပြီး အမေရိကန်ဒေါ်လာ ၉.၃၄ ဘီလီယံဖြင့် စက်တင်ဘာလ ပထမလဝက်နှင့်နှိုင်းယှဉ် ပါက ၁၇.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုနှေးကွေးမှုသည် မြင့်မားသော အမေရိကန်အကောက်ခွန်များက သွင်းကုန်ဝယ်လိုအားထက်သန်မှုကို လျှော့ကျစေရန် ခန့်မှန်းရကြောင်း သိရပါသည်။ သို့သော် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒများ၊ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာမရေရာမှုများ မြင့်တက်လာခြင်းရှိနေသော်လည်း တင်ပို့မှုမှာ ဂဏန်း ၂ လုံးကြီးထွားမည့်လမ်းကြောင်းပေါ်တွင် တည်ရှိနေကြောင်း သိရပါသည်။ HSBC  ကဗီယက်နမ်၏ ၂၀၂၅ ခုနှစ် GDP ကြီးထွားနှုန်းအား ယခင်က ၆.၆ ရာခိုင်နှုန်းခန့်မှန်းရာမှ ယခုအခါ ၇.၉ ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ အီလတ်ထရောနစ်ကုန် ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းသည် ကြီးထွားမှု၏ အဓိကမောင်းနှင်အား အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ယခုနှစ်၏ တတိယ ၃ လပတ်ကာလတွင် အမေရိကန်သို့ ဗီယက်နမ်၏ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကြီးထွားခဲ့သော်လည်း အခြားအာဆီယံနိုင်ငံများမှ တင်ပို့မှုမှာလျှော့ကျခဲ့ကြောင်း သိရပါသည်။ အမေရိကန်ပြင်ပအခြား ဈေးကွက်များနှင့် ကုန်သွယ်ရေးပိုငွေရရှိမှု ကြီးထွားခဲ့ခြင်းကြောင့် ယခုနှစ်၏ တတိယ ၃ လပတ် ကာလပိုငွေရရှိမှုမှာ ပထမနှစ်ဝက်ထက် ၂ ဆကြီးထွားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ကုန်သွယ်ရေးနှင့် စီးပွားရေးချိတ်ဆက်မှုအခွင့်အလမ်းများ တိုးချဲ့ပေးသည့် Autumn Fair 2025

              ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် Autumn Fair 2025 သည် စံချိန်တင်လည်ပတ်သူအရေအတွက်ရရှိခဲ့ပြီး ဝယ်ယူနိုင်စွမ်းသိသာစွာမြင့်တက်ခဲ့ကာ ပါဝင်ဆင်နွှဲသည့် စီးပွားရေးလုပ်ငန်းများလည်း ဝင်ငွေအများအပြားရရှိခဲ့ကြကြောင်း သိရပါသည်။ ထို့ပြင် ၎င်းပြပွဲသည် ကုမ္ပဏီများအတွက် ၎င်းတို့၏ထုတ်ကုန်များပြသရန်၊ စားသုံးသူများနှင့်ချိတ်ဆက်ရန်နှင့် ပြည်တွင်းနှင့် ပြည်ပမိတ်ဖက်များနှင့် ကွန်ယက်ချိတ်ဆက်ရန်အတွက် ရွှေရောင်အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ထိုကနဦးအောင်မြင်မှုများနှင့်အတူ ပြပွဲသည် ပရိုဖက်ရှင်နယ်ကုန်သွယ်မှုမြှင့်တင်ရေး အခမ်းအနားအဖြစ် ၎င်းတို့ပုံရိပ်ကိုကိုယ်တိုင်တည်ထောင်နိုင်ခဲ့ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ၎င်းတို့ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုပြသရန်နှင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်သို့ ဝင်ရောက်ရန် စင်မြင့်တစ်ခုအဖြစ်ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါသည်။ စာရင်းအင်းများအရ ပထမ ၅ ရက်တွင် ပြပွဲသည် နေ့စဉ်လည်ပတ်သူ ရာဂဏန်းမှထောင်ဂဏန်းအကြားကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ Com Moc Huyen ၏ ပိုင်ရှင်ဖြစ်သူက ၎င်းတို့၏ပြခန်းသည် ရက်အနည်းငယ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈၀၀ ရရှိခဲ့ကြောင်းနှင့် ၎င်းတို့သည်အကျိုး အမြတ်ရရှိမှုကြီးမားခဲ့ရုံသာမက ၎င်းတို့၏ရိုးရာ  com အမှတ်တံဆိပ်ကို များစွာသောဝယ်ယူသူ အသစ်များထံသို့ မိတ်ဆက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Dong Quang Trading Co.,Ltd မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Doan Phuong Tram က ကုမ္ပဏီ၏ပြခန်းကို များစွာသော နိုင်ငံ တကာမှ လည်ပတ်သူများလာရောက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် Dong Quang ၏အဆင့်မြင့်အလူမီနီယံထုတ်ကုန်များသည် အဓိကအားဖြင့် ပြည်တွင်းမှ အရောင်းကိုယ်စားလှယ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဖြန့်ဖြူးလျက်ရှိကြောင်း သိရပါသည်. ကုမ္ပဏီသည် အနီးအနာဂတ်တွင် နိုင်ငံတကာဈေးကွက်များသို့တိုးချဲ့ရန် မျှော်လင့်လျှက်ရှိပြီး ထိုပြပွဲသည်အလားအလာရှိသောမိတ်ဖက်များနှင့်တွေ့ဆုံရန်၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်နှင့် ဗီယက်နမ်၏ အရည်အသွေးမြင့်ပြုပြင်ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို ကမ္ဘာသို့ ပြသရန် အခွင့်အလမ်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ကြီးမှူးကျင်းပသူများ၏အဆိုအရ ပြပွဲသည် စီးပွားရေးကုန်စည်ပြပွဲတစ်ခုသာမက ပို့ကုန်များ၊ သွင်းကုန်များနှင့် နိုင်ငံတကာ စီးပွားရေးပေါင်းစပ်မှုအရှိန်မြှင့်တင်ရန်ရည်ရွယ်သည့် မဟာဗျူဟာမြောက်ကုန်သွယ်မှုမြှင့်တင်ရေး ပွဲအခမ်းအနားဖြစ်ကြောင်း သိရှိရပါသည်။

 

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်တို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စတင်မည်

        ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်တို့သည် နှစ်နိုင်ငံ၏ ဘုံစီးပွားရေးအကျိုးစီးပွားများအပေါ် အခြေခံသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခုကို စတင်ရန် သဘောတူညီခဲ့ကြကြောင်း ဆော်ဒီသတင်းအေဂျင်စီ (SPA) က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရပါသည်။

         အဆိုပါ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman bin Abdulaziz Al Saud နှင့် ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif တို့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် Riyadh ၌ တွေ့ဆုံမှုအတွင်း သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         SPA မှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးကို ပိုမိုခိုင်မာစေကာ ဘုံအကျိုးစီးပွားများကို အတူတကွဆောင်ရွက်ရန် နှစ်ဖက်စလုံး၏ ဆန္ဒကို အတည်ပြုကြောင်း ဖော်ပြထားပါသည်။

          မူဘောင်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် မဟာဗျူဟာမြောက်၊ အကျိုးသက်ရောက်မှု မြင့်မားသော စီမံကိန်းများစွာကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ဦးစားပေးကဏ္ဍများနေဖြင့် စွမ်းအင်၊ စက်မှုလုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ ခရီးသွားလာရေး၊ စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာဖူလုံရေးတို့ဖြစ်ကြောင်း သိရပါသည်။

        နှစ်ဖက်စလုံးသည် လက်ရှိတွင် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရေးစီမံကိန်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များအပါအဝင် ပူးတွဲစီးပွားရေးဆိုင်ရာ အစီအစဉ်များစွာကို လေ့လာဆန်းစစ်နေကြကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ရုရှားနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှု စက်တင်ဘာလတွင် ၀.၉ ရာခိုင်နှုန်းသို့ ရောက်ရှိ

        ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ ရုရှား၏ GDP သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ၀.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ယခင်နှစ်ကထက် ၀.၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဖော်ပြထားကြောင်း သိရသည်။

        ဝန်ကြီးဌာန၏ အဆိုအရ ရုရှား၏ GDP သည် ၂၀၂၅ ခုနှစ်၏ တတိယသုံးလပတ်တွင် ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၏ ပထမ ကိုးလအတွင်း GDP တိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်ဟုလည်း ခန့်မှန်းထားကြောင်း သိရသည်။

          စက်တင်ဘာလတွင် ဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွက် GDP တိုးတက်မှု ခန့်မှန်းချက်ကို ဧပြီလတွင် ခန့်မှန်းထားသော ၂.၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ၎င်းသည် ၂၀၂၆ ခုနှစ်အတွက် ခန့်မှန်းချက်ကိုလည်း ၂.၄ ရာခိုင်နှုန်းမှ ၁.၃ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဆီးရီးယားနိုင်ငံသည် ၆ လအတွင်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့

          ဆီးရီးယား ကြားဖြတ်ခေါင်းဆောင် Ahmed al-Sharaa က ဆီးရီးယားနိုင်ငံသည် လအတွင်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့တွင် Riyadh မြို့၌ ပြောကြားခဲ့ကြောင်း သိရသည်။

         ဆီးရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပြင်ဆင်ခဲ့ပြီးနောက် ပထမဆုံး အတွင်းတွင် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း  ဆော်ဒီအိမ်ရှေ့မင်းသားနှင့်အတူ လက်ရှိကျင်းပနေသော Future Investment Initiative ညီလာခံတွင် al-Sharaa က ပြောကြားခဲ့ကြောင်း သိရသည်။

        al-Sharaa က ဆီရီးယားနိုင်ငံသည် ဆော်ဒီအာရေဗျ၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် တူရကီတို့နှင့် မိတ်ဖက်များ ထူထောင်ထားပြီး ဘာရိန်းနှင့် ဂျော်ဒန်တို့နှင့်အတူ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများလည်းရှိကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်ကုမ္ပဏီများသည်လည်း ဒေသတွင်းမိတ်ဖက်များနှင့်အတူ ရင်းနှီးမြှုပ်နှံထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

         ဆီးရီးယားနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေကနေတစ်ဆင့် ပြန်လည်တည်ဆောက်လိုကြောင်း al-Sharaa က ပြောကြားခဲ့ပြီး ကမ္ဘာက ၎င်းကို “ကုန်သွယ်ရေးစင်္ကြံ” အဖြစ် အကျိုးခံစားနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၇၅၀,၀၀၀ ကျော်ကို ကြိုဆို

         မွန်ဂိုလီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်အစောပိုင်းမှစ၍ နိုင်ငံခြားခရီးသွား စုစုပေါင်း ၇၅၁,၈၇၉ ဦးကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။

         အဆိုပါကာလအတွင်း နိုင်ငံခြားခရီးသွားအများစုသည် တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယား တို့မှဖြစ်ကြောင်း အချက်အလက်များအရ သိရှိရပါသည်။

          လက်ရှိတွင် မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးသည် သတ္တုတူးဖော်ရေးကဏ္ဍနှင့် သတ္တုအရင်းအမြစ်များ တင်ပို့မှုအပေါ် များစွာမှီခိုနေပါသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုအခြေအနေတွင် နိုင်ငံ၏ စီးပွားရေးကို ကဏ္ဍစုံအောင်လုပ်ဆောင်ရန်နှင့် ခရီးသွားလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

          နိုင်ငံ၏ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလာရေးနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ အဆိုအရ မွန်ဂိုလီးယားအစိုးရသည် နိုင်ငံအတွင်း လေးရာသီခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် “မွန်ဂိုလီးယားသို့ လည်ပတ်ရန်နှစ်များ” ခရီးသွားအစီအစဉ်ကို ၂၀၂၈ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တင်ပို့မှုကြီးထွားရန်အတွက် တန်ဖိုးမြှင့်ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် ဗီယက်နမ်အဝတ်အထည်လုပ်ငန်း

            ဗီယက်နမ်အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းသည် ဆက်လက်ကြီးထွားနေပြီး ကုမ္ပဏီများသည် ထုတ်လုပ်မှုအရှိန်မြှင့်တင်ရန်၊ ၎င်းတို့၏ထုတ်ကုန်များကိုတန်ဖိုးမြှင့်ရန်၊ စမတ်စက်ရုံများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းနှင့် စွမ်းရည် မြှင့်တင်ရန်အတွက် အာရုံစိုက်မှုမြင့်တက်လာကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လ တွင် ကဏ္ဍသည် အမေရိကန်ဒေါ်လာ ၃၄.၈ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုစွမ်းဆောင်ရည်သည် တစ်နှစ်လုံးတာကာလရည်မှန်းချက် အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံပြည့်မီနိုင်မည့်လမ်းကြောင်းပေါ်တွင် တည်ရှိနေကြောင်း သိရပါသည်။ များစွာ‌သောလုပ်ငန်းများသည် နိုဝင်ဘာလအတွက် မှာယူမှုများရရှိထားပြီး ယခုနှစ်၏နောက်ဆုံးလများအတွက် ညှိနှိုင်းဆွေးနွေးမှုများရှိနေကြောင်းလည်း သိရပါသည်။ Hoa Tho အဝတ်အထည်ကော်ပိုရေးရှင်း၏ CEO ဖြစ်သူ Nguyen Ngoc Binh က ဈေးကွက်သည် ထုတ်လုပ်မှုတည်ငြိမ်ရန်နှင့် တင်ပို့မှုကြီးထွားရန် စီမံချက်များလိုအပ်နေကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ဝင်ငွေအမေရိကန် ဒေါ်လာ သန်း ၁၆၀ နီးပါးရရှိခဲ့ပြီး နှစ်ကုန်ရည်မှန်းချက်၏ ၉၁ ရာခိုင်နှုန်းပြည့်မီပြီဖြစ်ကြောင်း သိရပါသည်။ နှစ်ကုန်ရည်မှန်းချက်ပြည့်မီရန်အတွက် ကုမ္ပဏီသည် စက်ကိရိယာများနှင့် လုပ်သားထု စွမ်းရည်ကိုမွမ်းမံမြှင့်တင်ရန်၊ ထုတ်လုပ်မှုအရည်အသွေးတိုးတက်စေရန်၊ ဈေးကွက်ဝယ်လိုအားနှင့် ထုတ်လုပ်မှုချိန်ညှိရန်နှင့် အနာဂတ်အတွက်စမတ်စက်ရုံမော်ဒယ်များ ပြင်ဆင်ရန် စီစဉ်နေကြောင်း သိရပါသည်။ Binh ကကမ္ဘာလုံးဆိုင်ရာရောင်းလိုအားနှင့် ဝယ်လိုအားမတည်ငြိမ်မှုက ဖိအားများဖြစ်ပေါ်စေကြောင်းပြောကြားခဲ့ပါသည်။ ဥပမာအနေဖြင့် အမေရိကန်ဈေးကွက်သည် စားသုံးကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စားသုံးမှုနည်းပါးရန် မျှော်မှန်းရပြီး ဥရောပသမဂ္ဂနှင့် ဂျပန်ဈေးကွက်များမှာ အစိမ်းရောင်အသိအမှတ်ပြုထုတ်ကုန်များအတွက် လိုအပ်ချက် မြင့်တက်လာကြောင်း သိရပါသည်။  ဗီယက်နမ်တွင် ၂၀၂၆ ခုနှစ်၌ အနိမ့်ဆုံးလုပ်အားခများ မြင့်တက်လာခြင်းက လုပ်သားထုကုန်ကျစရိတ်များအပေါ် သက်ရောက်မှုရှိစေပြီး လုပ်ငန်းများအား လုပ်သားထုလေ့ကျင့်ခြင်း၊ လူမှုဖူလုံမှုမြှင့်တင်ပေးခြင်းနှင့် အလိုအလျောက်စနစ်များအသုံး ပြုခြင်းတို့တွင် ရင်းနှီးမြှုပ်နှံရန် လှုံ့ဆော်မှုဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

 

 

 

ဆန်စိုက်ပျိုးထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်ကြိုးပမ်းမည့် ဗီယက်နမ်နှင့် ဩစတေးလျ

             ဩစတေးလျနိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ်ကြီး Pham Hung Tam သည် ဩစတေးလျနိုင်ငံ၏ အကြီးမားဆုံးဆန်ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူဖြစ်သည့် SunRice အုပ်စု၏ ဆက်သွယ်ရေး ဒါရိုက်တာ Anthony McFarlane နှင့် အောက်တိုဘာလ ၂၉ ရက်နေ့ကတွေ့ဆုံခဲ့ကြောင်း သိရပါသည်။ McFarlane က သံအမတ်ကြီးအား အုပ်စုသည် လွန်ခဲ့သည့်နှစ်များအတွင်း ဩစတေးလျ နိုင်ငံတကာစိုက်ပျိုးမွေးမြူရေးသုတေသနစင်တာ (ACIAR)နှင့် ပူးပေါင်း၍ ဗီယက်နမ်တွင် စိုက်ပျိုးမှုများသည့် ဆန်မျိုးကွဲများကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ SunRice ၏ ACIAR နှင့် ပူးတွဲစီမံကိန်းက ဗီယက်နမ်နိုင်ငံမဲခေါင် ဒယ်တာဒေသရှိ အသေးစားစိုက်ပျိုးရေးသမားများအတွက် စဉ်ဆက်မပြတ်ဆန်တန်ဖိုးကွင်းဆက် တည်ဆောက်ရန်ဖြစ်ကြောင်း သိရပါသည်။ ထိုကနဦးဆောင်ရွက်မှုသည် မဲခေါင်ဒယ်တာဒေသတွင် အထွက်နှုန်းမြင့်မားရန်၊ စဉ်ဆက်မပြတ်ထွက်ရှိရန်နှင့် အရည်အသွေးမြင့်ဆန်တန်ဖိုး ကွင်းဆက်ရရှိရန်ရည်ရွယ်ပြီး ထိုမှတစ်ဆင့် ဒေသခံစိုက်ပျိုးရေးသမားများအကျိုးရှိပြီး SunRice ၏ ကမ္ဘာ့ဈေးကွက်စံနှုန်းများနှင့် ကိုက်ညီစေမည်ဖြစ်ကြောင်း သိရပါသည်။ McFarlane က စဉ်ဆက်မပြတ်ဆန်ထုတ်လုပ်ခြင်းနှင့် ထိရောက်သောတန်ဖိုးကွင်းဆက်စီမံခန့်ခွဲခြင်းသည် ဗီယက်နမ်တွင် အသေးစားဆန်စိုက်ပျိုးသူများအတွက် အလွန်အရေးပါကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ Tam က SunRice ၏ ဗီယက်နမ်တွင် ထိရောက်စွာပူးပေါင်းဆောင်ရွက်မှုများကို အမွှမ်းတင်ပြောကြားခဲ့ပြီး အုပ်စုသည် နိုင်ငံတွင်စိုက်ပျိုးရေးသမားများကို ပံ့ပိုးပေးမည့် စီမံကိန်းများ ဆက်လက်အကောင် အထည်ဖော်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သံအမတ်သည် ဩစတေးလျနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကို မိတ်ဆက်ပေးခဲ့ပြီး နှစ်နိုင်ငံသည် ဟာလာ အသိအမှတ်ပြုကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ရှာဖွေသွားမည်ဖြစ်ကြောင်း၊ လာအိုနှင့် SunRice ကြားမိတ်ဖက်ဖွဲ့မှုအရှိန်မြှင့်တင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

သုံးနှစ်အတွင်း ဗီယက်နမ်ပုဇွန်တင်ပို့မှုကြီးထွားမှုအားကောင်း

 

          ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုး ရှိသောပုဇွန်များကို တင်ပို့ခဲ့ပြီး ၃ နှစ်အတွင်းအမြင့်မားဆုံးအဆင့်ထိရောက်ရှိခဲ့ကာ ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏အဆိုအရ တရုတ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် CPTPP အုပ်စုတို့ထံမှ ဝယ်လိုအားနာလံထူလာခြင်းနှင့် ဗီယက်နမ်စီးပွားရေး လုပ်ငန်းများက ထုတ်ကုန်ကဏ္ဍများနှင့် ဈေးကွက်များကို လိုက်လျောညီထွေပြောင်းလဲနိုင်မှုတို့ကြောင့် ကြီးထွားမှုအားကောင်းခဲ့ကြောင်း သိရပါသည်။ တရုတ်နှင့် ဟောင်ကောင်သို့ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၉၆၆ သန်းရရှိခဲ့ပြီး ၆၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပို့ကုန်လုပ်ငန်းရှင်များသည် အမေရိကန်၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေးအကောက်ခွန် အလားအလာများကို စိုးရိမ်မှုများရှိနေခြင်းကြောင့် အမေရိကန်သို့တင်ပို့မှုမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၅၈၇ သန်းတန်ဖိုးရှိခဲ့ပြီး ၄ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း သိရပါသည်။ များစွာသော စီးပွားရေးလုပ်ငန်းများသည် ဈေးကွက်ကွဲပြားရန်နှင့် စွန့်စားရမှုလျှော့ချရန်အတွက် ဥရောပသမဂ္ဂနှင့် အာရှဈေးကွက်များသို့ ကူးပြောင်းရန် အာရုံစိုက်ထားကြောင်း သိရပါသည်။ CPTPP သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉၄၁ သန်းနီးပါးရှိပြီး ဂျပန်ကအမေရိကန်ဒေါ်လာ ၄၂၆ သန်းဖြင့် အုပ်စုကို ဦးဆောင်နေကြောင်း သိရပါသည်။ အာရှတွင် တောင်ကိုရီးယားနှင့် တရုတ်တိုင်ပေသို့တင်ပို့မှုမှာ ၁၃ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်း အသီးသီးဖြင့် ဂဏန်း ၂ လုံးကြီးထွားခဲ့ကြောင်း သိရပါသည်။ VASEP ကအမေရိကန်ဈေးကွက်တွင် အခက်အခဲများကြောင့် ပုဇွန်တင်ပို့မှုမှာ စတုတ္ထ ၃ လပတ် ကာလတွင် အနည်းငယ်လျှော့ပါးသွားနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။ သို့သော်အင်ဒိုနီးရှား၏ပို့ကုန် ထိန်းချုပ်မှုတင်းကျပ်မှုနှင့် အီကွေဒေါ၏ တရုတ်အပေါ်အာရုံစိုက်မှုတို့ကြောင့် ရောင်းချမှုဖိအား လျှော့ကျနိုင်ပြီး ဗီယက်နမ်ပုဇွန်များအတွက် ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် သင့်လျော်ကောင်းမွန် သောအခြေအနေကို ဖန်တီးပေးကြောင်း သိရပါသည်။ အသင်းက ဥရောပသမဂ္ဂသို့တင်ပို့မှုမှာ နှစ်သစ်ကူးပွဲတော်များကြောင့် အပေါင်းလက္ခဏာဆောင်နိုင်ကြောင်း ခန့်မှန်းခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ