
အင်ဒိုနီးရှားနိုင်ငံရွှေ့ပြောင်းအခြေချနေထိုင်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး Viva Yoga Mauladi က ရာဘာစိုက်ပျိုးရေးလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးမြှင့်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် အဆင်သင့်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mauladi က ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန်အတွက် ဒေသခံစိုက်ပျိုးရေးအသိုင်းအဝိုင်းများကို အားပေးမြှင့်တင်ခြင်းသည်အရေးကြီးကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် ရာဘာစိုက်ပျိုးသူ အိမ်ထောင်စု ၂.၁ သန်းခန့်ရှိပြီး အများစုမှာ Sumatra နှင့် Kalimantan ဒေသများတွင် နေထိုင်ကြကြောင်း၊ လက်ရှိ သို့မဟုတ် ယခင်ရွှေ့ပြောင်းအခြေချဒေသများရှိ ပြည်သူများ၏ဝင်ငွေ တိုးတက်လာပြီး သာယာဝပြောမှုရရှိစေရန် ဤကိစ္စသည်အရေးကြီးကြောင်း၊ ထိုရည်မှန်းချက် အောင်မြင်ရန်အတွက် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုလိုအပ်ကြောင်းနှင့် အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန၊ အမျိုးသားသုတေသနနှင့် ဆန်းသစ်တီထွင်မှုအေဂျင်စီ (BRIN) နှင့် Ministry of Public Works တို့ကဲ့သို့ နည်းပညာဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းရန်လိုအပ်ကြောင်း မေလ ၂၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုများသည် ရာဘာစိုက်ပျိုးသူများ၏ ထုတ်လုပ်မှုတိုးတက်စေရန်၊ ဝင်ငွေမြှင့်တင်ရန်နှင့် ရာဘာရိတ်သိမ်းထုတ်ကုန် အရည်အသွေးကိုမြှင့်တင်ကာ တန်ဖိုးတိုးမြှင့်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ထို့ပြင် အသေးစား ရာဘာစိုက်ပျိုးသူများအပေါ် အခြေခံသည့် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များလိုအပ်ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်နိုင်မည့် တန်ဖိုးတိုးလာမှုကို ရရှိနိုင်မည်ဟု သိရပါသည်။ Mauladi က ရာဘာသည် ရှေးယခင်ကတည်းက အဓိကကုန်စည်တစ်ရပ်ဖြစ်ခဲ့ပြီး ယနေ့တိုင်လည်း ပို့ကုန်အဖြစ် အရေးပါနေဆဲဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် ထိုင်းနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ရာဘာတင်ပို့သည့်နိုင်ငံဖြစ်ကြောင်း၊ သို့သော် ရာဘာစိုက်ပျိုးသူများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အသေးစားစိုက်ပျိုးသူများဖြစ်ပြီး ကျန်အနည်းငယ်သာ အစိုးရပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီများပိုင်ဆိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ ပထမဆုံးစိန်ခေါ်မှုမှာ ရာဘာပင်အများစုသည် အသက် ၂၅ နှစ်ကျော်လာပြီဖြစ်သဖြင့် ထုတ်လုပ်မှုကျဆင်းနေကာ ပြန်လည်စိုက်ပျိုးရန် လိုအပ်နေခြင်းဖြစ်ကြောင်း သိရပါသည်။ ဒုတိယအနေဖြင့် ဓာတ်မြေဩဇာအသုံးပြုမှု၊ အခြေခံအဆောက်အအုံနှင့် လမ်းကွန်ရက်ဖွံ့ဖြိုးရေး စသည့်နည်းလမ်းများဖြင့် ရာဘာစိုက်ခင်းများ၏ ထုတ်လုပ်မှုတိုးတက်စေရန် ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရပါသည်။ တတိယအနေဖြင့် ရာဘာပင်များ၏ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်နိုင်ရန် မျိုးစေ့အသစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများလိုအပ်ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
