ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယားသို့ နိုင်ငံတကာခရီးသွားများ ၁၃.၈ ရာခိုင်နှုန်း ကျဆင်း

   ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာခရီးသွား ဧည့်သည် စုစုပေါင်း ၅.၁၇ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၃.၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ၂၅-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်သည့် နိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံ သည် ထိပ်ဆုံးမှ ရပ်တည်နေပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့က ဒုတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံသား ၁.၁၁ သန်းနှင့် ထိုင်းနိုင်ငံသား ၁.၀၁ သန်းခန့် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ၇.၃ ရာခိုင်နှုန်းနှင့် ၄၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။ သို့သော် တရုတ်နိုင်ငံသား ၁.၁ သန်းသည် ကမ္ဘောဒီးယားနိုင်ငံသို့လာရောက်လည်ပတ်ခဲ့ပြီး ၄၃.၅ ရာခိုင်နှုန်း မြင့်တက်လာ ကာ နိုင်ငံတော်သို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွား အရေအတွက်မှာ သိသိသာသာ မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြထား သည်။

DOCA(ရန်ကုန်)

Preah Sihanouk ပြည်နယ်ရှိရင်းနှီးမြှုပ်နှံသူများ၏ ပံ့ပိုးကူညီမှု တိုးမြှင့်ဆောင်ရွက်ရန် တာဝန်ရှိသူများက ဒေါ်လာ ၁၃၈ သန်းတန် စက်မှုဇုန်စီမံကိန်းများကို စစ်ဆေး

   Preah Sihanouk ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ အစိုးရ၏ လုပ်ငန်း အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများကို ပံ့ပိုးရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အထူးအစီအစဉ်အရ စီမံကိန်းများ ချောမွေ့စွာ အကောင်အထည်ဖော်နိုင်စေရန် အဓိကစက်မှုလုပ်ငန်းစီမံကိန်း ငါးခုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ စစ်ဆေးမှုများကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့ပြီး Preah Sihanouk  ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ အကြီးအကဲ Hean Sahib ဦးဆောင်၍ ပြည်နယ်အုပ်ချုပ်ရေးမှူး Mang Sineth နှင့် ပြည်နယ်အုပ်ချုပ်ရေးမှ အရာရှိများ နှင့်အတူ Sihanoukville ပြည်နယ်၊ Kampong Som မြို့နှင့် Prey Nob ခရိုင်တို့တွင် တည်ရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ငါးခုသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။  ၎င်းတို့တွင် Empire Electrical Cable Co., Ltd မှ လုပ်ငန်းလည်ပတ် နေသော လျှပ်စစ်ဝါယာကြိုးနှင့် ကေဘယ်လ်စက်ရုံ၊ Cambodia Kuna New Energy Co., Ltd မှ လုပ်ငန်းလည်ပတ်သော အလူမီနီယမ် ပြုပြင်ထုတ်လုပ်ရေးစက်ရုံ၊ Bo Kang Industry (Cambodia) Co., Ltd မှ လုပ်ငန်းလည်ပတ်သော ပရိဘောဂထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်း စက်ရုံ၊ Haule Steel မှ လုပ်ငန်းလည်ပတ်သော သံမဏိပြုပြင်ထုတ်လုပ်ရေး စက်ရုံနှင့် Deep Oil Field Cambodia Co., Ltd မှ လည်ပတ်နေသော သံမဏိပိုက်ထုတ်လုပ်ရေးစက်ရုံတို့ ပါဝင်သည်။ စက်မှုလုပ်ငန်းစီမံကိန်း ငါးခုသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃၈ သန်းရှိပြီး အလုပ်အကိုင် ၁,၀၇၀ ခန့် ဖန်တီးပေးနိုင်ရန် မျှော်လင့် ထားကြသည်။ စစ်ဆေးမှုများသည် စီမံကိန်းအကောင် အထည်ဖော်မှုကို စောင့်ကြည့်ရန်၊ လက်တွေ့တိုးတက်မှုများကို အကဲဖြတ်ရန်နှင့် ရင်းနှီးမြှုပ်နှံ သူများထံမှ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများနှင့် စိန်ခေါ်မှုများအကြောင်းပိုမိုသိရှိရန် ရည်ရွယ်ကြောင်း Hean Sahib က ပြောကြားခဲ့သည်။ စစ်ဆေးမှုများသည် လက်တွေ့ကျသော ဖြေရှင်းနည်းများနှင့် အထောက်အကူပြု အစီအမံများကို ဖော်ထုတ်ရန်၊ ဒေသတွင်း အလုပ်သမား၊ ကျွမ်းကျင်မှုနှင့် နည်းပညာလွှဲပြောင်းမှုကို ပိုမိုအသုံးပြုလာစေရန်၊ ပြည်နယ်တစ်ဝှမ်းရှိ စက်ရုံများနှင့် လုပ်ငန်းများ တွင် ဒေသထွက်ပစ္စည်းများကို ပိုမိုအသုံးပြုမှုများကို အားပေးရန် ရည်ရွယ်ထား ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

RCEP နိုင်ငံများသို့ ကမ္ဘောဒီးယား၏ ပို့ကုန်များတင်ပို့မှု အမေရိကန်ဒေါ်လာ ၈.၈၅ ဘီလီယံ ရောက်ရှိ

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်အဖွဲ့ (RCEP) နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၈,၈၅၀ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်ကာလတူက အမေရိကန်ဒေါ်လာ ၈,၃၅၀ သန်းထက် ၅.၉၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၃-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း RCEP နိုင်ငံများသို့ ကမ္ဘောဒီးယား၏ စုစုပေါင်းတင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၂၈,၃၆၈ သန်းရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ကာလအတွင်း  ကမ္ဘောဒီးယားနိုင်ငံသို့ RCEP နိုင်ငံများမှ အမေရိကန်ဒေါ်လာ ၂၇,၅၃၆ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူ အမေရိကန်ဒေါ်လာ ၂၃,၁၀၆ သန်းထက် ၁၉.၁၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါကိန်းဂဏန်းများကြောင့် နိုင်ငံတော်၏ RCEP နှင့် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၆,၃၈၆ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူက အမေရိကန် ဒေါ်လာ ၅၉,၁၃၂ သန်း၏ ၆၁.၅၃ ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ RCEP သို့ တင်ပို့ရာတွင် ကမ္ဘောဒီးယား ထုတ်ကုန်များအတွက် ဖြည့်စွက်ဈေးကွက်တစ်ခုဖြစ်လာသည့် ဒေသတွင်းလွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့သို့ ကမ္ဘောဒီးယား၏ ပို့ကုန်များ ပေါင်းစည်းမှုကို ကိန်းဂဏန်းများက ထင်ဟပ်စေသည်ဟု ဝန်ကြီးဌာန၏ အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း၏ ဒုတိယဥက္ကဋ္ဌ Lim Heng က RCEP သဘောတူညီချက်သည် ပြည်တွင်းဈေးကွက်လိုအပ်ချက်များကို ထောက်ပံ့ရုံသာမက ကမ္ဘောဒီးယားပို့ ကုန်များအတွက်ပါ ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times                                                                            

DOCA (ရန်ကုန်)

နိုင်ငံအတွင်းသို့ သကြားတင်သွင်းမှုပိတ်ပင်ချက်အား ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းတိုးမြင့်လိုက်သော ဖိလစ်ပိုင်နိုင်ငံ

          ဖိလစ်ပိုင်နိုင်ငံသည် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သကြားတင်သွင်းမှု ပိတ်ပင်ချက်အား လာမည့်နှစ် ဒီဇင်ဘာလအထိ ဆက်လက်ထားရှိမည်ဖြစ်ပြီး ထောက်ပံ့မှုအခြေအနေများ တိုးတက်ကောင်းမွန်လာချိန်တွင် ပြည်တွင်းထုတ်လုပ်သူများအတွက် အကာအကွယ်ပေးမှုကို တိုးချဲ့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "လက်ရှိ သကြားထုတ်လုပ်မှုနှင့် ဝယ်လိုအားအပေါ်အခြေခံ၍ ကနဦးအကြံပြုထားသည်ထက် ပိုမိုကြာရှည်သော တင်သွင်းမှုရပ်ဆိုင်းခြင်းသည် လိုအပ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က ပြောကြားခဲ့သည်။

         ပြည်တွင်းသကြားစိမ်းထုတ်လုပ်မှု မြင့်တက်လာခြင်းကို ၎င်းက ကိုးကားဖော်ပြခဲ့ပြီး ယင်းမူဝါဒသည် ဈေးကွက်တည်ငြိမ်စေရန် ကူညီပေးနေစဉ် ပြည်တွင်းထုတ်လုပ်သော သကြားကိုဦးစားပေးရန် ရည်ရွယ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ သကြားစည်းမျဉ်း ထိန်းသိမ်းရေး အဖွဲ့၏ မူဝါဒချမှတ်ရေးအဖွဲ့ဖြစ်သော သကြားဘုတ်အဖွဲ့၏ ဥက္ကဋ္ဌအနေဖြင့် Tiu Laurel က အေဂျင်စီသည် စံနှင့် ပရီမီယံအဆင့် သန့်စင်ထားသော သကြားစာရင်းများ၏ တိကျသောပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ချက်လုပ်သည့်စက်ရုံလုပ်ငန်းများကို စောင့်ကြည့်ခြင်းကိုလည်း တိုးမြှင့် သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                          

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်နှစ်ကုန်တွင် ရုရှားနိုင်ငံ၏ ငါးတင်ပို့မှု အမေရိကန်ဒေါ်လာ ၆ ဘီလီယံအထိ ရောက်ရှိ

         ရုရှားနိုင်ငံ၏ ငါးတင်ပို့မှုသည် ၂၀၂၅ ခုနှစ်နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ အထိ ရောက်ရှိရန်မျှော်လင့်ထားကြပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာကြောင်း ရုရှားနိုင်ငံ ငါးလုပ်ငန်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

     ပို့ကုန်တိုးတက်မှုသည် အဓိကအားဖြင့် ပမာဏတိုးလာခြင်းထက် တန်ဖိုးမြင့်မားခြင်းကြောင့်ဖြစ်ကြောင်း ရုရှားငါးလုပ်ငန်းဆိုင်ရာ ဖက်ဒရယ်အေဂျင်စီ၏ အကြီးအကဲ Ilya Shestakov က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ပြီး ရုရှား၏ စုစုပေါင်းပို့ကုန်၏ ၃၀ မှ ၃၅ ရာခိုင်နှုန်းသည် ကုန်ကြမ်းများထက် ပြုပြင်ထားသော ထုတ်ကုန်များဖြစ်ကြောင်း ထောက်ပြခဲ့သည်။

        ငါးလုပ်ငန်းအရင်းအမြစ်များ ပေါကြွယ်ဝသော ရုရှားနိုင်ငံ၏ အာဇော့ဗ်ပင်လယ်နှင့် ဘိုင်ကယ်ရေကန်တို့တွင် မကြာသေးမီနှစ်များအတွင်း စတာဂျင်ငါးနှင့် အိုမူလ်ငါးများ အသီးသီးတင် ပို့မှုတိုးတက်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

      တစ်နိုင်ငံလုံးရှိ ရေနေဇီဝဗေဒဆိုင်ရာ အရင်းအမြစ်အမျိုးမျိုး၏ ဖမ်းဆီးမှုပမာဏသည် ပြီးခဲ့သည့်နှစ်ကထက် ကျော်လွန်သွားကြောင်း Shestakov က ပြောကြားခဲ့ပြီး သင်္ဘောများ လုပ်ငန်းဆောင်ရွက်မှု ပိုမိုထိရောက်စေရန်နှင့် ငါးများကို ပိုမိုကောင်းမွန်စွာ ရှာဖွေတွေ့ရှိနိုင်စေရန် ခေတ်မီနည်းပညာများကို အသုံးပြုနေကြောင်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                          

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ဝယ်လိုအားကြောင့် နယူးဇီလန် သစ်သီးတင်ပို့မှု မြင့်တက်လာ

         ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွင်း နယူးဇီလန်၏ သစ်သီးတင်ပို့မှုသည် ၂၈ ရာခိုင်နှုန်း မြင့်တက်လာပြီး နယူးဇီလန်ဒေါ်လာ ၆.၁ ဘီလီယံ (နယူးဇီလန် ဒေါ်လာ ၃.၅၂ ဘီလီယံ) ရှိခဲ့ပြီး ရွှေရောင်ကီဝီသီးနှင့် ပန်းသီးများအပေါ် တရုတ်နိုင်ငံ၏ မြင့်မား သော ဝယ်လိုအားကြောင့် အားကောင်းလာကြောင်း Stats NZ မှ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။ စာရင်းအင်းဌာန၏ အဆိုအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် ပထမဆုံး အကြိမ် ဤတန်ဖိုးသို့ ရောက်ရှိပြီးနောက် နယူးဇီလန်၏ သစ်သီးဝလံတင်ပို့မှု နယူးဇီလန်ဒေါ်လာ ၆ ဘီလီယံသို့ ရောက်ရှိခဲ့ခြင်းမှာ ဒုတိယ အကြိမ်မြောက် ဖြစ်သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်တွင် ကီဝီသီးနှင့် ပန်းသီးများသည် စုစုပေါင်း သစ်သီးဝလံ တင်ပို့မှုတန်ဖိုး၏ ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း Stats NZ နိုင်ငံတကာ စာရင်းအင်းဌာန၏ ပြောရေးဆိုခွင့်ရှိသူ Viki Ward က ပြောကြားခဲ့သည်။ တရုတ်နှင့် ဥရောပသမဂ္ဂတို့သည် နယူးဇီလန်၏ ရွှေရောင်ကီဝီသီးနှင့် အစိမ်းရောင်ကီဝီသီးများအတွက် ထိပ်တန်းတင်ပို့သော နိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံသည် နယူးဇီလန်၏ ပန်းသီးတင်ပို့မှု စုစုပေါင်းတန်ဖိုး၏ လေးပုံတစ်ပုံကိုရယူထားပြီး အကြီးဆုံးပန်းသီးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ နယူးဇီလန်ပန်းသီးတင်ပို့မှုသည် ယခင်နှစ်ကထက် ၂၉ ရာခိုင်နှုန်း သို့မဟုတ် နယူးဇီလန်ဒေါ်လာ ၂၈၀ သန်း မြင့်တက်ခဲ့ပြီး ပမာဏ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယူနစ်ဈေးနှုန်း ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ စာရင်းအင်းများအရ ချယ်ရီသီး တင်ပို့မှုသည် ထိုကာလအတွင်း နယူးဇီလန်ဒေါ်လာ ၁၂၅ သန်းရရှိခဲ့ပြီး ထောပတ်သီးတင်ပို့မှုမှာ နယူးဇီလန်ဒေါ်လာ ၁၀၇ သန်းရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                          

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ မြေရှားသတ္ထုတင်ပို့မှုများ နိုဝင်ဘာလတွင် ဒုတိယမြောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

            တရုတ်နိုင်ငံ၏ ‌မြေရှားသတ္ထုတင်ပို့မှုများသည် နိုဝင်ဘာလတွင် ဒုတိယမြောက်တင်ပို့မှု အမြင့်ဆုံးအထိရောက်ရှိခဲ့ကြောင်းနှင့် ၎င်းသည် အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးသဘောတူညီမှုပြုလုပ်အပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သောထုတ်ပြန်ချက်များအရ နိုဝင်ဘာလတွင် တရုတ်နိုင်ငံသည် မြေရှားသတ္ထုတန်ချိန် ၆၁၅၀ မက်ထရစ်တန်ခန့် တင်ပို့ခဲ့ကြောင်းနှင့် ၎င်းပမာဏသည် အောက်တိုဘာလတင်ပို့မှုထက် ၁၂ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် စစ်လက်နက်ပစ္စည်းများ၊ ကားများ၊ ဖုန်းများတွင် အသုံးပြုလျက်ရှိသော မြေရှားသတ္ထုများ တင်ပို့ခြင်းကို ဧပြီလတွင် ရပ်ဆိုင်းခဲ့ပါသည်။ သို့ရာတွင် အမေရိကန်‌သမ္မတ Donald Trump နှင့် Xi Jinping တို့တွေ့ဆုံ‌ဆွေးနွေးမှုပြုလုပ်အပြီးတွင် မြေရှားသတ္ထုတင်ပို့ခြင်းများ ပြန်လည်စတင်ခဲ့ကြောင်း သိရပါသည်။ နိုဝင်ဘာလတွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံသို့ မြေရှားသတ္ထုတန်ချိန် ၅၈၂ မက်ထရစ်တန်ခန့် တင်ပို့ခဲကောင်းနှင့် အဆိုပါပမာဏသည် အောက်တိုဘာလတင်ပို့မှုထက် ၁၁ ရာခိုင်နှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံသို့ မြေရှားသတ္ထုတင်ပို့မှုသည် တန်ချိန် ၃၀၅ မက်ထရစ်တန်ခန့်ရောက်ရှိခဲ့ပြီး ၃၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်းတွင် မြေရှားသတ္ထုတန်ချိန် ၅၁၄၄၀ တန်ခန့် တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။

Source: Economictimes                                                             

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်တွင် ဆန်တင်သွင်းမှုရပ်ဆိုင်းတော့မည့် အင်ဒိုနီးရှားနိုင်ငံ

          အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းဆန်ထုတ်လုပ်မှုများလုံလောက်မှုကြောင့် ၂၀၂၆ ခုနှစ်တွင် ဆန်တင်သွင်းမှုများကို စားသုံးခြင်းအတွက်သော်လည်းကောင်း၊ စက်ရုံသုံးအတွက် သော်လည်းကောင်း တင်သွင်းမှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အစိုးရဌာနများမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ အဆိုပါဆုံးဖြတ်ချက်ကို အစားအသောက်လုံခြုံရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်း အေဂျင်စီ များမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက် ခဲ့သော ဝန်ကြီးများအဆင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်‌ကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဆိုသူ Tatang Yuliono က အင်ဒိုနီးရှားနိုင်ငံရှိ အိမ်ထောင်စုများအတွက် စားသုံးရန်နှင့် စက်ရုံသုံးအတွက်လိုအပ်‌‌သော ဆန်များကို ပြည်တွင်းထုတ်လုပ်မှုများဖြင့် လုံလောက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် စက်မှုလုပ်ငန်းဝန်ကြီးဌာနမှ တောင်းဆိုထားသော ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၃၈၁၀၀၀ တန်တင်သွင်းခွင့်အား ပယ်ဖျက်လိုက်ကြောင်းနှင့် ၎င်းသည် ပြည်တွင်း‌ ‌ထောက်ပို့မှု များက လုံလောက်ခြင်းကြောင့်ဖြစ်‌ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် တင်သွင်းမှုပိတ်ပင်ခြင်းမူဝါဒကို နိုင်ငံတစ်ဝှမ်းကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရပါသည်။ အစိုးရဌာနများမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ဆန်ထုတ်လုပ်မှုတန်ချိန် ၃၄.၇၇ သန်းတန်ခန့်ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၃.၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ၎င်းသည်သမ္မတ Prabowo Subianto အစိုးရ၏ လယ်သမားများအပေါ် ‌‌ထောက်ပံ့ခြင်းမူဝါဒနှင့် ရာသီဥတုကောင်းမွန်မှုတို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ပြောင်းထုတ်လုပ်မှုကို တန်ချိန် ၄ သန်းတန်ခန့်ရောက်ရှိရန်‌မျှော်မှန်းခဲ့ပြီး ပြည်တွင်းစားသုံးခြင်းနှင့် စက်ရုံသုံးကဏ္ဍအတွက် လုံလောက်ရန်မျှော်မှန်း‌ကြောင်း သိရပါသည်။

Source: Vnexpress                                                                     

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် QR ကုဒ်ငွေပေးချေမှု ဒုတိယအဆင့်ကို စတင်

            ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ၁၉.၁၂.၂၀၂၅ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော် QR ကုဒ်ငွေပေးချေမှု၏ ဒုတိယအဆင့်ကိုစတင်ခဲ့ပြီး လာအိုခရီးသွားများသည် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးကို အသုံးပြု၍ ကမ္ဘောဒီးယားနိုင်ငံတွင် ဈေးဝယ်နိုင်မည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအမျိုးသားဘဏ်၏ အုပ်ချုပ်ရေးမှူး Chea Serey နှင့် လာအိုဒီမိုကရက်တစ်ပါတီဘဏ်၏ အုပ်ချုပ်ရေးမှူး Bounkham Vorachit တို့သည် ကမ္ဘောဒီးယား နိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သော QR ကုဒ်ငွေပေးချေမှု မိတ်ဆက်ပွဲအခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ကြသည်။ အဆင့် ၂ ကို စတင်ခြင်းဖြင့် လာအိုနိုင်ငံသားများသည် ကမ္ဘောဒီးယားတစ်ဝှမ်းရှိ ကုန်စည်ဝန်ဆောင်မှု ၄.၅ သန်းခန့်တွင် KHQR ကုဒ်များကို အသုံးပြုရန် ၎င်းတို့၏ မိုဘိုင်းဘဏ်လုပ်ငန်း Application များကို အသုံးပြုနိုင်မည်ဟု Serey က ပြောကြားခဲ့သည်။ ဤအစီအစဉ်သည် နှစ်နိုင်ငံစလုံးရှိ ကုန်သည်များအတွက် အိမ်နီးချင်းနှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနေစဉ် ၎င်းတို့၏ဈေးကွက်သို့ ချဲ့ထွင်ရန် အခွင့်အလမ်းအသစ်များကို ဖွင့်လှစ်ပေးခဲ့ကြောင်း Serey က ထပ်လောင်းပြောကြားခဲ့သည်။ နယ်စပ်ဖြတ်ကျော် QR ကုဒ်ငွေပေးချေမှု၏ ဒုတိယအဆင့် သို့မဟုတ် အပြည့်အဝစတင်မှုသည် ကမ္ဘောဒီးယားနှင့် လာအိုပြည်သူများအား QR ကုဒ်များကို အသုံးပြုခြင်းဖြင့် ကုန်ပစ္စည်းများအတွက် ၎င်းတို့၏ကိုယ်ပိုင်ငွေကြေးဖြင့် ပေးချေနိုင်စေကြောင်း Bounkham က ပြောကြားခဲ့သည်။ ယခုမှစ၍ ကမ္ဘောဒီးယားနိုင်ငံတွင် ခရီးသွားလာနေသော လာအိုပြည်သူများသည် ကမ္ဘောဒီးယား၏ Bakang App တွင် KHQR ကုဒ်များကို စကင်ဖတ်ခြင်းဖြင့် ကုန်ပစ္စည်းများအတွက် လာအိုငွေကြေးဖြင့် ပေးချေနိုင်ကြောင်း Bounkham က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                                               

DOCA(ရန်ကုန်)

၂၀၂၆ ခုနှစ်တွင် နိုင်ငံအတွင်းသို့ ဆန်တင်သွင်းမှု ရပ်ဆိုင်းသွားမည့် အင်ဒိုနီးရှားနိုင်ငံ

          အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းဆန်ထုတ်လုပ်မှုသည် လုံလောက်မှုရှိသောကြောင့် ၂၀၂၆ ခုနှစ်တွင် စားသုံးသည့်ဆန်(သို့မဟုတ်)စက်မှုလုပ်ငန်းသုံးဆန်များကို နိုင်ငံအတွင်းသို့ တင်သွင်းတော့မည်မဟုတ်ကြောင်း အင်ဒိုနီးရှားနိုင်ငံအစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်အရသိရ သည်။ အဆိုပါဆုံးဖြတ်ချက်အား စားနပ်ရိက္ခာဖူလုံရေး ညှိနှိုင်းရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဝန်ကြီးဌာနနှင့် ဗဟိုစာရင်းအင်း အေဂျင်စီတို့မှ အကြီးတန်းခေါင်းဆောင်များ တက်ရောက်ခဲ့သည့် မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျကာတာတွင် ကျင်းပသောဝန်ကြီးအဆင့် ညှိနှိုင်းအစည်းအဝေးအပြီးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှား စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနမှ ကုန်သွယ်ရေးနှင့်ဖြန့်ဖြူးရေးညှိနှိုင်းရေးမှူး ဒုတိယဝန်ကြီး Tatang Yuliono က ပြည်တွင်းဆန် ဝယ်လိုအားကို ပြည်တွင်းထုတ်လုပ်မှုဖြင့်သာ အပြည့်အဝဖြည့်ဆည်းပေးမည်ဟု ပြောကြားခဲ့သည်။ နိုင်ငံ၏ ပြည်တွင်းဆန်ထောက်ပံ့မှုသည် လုံလောက်မည်ဟု ယုံကြည်သောကြောင့် ၂၀၂၆ ခုနှစ်တွင် စက်မှုလုပ်ငန်းသုံး ဆန်တန်ချိန် ၃၈၁၀၀၀ နီးပါး တင်သွင်းရန် စက်မှုဝန်ကြီးဌာန၏ အဆိုပြုချက်ကို အစိုးရကပယ်ချခဲ့သည်။ အာချေးပြည်နယ်ရှိ ဆာဘန်ကဲ့သို့သော လွတ်လပ်သော ကုန်သွယ်ရေးဇုန်များအပါအဝင် တစ်နိုင်ငံလုံးအတိုင်အတာဖြင့် တင်သွင်းခြင်းမပြုရမူဝါဒကို ကျင့်သုံးသွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်၏ ခိုင်မာသော စိုက်ပျိုးရေးစွမ်းဆောင်ရည်ကြောင့် နိုင်ငံ၏ အမျိုးသားစားနပ်ရိက္ခာဖူလုံရေးတွင် အဓိက အောင်မြင်မှုတစ်ခုအဖြစ် ဆန်နှင့်ပြောင်း တင်သွင်းမှုကို ရပ်ဆိုင်းနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်နှစ် လယ်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၏  အရန်ဆန်သိုလှောင်မှုသည် တန်ချိန် ၄ သန်းခန့်အထိ စံချိန်တင်မြင့်မားခဲ့ပြီး စျေးကွက်တည်ငြိမ်စေရန် အထောက်အကူပြုနိုင်ခဲ့သည်။ တရားဝင်အချက် အလက်များအရ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ လက်ထက် ရာသီဥတုကောင်းမွန်မှုနှင့် လယ်သမားများအတွက် ထောက်ပံ့မှုမူဝါဒများကြောင့် ၂၀၂၅ ခုနှစ်၏ ဆန်ထုတ်လုပ်မှု စုစု ပေါင်းသည် တန်ချိန် ၃၄.၇၇ သန်းသို့ရောက်ရှိကာ ၂၀၂၄ ခုနှစ် ကထက် ၁၃.၅၄ ရာခိုင်နှုန်း မြင့် တက်လာမည်ဟု ခန့်မှန်းထားကြသည်။ ပြောင်းထုတ်လုပ်မှုသည်လည်း တန်ချိန် ၄ သန်းခန့်အထိ ရောက်ရှိခဲ့ပြီး နိုင်ငံ၏ ကြက်ငှက်မွေးမြူရေးကဏ္ဍအတွက် လုံလောက်သော ထောက်ပံ့မှုပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ