
Bank Indonesia သည် သဘာဝသယံဇာတအရင်းအမြစ်တင်ပို့မှုဝင်ငွေ (DHE SDA) ဆိုင်ရာ စည်းမျဉ်းကိုတိုးချဲ့ပြင်ဆင်ကာ အမေရိကန်ဒေါ်လာမဟုတ်သော နိုင်ငံခြားငွေများအထူးသဖြင့် တရုတ်ယွမ်ငွေကို နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံခွင့်ပြုလိုက်ကြောင်း သိရပါသည်။ ဗဟို ဘဏ်၏ term-deposit အစီအစဉ်တိုးချဲ့မှုအရ ပို့ကုန်လုပ်ငန်းရှင်များသည် အမေရိကန်ဒေါ်လာ မဟုတ်သော နိုင်ငံခြားငွေဝင်ငွေများကို နိုင်ငံပိုင်ဘဏ်များတွင် အများဆုံး ၁၂ လအထိ အပ်နှံထားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ မေလ ၂၁ ရက်နေ့တွင် ဂျာကာတာ၌ ကျင်းပသော စည်းမျဉ်းဆိုင်ရာရှင်းလင်းပွဲတွင် Bank Indonesia အုပ်ချုပ်ရေးမှူး Perry Warjiyo က သဘာဝသယံဇာတ အရင်းအမြစ်တင်ပို့မှုဝင်ငွေများမှာ ယခင်က အမေရိကန်ဒေါ်လာအပေါ် အဓိကမူတည်ခဲ့သော်လည်း ယခုအခါ စီးပွားရေးလုပ်ငန်းများအနေဖြင့် အခြားငွေကြေးများကို ပိုမိုအသုံးပြုနိုင်ပြီဖြစ်ကြောင်း ၎င်းတို့သည် အမေရိကန်ဒေါ်လာအပြင် အခြားငွေကြေးရွေးချယ်ခွင့်များကို တိုးချဲ့နေကြောင်း၊ Bank Indonesia သည် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်ဈေးကွက်ကို တိုးတက်စေရန် ဆောင်ရွက်နေပြီး တရုတ်ယွမ်ငွေမှာလည်း ပြည်တွင်းဈေးကွက်တွင်တက်ကြွစွာရောင်းဝယ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုမူဝါဒပြောင်းလဲမှုသည် Local Currency Transactions (LCT) စနစ်မှ တစ်ဆင့် ပြည်တွင်း forex ဈေးကွက်ကိုခိုင်မာစေရန် ဗဟိုဘဏ်၏ရည်မှန်းချက်နှင့် ကိုက်ညီနေပြီး အထူးသဖြင့် အင်ဒိုနီးရှား၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်ခြင်းဖြစ်ကြောင်း သိရပါသည်။ Warjiyo ၏ ပြောကြားချက်အရ တရုတ်နှင့် နှစ်နိုင်ငံ သုံးဒေသခံငွေကြေးဖြင့် ကုန်သွယ်ငွေပေးချေမှုတန်ဖိုးမှာ မနှစ်က တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် တစ်လလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းဘဏ်များနှင့် People’s Bank of China တို့အကြား သဘောတူညီမှုများအပြီးတွင် တရုတ်ယွမ်ငွေကို ကိုင်ဆောင်ထားသော စီးပွားရေးလုပ်ငန်းများသည် spot, swap နှင့် forward transaction များကို ပြည်တွင်းဈေးကွက်အတွင်း တိုက်ရိုက်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း Warjiyo က ထပ်မံပြောကြားခဲ့ပါသည်။ ဗဟိုဘဏ်၏ ယခုပြင်ဆင်ချက်သည် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်အသက်ဝင်မည့် အစိုးရ စည်းမျဉ်းအသစ်များမတိုင်မီ ကုန်ပစ္စည်းတင်ပို့သူများအတွက် လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမို လွတ်လပ်မှုရရှိစေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ Government Regulations No. 2 and No. 21 of 2026 အရ သဘာဝသယံဇာတအရင်းအမြစ်တင်ပို့သူများသည် ၎င်းတို့၏ ပို့ကုန်ဝင်ငွေ ၁၀၀ ရာခိုင်နှုန်းကို အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံပိုင်ဘဏ်စနစ်အတွင်း ပြန်လည်ထည့်သွင်းရမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါဝင်ငွေများအနက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍအတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းနှင့် ရေနံမဟုတ်သော ကဏ္ဍများအတွက် ၁၀၀ ရာခိုင်နှုန်းကို အထူးပြည်တွင်းအကောင့်များတွင် ထားရှိရမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ငွေများကို ရေနံနှင့်ဓာတ်ငွေ့ကဏ္ဍအတွက် အနည်းဆုံး ၃ လနှင့် အခြားကုန်စည်ကဏ္ဍများအတွက် ၁၂ လကြာ ပြည်တွင်းတွင် ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သိရပါသည်။ ထူးခြားချက် တစ်ရပ်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အစိုးရက အင်ဒိုနီးရှားရူပီးသို့ မဖြစ်မနေ ပြောင်းလဲရမည့်ပမာဏကို လျှော့ချပေးခဲ့ပြီး ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ဝင်ငွေ ၅၀ ရာခိုင်နှုန်းအထိကို နိုင်ငံခြားငွေဖြင့် ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
