
အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က ပုစွန်နှင့် ပုစွန်ထုတ်ကုန်များအပါအဝင် ရေလုပ်ငန်းထုတ်ကုန်တင်ပို့သူများအား ဆော်ဒီအာရေဗျသို့ တင်ပို့မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းလိုက်ကြောင်း သိရပါသည်။ ထိုပြောကြားချက်မှာ ဆော်ဒီအစား အသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (SFDA) က အင်ဒိုနီးရှားမှ ပုစွန်နှင့် ပုစွန်ထုတ်ကုန်များ တင်ပို့ခွင့်ပြန်လည်ဖွင့်လှစ်ရန် အဆိုပြုချက်ကို အတည်ပြုပေးပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ Santoso က SFDA က အင်ဒိုနီးရှား၏ ပုစွန်နှင့် ပုစွန်ထုတ်ကုန်တင်ပို့ခွင့်ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းသည် သတင်းကောင်းဖြစ်ပြီး ထိုအခွင့်အလမ်းကို အပြည့်အဝအသုံးချနိုင်မည်ဟု မျှော်လင့်ကြောင်း မေလ ၂၅ ရက်နေ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားပုစွန်များတွင် Cesium-137 ဓာတ်ညစ်ညမ်းမှု ရှိနေသည်ဆိုသော စိုးရိမ်ချက်များကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်မှ စတင်ကာ ဆော်ဒီအာရေဗျသို့ ပုစွန်နှင့် ပုစွန်ထုတ်ကုန် တင်ပို့မှုများကို ရှစ်လခန့်ရပ်ဆိုင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ ရပ်ဆိုင်းမှုကြောင့် SFDA က အင်ဒိုနီးရှား ပို့ကုန်ကုမ္ပဏီလေးခု၏ ခွင့်ပြုမိန့်များကို ပယ်ဖျက်ခဲ့ကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၏ အမျိုးသားပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Fajarini Puntodewi က ထိုပြဿနာကိုဖြေရှင်းရန် အင်ဒိုနီးရှားဘက်မှ SFDA နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။ အင်ဒိုနီးရှားဘက်က ပြည်တွင်းပုစွန်ထုတ်ကုန်များ ဘေးကင်းလုံခြုံကြောင်း အထောက်အထားအစီရင်ခံစာကိုတင်ပြခဲ့ပြီး ၎င်းကိုအခြေခံကာ ဆော်ဒီအာရေဗျဘက်က အင်ဒိုနီးရှားပုစွန်များ ပြန်လည်တင်သွင်းခွင့်ပြုရန် စဉ်းစားခဲ့ကြောင်း သိရပါသည်။ Puntodewi က နောက်ဆုံးထုတ်ပြန်သော SFDA ၏ ဆုံးဖြတ်ချက်အရ ပို့ကုန်ကုမ္ပဏီလေးခု၏ ခွင့်ပြုမိန့်များကို ပြန်လည်အသက်သွင်းပေးလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆော်ဒီအာရေဗျသို့ ပုစွန်နှင့် ပုစွန်ထုတ်ကုန်တင်ပို့မှုများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အင်ဒိုနီးရှား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအေဂျင်စီ (BPOM)၊ အစားအသောက်ရေးရာညှိနှိုင်းရေးဝန်ကြီး ဌာနအောက်ရှိ Cesium-137 တာဝန်ခံအဖွဲ့၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရေထွက်ကုန်နှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၊ ရီယာ့ဒ်ရှိအင်ဒိုနီးရှားသံရုံးနှင့် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့က SFDA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် SFDA ၌ အင်ဒိုနီးရှားငါးထုတ်ကုန်ကုမ္ပဏီ ၆၃ ခုနှင့် ပြုပြင်ထုတ်လုပ်ထားသော ငါးထုတ်ကုန်ကုမ္ပဏီ ၁၈ ခု မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရပါသည်။ SFDA က ထိုကုမ္ပဏီများအားလုံးကို အမေရိကန်တွင် အသုံးပြုလျက်ရှိသည့် Cesium-137 ကင်းရှင်းကြောင်း ထောက်ခံချက်လုပ်ထုံးလုပ်နည်းများကို လိုက်နာပါက ဆော်ဒီအာရေဗျသို့ တင်ပို့ခွင့်ပြုထားကြောင်းလည်း ဖော်ပြထားသည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
