ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၆ ခုနှစ် ပထမလေးလအတွင်း အိန္ဒိယ၏ ကော်ဖီတင်ပို့မှု ၂၇ ရာခိုင်နှုန်း မြင့်တက်

     ရိုဘတ်စတာကော်ဖီနှင့် အသင့်သောက်ကော်ဖီများကို အဓိကအားဖြင့် အများအပြားတင်ပို့ လျက်ရှိခြင်းကြောင့်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ အတွင်း အိန္ဒိယနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် တန်ချိန် ၁.၇၄ သန်း (၂၆.၆) ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိကြောင်း အစိုးရထုတ်ပြန်သည့် အချက်အလက်များကဖော်ပြထားသည်။

     ယခင်နှစ် အလားတူကာလ၌ ကော်ဖီတန်ချိန် ၁.၃၇ သန်းတင်ပို့ခဲ့ကြောင်း၊ အိန္ဒိယသည် ရိုဘတ်စတာ မြေနိမ့်ကော်ဖီ၊ အာရေးဘီးကား ကုန်းမြင့်ကော်ဖီနှင့် အသင့်သောက်ကော်ဖီ စသည့် ကော်ဖီအမျိုးအစားများကို တင်ပို့လျက်ရှိကြောင်း သိရသည်။

     ကော်ဖီတင်ပို့မှုတန်ဖိုးအနေဖြင့် ယခင်နှစ် အဆိုပါကာလ၌ စုစုပေါင်းတင်ပို့မှု ရူပီး‌ငွေ ၇၅၇.၀၇ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် ရူပီး ၉၃၆.၅၇ သန်းအထိ မြင့်တက်လာပြီး တစ်ဆက်တည်း မှာပင် ပကတိအကျိုးအမြတ်ရရှိမှုသည် တစ်တန်လျှင် ၄၇၅၀၂၃ ရူပီးမှ ၄၉၄၇၇၆ ရူပီးသို့ တိုးတက်ခဲ့ကြောင်းသိရသည်။

     ယခင်နှစ်၌ ဇန်နဝါရီလမှ ဧပြီလအတွင်း ရိုဘတ်စတာကော်ဖီ တင်ပို့မှုသည် ၆၂၇၃၆.၉၂ တန်ရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၈၅၁၆၈ အထိ တိုးမြင့်လာကြောင်း၊ အသင့်သောက်ကော်ဖီ တင်ပို့မှုသည် တန်ချိန် ၁၇၅၀၄ မှ တန်ချိန် ၂၀၃၃၂ သို့မြင့်တက်လာကြောင်း၊ အသင့်သောက် ကော်ဖီအား တစ်ဆင့်ခံပြန်လည်တင်ပို့မှုသည် တန်ချိန် ၃၀၂၇၄ မှ တန်ချိန် ၃၈၁၆၉ သို့ တိုးမြင့် လာကြောင်း ကော်ဖီဘုတ်အဖွဲ့၏ ကိန်းဂဏန်းအချက်အလက်အရသိရသည်။

     သို့သော် ပြီးခဲ့သည့်နှစ်တွင် အာရေးဘီးကား ကော်ဖီတင်ပို့မှုသည် တန်ချိန် ၇၂၄၇၉ မှ တန်ချိန် ၃၀၅၈၉ သို့  ၅၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယ ၏ ကော်ဖီတင်ပို့မှုသည် တန်ချိန် ၃.၈၂ သန်းရှိကြောင်းသိရသည်။

     အိန္ဒိယ၏ ကော်ဖီတင်ပို့မှုကဏ္ဍသည် ၂၀၂၆ ခုနှစ်တွင် ပြန်လည်ဆန်းသစ်လာရာ ကမ္ဘာ့ ကော်ဖီတင်ပို့မှုတွင် ၎င်း၏ အခန်းကဏ္ဍသည် ရိုဘတ်စတာ ကော်ဖီတင်ပို့သူအဖြစ် သတ်မှတ်ထား သည့် ၎င်း၏ သမားရိုးကျဖြစ်တည်မှုထက် ပိုမိုကျော်လွန်လျက်ရှိကြောင်း ပညာရှင်များက ပြော ကြားထားသည်။ ထုတ်လုပ်မှုဆိုင်ရာခန့်မှန်းတွက်ချက်များ၊ ပို့ကုန်တန်ဖိုး တိုးမြှင့်ရရှိမှုများ၊ အဆင့် ဆင့်ပြုပြင်ထုတ်လုပ်ရန်နှင့် ပြည်တွင်းစားသုံးမှု အစဉ်တစိုက်တည်ငြိမ်စေရန်တို့အတွက် သွင်းကုန် အမြောက်အမြား တင်သွင်းရမှု စသည်တို့သည် ကော်ဖီလုပ်ငန်းကဏ္ဍ၌ ရင်ဆိုင်ရသည့်  အရေး ပါသော အချက်များဖြစ်ကြောင်း ပညာရှင်များကပြောကြားထားသည်။

     ကော်ဖီအဓိကထုတ်လုပ်သည့်ပြည်နယ်များဖြစ်သော Karnataka ၊ Kerala နှင့် Tamil Nadu တို့မှ ကော်ဖီထွက်ရှိမှုအရ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ကော်ဖီထွက်ရှိမှုတန်ချိန် ၄၀၃၀၀၀  ရှိမည်ဟု အိန္ဒိယကော်ဖီဘုတ်အဖွဲ့က ခန့်မှန်းထားသည်။ ကော်ဖီစိုက်ဧက များပြားခြင်းနှင့် စိုစွတ် ရာသီဥတုအခြေအနေများကြောင့် ခန့်မှန်းခြေအားဖြင့် အာရေးဘီးကားကော်ဖီ တန်ချိန် ၁၁၈၀၀၀ နှင့် မြေပြန့်ကော်ဖီ တန်ချိန် ၂၈၄၀၀၀ တိုးမြှင့်ထွက်ရှိမည်ဟုခန့်မှန်းထားကြောင်း၊ ရာသီဥတု ဆိုးဝါးမှုနှင့် သဘာဝဘေးအန္တရာယ်အခြေအနေများသည် ကော်ဖီတင်ပို့မှုကဏ္ဍအတွက် အရေးပါ သည့် အချက်များအဖြစ် ဆက်လက်တည်ရှိလျက်ရှိကြောင်းသိရသည်။

Source: The Hindu Business Line, 5 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကာနာတကာပြည်နယ်တွင် နေကြာစေ့ တန်ချိန် ၉,၀၂၃ ဝယ်ယူရန် အိန္ဒိယဗဟိုအစိုးရ အတည်ပြု

    အိန္ဒိယနိုင်ငံ၌ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွက် ကာနာ တကာ (Karnataka) ပြည်နယ်တွင် နေကြာစေ့ ၉၀၂၃ တန်ကို အနည်းဆုံး အာမခံဈေး (MSP) ဖြင့် ဝယ်ယူရန် အတည်ပြုလိုက်သည်။ ထို့အပြင် ဗဟိုအစိုးရသည် မဟာရဋ္ဌ (Maharashtra) ပြည်နယ် တွင် ၂၀၂၅-၂၆ စိုက်ပျိုးရာသီအတွက် ကုလားပဲ အများဆုံး ဝယ်ယူမည့် ပမာဏကိုလည်း ၈၁၉၈၈၂ မက်ထရစ်တန် အထိ တိုးမြှင့်ခဲ့သည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဤ ဆုံးဖြတ်ချက် နှစ်ခုလုံးသည် တောင်သူများအတွက် ရူပီး ၄၈၈၆.၄၆ ကုဋေကျော် တန်ဖိုးရှိသော အနည်းဆုံး အာမခံဈေး (MSP) အထောက်အပံ့ကို ပေးနိုင်မည်ဖြစ်သည်။

    ဝယ်ယူမည့် ကာလကိုလည်း ၃၀ ရက် ထပ်မံတိုးမြှင့် လိုက်ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက် အထိ ဝယ်ယူသွားမည်ဖြစ်သည်။ ဤကဲ့သို့ ဝယ်ယူမှုပမာဏ တိုးမြှင့်ခြင်းနှင့် အချိန်ကာလ တိုးမြှင့် ခြင်းတို့မှာ ဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုကြောင့် တောင်သူများ အရှုံးခံရောင်းချရခြင်းမှ ကာကွယ်ရန်နှင့် ၎င်းတို့၏ ထွက်ကုန်များအတွက် ထိုက်တန်သော တန်ဖိုးကို ရရှိစေရန်ဖြစ်သည်။ တောင်သူများအတွက် ပိုမိုလုံခြုံပြီး ခန့်မှန်းရလွယ်ကူသော စိုက်ပျိုးရေးဝန်း ကျင်တစ်ခုကို ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ခြင်းသည် မူလ သတ်မှတ်ထားသော အချိန်အတွင်း မရောင်းနိုင်ခဲ့သော လယ်သမားများအတွက် အကျိုးရှိစေမည်ဖြစ်ပြီး MSP အကျိုး ခံစားခွင့်များကို ပိုမိုရရှိနိုင်စေရန် ကူညီမည်ဖြစ်ကြောင်း သိရသည်။

Source: The Hindu Business Line, 5 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မိုးသည်းထန်စွာ ရွာသွန်းမှုများက ဘင်္ဂလားဒေ့ရှ်၏ စပါးထွက်ရှိမှုကို ထိခိုက်စေနိုင်

    မုတ်သုံရာသီအကြိုကာလ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ အိန္ဒိယနိုင်ငံဘက်ခြမ်း၌ မြစ် ချောင်းများ ရေလျှံပြီး တစ်ဟုန်ထိုးစီးဆင်းလာမှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ဒေသတွင် မြစ်‌ရေကြီးမှုကိုဖြစ်ပေါ်စေပြီး အဓိကအရေးပါသော နွေစပါးများ ရိတ်သိမ်းချိန်၌ စိုက်ပျိုးဧရိယာ အများအပြား ရေနစ်မြုပ်မှုအန္တရာယ်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဧပြီ ၂၉ ရက် နေ့တွင် ပြောဆိုခဲ့ကြသည်။

    မရပ်မနား မိုးရွာသွန်းမှုများအပြင် လေပြင်းနှင့်မိုးကြိုးမုန်တိုင်း တိုက်ခတ်မှုများကြောင့် လယ်သမားများသည် ပေါင်လယ်ခန့်အထိ ရေနစ်မြုပ်နေသော ၎င်းတို့၏ လယ်ယာစိုက်ခင်းများ အတွင်း ရနိုင်သမျှ စပါးများကို ခက်ခဲစွာ ရိတ်သိမ်းလျက်ရှိခဲ့ကြသည်။ Sunamganj မြို့တွင် စပါးစိုက်သည့် လယ်သမားတစ်ဦးဖြစ်သူ Mr Mohammad Al Amin က ရေမျက်နှာပြင် မြင့်တက် နေသည့်ကြားမှပင် ၎င်းတို့အနေဖြင့် ရေနစ်မြုပ်မှုမရှိပဲ ကျန်နေသော စပါးများကို ဆယ်တင်ရရှိရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောဆိုခဲ့သည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း Haor Basin မြေနိမ့်ချိုင့်ဝှမ်းဒေသတွင် လယ်သမား များသည် အဓိက စပါးစိုက်ပျိုးရာသီဖြစ်သည့် Boro padi ခေါ် နွေသီးနှံရာသီမှ ရင့်မှည့်နေပြီဖြစ် သော စပါးများကို ရိတ်သိမ်းနေဆဲဖြစ်သည်။ နွေစပါးသီးနှံများ သိသာစွာ ပျက်စီးဆုံးရှုံးမှုသည် ကျေးလက်ဒေသ လူနေမှုဘဝနှင့် နိုင်ငံ၏ စားနပ်ရိက္ခာထောက်ပံ့မှု နှစ်ရပ်လုံးကို ထိခိုက်စေနိုင် သည်။

    နေ့ရက်ဆက် မိုးရွာသွန်းမှုများနှင့် အိန္ဒိယနိုင်ငံ Meghalaya နှင့် Assam ပြည်နယ်များမှ မြစ်ရေစီးဆင်းလာမှုများက ထိခိုက်လွယ်သော စပါးစိုက်ခရိုင်များတွင် ရုတ်တရက် ရေကြီးရေလျှံမှု အန္တရာယ်ကို မြင့်မားလာစေကြောင်း၊ Sunamganj, Sylhet, Kishoreganj, Habiganj နှင့် Moulvibazar  မြို့များရှိ ဧရိယာများစွာတွင် စပါးခင်းများ ‌ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင် များက ပြောဆိုကြသည်။

    နေရာဒေသ အများအပြား၌ တာဘောင်ရိုးများကိုကျော်လွန်၍ ရုတ်တရက် ရေဝင်ရောက်မှု ဖြစ်ပေါ်ပြီးနောက် ရေကြီးရေလျှံမှုက သီးနှံစိုက်ခင်းများအတွင်း ရေနစ်မြုပ်မှုကို ပျံ့နှံသွားစေခဲ့ သည်။ ထို့အပြင် မိုးသည်းထန်မှုသည် ဟင်းသီးဟင်းရွက်များ အပါအဝင် အခြားသောသီးနှံများကို လည်း ထိခိုက်ပျက်စီးစေခဲ့ရာ စားနပ်ရိက္ခာ ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်သည့်အရေးအပေါ် စိုးရိမ်မှုများ တိုးပွားစေလျက်ရှိသည်။

    ရှေ့လာမည်နေ့ရက်များတွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားပြီး ဒေသအာဏာပိုင်များကလည်း မြစ်ညှာ‌ဒေသမှ ရေများ ထပ်မံဝင်ရောက်မှုသည် Haor Basin ချိုင့်ဝှမ်းဒေသတစ်လျှောက် ရေကြီးရေလျှံမှု ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးပြောဆိုထားသည်။

    လက်ရှိ စိုက်ပျိုးမှုအဆင့်တွင် စိုက်ခင်းများ ရေနစ်မြုပ်ခြင်းသည် စပါးအထွက်နှုန်းကို သိသိ သာသာ လျော့နည်းစေမည်ဟု စိုက်ပျိုးရေး အရာရှိများက သတိပေးထားသည်။ လယ်သမားများ အနေဖြင့်မူ အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်ပဋိပက္ခကြောင့် ဒီဇယ်ဆီပြတ်လပ်မှုနှင့် ဆက် စပ်လျက် ဆည်ရေစနစ်ဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်သည်။

    ကမ္ဘာ့ တတိယအကြီးဆုံး စပါးစိုက်ပျိုးသူဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်  ပြည်တွင်း မှ ထွက်ရှိသော ဆန်စပါးများအားလုံးနီးပါးကို ပြည်တွင်း၌ပင် စားသုံးမှုပြုလျက်ရှိပြီး ရံဖန်ရံခါ၌ ရေကြီးခြင်း သို့မဟုတ် မိုးခေါင်ခြောက်သွေ့ခြင်းကို ကြုံတွေ့ရမှုကြောင့် ဆန်စပါးပြတ်လပ်သည့် အခြေအနေမျိုးတွင် ပြည်ပမှမှာယူတင်သွင်းခြင်းကို လုပ်ဆောင်နေရဆဲဖြစ်သည်။

Source: Straits Times, 29 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖွံ့ဖြိုးဆဲနိုင်ငံများထံမှ ဆန်တင်သွင်းမှုကို ကန့်သတ်ရန် ဥရောပပါလီမန် အတည်ပြု

       ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဥရောပသမဂ္ဂသို့ ဆန်တင်သွင်းမှုသည် လွန်ခဲ့သော ဆယ်စုနှစ်၏ ပျမ်းမျှ ပမာဏထက် ၄၅ ရာခိုင်နှုန်း ကျော်လွန်သွားပါက အလိုအလျောက် ကာကွယ်ရေးလုပ်ငန်းစဉ်များ (automatic safeguards) စတင် အသက်ဝင်စေရန် ဥရောပပါလီမန်၏ မျက်နှာစုံညီ အစည်း အဝေးက အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါမဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမဲ ၄၅၉ မဲ၊ ကန့်ကွက်မဲ ၁၂၇ မဲနှင့် ကြားနေမဲ ၇၀ မဲ ရရှိခဲ့သည်။

       ဤကဲ့သို့ တတိယနိုင်ငံများမှ ဆန်တင်သွင်းမှုကို ကန့်သတ်ထားသော်လည်း ၂၀၂၄-၂၀၂၅ ခုနှစ် ရာသီအတွင်း ဆန်တန်ချိန် ၁.၇၂၇ သန်း တင်သွင်းခဲ့ရာ ယင်းပမာဏမှာ ဥရောပသမဂ္ဂ ၂၇ နိုင်ငံ၏ ယခင်ရာသီက စုစုပေါင်းထုတ်လုပ်မှုဖြစ်သော တန်ချိန် ၁.၆၁၃ သန်းထက် ပိုမိုများပြား နေသည်။ ဥရောပပါလီမန်သည် ဥရောပဆန်စပါးစိုက်တောင်သူများကို ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး အမေရိကန်၊ မော်ရိုကိုနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ ကမ္ဘာ့အခြားဒေသများတွင် ကျင့်သုံးနေသည့် လမ်းစဉ်ကို လိုက်နာခြင်းလည်း ဖြစ်သည်။

       ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများအတွက် စီးပွားရေးအရ အကျိုးဖြစ်ထွန်းစေရန်နှင့် ဆင်းရဲ မွဲတေမှုပပျောက်စေရန် ရည်ရွယ်လျက် Generalized System of Preferences ခေါ် အထူးအခွင့် အရေးပေးသည့်စနစ်ကို ၁၉၇၁ ခုနှစ်တွင် ဥရောပသမဂ္ဂက စတင်ဖန်တီးခဲ့ပြီး ၁၀ နှစ်တစ်ကြိမ် ပြန် လည်သုံးသပ်လျက်ရှိရာ အဆိုပါနိုင်ငံများမှ ဥရောပသမဂ္ဂသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် အခွန် လျှော့ပေါ့ပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်းများကို ခံစားခွင့်ရရှိနေသည်။

       ဥရောပပါလီမန်ရှိ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကော်မတီ၏ ဥက္ကဋ္ဌနှင့် အစီရင်ခံစာ တင်သွင်းသူ Bernd Lange က ယခုဆုံးဖြတ်ချက်သည် နိုင်ငံပေါင်း ၆၀ ကျော်ရှိ လူဦးရေ ၂ ဘီလီယံ ကျော်အတွက် သတင်းကောင်းတစ်ခုဖြစ်ကြောင်း၊ ဥရောပသမဂ္ဂဈေးကွက်သို့ နောက်ထပ် ၁၀ နှစ် အထိ အခွန်ကင်းလွတ်ခွင့်နှင့် ခွဲတမ်းကန့်သတ်ချက်မဲ့ ဝင်ရောက်ခွင့်ပေးခြင်းဖြင့် ဥရောပသမဂ္ဂ သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ယုံကြည်စိတ်ချရပြီး ခန့်မှန်းရလွယ်ကူသော ရေရှည်လက်တွဲဖော် အဖြစ် ဆက်ရှိနေရန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

       ဥရောပရှိ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများကမူ ယင်းအစီအမံများ စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်များစွာအကြာတွင် အခြေအနေများ ပြောင်းလဲခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ကမ္ဘောဒီးယား၊ မြန်မာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ အလွန်စျေးသက်သာသော ဆန်များတင်သွင်းမှုကြောင့် ဥရောပ ဆန်စပါးကဏ္ဍသည် အပြင်းအထန်ဖိအားပေးခံနေရကြောင်း၊ ယင်းနိုင်ငံများတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ဥရောပထက်နည်းပါးပြီး သီးနှံစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှာ လည်း ကွဲပြားနေကြောင်း ထောက်ပြကြသည်။

      ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ကုန်သွယ်မှုကို ကန့်သတ်ရန်မဟုတ်ဘဲ ဥရောပဆန်စပါး ကဏ္ဍအနေဖြင့် ကျေးလက်ဒေသများတွင် ၎င်း၏အခြေခံကျသောအခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက်သာ ဖြစ်ကြောင်း ဥရောပ တောင်သူလယ်သမား ကိုယ်စားလှယ်အဖွဲ့ အစည်းက ပြောကြားခဲ့သည်။

     စပိန်နိုင်ငံအခြေစိုက် တောင်သူလယ်သမား အဖွဲ့အစည်းဖြစ်သော Cooperativas Agro-alimentarias de España မှ ဆန်စပါးကဏ္ဍ ဥက္ကဋ္ဌ Félix Liviano က ၎င်းတို့ အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာအဆင့်၌ ပြောင်းလဲမှုဖြစ်စဉ်တစ်ရပ်ကို ကြုံတွေ့နေရကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်း အရှိဆုံး နိုင်ငံများသည်ပင် ယင်းတို့၏ ကုန်ထုတ်လုပ်သူများကို အကာအကွယ်ပေးရန်အတွက် တုံ့ပြန်မှုများ ကို လုပ်ဆောင်လာကြကြောင်း၊ ဥရောပသည်လည်း စောင့်ဆိုင်းနေနိုင်လိမ့်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

      အစဉ်အလာအရ စပါးစိုက်ပျိုးထုတ်လုပ်သည့် မြစ်ဝကျွန်းပေါ်ဒေသများစွာရှိသော စပိန် နိုင်ငံသည် ဥရောပ၌ ဒုတိယအကြီးဆုံး ဆန်စပါးထုတ်လုပ်သူဖြစ်သည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကာလအတွင်း စပါးစိုက်ပျိုးမှုမှာ ကျဆင်းမှုလမ်းကြောင်းပေါ်တွင် ရှိနေသည်ကို စိုက်ပျိုးမှုနှင့် ထုတ်လုပ်မှု အချက်အလက်များက ရှင်းလင်းထင်ရှားစွာ ညွှန်ပြလျက်ရှိသည်။

       အဆိုပါ တောင်သူလယ်သမားအဖွဲ့အစည်း၏ အချက်အလက်များအရ ၂၀၁၁ ခုနှစ်၌ စပါး စိုက်ဧရိယာ ဟက်တာ ၁၂၀၀၀၀ မှ ဆန်တန်ချိန် ၉၁၀၀၀၀ ထုတ်လုပ်နိုင်ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဧရိယာ ဟက်တာ ၁၀၀၀၀၀ အောက်သို့ ကျဆင်းလျက် ဆန်တန်ချိန် ၇၄၇၅၀၀ သာ ထုတ်လုပ်နိုင် ကြောင်း၊ ကျေးလက်ဒေသများ၌ ရာသီဥတုခြောက်သွေ့မှုကို သိသာစွာကြုံတွေ့ခဲ့ရသော ၂၀၂၃ ခုနှစ်တွင် စပါးစိုက်ဧရိယာနှင့် ရိတ်သိမ်းထွက်ရှိမှု နှစ်ရပ်လုံး ကျဆင်းသည့်လမ်းကြောင်းကို အထင် အရှား မြင်တွေ့နိုင်ကြောင်း၊ ဥရောပ၏ ဆန်စပါးကဏ္ဍမှ ကိုယ်ပိုင်ဖူလုံမှုသည် ၂၀၁၁ ခုနှစ်၌ ၇၅ ရာခိုင်နှုန်းရှိခဲ့ရာမှ လက်ရှိကာလတွင် ၄၀ ရာခိုင်နှုန်းသာရှိကြောင်း၊ ယခုအခါ ဥရောပသမဂ္ဂ ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိသော ဆန်များ၏ ထက်ဝက်ကျော်သည် ပြင်ပဒေသများမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: SS Rice News, 30 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

လာအိုနိုင်ငံ ဒေသထွက်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းများ ချဲ့ထွင်ရန် ကြိုးပမ်း

          လာအိုနိုင်ငံထုတ် ကုန်ပစ္စည်းများကို မြှင့်တင်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် လာအိုထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းများ ချဲ့ထွင်ရန်ရည်ရွယ်သည့် (၁၂) ကြိမ်မြောက် “ခရိုင်တစ်ခု၊ ထုတ်ကုန်တစ်ခု” (One District One Product – ODOP) နှင့် စံပြမိသားစုထုတ်ကုန် ပြပွဲကို လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းတွင် ကျင်းပလျက်ရှိသည်။

        မေလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပမည့် ၎င်းပြပွဲတွင် တစ်နိုင်ငံလုံးရှိ ပြည်နယ် (၉) ခုမှ စီးပွားရေးလုပ်ငန်းပေါင်း ၁၇၀ နှင့် ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားသည်။ ၂၀၁၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော ODOP စီမံကိန်းသည် ဗီယင်ကျန်းမြို့ရှိ ခရိုင်တစ်ခုစီတိုင်းကို အနည်းဆုံး ထူးခြားထင်ရှားသည့် အမှတ်အသားထုတ်ကုန် (၅) မျိုးစီထုတ်လုပ်ရန် တိုက်တွန်းအားပေးခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် မေလအထိ ဗီယင်ကျန်းမြို့တွင် အဆိုပါစီမံကိန်းအောက်၌ အသိအမှတ်ပြုလက်မှတ်ရ စီးပွားရေးလုပ်ငန်း ၇၇ ခု ရှိလာပြီး ကျေးရွာပေါင်း ၆၅ ရွာတွင် ထုတ်ကုန်ပေါင်း ၃၁၉ မျိုးကို ဖော်ဆောင်နိုင်ခဲ့ကြောင်း Vientiane Mai သတင်းစာက မေလ ၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။

       ကုန်ပစ္စည်းများ ပြသရုံသာမက ဤပွဲတွင် နေရောင်ခြည်စွမ်းအင် (Solar Energy) ဆိုင်ရာ ဆွေးနွေးပွဲများ၊ ပြန်လည်အသုံးပြုခြင်း (Recycling)၊ ရက်ကန်းခတ်ခြင်းနှင့် လာအိုရိုးရာ ဟင်းချက်ပြိုင်ပွဲများအပြင် ကလေးဖက်ရှင်ရှိုးနှင့် စွမ်းရည်ပြပွဲများကဲ့သို့သော လူငယ်ဦးတည်သည့် လှုပ်ရှားမှုများလည်း ပါဝင်သည်။ ဤပြပွဲသည် ပြည်တွင်းဖြစ် ထုတ်ကုန်များကို မြှင့်တင်ရန်နှင့် လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီရာတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိပါကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)

ဒေါ်လာ ၂၉ ဘီလီယံ တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အတည်ပြုလိုက်သည့် ထိုင်းနိုင်ငံ

          ထိုင်းနိုင်ငံသည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလီယံ (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ တန်ဖိုးရှိ အဓိကစီမံကိန်း ကြီး ၆ ခုကို အတည်ပြုလိုက်ကြောင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) က မေလ ၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အတည်ပြုလိုက်သည့် အဆိုပါစီမံကိန်းများထဲတွင် TikTok ၏ ထိုင်းနိုင်ငံအခြေစိုက်လုပ်ငန်းခွဲမှ လုပ်ဆောင်မည့် ဘတ် ၈၄၂ ဘီလီယံ (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့် တန်ဖိုးရှိ အကြီးစားဒေတာအခြေခံအဆောက်အအုံ တိုးချဲ့မှုစီမံကိန်းလည်းပါဝင်ကြောင်း ဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ “ဒီစီမံကိန်းဟာ Bangkok၊ Samut Prakan နှင့် Chachoengsao ခရိုင်တွေမှာ ဆာဗာတွေ ထပ်မံတပ်ဆင်တာ၊ ဒေတာသိုလှောင်မှုနဲ့ စီမံဆောင်ရွက်မှု အခြေခံအဆောက်အအုံတွေကို တိုးချဲ့တာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေအပေါ် မြင့်တက်လာတဲ့ ဝယ်လိုအားကို ထောက်ပံ့ပေးနိုင်မှာဖြစ်သလို၊ ဒေသတွင်း ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကဏ္ဍမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း ပိုမိုခိုင်မာစေမှာပါ” ဟု ဘုတ်အဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်က တရုတ်နိုင်ငံ ByteDance ပိုင် TikTok ကုမ္ပဏီသည် ဒေတာစင်တာများအတွက် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ပြောကြားခဲ့ဖူးပါသည်။

       “TikTok အနေနဲ့ အဓိက အခြေခံအဆောက်အအုံပိုင်းမှာ ရင်းနှီးမြှုပ်နှံရုံတင်မကဘဲ၊ ထိုင်း လုပ်ငန်းရှင်တွေအတွက် စီးပွားရေးအခွင့်အလမ်းသစ်တွေ ဖန်တီးပေးဖို့နဲ့ နိုင်ငံရဲ့ဒစ်ဂျစ်တယ် ကျွမ်းကျင်လုပ်သားအင်အားစုကို မြှင့်တင်ပေးနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်တတ်မြောက်မှုဆိုင်ရာနဲ့ အီးကောမတ်စ် (e-commerce) သင်ရိုးညွှန်းတမ်းတွေကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးသွားဖို့လည်း ကတိပြုထားပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှ ပြောကြားချက်များအရ သိရှိရပါသည်။

Source: Reuter                                                                          

DOCA (ရန်ကုန်)

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရာဘာတန်ချိန် ၃ သိန်းခန့် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိခဲ့သည့် မြန်မာနိုင်ငံ

          မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရာဘာတန်ချိန် ၃ သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA) က သတင်းထုတ်ပြန်ခဲ့ပါသည်။ “၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်မှာ ကျွန်တော်တို့ မျှော်မှန်းထားသလို ရာဘာတန်ချိန် ၃ သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိခဲ့ပါတယ်။ အဓိက အဆုံးအဖြတ်ပေးတဲ့ အချက်ဖြစ်တဲ့ ရာသီဥတုသာ ပိုကောင်းခဲ့မယ်ဆိုရင် တင်ပို့မှု ပမာဏဟာ အခုထက် ပိုများနိုင်ပါတယ်။ ပုံမှန်အားဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေဟာ ရာဘာအထွက်ဆုံးလတွေ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်က အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအထိ မိုးဆက်ရွာနေခဲ့တာကြောင့် ထုတ်လုပ်မှုကြန့်ကြာခဲ့ရပါတယ်။ ဒါကြောင့် တင်ပို့မှု တိုးတက်လာခြင်းရှိမရှိဟာ ရာသီဥတု အခြေအနေပေါ်မှာလည်း မူတည်နေပါတယ်” ဟု MRPPA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ရာဘာဈေးကွက်တွင် တစ်တန်လျှင် ဒေါ်လာ ၂,၁၅၀ နီးပါး ရှိနေသော်လည်း မြန်မာနိုင်ငံမှ တင်ပို့သည့်ရာဘာမှာ အရည်အသွေး သတ်မှတ်ချက်များကြောင့် တစ်တန်လျှင် ဒေါ်လာ ၁,၇၀၀ မှ ၁,၉၀၀ အတွင်းသာ ရရှိခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်ငံသည် ၎င်း၏ အကြီးဆုံးဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ရာဘာစိုက်ဧက ၁.၆၄ သန်း ရှိသည့်အနက် ဧက ၈၅၀,၀၀၀ ခန့်မှာ ရာဘာစေး ထုတ်ယူနေသည့် ဧကများဖြစ်ပါသည်။ မွန်ပြည်နယ်သည် နိုင်ငံအတွင်း ရာဘာအများဆုံး ထုတ်လုပ်သည့် ဒေသဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့က ဒုတိယနှင့် တတိယအများဆုံးဖြစ်ကာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရာဘာစိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: the global new light of Myanmar                                    

DOCA (ရန်ကုန်)

Robusta နှင့် အသင့်ဖျော်ကော်ဖီ ဝယ်လိုအားကြောင့် ဇန်နဝါရီလမှဧပြီလအတွင်း အိန္ဒိယနိုင်ငံ၏ကော်ဖီတင်ပို့မှု ၂၇ ရာခိုင်နှုန်း မြင့်တက်

         ကမ္ဘာ့အဓိကဈေးကွက်များတွင် Robusta ကော်ဖီစေ့နှင့် အသင့်ဖျော်ကော်ဖီများအပေါ် ဝယ်လိုအား အားကောင်းခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း အိန္ဒိယနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ၂၇ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း သိရပါ သည်။ အဆိုပါကာလအတွင်း ဥရောပ၊ အနောက်အာရှနှင့် အလားအလာရှိသော ဈေးကွက်သစ်များသို့ တင်ပို့မှုပိုမိုများပြားလာခြင်းကြောင့် တင်ပို့မှုပမာဏမှာ တန်ချိန် ၁.၂၅ သိန်းတန်အထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အဆိုပါတိုးတက်မှုသည် ကမ္ဘာ့ကော်ဖီကုန်သွယ်မှုတွင် အိန္ဒိယနိုင်ငံ၏ ခိုင်မာသောရပ်တည်မှုကို ဖော်ပြနေပြီး၊ အထူးသဖြင့် Robusta ကော်ဖီကဏ္ဍတွင် သင့်တော်သောဈေးနှုန်းနှင့် တည်ငြိမ်သော အရည်အသွေးတို့ကြောင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းတွင် စားသုံးမှုများပြားလာခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးချဲ့လာခြင်းတို့ကြောင့် အသင့်ဖျော်ကော်ဖီ တင်ပို့မှုတွင်လည်း ဝယ်လိုအား ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

           ကော်ဖီထွက်နှုန်း ကောင်းမွန်လာခြင်း၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ခြင်းနှင့် ကမ္ဘာ့ဈေးကွက်အတွင်း အကျိုးရှိသော ဈေးနှုန်းလားရာများကြောင့် ယခုကဲ့သို့ တင်ပို့မှုများ သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကော်ဖီစေ့အစိမ်း၊ လှော်ပြီးသား ကော်ဖီနှင့် အသင့်ဖျော်ကော်ဖီများအပါအဝင် အိန္ဒိယနိုင်ငံ၏ အမျိုးအစားစုံလင်သော တင်ပို့မှုပုံစံကြောင့် ကုန်သည်များသည် ဒေသတစ်ခုတည်းအပေါ် မှီခိုနေရမှုကိုလျှော့ချနိုင်ပြီး ဈေးကွက်အများအပြားသို့ ထိုးဖောက်နိုင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ၊ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများနှင့် ထုတ်ကုန်နောက်ကြောင်းလိုက်စစ်ဆေးနိုင်မှုတို့ကို ပိုမိုအလေးထားလာခြင်းကြောင့် နိုင်ငံတကာဝယ်ယူသူများအကြား အိန္ဒိယနိုင်ငံ၏ ယုံကြည်စိတ်ချရမှု ပိုမိုမြင့်မားလာခဲ့ပါသည်။ ရှေ့ဆက်သွားမည့် ကာလများတွင်လည်း ခိုင်မာသော ကမ္ဘာ့ဝယ်လိုအား၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးနှုန်းနှင့် အသင့်ဖျော်ကော်ဖီထုတ်ကုန်များ စားသုံးမှုတိုးလာခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ကောင်းမွန်သော လမ်းကြောင်းပေါ်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံမှ ကော်ဖီတင်ပို့မှု တိုးတက်လာခြင်းသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စိုက်ခင်းကဏ္ဍ၏ ကြံ့ခိုင်မှုကို မီးမောင်းထိုးပြနေပြီး ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် အိန္ဒိယ၏ အခန်းကဏ္ဍသည်လည်း ပိုမိုကျယ်ပြန့်လာနေကြောင်း သိသာထင်ရှားစေကြောင်း သိရှိရပါသည်။

 

Source: IBEF                                                                             

DOCA (ရန်ကုန်)

ကျောက်မီးသွေးနှင့် နီကယ်တို့အပေါ် ပို့ကုန်ခွန်နှင့်အမြတ်ခွန်များ စည်းကြပ်သွားမည် အင်ဒိုနီးရှားနိုင်ငံ

 

       အစိုးရ၏ အသုံးစရိတ် (APBN) တွင် မြင့်တက်လာသော ထောက်ပံ့ကြေးဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကျောက်မီးသွေးနှင့် နီကယ်တို့အပေါ် ပို့ကုန်ခွန် နှင့်အမြတ်ခွန်များ စည်းကြပ်ရန် အင်ဒိုနီးရှားနိုင်ငံက စီစဉ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က မေလ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

       အမြတ်ခွန်ဆိုသည်မှာ ပြင်ပအခြေအနေများကြောင့် ရုတ်တရက် အမြတ်အစွန်း အဆမတန် ရရှိလာသော ကုမ္ပဏီများ သို့မဟုတ် သီးခြားစက်မှုလုပ်ငန်းများအပေါ် အစိုးရက ထပ်ဆောင်းကောက်ခံသည့် အခွန်အမျိုးအစားဖြစ်ပါသည်။ သို့သော်လည်း အဆိုပါစည်းမျဉ်းမှာ မူကြမ်းရေး ဆွဲဆဲအဆင့်နှင့် ဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးဆဲအဆင့်တွင်သာ ရှိသေးသောကြောင့် အခွန်နှုန်းထားကိုမူ Purbaya က ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရပါသည်။

       လက်ရှိတွင် ကျောက်မီးသွေးနှင့် နီကယ်တင်ပို့မှုများအပေါ် ပို့ကုန်ခွန်ကောက်ခံခြင်း မရှိသေးသဖြင့် ကုန်စည်တန်ဖိုး လျှော့ပြခြင်းနှင့် မှောင်ခိုတင်ပို့ခြင်းများ ပြုလုပ်နိုင်သည့် အားနည်းချက်များရှိနေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပို့ကုန်ခွန်များကို စတင်ကျင့်သုံးလိုက်ပါက အကောက်ခွန်နှင့် ယစ်မျိုးဦးစီးဌာန (DJBC) အနေဖြင့် ကုန်ပစ္စည်းများ မတင်ပို့မီ စစ်ဆေးမှုများပြုလုပ်ရန် လုပ်ပိုင်ခွင့်အာဏာရရှိလာမည်ဖြစ်ကြောင်း သိရပါသည်။

         အင်ဒိုနီးရှားနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်း၌ အချောထည်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ၊ အထူးသဖြင့် နီကယ်အခြေခံ ဘက်ထရီထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းမှ ကုန်ကြမ်းများကို အသုံးပြုသည့် ကုမ္ပဏီများ အတွက်လည်း အထူးအခွင့်အရေးများပေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Antara                                                                         

DOCA (ရန်ကုန်)

ဘာလီအထူးစီးပွားရေးဇုန်ကို အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးစင်တာအဖြစ်တည်ထောင်ရန် အင်ဒိုနီးရှားပြင်ဆင်

          အင်ဒိုနီးရှားအစိုးရသည် ဘာလီကျွန်းကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစင်တာ (International Financial Center - IFC) အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပြင်ဆင်နေကြောင်း သိရပါသည်။ စီးပွားရေးရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က  Kura Kura Bali အထူးစီးပွားရေးဇုန်ကို ဘဏ္ဍာရေးကဏ္ဍ၏ အချက်အချာအဖြစ် ဖွံ့ဖြိုးတိုးတက်နိုင်ရန် လျင်မြန်စွာဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။ Kura Kura Bali အထူးစီးပွားရေးဇုန်ကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစင်တာအဖြစ် ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းနှင့်ပတ်သတ်၍ Danantara နှင့်တိုက်ရိုက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဂျကာတာတွင်ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် အစိုးရသည် ဘာလီတွင် ဘဏ္ဍာရေးကဏ္ဍအထူး စီးပွားရေးဇုန် တည်ထောင်ရန်အတွက် ဥပဒေရေးရာအခြေခံစည်းမျဉ်းများကို အပြီးသတ်ရေးဆွဲနေကြောင်း သိရပါသည်။ အဆိုပါဇုန်ကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် စီမံခန့်ခွဲမှုစနစ်မှစ၍ လိုအပ်သော အထောက်အကူပြု အဆောက်အအုံများအထိ အပြည့်အစုံ ဖြည့်ဆည်းပေးနိုင်သည့် ဘဏ္ဍာရေးစင်တာအဖြစ် ဒီဇိုင်းရေးဆွဲထားကြောင်း သိရပါသည်။ Kura Kura Bali အထူးစီးပွားရေးဇုန်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လည်ပတ်ရေးကို တာဝန်ယူထားသော PT Bali Turtle Island Development က Knowledge District စနစ်၏ အားသာချက်များကို ဘဏ္ဍာရေးစင်တာ တည်ဆောက်ရာတွင် အရေးပါသောအချက်အချာနေရာအဖြစ် မီးမောင်းထိုးပြခဲ့ကြောင်း သိရပါသည်။ ထိုဒေသကို ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် သိပ္ပံနည်းပညာ အရင်းအမြစ်များကို အသုံးချ၍ ဘာလီ၏ စီးပွားရေးတိုးတက်မှုအသစ်များကို မောင်းနှင်ပေးမည့် ပေါင်းစည်းထားသော ဆန်းသစ်တီထွင်ရေး စနစ်တစ်ရပ်အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ထို့ပြင် Kura Kura Bali အထူးစီးပွားရေးဇုန်သည် Business Hub တစ်ခုကိုလည်း တည်ဆောက်နေပြီး ၎င်းကို Global Blended Finance Alliance (GBFA) အစီအစဉ်၊ စီးပွားရေးပညာကျောင်းများနှင့် အင်ဒိုနီးရှား၏ထိပ်တန်း ရင်းနှီးမြှုပ်နှံရေးပလက်ဖောင်းများ စုစည်းရာနေရာအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း သိရပါသည်။ Knowledge District ကိုလည်း Entrepreneurship and Innovation Center ဖြင့် ထပ်မံအားဖြည့်မည်ဖြစ်ပြီး အဆိုပါစင်တာတွင် ACS Bali ကျောင်းအပါအဝင် အရည်အသွေးမြင့် ပညာရေးပလက်ဖောင်းများနှင့် ပင်လယ်ကမ်းရိုးတန်း ပတ်ဝန်းကျင်ဆိုင်ရာသုတေသနများ ဆောင်ရွက်နိုင်မည့် International Mangrove Research Center တို့ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။ လာမည့်ကာလတွင် ၂၀၂၆ ခုနှစ်အတွင်း အရေးပါသော စီမံကိန်းများ အပြီးသတ်ခြင်းဖြင့် Kura Kura Bali အထူးစီးပွားရေးဇုန် SEZ ကို ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အထိ အဆိုပါဇုန်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၁.၆၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၃.၁ သန်းခန့်) ရရှိခဲ့ပြီး လူဦးရေ ၂,၁၄၆ ဦးကို အလုပ်အကိုင် ဖန်တီးပေးထားနိုင်ကြောင်း သိရပါသည်။ တစ်ဖက်တွင် Sanur အထူးစီးပွားရေးဇုန်အတွက် Hartarto က ကျန်းမာရေးခရီးသွားလုပ်ငန်းစနစ်ကို အားကောင်းစေရန် အဓိကထားဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး အင်ဒိုနီးရှားကို ကမ္ဘာ့အဆင့်မီ ကျန်းမာရေးဝန်ဆောင်မှု နေရာတစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ အဆိုပါဇုန်၏ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သည့် Bali International Hospital သည် ၂၀၂၅ ခုနှစ် ဧပြီလမှ စတင်လည်ပတ်နေပြီး အထူးကုဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးနေကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း လူနာလာရောက်မှု ၁၄,၉၅၀ ကြိမ် ရှိခဲ့ပြီး ထိုထဲတွင် နိုင်ငံခြားသား ၆၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှား နိုင်ငံသား ၄၀ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် Sanur SEZ အတွင်းရှိ Solitaire Clinic သည် ၂၀၂၆ ခုနှစ်တွင် လည်ပတ်မည်ဖြစ်ပြီး အလှအပပြင်ခွဲစိတ်မှု၊ ဆေးဘက်ဆိုင်ရာ အလှအပဝန်ဆောင်မှုများ၊ ခန္ဓာကိုယ်ပုံသဏ္ဍာန် ပြုပြင်မှု၊ ဆံပင်ပြန်လည်စိုက်ထူမှုနှင့် အိုမင်းရင့်ရော်မှု တားဆီးရေး stem cell ကုသမှုများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်းအနေဖြင့် ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အထိ Sanur SEZ တွင် ရင်းနှီးမြှုပ်နှံမှု ရူပီး ၃.၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၀၅ သန်းခန့်) ရရှိခဲ့ပြီး လူဦးရေ ၅,၄၄၄ ဦးကို အလုပ်အကိုင်ဖန်တီးပေးထားကာ လာရောက်လည်ပတ် သူ ၂၇၉,၈၀၄ ဦး ရှိခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ