
အဓိကကုန်ပစ္စည်းများတင်ပို့မှုသိသာထင်ရှားစွာကြီးထွားမှုနှင့်အတူ ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍသည် ၂၀၂၅ ခုနှစ်၏ အစောပိုင်းကာလတွင် သိသာစွာမြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ကမ္ဘောဒီးယား၏ အဓိကပို့ကုန်များတွင် ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ပါဝင်ကြောင်း သိရပါသည်။ ယခုနှစ်ဇန်နဝါရီလမှ မေလကာလအတွင်း ကမ္ဘောဒီးယားသည် စပါးတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅၃၅ သန်း နှင့် ဆန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂၅၃ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလ နှင့်နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းနှင့် ၃၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန၏ ဇွန်လ ၂၄ ရက်နေ့ကထုတ်ပြန်ချက်အရ သိရပါသည်။ နိုင်ငံသည် သီဟိုဠ်စေ့တင်ပို့ မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၇၃၉ သန်းနှင့် ငှက်ပျောသီးတင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၇၆ သန်းရရှိခဲ့ကာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၅၈ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားသည် ထို ၅ လတာကာလတွင် ပီလောပီနံတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၁၇ သန်း၊ ရာဘာ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၆၉ သန်းနှင့် သရက်သီးတင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၉၅ သန်းရရှိခဲ့ကာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်းနှင့် ၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အခြားစိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် ပြောင်း၊ ငရုတ်ကောင်း၊ တောကြက်မောက်သီးနှင့် သကြားတင်ပို့မှုတို့မှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၈၃ သန်းရရှိခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုး မွေးမြူရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီး Dith Tina က စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးရာတွင် အဓိကကဏ္ဍကတည်ရှိနေကြောင်း၊ နိုင်ငံသည် အစားအစာဖူလုံမှုမရှိသည့်နိုင်ငံအဖြစ်မှ ပြည်တွင်းအစားအစာဖူလုံသည့်နိုင်ငံအဖြစ်သို့ အသွင် ကူးပြောင်းခဲ့ကြောင်းနှင့် ယခုအခါနှစ်စဉ်တန်ချိန်သန်းပေါင်းများစွာကိုတင်ပို့ကာ ကမ္ဘာ့အစား အစာဖူလုံရေးတွင် ပါဝင်ပံ့ပိုးလျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်း တို့သည် ကမ္ဘောဒီးယားစိုက်ပျိုးရေးထုတ်ကုန်များအဓိကတင်သွင်းသူများဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏စီးပွားရေးကိုပံ့ပိုးပေးလျှက်ရှိသည့် အဓိကထောက်တိုင် ၄ ခုအနက် ၁ ခုဖြစ်ကြောင်း သိရပါသည်။ အစိုးရသည်လည်း အိမ်ထောင်စုများ၏စီးပွားဖြစ်စိုက်ပျိုးမှုများကို အဆင့်မြှင့်တင်ရန် နှင့် တန်ဖိုးမြင့်ထုတ်ကုန်များမှတစ်ဆင့် စိုက်ပျိုးရေးသမားများ၏ဝင်ငွေကိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ဗျူဟာမြောက်မူဝါဒသစ် အကောင်အထည်ဖော်မည်ဟု ကြေညာခဲ့ပါသည်။ ထိုမူဝါဒ အောက်တွင် အစိုးရသည် စိုက်ပျိုးရေးတာဝန်ရှိသူများအား နိုင်ငံတစ်ဝှမ်းတွင် ဖြန့်ကျက်ထားရှိ မည်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်များ ထပ်တိုးပံ့ပိုး မည်ဟု သိရပါသည်။ ထိုတာဝန်ရှိသူများသည် စိုက်ပျိုးရေးသမားများအားပံ့ပိုးခြင်း၊ စိုက်ပျိုးရေး သမဝါယမအသင်းများဖွဲ့စည်းခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များလျှော့ချရန် စိုက်ပျိုးရေး သမားများအားထိန်းကျောင်းပေးသွားမည်ဟု သိရပါသည်။
Khmer Times
DOCA (ရန်ကုန်)