ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု ၅၉ ရာခိုင်နှုန်းကျော် တက်လာသော်လည်း ကုန်သွယ်မှုပိုငွေ ဆက်လက်ကျဆင်း

        အင်ဒိုနီးရှား ဗဟိုစာရင်းအင်းဌာန (BPS) ၏ အဆိုအရ အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့သူများသည် ဇန်နဝါရီလအတွင်း တင်ပို့မှုများ အဆမတန် မြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ်ကို အားကောင်းကောင်းဖြင့် စတင်နိုင်ခဲ့ကြသည်။ သို့သော်လည်း ထိုသို့ တိုးတက်လာမှုသည် နိုင်ငံ၏ တဖြည်းဖြည်း လျော့နည်းလာနေသည့် ကုန်သွယ်မှုပိုငွေ (Surplus) ကို ပြန်လည်ဆွဲတင်ပေးနိုင်ရန်အတွက်မူ လုံလောက်သော အနေအထားတွင် မရှိခဲ့ပေ။ ဂျကာတာမြို့တွင် မတ်လ ၂ ရက်နေ့ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အင်ဒိုနီးရှား ဗဟိုစာရင်းအင်းဌာန (BPS) ၏ ဒုတိယ အကြီးအကဲ Ateng Hartono က ၎င်းတို့၏ စားအုန်းဆီတင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ်နှိုင်း ယှဉ်ချက်အရ ၅၉.၆၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီထောက်ပံ့မှုတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့်နိုင်ငံဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စားအုန်းဆီကုန်ကြမ်း (CPO) နှင့် ၎င်းမှဆင်းသက်လာသော ထုတ်ကုန်များ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၂၉ ဘီလီယံအထိ ရှိခဲ့သည်။ နှိုင်းယှဉ်ချက်အနေဖြင့် ၂၀၂၅ ခုနှစ် အလားတူကာလတွင် အဆိုပါ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံ သာရှိခဲ့သည်။ တင်ပို့မှုပမာဏမှာလည်း ယခင်နှစ်က တန်ချိန် ၁.၂၇ သန်း ရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၂.၂၄ သန်းအထိ ရှိလာသဖြင့် ၇၇.၀၇ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်လာခဲ့သည်။ ဤကဏ္ဍသည် ၂၀၂၆ ခုနှစ်၏ ပထမလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ မဟုတ်သော ပို့ကုန်တန်ဖိုး၏ ၁၀.၇၈ ရာခိုင်နှုန်းခန့်ကို ပါဝင်ပံ့ပိုးပေးထားသည်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် စားအုန်းဆီကုန်ကြမ်း (CPO) ဈေးနှုန်းသည် ဇန်နဝါရီလအတွင်း တစ်တန်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၉၉၇.၈၂ ရှိခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၁.၈၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ သို့သော်လည်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၆.၇၇ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းနေဆဲဖြစ်သည်။ အင်ဒိုနီးရှား စားအုန်းဆီကို မည်သည့်နိုင်ငံများက အဓိက ဝယ်ယူခဲ့သည် ဆိုသည့် အသေးစိတ်အချက်အလက်များကို BPS က ထုတ်ပြန်ခြင်းမရှိသော်လည်း၊ အီရန်နိုင်ငံသို့ အင်ဒိုနီးရှားမှ တင်ပို့သည့် ပစ္စည်းများထဲတွင် ဟင်းသီးဟင်းရွက်ဆီနှင့် အဆီအနှစ်များက အများဆုံးပါဝင်နေသည်။ ဇန်နဝါရီလအတွင်း အီရန်သို့ တင်ပို့ခဲ့သည့် ဟင်းသီးဟင်းရွက်ဆီနှင့် တိရစ္ဆာန်အဆီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၁ သန်း ရှိခဲ့ပြီး၊ ၎င်းထဲတွင် စားအုန်းဆီအကြမ်းနှင့် အချောထည်များ ပါဝင်သည်။ လက်ရှိရရှိနိုင်သော အချက်အလက်များသည် ဇန်နဝါရီလအထိသာ ဖြစ်သောကြောင့် အရှေ့အလယ်ပိုင်း ပဋိပက္ခ၏ နောက်ဆက်တွဲ သက်ရောက်မှုများကိုမူ ထည့်သွင်းတွက်ချက်ထားခြင်း မရှိကြောင်း သိရသည်။ သို့သော်လည်း စားအုန်းဆီ တင်ပို့မှုသည် ဂဏန်းနှစ်လုံးအထိ (Double-digit) ရာခိုင်နှုန်းများစွာ မြင့်တက်လာခဲ့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ လျော့နည်းနေသော ကုန်သွယ်မှုပိုငွေကို ပြန်လည်မြှင့်တင်ပေးနိုင်ရန်အတွက်မူ ဆက်လက်ပျက်ကွက်နေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

Source : jarkartarglobe                                                              

DOCA(ရန်ကုန်)

ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် ဇင်ဘာဘွေက လစ်သီယမ်အကြမ်း တင်ပို့မှုကို ရပ်ဆိုင်း

          ဇင်ဘာဘွေနိုင်ငံ၏ လစ်သီယမ်အကြမ်းတင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် တရုတ်သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ မဟာဗျူဟာကို ပြန်လည်သုံးသပ်လာရပြီး လစ်သီ ယမ်များကို တရုတ်နိုင်ငံ၏ ကြီးမားလှသော အားပြန်သွင်းနိုင်သည့် ဘက်ထရီလုပ်ငန်းခွင်သို့ တိုက်ရိုက်တင်ပို့မည့်အစား ပြည်တွင်း၌ပင် ပြုပြင်ထုတ်လုပ်ရန် အစီအစဉ်များကို အရှိန်မြှင့် လုပ်ဆောင်လာကြသည်။ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ၏ အဆိုအရ ဇင်ဘာဘွေ နိုင်ငံသည် အာဖရိကတွင် လစ်သီယမ် အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လစ်သီယမ်သိုလှောင်မှုပမာဏရှိသည့် နိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်သည်။ ဇင်ဘာဘွေနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် လစ်သီယမ်သတ္တုရိုင်း (Lithium ore) တင်ပို့မှုကို ပိတ်ပင်ခဲ့ပြီးဖြစ်ကာ၊ လာမည့်နှစ် ဇန်နဝါရီလမှစတင်၍ လစ်သီယမ်အနှစ် (Lithium concentrates) တင်ပို့မှု များကိုပါ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်က ကြေညာခဲ့သည်။ သို့သော်လည်း ဖေဖော်ဝါရီ လ ၂၅ ရက်နေ့တွင် အဆိုပါ ပိတ်ပင်မှုကို ချက်ချင်းအာဏာတည်စေခဲ့သည့်အတွက် ဇင်ဘာဘွေနိုင်ငံ၌ လစ်သီယမ်အနှစ်များကို သန့်စင်ရန် စက်ရုံများမရှိသေးသဖြင့် လစ်သီယမ်တူးဖော်ရေး ကဏ္ဍအနေဖြင့် ရေတိုကာလအတွင်း မည်သို့ဆက်လက်လုပ်ဆောင်မည်ကို မရေမရာဖြစ်နေစေသည်။ သတ္တုရိုင်းအကြမ်းအားလုံး တင်ပို့မှုကို အလုံးစုံပိတ်ပင်လိုက်သည့် ယခုလုပ်ဆောင်ချက်သည် သန့်စင်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းမှရရှိမည့် တန်ဖိုးမြှင့် (Added value) အကျိုးအမြတ်များကို ရယူရန်ဖြစ်ပြီး ထိုမှတစ်ဆင့် အလုပ်အကိုင်များ ဖန်တီးရန်နှင့် အစိုးရအတွက် အပိုဆောင်း အခွန်ဝင်ငွေများ တိုးတက်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော်လည်း ဝေဖန်သူများကမူ ဤသို့ သန့်စင်ထုတ်လုပ်ရန် တွန်းအားပေးမှုသည် ပိုမိုစောစီးစွာ လာသင့်သည်ဟု ဆိုကြသည်။ ဇင်ဘာဘွေနိုင်ငံသည် ကျပ်တည်းနေသော ပြည်တွင်းစီးပွားရေးအတွက် အခွန်ဘဏ္ဍာများစွာ ရရှိနိုင်မည့် အခွင့်အရေးကို နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီးဖြစ်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။ Zhejiang Huayou Cobalt ပိုင်ဆိုင်သည့် Prospect Lithium Zimbabwe သည် သန့်စင်စက်ရုံတစ်ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ သုံးစွဲထားပြီး ယင်းစက်ရုံသည် လာ မည့်ရက်သတ္တပတ်များအတွင်း စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီကိုယ်စားလှယ် Patience Chizodza က နိုင်ငံပိုင်ရုပ်သံလိုင်း ZBC သို့ ပြောကြားခဲ့သည်။ ၎င်းသည် လစ်သီယမ် အနှစ် (concentrate) ကို လစ်သီယမ်ဆာလဖိတ် (Lithium sulfate) အဖြစ် သန့်စင်မည့် အာဖရိက၏ ပထမဆုံးစက်ရုံဖြစ်လာမည်ဟု ဆိုသည်။ လစ်သီယမ်ဆာလဖိတ်သည် ဘက်ထရီထုတ်လုပ် ရာတွင် အသုံးပြုသည့် ထုတ်ကုန်အဆင့်သို့ ရောက်ရန် တစ်ဆင့်သာလိုတော့သည့် အမှုန့်ပုံစံဖြစ်သည်။ အဆိုပါစက်ရုံသည် တစ်နှစ်လျှင် လစ်သီယမ်အနှစ် တန်ချိန် ၄၀၀,၀၀၀ ကို ကိုင်တွယ်ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည်ရှိမည်ဖြစ်ကြောင်းသိရသည်။ ဇင်ဘာဘွေနိုင်ငံပိုင် Mutapa Energy Minerals သည်လည်း အလားတူစက်ရုံတစ်ခုကို လာမည့်လများတွင် စတင် တည်ဆောက်တော့မည်ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် Innocent Rukweza က ပြီးခဲ့သည့်လတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ တရုတ်ကုမ္ပဏီများမှ ရန်ပုံငွေပံ့ပိုးထားသော အမေရိကန်ဒေါ်လာ ၂၇၀ သန်းတန်ဖိုးရှိ အဆိုပါစက်ရုံသည် တစ်နှစ်လျှင် တန်ချိန် ၆၀၀,၀၀၀ အထိ ပြုပြင်ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ဇင်ဘာဘွေ၏ အကြီးဆုံးလစ်သီယမ်မိုင်းဖြစ်သော Bikita Minerals (Sinomine Resources Group ပိုင်) သည်လည်း လစ်သီယမ်ဆာလဖိတ်စက်ရုံ တည်ဆောက်ရန် ဖြစ်နိုင်ခြေလေ့လာမှုများ ပြုလုပ်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ Tinomuda Chakanyuka က ပြောကြားခဲ့သည်။ အဆင့်လိုက် အကောင်အထည်ဖော်မည့် ယင်းစီမံကိန်းသည် အစုရှယ်ယာရှင်များထံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံမှု ရရှိမည်ဖြစ်ပြီး ဇင်ဘာဘွေ၏ စက်မှုထွန်းကားရေးနှင့် ပြည်ပတင်ပို့မှု အမျိုးအစားစုံလင်စေရေးအတွက် အထောက်အကူပြုမည်ဟုဆိုသည်။ USGS ၏ အဆိုအရ ကမ္ဘာ့လစ်သီယမ်ဝယ်လိုအားသည် ၂၀၂၄ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး တရုတ်နှင့် ဥရောပရှိ လျှပ်စစ်ကား (EV) ရောင်းအား မြင့်တက်လာမှုသည် အဓိကအချက်ဖြစ်သည်။ ဇင်ဘာဘွေသည် ပြီးခဲ့သည့်နှစ်က လစ်သီယမ်အနှစ် တန်ချိန် ၁.၅ သန်း တင်ပို့ခဲ့ပြီး အစိုးရအတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇၁.၆ သန်း ရရှိစေခဲ့ကြောင်း သိရှိရပါသည်။

Source : Teipei.com                                                                   

DOCA(ရန်ကုန်)

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအဖွဲ့ချုပ်နှင့် PITC တို့ ပြောင်းတင်ပို့မှု မြှင့်တင်ရန် သဘောတူညီချက် လက်မှတ်ရေးထိုး

       မြန်မာနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအဖွဲ့ချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံတကာ ကုန်သွယ်ရေးကော်ပိုရေးရှင်း (PITC) တို့သည် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ပြောင်းတင်ပို့မှုမြှင့်တင်ရန် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

       အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်ကို အားကောင်းစေရန်နှင့် နှစ်နိုင်ငံလုံးရှိ လုပ်ငန်းရှင်များအတွက် အကျိုးရှိစေမည့် ဈေးကွက်အခွင့်အလမ်းသစ်များကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ် လျက်ရှိကြောင်း သိရပါသည်။

          ၎င်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံသည် ကုန်သွယ်မှု လွယ်ကူချောမွေ့စေခြင်းဖြင့် နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှုများတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းများကို ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ ပြောင်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးပြီးလျှင် ဒုတိယအရေးအပါဆုံး သီးနှံဖြစ်ပြီး အလားအလာရှိသော ငွေဖြစ်လွယ်သည့် သီးနှံတစ်ခုလည်း ဖြစ်ပါသည်။ ပြောင်းကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိသည်။ မိုးပြောင်းကို မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးပြီး ဆောင်းပြောင်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးလျက်ရှိပါသည်။

         ပြောင်းသည် တိရစ္ဆာန်အစာ ထုတ်လုပ်မှုလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော ကုန်ကြမ်း တစ်ခုဖြစ်ပြီး နိုင်ငံတကာဝယ်လိုအား အမြဲမပြတ်ရှိနေသော သီးနှံတစ်မျိုးဖြစ်ပါ သည်။ ပြောင်းကို ပြောင်းဖူးကစီဓာတ် (Starch)၊ ဆီနှင့် သကြားအစားထိုး အချိုဓာတ်များ ထုတ်လုပ်ရာတွင်လည်း အသုံးပြုလျက်ရှိပါသည်။ ထို့အပြင် အချို့နိုင်ငံများသည် ပြောင်းကို မော်တော်ယာဉ်များအတွက် ဇီဝလောင်စာ (အီသနော) အဖြစ်သို့ ပြောင်းလဲအသုံးပြုကြ ကြောင်း သိရပါသည်။

          မြန်မာ့ပြောင်းသည် အရည်အသွေး ကောင်းမွန်ခြင်းကြောင့် ထိုင်း၊ တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဝယ်လိုအား အလွန်များပြားလျက်ရှိပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း ဝယ်ယူလျက်ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဂိတ် များမှတစ်ဆင့် တန်ချိန် သန်းပေါင်းများစွာ တင်ပို့လျက်ရှိပြီး နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိပါသည်။ ပြောင်းသည် စိုက်ပျိုးရလွယ်ကူပြီး ခိုင်မာသောဈေးကွက်ရှိခြင်းကြောင့် စနစ်တကျစိုက်ပျိုးမည်ဆိုပါက တောင်သူများနှင့် နိုင်ငံတော်၏ စီးပွားရေးကို အကျိုးပြုမည်ဖြစ်ပါသည်။

          ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အတွင်း အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံမှပြောင်းတင်သွင်းမှုကို ခွင့်ပြုထားခဲ့ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံ၏ ပြောင်းပေါ်ချိန်တွင် တင်သွင်းမည်ဆိုပါက ၎င်းတို့၏ စိုက်ပျိုးတောင်သူများ၏ အခွင့်အရေးကို ကာကွယ်ရန် အတွက် အမြင့်ဆုံးအခွန်နှုန်းထား ၇၃ ရာခိုင်နှုန်းအထိ စည်းကြပ်လေ့ရှိကြောင်း သိရပါသည်။ ထို့အပြင် တရုတ်နိုင်ငံသည် အစားထိုးဖွံ့ဖြိုးမှု အစီအစဉ်အောက်တွင် မြန်မာ့ပြောင်းကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဝယ်ယူလျက်ရှိပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တရားဝင် ပြောင်းကုန်သွယ်မှုကို ၂၀၂၂ ခုနှစ်ကုန်တွင် စတင်ခဲ့ကာ မြန်မာကုမ္ပဏီ စုစုပေါင်း ၁၁၂ ခုအား ပြောင်းတင်ပို့ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရပါသည်။

           မြန်မာနိုင်ငံသည် ပြည်ပကုန်သွယ်ဖက်နိုင်ငံများသို့ နှစ်စဉ် ပြောင်းတန်ချိန် နှစ်သန်းကျော် တင်ပို့လျက်ရှိပြီး ပြောင်းကို ရှမ်း၊ ကချင်၊ ကယားနှင့် ကရင်ပြည်နယ်များအပြင် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဆောင်း၊ နွေနှင့် မိုး ဟူ၍ ပြောင်းရာသီ သုံးမျိုးရှိပြီး မြန်မာနိုင်ငံမှ နှစ်စဉ်ပြောင်းထွက်ရှိမှုမှာ တန်ချိန် ၂.၅ သန်းမှ ၃ သန်းခန့်ရှိကြောင်း သိရပါသည်။

Source: Global New Light of Myanmar                              

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှု ၅၉.၆၃ ရာခိုင်နှုန်း မြင့်တက်လာ

           အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီအကြမ်း (CPO) နှင့် ၎င်း၏ နောက်ဆက်တွဲထွက်ကုန်များ တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၂၉ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရပါသည်။ စားအုန်းဆီ ထောက်ပံ့မှုကဏ္ဍတွင် ထိပ်တန်းမှ ဦးဆောင်နေသည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ အလားတူကာလတွင် အဆိုပါ ဟင်းသီးဟင်းရွက်ဆီ အမျိုးအစားမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုပမာဏသည် တန်ချိန် ၁.၂၇ သန်းတန်မှ ၂.၂၄ သန်းတန်အထိ တစ်နှစ်ထက်တစ်နှစ် ၇၇.၀၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။

           နိုင်ငံတကာစျေးကွက်ရှိ စားအုန်းဆီအကြမ်း (CPO) စျေးနှုန်းမှာ ဇန်နဝါရီလတွင် တစ် မက်ထရစ်တန်လျှင် ပျမ်းမျှ ၉၉၇.၈၂ ဒေါ်လာနှုန်းဖြင့် တစ်လထက်တစ်လ ၁.၈၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက CPO စျေးနှုန်းမှာ ၆.၇၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ ဇန်နဝါရီလတွင် အီရန်သို့ တင်ပို့သည့် ဟင်းသီးဟင်းရွက်ဆီနှင့် တိရစ္ဆာန်အဆီ တင်ပို့မှုစုစုပေါင်းမှာ ဒေါ်လာ ၂.၁ သန်းတန်ခန့်ရှိခဲ့ကြောင်း သိရပါသည်။

         အင်ဒိုနီးရှားနိုင်ငံ၏ ကုန်ပစ္စည်းကုန်သွယ်မှု ပိုငွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ၂.၅၁ ဘီလီယံရှိခဲ့ရာမှ ယခုနှစ်အစောပိုင်းတွင် ၉၅၀ သန်းအထိ ကျဆင်းသွားခဲ့ကြောင်းနှင့် ၎င်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၏ ကုန်သွယ်မှုပိုငွေ ၃.၄၉ ဘီလီယံနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့ကျသွားခြင်းဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် မေလမှစတင်၍ ၆၉ လဆက်တိုက် ကုန်သွယ်မှုပိုငွေပြနေသည့် အခြေအနေကိုမူ ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Source: Jarkata Globe                                                     

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၏ ခရမ်းချဉ်သီးတင်ပို့မှု တန်ချိန် ၄၅,၂၀၀ အထိ ရှိလာခဲ့

       အမျိုးသားစာရင်းအင်းကော်မတီ၏ ထုတ်ပြန်ချက်အရ ဥဇဘက်ကစ္စတန်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ ခရမ်းချဉ်သီး တန်ချိန် ၄၅,၂၀၀ တန်ခန့်တင်ပို့ခဲ့ပြီး စုစုပေါင်း ဝင်ငွေအမေရိကန်ဒေါ်လာ ၃၆ သန်း ရရှိခဲ့ကြောင်း သိရပါသည်။

         အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏသည် ၃,၃၀၀ တန် လျော့ကျသွားသဖြင့် အနည်းငယ်ကျဆင်းလာခဲ့ကြောင်း သိရပါသည်။ (CIS) အဖွဲ့ဝင်နိုင်ငံများသည် ဥဇဘက်ကစ္စတန်နိုင်ငံမှ ထွက်ရှိသောခရမ်းချဉ်သီးများအတွက် အဓိကစျေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ရုရှားနိုင်ငံသည် တန်ချိန် ၃၂,၇၈၆ တန်ဖြင့် အဓိကအများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး၊ ၎င်းနောက်တွင် ကာဇက်စတန်နိုင်ငံမှ ၆,၈၅၀ တန်နှင့် ကာဂျစ္စ တန်သမ္မတနိုင်ငံမှ ၅,၁၁၅ တန်တို့ဖြင့် အသီးသီး ရပ်တည်နေကြောင်း သိရပါသည်။

         CIS အဖွဲ့ဝင်မဟုတ်သော နိုင်ငံများထဲတွင် ဥဇဘက်ကစ္စတန်နိုင်ငံသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE)နိုင်ငံ သို့တန်ချိန် ၃၂၅.၈ တန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံသို့ တန်ချိန် ၄၈.၂ တန်ခန့်တင်ပို့ခဲ့ကာ၊ ကျန်ရှိသော တန်ချိန် ၈၁.၆ တန်ကို အခြားနိုင်ငံတကာစျေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

Source: UZDaily                                                              

DOCA (ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေးချိတ်ဆက်မှုနက်ရှိုင်းရန် အိန္ဒိယကြိုးပမ်း

         India သည် Bangladesh ၏ အစိုးရအသစ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးများ တိုးချဲ့ရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Pranay Verma က ဒါကာမြို့ရှိ ကုန်သွယ်ရေးဝန်ကြီး Khandaker Abdul Muktadir ၏ ရုံးခန်းတွင် မတ်လ ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Verma က ကုန်းတွင်းဆိပ်ကမ်းများမှတစ်ဆင့် ကုန်သွယ်မှုပြန်လည်စတင်ရေး၊ ကုန်ပစ္စည်း တစ်ဆင့်တင်ပို့မှု (transhipment)၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ဘက်ပေါင်းစုံစီးပွားရေး မိတ်ဖက်သဘောတူညီချက် (CEPA) တို့အပါအဝင် အကြောင်းအရာအများအပြား ဆွေးနွေးခဲ့ကြောင်း၊ ကုန်းတွင်းဆိပ်ကမ်းများသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးချဲ့ရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင်တည်ရှိကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်ခန့်အတွင်း Benapole မှလွဲ၍ များစွာသောကုန်းတွင်ဆိပ်ကမ်းအချို့ ပိတ်ထားခဲ့ကြောင်း၊ အိန္ဒိယဘက်က ဘင်္ဂလားဒေ့ရှ် အစိုးရအသစ်နှင့် နီးကပ်စွာပူးပေါင်းကာ ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများနှင့် လူထုအခြေပြု ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လိုကြောင်း ပြောကြားခဲ့ပါသည်။ ကုန်သွယ်ရေးဝန်ကြီး Muktadir ကလည်း အစည်းအဝေးသည်လွန်ခဲ့သည့် ၁၈ လအတွင်း ကုန်းတွင်းဆိပ်ကမ်း အချို့မှတစ်ဆင့် ကုန်သွယ်ရေး ရပ်နားထားမှုကို ဖြေရှင်းနိုင်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး လမ်းညွှန်ချက်များကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးအတွင်း နှစ်ဖက်စလုံးသည် ကုန်သွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံတစ်ရပ်ကိုလည်း ရှာဖွေခဲ့ကြောင်း သိရသည်။ အစိုးရ ပိုင်သတင်းအေဂျင်စီ Bangladesh Sangbad Sangstha (BSS) ၏ ဖော်ပြချက်အရ Muktadir က အိန္ဒိယနိုင်ငံကို စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ဒေါ်လာ ၄ ထရီလီယံကျော်ရှိသည့် အဓိက စီးပွားရေးမိတ်ဖက်နိုင်ငံတစ်ခုအဖြစ် ဖော်ပြခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် ဒေါ်လာ ၁၁ ဘီလီယံခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ်က အိန္ဒိယမှ ဒေါ်လာ ၉.၅ ဘီလီယံခန့် တင်သွင်းထားသော်လည်း တင်ပို့မှုမှာ ဒေါ်လာ ၁.၅ ဘီလီယံခန့်သာရှိကြောင်း သိရပါသည်။ထို့အပြင် Muktadir က သတင်းထောက်များအား ဟော်မုဒ်ရေလက်ကြားအခြေအနေကို အစိုးရဘက်မှ နီးကပ်စွာစောင့်ကြည့်လျက်ရှိကြောင်း၊ ၎င်းလမ်းကြောင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအတွက် အရေးကြီးပြီး ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး၏ ခန့်မှန်းခြေအားဖြင့် ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားကြောင်း၊ ရေလမ်းကြောင်းကို ကြာရှည်ပိတ်ထားပါက ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်သော်လည်းလက်ရှိအချိန်တွင် အလွန်အကျွံ စိုးရိမ်ရန်မလိုသေးကာ အခြေအနေကို ရက်အနည်းငယ်အတွင်း ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။  ဘင်္ဂလားဒေ့ရှ်သည် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများ(LDC) အုပ်စုမှ ထွက်ခွာရေးကို ရွှေ့ဆိုင်းရန် လျှောက်ထားထားပြီး ၎င်းကို ကုလသမဂ္ဂက သုံးသပ် အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

The Daily Star                                                                          

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၏ ပထမ ၂ လတွင် အမေရိကန်ဒေါ်လာ ၃၃၅.၆ သန်းတန်ဖိုးရှိသောနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့သည့် ဗီယက်နမ်

         ၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း Hanoi မြို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၅.၆ သန်း ကိုဆွဲဆောင်နိုင်ခဲ့ပြီး မြို့တော်အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု တည်ငြိမ်စွာ ဆက်လက်တည်ရှိနေသည်ကို ပြသနေကြောင်း သိရပါသည်။ ဖေဖော် ဝါရီလတစ်လတည်းတွင် FDI ဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၂၃၂.၈ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတွင် အသစ်လိုင်စင်ချထားပေးသည့် စီမံကိန်း ၃၇ ခုမှ ဒေါ်လာ ၅.၆ သန်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ထားသည့် လက်ရှိစီမံကိန်း ၉ ခုမှ ဒေါ်လာ ၂၂၂ သန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံငွေထည့်ဝင်ခြင်းနှင့် ရှယ်ယာဝယ်ယူမှု ၂၀ ကြိမ်မှ ဒေါ်လာ ၅.၂ သန်း ပါဝင်ကြောင်း သိရပါသည်။ ဇန်နဝါရီ–ဖေဖော်ဝါရီ ကာလအတွင်း စုစုပေါင်း လိုင်စင်အသစ်ချထားပေးသည့် စီမံကိန်း ၁၀၀ ခုရှိပြီး စုစုပေါင်း မှတ်ပုံတင်ထားသည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဒေါ်လာ ၃၇.၃ သန်း ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် စီမံကိန်း ၂၆ ခုမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ငွေ ဒေါ်လာ ၂၄၈.၃ သန်း ရရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံငွေထည့်ဝင်ခြင်းနှင့် ရှယ်ယာဝယ်ယူမှု ၆၄ ကြိမ်မှ စုစုပေါင်း ဒေါ်လာ ၅၀ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ မြို့တော်အာဏာပိုင်များသည် အရည်အသွေးမြင့် FDI များကိုဆွဲဆောင်နိုင်ရန်အတွက် မူဝါဒများကို လိုက်လျောညီထွေဖြစ်စေရန် ဆန်းသစ်ပြုပြင်ဆောင်ရွက်လျက်ရှိပြီး အုပ်ချုပ်မှုပုံစံကိုဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုကိုလည်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှု လိုင်စင်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ၁၀၀ ရာခိုင်နှုန်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်နေပြီး ပွင့်လင်းမြင်သာမှု တိုးတက်စေရန်နှင့် လုပ်ငန်းစဉ်ကြာချိန် လျှော့ချနိုင်ရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းနှင့် ပတ်သတ်၍ ဖေဖော်ဝါရီလအတွင်း လုပ်ငန်းအသစ် ၁,၈၁၂ ခုကို လိုင်စင်ချထားပေးခဲ့ရာ ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် မှတ်ပုံတင်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးသည် ဗီယက်နမ်ဒေါင် ၁၉.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၄၅ သန်း) သို့ ရောက်ရှိခဲ့ပြီး ၅၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထိုလအတွင်း လုပ်ငန်း ၂၅၁ ခု ပြန်လည်လည်ပတ်ခဲ့ပြီး ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ယာယီရပ်နားထားသည့် လုပ်ငန်း ၉၇၇ ခု (၁၇ ရာခိုင်နှုန်း မြင့်တက်) နှင့် ဖျက်သိမ်းခဲ့သည့်လုပ်ငန်း ၄၉၉ ခု (၃၂ ရာခိုင်နှုန်းမြင့်တက်) ရှိခဲ့ကြောင်း သိရပါ သည်။ ၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း စုစုပေါင်း လုပ်ငန်းအသစ် ၅,၅၀၀ ခန့်ကို လိုင်စင်ချထားပေးခဲ့ပြီး စုစုပေါင်း မှတ်ပုံတင်မြှုပ်နှံမှု ဗီယက်နမ်ဒေါင် ၄၆.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၉ ဘီလီယံ) ရှိခဲ့ကြောင်း သိရပါသည်။ ၎င်းသည် ယခင်နှစ်တူညီသည့် ကာလနှင့် နှိုင်းယှဉ်ပါက လုပ်ငန်းအရေအတွက် ၄၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂.၅ ဆ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း လုပ်ငန်း ၄,၉၀၀ ခန့် ပြန်လည်လည်  ပတ်ခဲ့ပြီး ၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယာယီရပ်နားရန် မှတ်ပုံတင်ထားသည့် လုပ်ငန်း ၁၄,၁၀၀ (၄ ရာခိုင်နှုန်း မြင့်တက်) နှင့် ဖျတ်သိမ်းခဲ့သည့်လုပ်ငန်း ၁,၇၀၀ (၆၅ ရာခိုင်နှုန်း မြင့်တက်) ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန် စမတ်စက်ရုံကို Bac Ninh ပြည်နယ်တွင် ဖွင့်လှစ်ခဲ့သည့် YADEA

          YADEA Vietnam သည် ပထမအဆင့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၀ သန်းကျော်ဖြင့် တည်ဆောက်ထားသော စမတ်ထုတ်လုပ်ရေးစက်ရုံကို မတ်လ ၁ ရက်နေ့က Tan Hung Industrial Park တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် နိုင်ငံအတွင်း အစိမ်းရောင် သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်အတွက် Grab Vietnam နှင့် ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ကုမ္ပဏီမှ ဗီယက်နမ်ဈေးကွက်အတွက် ဒီဇိုင်းထုတ်ထားသည့် လျှပ်စစ်မော် တော်ဆိုင်ကယ် မော်ဒယ်အသစ် “YADEA Osta” ကို မိတ်ဆက်ပြသခဲ့ပါသည်။ Neo-Retro စတိုင်ဖြင့် ဒီဇိုင်းထုတ်ထားသော မော်ဒယ်အသစ်သည် တစ်ကြိမ်အားသွင်းလျှင် အများဆုံး ၁၈၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး နည်းပညာရင်းနှီးမြှုပ်နှံမှုနှင့် အသုံးပြုသူအတွေ့အကြုံ တိုး တက်ကောင်းမွန်ရေးအပေါ် YADEA ၏ ရေရှည်ကတိကဝတ်ကို ပြသနေကြောင်း သိရပါသည်။ စက်ရုံသည် ဧရိယာ ၂၃၂,၂၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ပထမအဆင့်တွင် နှစ်စဉ် လျှပ်စစ် ယာဉ် ၁ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ကာ အပြည့်အဝလည်ပတ်ပါက နှစ်စဉ် ၂ သန်းကျော် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ စီမံကိန်း၏ ပထမအဆင့်တွင် အလုပ်အကိုင် ၁,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နောက်ထပ်အဆင့်များတွင် ၃,၀၀၀ အထိ တိုးချဲ့ ခန့်အပ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အလိုအလျောက် ထုတ်လုပ်ရေးစနစ်များနှင့် ဒစ်ဂျစ် တယ်စီမံခန့်ခွဲမှုစနစ်များဖြင့် တပ်ဆင်ထားသည့် စက်ရုံသည် Bac Ninh ပြည်နယ်ကို ဒေသတွင်းလျှပ်စစ်နှစ်ဘီးယာဉ် တန်ဖိုးကွင်းဆက်အတွင်း အရေးပါသောနေရာသို့ မြှင့်တင်ပေးနိုင်မည်ဟု မျှော်မှန်းရကြောင်း သိရပါသည်။ ဖွင့်ပွဲတွင် Bac Ninh ပြည်နယ် ပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌ Mai Son က ယင်းစီမံကိန်းသည် ဒေသအစိုးရနှင့် လုပ်ငန်းများအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို ပြသနေကြောင်းနှင့် ပြည်နယ်အနေဖြင့် ခေတ်မီ၊ အစိမ်းရောင်နှင့် တည်တံ့ခိုင်မြဲသော စက်မှုဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်နည်းပညာ၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော တန်ဖိုးမြှင့်စီမံကိန်းများကို အထူးအာရုံစိုက်နေကြောင်း ပြောကြားခဲ့ပါသည်။ ဒေသခံခေါင်းဆောင်များက YADEA ၏ ဆက်လက်ရင်းနှီးမြှုပ်နှံမှုသည် Bac Ninh ပြည်နယ်၏ စီးပွားရေးပတ်ဝန်းကျင် အဆင်ပြေကောင်းမွန်မှုကို ပြသနေကြောင်း ပြော ကြားခဲ့ပါသည်။ နှစ်စဉ် ထုတ်လုပ်မှုပမာဏ ၂ သန်းကျော်ရောက်ရှိပြီး ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာဘီလီယံများစွာအထိ ရရှိလာပါက ဒေသဘဏ္ဍာရေးဝင်ငွေကိုသာမက ဘက်ထရီ၊ မော်တာနှင့် လျှပ်စစ်အီလက်ထရောနစ်အစိတ်အပိုင်းများကဲ့သို့ ထောက်ပံ့ရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာစေရန် မျှော်မှန်းရကြောင်း သိရပါသည်။ Bac Ninh ပြည်နယ်သည် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ၊ အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်ရေးနှင့် ပွင့်လင်းမြင်သာသော စီးပွားရေးပတ်ဝန်းကျင်တို့ကို ဖန်တီးပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်ပံ့ပိုး သွားမည်ဟု အတည်ပြုပြောကြားခဲ့ပါသည်။ YADEA Vietnam ၏ အထွေထွေဒါရိုက်တာ Liu Jia က စက်ရုံအသစ်သည် ဗီယက်နမ်နှင့် အရှေ့တောင်အာရှဈေးကွက်များအတွက် ကုမ္ပဏီ၏ ရေရှည်မဟာဗျူဟာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းနှင့် စမတ်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်များ အားကောင်းလာစေရေးနှင့် ဗီယက်နမ်နိုင်ငံ၏ ကာဗွန်ထုတ်လွှင့်မှုသုည ရည်မှန်းချက်တို့ကို ပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့ပါသည်။ အခမ်းအနားအတွင်း YADEA နှင့် Grab Vietnam တို့သည် မော်တော်ယာဉ်ငှားရမ်း မောင်းနှင်သူများကို လျှပ်စစ်မော်တော် ဆိုင်ကယ်များ ပြောင်းလဲအသုံးပြုလာစေရန် မဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် အကျိုးခံစားခွင့် အစီအစဉ်များ မိတ်ဆက်ပေးခြင်းနှင့် စွမ်းရည်တိုးတက်ရန်နှင့် မြို့ပြကာဗွန် ထုတ်လွှင့်မှုလျော့ချရန်အတွက် လုပ်ငန်းလည်ပတ်မှုအချက်အလက်အပေါ် အခြေခံ၍ ထုတ်ကုန်များကို အကောင်းဆုံး တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Da Nang ပြည်နယ်တွင်စက်ရုံသစ်တည်ဆောက်မည့် ကိုရီးယားသမ္မတနိုင်ငံ၏ Hyosung

          HS Hyosung Quang Nam သည် ၂၀၂၆ ခုနှစ်၏ပထမသုံးလပတ်အတွင်း Tam Thang Expanded Industrial Park တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀ သန်း တန်ဖိုးရှိ polyester curtain fabric နှင့် စက်မှုလုပ်ငန်းသုံး fibre ထုတ်လုပ်ရေးစက်ရုံကို စတင် တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် စက်ရုံလည်ပတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကုမ္ပဏီသည် ကိုရီးယားသမ္မတနိုင်ငံ (RoK) အခြေစိုက် Hyosung Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး ၎င်းတို့ ၂၀၁၉ ခုနှစ်ကတည်းက ပထမဆုံးစက်ရုံကို မိတ်ဆက်ခဲ့သည့် ဗီယက်နမ်အလယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် Chu Lai Industrial Zone Authorities နှင့် မြေငှားစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ စက်ရုံအသစ်ကို လစဉ် တန်ချိန် ၆,၇၅၀ ထုတ်လုပ်နိုင်ရန် ဒီဇိုင်းဆွဲထားပြီး polyester curtain fabric နှင့် ကားလေအိတ်များအတွက် nylon fabric များကို ပြည်တွင်းနှင့် ပြည်ပစျေးကွက်များအတွက် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုအတွင်း ကိုရီးယားကုမ္ပဏီ သည် မော်တော်ယာဉ် အထောက်အကူပြု စက်မှုလုပ်ငန်းသုံးပစ္စည်းများဖြစ်သော တိုင်ယာကြိုး၊ ထိုင်ခုံခါးပတ်ကြိုးများ နှင့် လေအိတ်များကို ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ HS Hyosung Quang Nam သည် ယခင် ကွမ်နမ်ပြည်နယ် (ယခု Da Nang မြို့တော်နှင့် ပေါင်းစည်းထား) တွင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော်တန်ဖိုးရှိသော စီမံကိန်း ၂ ခု လည်ပတ်နေပြီး ဒေသခံလူထု ၁,၅၀၀ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးထားကြောင်း သိရပါသည်။ Da Nang ပြည်နယ်နှင့် ဗီယက်နမ်  အလယ်ပိုင်းဒေသကို ကိုရီးယားသမ္မတနိုင်ငံမှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကုမ္ပဏီများအတွက် အလားအလာကောင်းသည့် ရင်းနှီးမြှုပ်နှံမှု တည်နေရာအဖြစ် ရှုမြင်ထားကြောင်း Da Nang မြို့တော်ရှိ ကိုရီးယားသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ဖော်ပြထားပါသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ICT ကဏ္ဍတွင် မြို့တော်၏ ၂၀၂၅-၂၀၃၀ ကာလ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုအစီအစဉ်၌ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူနှင့် အဓိကမိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ မြို့တော်အာဏာပိုင်များသည် ဆီမီကွန်ဒတ်တာနှင့် AI အပါအဝင် ICT နှင့် အဆင့်မြင့်နည်းပညာ လုပ်ငန်းများတွင် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိပြီး မြို့တော်ကို ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ဆန်းသစ်တီထွင်မှု အချက်အချာနေရာအဖြစ် ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် Hue၊ Da Nang နှင့် Quang Ngai ဒေသများတွင် ကိုရီးယားစီးပွားရေးလုပ်ငန်း ၂၅၀ ခန့် လည်ပတ်နေပြီး ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ အများအပြားသည်လည်း ဒေသတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ကောင်စစ်ဝန်ချုပ်ရုံး၏ အဆိုအရ သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

                            

လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် ညှိနှိုင်းဆွေးနွေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်နေသည့် ဗီယက်နမ်နှင့် EFTA

         ဗီယက်နမ်နှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လတ်ချင်းစတိန်းတို့နှင့်ဖွဲ့စည်းထားသည့် European Free Trade Association (EFTA) တို့အကြား ၁၉ ကြိမ်မြောက် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (FTA) ညှိနှိုင်းဆွေးနွေးပွဲကို Geneva မြို့၌ ကျင်းပလျက်ရှိပြီး နှစ်ဖက်စလုံးအနေဖြင့် သဘောတူညီစာချုပ်ကို အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက်  အားကောင်းသော ဆန္ဒရှိနေကြောင်း သိရပါသည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆွစ်ဇာလန်နှင့် နှစ်ဖက်တွေ့ဆုံမှုအတွင်း ကျန်ရှိနေသည့် အရေးကြီးအချက်အလက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ကုန်စည်များကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ မူပိုင်ခွင့်၊ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် အစိုးရ၏ဝယ်ယူမှုကဏ္ဍများအပါအဝင် အဓိကကဏ္ဍများတွင် ထင်ရှားသည့် တိုးတက်မှုများ ရရှိထားကြောင်း နှစ်ဖက်စလုံးက အသိအမှတ်ပြုခဲ့ပါသည်။ ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်နိုင်ရန် နှစ်ဖက်စလုံးသည် အကြောင်းအရာအသစ်များ မထည့်သွင်းတော့ဘဲ ကျန်ရှိသည့်ကွဲပြားချက်များကို ညှိနှိုင်းဖြေရှင်းသွားရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။ EFTA ဘက်မှ ဗီယက်နမ်၏ ကြိုးပမ်းအားထုတ်မှုများနှင့် စျေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အဆိုပြုချက်များကို ချီးကျူးခဲ့ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် နည်းပညာလွှဲပြောင်းပေးရေးတွင် ၎င်းတို့အဖွဲ့၏ အစဉ်အလာအားသာချက်များကို ထပ်မံအတည်ပြုပြောကြားခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် နည်းပညာဆိုင်ရာအဖွဲ့များက ဥပဒေရေးရာစစ်ဆေးသုံးသပ်မှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် လုပ်ငန်းစဉ်များကို အပြီးသတ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ ညှိနှိုင်းမှုများအပြီးသတ်ပါက ယခုနှစ် ဇွန်လတွင် Iceland ၌ ကျင်းပမည့် EFTA ဝန်ကြီးချုပ်အဆင့် အစည်းအဝေးတွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးပါက ဗီယက်နမ်နှင့် ဥရောပ၏ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားသည့် စီးပွားရေးအင်အားရှိနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးများကို အားကောင်းစေပြီး ထောက်ပံ့မှုကွင်းဆက်များနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်မည်ဟု မျှော်မှန်းရကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ